← Chapters

ပရမ်းပတာတိုက်ပွဲ

Vol. 2 Ch. 55

ပရမ်းပတာတိုက်ပွဲ

Vol. 2 Ch. 55

ဆိုင်ထဲတွင် အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိ‌တ်နေပြီး လူအားလုံးက သေမင်းနှစ်ဖော်နှင့်ခမောက်ဆောင်းထားသူတို့၏နေရာသို့စူးစိုက်ကြည့်နေမိကြသည်။

သူတို့၏မျက်ဝန်းများက အံ့အားသင့်ခြင်း၊ အံ့ဩတုန်လှုပ်ခြင်း စသည့်အမူအယာများရောယှက်နေပြီး သတ်ဖြတ်လိုသည့်ပုံစံပေါက်နေသည့် သေမင်းနှစ်ဖော်ပင် လေးနက်တည်ကြည်သည့်အမူအယာများရှိနေကြသည် ။

လူအားလုံးအာရုံစိုက်ရာဗဟိုချက်ဖြစ်နေသည့်ခမောက်ဆောင်းထားသူက ထိုင်လျက်အနေအထားဖြင့်ရှိနေသေးသော်လည်း သူ၏လက်ထဲတွင် ဓားရှည်တစ်လက်ကိုကိုင်ထားပေသည်။

ထိုဓားရှည်က သူ၏နောက်ကျောတွင်သိုင်းလွယ်ထားသည့်ဓားရှည်ဖြစ်ပြီးအစောပိုင်းက သေမင်းနက်ကို ထိုဓားရှည်ဖြင့် လျှပ်ပြက်သလိုခုတ်ပိုင်းလိုက်ခြင်းဖြစ်၏။

သေမင်းနက်၏ရှောင်တိမ်းမှုသာအနည်းငယ်နောက်ကျသွားပါက သူ၏ခန္တာကိုယ်မှာနှစ်ခြမ်းဖြစ်သွားနိုင်လောက်ပြီး ထိုအချက်ကြောင့်ပင် မူလကများစွာအလေးအနက်မထားသည့်သေမင်းနှစ်ဖော်မှာ သတိကြီးစွာထားလာကြဟန်တူသည် ။

သေမင်းနက်လိုသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ကိုပင် နောက်ဆုတ်စေနိုင်သည့် ခမောက်ဆောင်းထားသူက လွန်စွာကြောက်မက်ဖွယ်ကောင်းသူတစ်ဦးဖြစ်ကာ အစောပိုင်းကသူ၏ဓားချက်မှာ လျှင်မြန်လွန်း၍မည်သူမှရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။

အခြားလူများထက်ပို၍အံ့အားသင့်နေသည်ကား လျှင်မြန်ရှုပ်ထွေးသည့်ဓားသိုင်းကိုကျွမ်းကျင်အဆင့်ထိရောက်အောင်လေ့ကျင့်ထားနိုင်သည့်ဟောင်ရန်ဖြစ်ပြီး သူအစွမ်းကုန်သုံးလျှင်ပင် ထိုလူရွယ်၏ဓားချက်လောက်လျှင်မြန်ခြင်းရှိမည်မဟုတ်ပေ။

“ မင်းဘယ်သူလဲ....”

သေမင်းဖြူက ခမောက်ဆောင်းထားသူကိုလေးနက်သည့်လေသံဖြင့်မေးလိုက်သည်။

သေမင်းနက်ကို တစ်ကွက်ထဲဖြင့်နောက်ဆုတ်စေနိုင်သည့်အဆင့်သူက သိုင်းလောကတွင်များများစားစားမရှိဘဲ သိုင်းဝိဇ္ဇာအဆင့်အောက်တွင်လက်ချိုးရေနိုင်လောက်အောင်နည်းပါးသည်။

ထို့ကြောင့်လည်း ခမောက်ဆောင်းထားသူက လူမသိသူမသိလူတစ်ယောက်ဖြစ်ဟန်မတူဘဲ ကျိန်းသေပေါက်ကျော်ကြားသူတစ်ဦးသာဖြစ်ပေမည်။

ရှောင်ယောင်နှင့်ဟောင်ရန်၊ လူရွယ်နှစ်ယောက်နှင့်စာပေသမားများ၊ မိန်းမလှလေးနှစ်ယောက်တို့အကုန်လုံး ခမောက်ဆောင်းထားသူကိုစူးစိုက်ကြည့်နေကြရင်း ထိုလူမည်သူမည်ဝါဖြစ်မည်ကိုခန့်မှန်းနေကြသည်။

အစောပိုင်းက ထိုလူ၏လက်ချက်ကြောင့် နောက်ဆုတ်ခဲ့ရသည့်သေမင်းနက်လည်း တည်ငြိမ်အေးစက်သည့်မျက်နှာဖြင့်ရှိနေပြီး သူ၏မျက်ဝန်းထဲရှိသတ်ဖြတ်လိုသည့်အငွေ့အသက်များကား ပို၍အားကောင်းလာသည်။

ထိုအခိုက် သူတို့၏ကြားသို့ ဆိုင်လုလင်လေးက လှစ်ခနဲဝင်လာပြီး သေမင်းနှစ်ဖော်ကိုရော ခမောက်ဆောင်းထားသူကိုပါကြည့်ကာ စိတ်ပျက်သည့်ပုံစံဖြင့်ပြောလိုက်သည်။

“ ခင်ဗျားတို့နဲ့တော့တယ်ခက်တာပဲ...ဒီဝိုင်းမှာ သုံးယောက်လုံးစားသောက်လို့ရတာကို နေရာလုရင်းရန်ဖြစ်ရတယ်လို့....”

ဆိုင်လုလင်လေးက တစ်ဘက်နှင့်တစ်ဘက်သတိဖြတ်တော့မည့်တိုက်ပွဲကြားတွင် မကြောက်မရွံ့ရပ်နေပြီးခမောက်ဆောင်းသူ၏ဘက်ကိုလှည့်ကြည့်ကာပြောလိုက်သည်။

“ ပြီးတော့ခင်ဗျား ...ဆိုင်ထဲမှာတိုက်ခိုက်လို့မရဘူး။ တိုက်ချင်ရင် ဟိုလူတွေလို ဆိုင်အပြင်ကိုထွက်တိုက်ကြ ။ မဟုတ်ရင် ဒီကပစ္စည်းတွေ ပျက်စီးကုန်ရင် ကျသင့်တန်ဖိူးအတိုင်း လျှော်ပေးရမယ်....”

ခမောက်ဆောင်းထားသူကိုပင် ပြစ်တင်ကျိန်း‌မောင်းနေသည့် ဆိုင်လုလင်လေး၏မကြောက်မရွံ့ပုံစံကြောင့် ရှောင်ယောင်တို့ပင် လူငယ်လေးအတွက် စိုးရိမ်သွားမိသည်။

ခမောက်ဆောင်းထားသူက ဆိုင်လုလင်လေးကိုစူးစိုက်ကြည့်ရင်းသူ၏လက်တစ်ဖက်ကိုဝတ်စုံထဲသို့နှိုက်လိုက်သညိ။

ထိုမြင်ကွင်းကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း ဆိုင်လုလင်လေးကိုဝင်ရောက်ကယ်တင်ရန်ပြင်ဆင်လိုက်ကြစဉ် ခမောက်ဆောင်းထားသူက သူ၏လက်ကိုပြန်ဆွဲထုတ်၍ ငွေတုံးသုံးတုံးကို ဆိုင်လုလင်လေးအားကမ်းပေးလိုက်သည်။

“ စောစောကတိုက်ခိုက်မှုအတွက် တောင်းပန်ပါတယ် ။ ဒါက ကျုပ်ကြောင့် ဆိုင်ကြမ်းပြင် ပျက်စီးခဲ့ရတဲ့အတွက်ကြောင့်ပါ....”

ခမောက်ဆောင်းထားသူ၏အသံက ယဉ်ကျေးသိမ်မွေ့လှပြီး သူ၏ကြောက်စရာကောင်းသည့်ပုံစံနှင့်ပင်မလိုက်ပေ။

မီးရောင်အောက်၌ တောက်ပနေသည့်ငွေတုံးကလေးသုံးခုကိုကြည့်ရင်း ဆိုင်လုလင်လေး၏မျက်နှာထက်၌အပြုံးကြီးကြီးပေါ်ထွက်လာပြီး ငွေတုံးများကိုအလျှင်အမြန်ဆွဲယူလိုက်သည်။

“ ဟဲ ဟဲ.... ခင်ဗျားက ဒီလိုဆိုမှတော့လည်း ကျုပ်ကဒီကိစ္စကိုဘာမှမဖြစ်သလိုပဲထားလိုက်ပါ့မယ်....”

အပြောင်းအလဲမြန်လှသည့်သူ၏အမူအယာကို ကျန်လူများကအံ့ဩစွာကြည့်ရှုနေကြစဉ် ဆိုင်လုလင်လေးက သေမင်းနှစ်ဖော်၏ဘက်သို့လှည့်သွားပြန်သည်။

“ ဟိုလူနှစ်ယောက် ခင်ဗျားတို့က စားစရာမရသေးရင်လည်းငြိမ်ငြိမ်စောင့်တာမဟုတ်ဘူး။ သူများကိုသွားနှောင့်ယှက်နေတယ်။

သွားသွား ခင်ဗျားတို့ကို ဒီနေရာက မကြိုဆိုတော့ဘူး...”

ငွေတုံးများ၏မျက်နှာကြောင့်ဖြစ်သည့်ထင် ဆိုင်လုလင်လေးက ခမောက်ဆောင်းထားသူကိုအပြစ်မတင်‌‌တော့ဘဲ သေမင်းနှစ်ဖော်ကို ချက်ခြင်းမောင်းထုတ်လိုက်သည်။

သူ၏စကားကြောင့် မူလကပင်တင်းမာခတ်ထန်နေသည့်သေမင်းနက်၏မျက်နှာက ဒယ်အိုးဖင်ထက်မည်းမှောင်သွားသလို သေမင်းဖြူ၏မျက်နှာကလည်းအေးစက်တင်းမာသွားသည်။

သူတို့သေမင်းနှစ်ဖော်သိုင်းလောကတွင်ကျင်လည်လာသည်က သုံးနှစ်ကျော်သာရှိသေးသော်လည်း သူတို့၏လက်ထဲတွင်သေဆုံးသွားရသည့်အစွမ်းထက်သိုင်းသမားများစွာရှိနေပြီဖြစ်ကာ အဆင့်လွန်ထိပ်သီးများပင်သူတို့ကိုမြင်သည်နှင့်ဝေးဝေးရှောင်ကွင်းသွားကြပေသည်။

ထိုကဲ့သို့လူနှစ်ယောက်ကို အရွယ်မရောက်သေးသည့် ဆိုင်လုလင်လေးကမောင်းထုတ်နေခဲ့ပြီး ထိုလူငယ်လေး၏သတ္တိမည်သည့်နေရာမှလာသည်ကို သူတို့အားလုံး အံ့ဩတကြီးဖြစ်ကြရသည်။

“ ကောင်းတယ် ငါတို့နှစ်ယောက်က ‌လူမလေးခွေးမခန့်ဖြစ်နေပြီ....”

သေမင်းဖြူ၏လေသံက အေးစက်နေပြီး သူ၏မျက်ဝန်းထဲမှသတ်ဖြတ်လိုသည့်အရိပ်အယောင်များကိုမြင်တွေ့လိုက်ရ၍ ခမောက်ဆောင်းထားသူလည်း ရှေ့သို့ရပ်ခနဲတိုးဝင်လိုက်သည်။

သိူ့သော် သူလှုပ်ရှားသည်နှင့်တစ်ပြိုင်နက် သေမင်းနက်ကရှေ့မှပိတ်ဆို့လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့်လက်ဝါးချက်တစ်ချက်ရိုက်ထုတ်လိုက်သည်။

“ ဝုန်း...”

ဆိုင်တစ်ခုလုံးတုန်ခါသွားမတတ်ကျယ်လောင်သည့်အသံနှင့်အတူ ပြင်းထန်အားကောင်းလှသည့်လက်ဝါးရိုက်ချက်‌ကြောင့် ခမောက်ဆောင်းထားသူလည်းနောက်ဆုတ်ပေးလိုက်ရသည်။

ထိုအခိုက် သေမင်းဖြူ၏လက်ဝါးက ဆိုင်လုလင်လေးဆီသို့လှစ်ခနဲဝင်ရောက်လာ၍ ကျန်လူများအထိတ်လန့်အော်ဟစ်လိုက်မိကြသည်။

“ သတိထား....”

သူတို့၏စကားနှင့်ရှေ့ဆင့်‌နောက်ဆင့်ပင် သေမင်းဖြူ၏ပြင်းထန်သည့်လက်ဝါးက ဆိုင်လုလင်လေး၏ဦးခေါင်းပေါ်သို့လျှင်မြန်စွာဝင်ရောက်လာပြီး လူငယ်လေးတစ်ဦးကိုရက်စက်စွာတိုက်ခိုက်လိုက်သည့် သေမင်းဖြူ၏လုပ်ရပ်ကို ရှောင်ယောင်တို့အားလုံး အံ့အားသင့်နေကြပြီးမည်သူမှအချိန်မီမတုန့်ပြန်နိုင်ကြပေ။

“ ဝုန်း.. “

သေမင်းဖြူ၏လက်ဝါးရိုက်ချက်က ဆိုင်ကြမ်းပြင်ပေါ်သို့ကျရောက်သွားပြီး အစောပိုင်းကဓားရာအပေါက်ဘေးရှိပျဉ်ချပ်များကျိုးထွက်ကုန်သညိ။

အံ့ဩဖွယ်ကောင်းစွာဖြင့် ဆိုင်လုလင်လေး၏ခန္တာကိုယ်က မူလနေရာနှင့်ခြေလှမ်းအနည်းငယ်အကွာသို့ရောက်ရှိနေကာ သူ၏ပုံစံကအနည်းငယ်ထိတ်လန့်နေဟန်တူသည်။

“ သေစမ်း...မကောင်းတဲ့ကောင် အလစ်ဝင်တိုက်ရသလား....စောက်ရူး.. “

ဆိုင်လုလင်လေးက မမျှော်လင့်ဘဲတိုက်ခိုက်ခံလိုက်ရ၍အံ့ဩထိတ်လန့်သွားဟန်တူသည့်တိုင် သူ၏ပါးစပ်မှ ကျိန်ဆဲသည့်စကားလုံးများထွက်ကျလာဆဲပင်။

ထိုအချိန်တွင် ရှောင်ယောင်တို့လိုဘေးမှကြည့်နေသူများသာမက သေမင်းဖြူကိုယ်တိုင်ပင် ကြောင်အမ်းအမ်းအမူအယာဖြင့်ရှိနေပြီး အသက်ဆယ့်ငါးနှစ်ပင်မပြည့်တတ်သေးသည့်ထိုလူငယ်လေးက သူ၏လက်ဝါးချက်ကိုမည်သို့ရှောင်တိမ်းသွားသည်ကို စဉ်းစားမရဖြစ်နေဟန်တူသည်။

ကျန်လူများ၏အံ့အားသင့်နေသည့်အကြည့်အောက်တွင်သေမင်းဖြူလည်း ဆိုင်လုလင်လေးကို နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။

“ ဝှစ်.. ဝှစ်...”

သေမင်းဖြူထံမှ လက်ဝါရိုက်ချက်များက တစ်ခုမကထွက်ပေါ်လာပြီးဆိုင်လုလင်လေးထံသို့စုပြံရောက်ရှိသွားသည်။

ယခုတစ်ကြိမ်၌ သေမင်းဖြူကသာမန်ကာလျှံကာတိုက်ခိုက်ခြင်းမရှိဘဲ အလေးအနက်ထားတိုက်ခိုက်ခြငးဖြစ်၍ သူ၏တိုက်ကွက်ကိုအဆင့်လွန်ထိပ်သီးတစ်ယောက်ပင်ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။

“ ရပ်လိုက်စမ်းခင်ဗျားတို့ရဲ့ပြိုင်ဘက်က ကျုပ်ပဲ....”

သေမင်းနက်ကိုတိုက်ခိုက်နေသည့် ခမောက်ဆောင်းထားသူကအေးစက်တင်းမာသည့်အသံဖြင့်အော်ဟစ်လိုက်သော်လည်း သေမင်းနက်ကတားဆီးထား၍ ဆိုင်လုလင်လေးကိုကွယ်မပေးနိုင်ပါချေ။

သေမင်းဖြူ၏တိုက်ခိုက်မှုကမြန်ဆန်လွန်းအခြားလူများလည်းအချိန်မီမတုန့်ပြန်နိုင်ကြဘဲရှိနေစဉ် ဆန်းကြယ်သည့်ဖြစ်ရပ်က ထပ်မံပေါ်ထွက်လာပြီး ဆိုင်လုလင်လေး၏ခန္တာကိူယ်က အရိပ်တစ်ခုလြိလျှင်မြန်စွာလှုပ်ရှားသွားကာ သေမင်းဖြူ၏တိုက်ကွက်အတွင်းမှ ပွတ်ကာသီကာလွတ်မြောက်လာသည်။

“ ခွေးအိုကြီး ခင်ဗျားကကျုပ်ကိုအသေသတ်ချင်နေတာပဲ ...”

ဆိုင်လုလင်လေး၏ပုံစံကလည်း ဒေါသထွက်နေဟန်တူပြီး သေမင်းဖြူကိုအဆက်မပြက်ဆဲဆိုလိုက်သည်။

အသက်သေဆုံးရမည့်အန္တရာယ်ကိုရင်ဆိုင်နေရသည့်တိုင် ဆိုင်လုလင်လေးက လုံးဝကြောက်လန့်တုန်လှုပ်ပုံမရဘဲ သေမင်းဖြူကိုပင်ဒေါသထွက်နေဟန်တူသည်။

‌တစ်ဖက်တွင် ဆိုင်လုလင်လေးက သူ၏လက်ထဲမှအကြိမ်ကြိမ်လွတ်မြောက်နေ၍ သေမင်းဖြူကား မိမိသိုင်းပညာကိုပင်သံသယဖြစ်လာသည်။

ထိုစဉ် ခမောက်ဆောင်းထားသူကိုတားဆီးထားသည့် သေမင်းနက်ကတင်းမာသည့်အသံဖြင့်အော်ဟစ်လိုက်သည်။

“ စဲ့ဟူ..ဒီကောင်လေးနဲ့အလုပ်မရှုပ်စမ်းနဲ့ ငါ့ကိုမြန်မြန်လာကူဦး....”

သေမင်းနက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ယောက်ဖြစ်သော်လည်း ခမောက်ဆောင်းထားသူ၏ဓားကွက်များကြားတွင် ဖိနှိပ်ခံနေရသည်။

ခမောက်ဆောင်းထားသူက မဆိုင်သူကိုပင်သတ်ဖြတ်ရန်လုပ်ဆောင်ခဲ့သည့် သေမင်းနှစ်ဖော်ကိုအတော်ပင်‌ဒေါထွက်နေဟန်တူပြီး လျှင်မြန်ပြင်းထန်လှသည့်သူ၏တိုက်ကွက်များက သေမင်းနက်၏သေကွင်းသေကွက်နေရာများသို့သာတိုးဝင်နေသည်။

သူ၏ဓားသိုင်းကလွန်စွာလျှင်မြန်လှပြီးပြင်းထန်မှုကလည်း ဩချရလောက်သည်။

ထို့အပြင်သူဓားတစ်ချက်ယမ်းတိုင်း ပူပြင်းသည့်အတွင်းအားလှိုင်းများထွက်ပေါ်လာတတ်ပြီး ခမောက်ဆောင်ထားသူမှာ ရှားပါးသည့်အပူဓာတ်အတွင်းအားပိုင်ရှင်တစ်ဦးလည်းဖြစ်ဟန်တူပေသည်။

“ အေး၊....ငါလာမယ်....”

သေမင်းဖြူက ထိုသို့တုန့်ပြန်လိုက်သော်လည်း သူ့ကိုဆဲဆိုနေသည့်ဆိုင်လုလင်လေးဆီသို့လှစ်ခနဲဝင်ရောက်သွားပြန်သည်။

ထိုလူငယ်လေးနှင့်ကျမှ သူ၏ဂုဏ်သိက္ခာအောက်ဆုံးထိကျဆင်းခဲ့ရပြီဖြစ်၍ သေမင်းဖြူလည်း ဆိုင်လုလင်လေးကိုမရမကသတ်ဖြတ်ရန်စိတ်ပိုင်းဖြတ်ထားပုံရသည်။

သို့သော် ဆိုင်လုလင်လေး၏အနီးသို့ အပြာရောင်အရိပ်တစ်ခုနှင့်အနက်ရောင်အရိပ်တစ်ခုတို့ပြိုင်တူရောက်ရှိလာပြီး တောက်ပသည့်ဓားရောင်နှစ်ချက်လက်သွားတော့ သည်။

“ ဝှစ်...ဝှစ်....”

လေထုကိုပိုင်းဖြတ်သံထွက်ပေါ်လာပြီး လွန်စွာလျှင်မြန်လှသည့်ဓားချက်နှစ်ခုကသေမင်းဖြူ၏လက်ဝါးရိပ်များကိုဖောက်ထွက်ကာ သူ၏ခန္တာကိုယ်ဆီသို့ပြိုင်တူတိုးဝင်သွားကြသည်။

&&&&

All Chapters