အဖြစ်စုံ
Vol. 2 Ch. 57
“ မကောင်းတော့ဘူး...သေမင်းနှစ်ဖော်က သူတို့ရဲ့အစွမ်းအထက်ဆုံးသိုင်းပညာတွေကိုထုတ်သုံးနေပြီ မင်းအစ်ကိုခုခံနိုင်ပါ့မလား....”
သေမင်းနက်ကို ခမောက်ဆောင်းထားသူက ကောင်းစွာယှဉ်နိုင်သေးသော်လည်း သေမင်းဖြူကိုတိုက်ခိုက်နေသည့် ဆိုင်ရှင်လူငယ်လေးကား သူ၏ထူးခြားသည့်ခြေလှမ်းကွက်များကိုသာအားပြုရှောင်တိမ်းလာရသည်။
သူ၏အသက်အရွယ်ဖြင့် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တစ်ဦးကို ယခုလောက်ခုခံတိုက်ခိုက်နိုင်သည်က အံ့ဩဖွယ်ဖြစ်ပြီး ဝမ်ဝူး၏စကားကြောင့် ဆိုင်လုလင်လေးလည်း သူ့နဖူးသူရိုက်လိုက်ပြီး ဆိုင်ရှင်လူငယ်လေးကို အော်ဟစ်သတိပေးလိုက်သည်။
“ အစ်ကိုကြီး သတိထား ဒီလူကြီးက သူ့ရဲ့အစွမ်းအထက်ဆုံးသိုင်းပညာကိုထုတ်သုံးနေပြီ အခြေအနေမကောင်းရင်ငါတို့ထွက်ပြေးရအောင် ...”
ဆိုင်လုလင်လေး၏စကားက အစောပိုင်းက ဝံ့ကြွားနေသည့်သူ၏ပုံစံနှင့်ပြောင်းပြန်ဖြစ်နေ၍ ရှောင်ယောင်တို့လူစုပါးစပ်အဟောင်းသာဖြစ်သွားကြစဉ် ဆိုင်အပြင်ဘက်ထပ်ဝေးဝေးဆီမှ စူးရှသည့်အသံတစ်ခုကိုကြားလိုက်ရသည်။
“ ဒေါင်...”
ထိုအသံက တစ်ချက်ထဲသာမည်သွားခြင်းဖြစ်သော်လည်း သူတို့အားလုံး၏ ရင်ထဲကိုထိုးဖောက်ဝင်ရောက်သွားသည့်အလား ပဲ့တင်ထပ်လျက်ရှိသည်။
ရုတ်တရက် ဆိုင်ရှင်လူငယ်လေးကိုတိုက်ခိုက်နေသည့်သေမင်းဖြူနှင့် ခမောက်ဆောင်းထားသူကိုရင်ဆိုင်နေသည့်သေမင်းနက်တို့က နောက်သို့ပြိုင်တူခုန်ဆုတ်လိုက်ကြပြီး ကျွမ်းတစ်ပတ်ပစ်၍ ဆိုင်အပြင်ဘက်သို့ပြေးလွှားပျောက်ကွယ်သွားကြတော့သည်။
သေမင်းနှစ်ဖော်၏ထူးခြားသည့်အပြုအမူနှင့် ဆန်းကြယ်သည့်သံစဉ်တို့ကို ကျန်လူများအားလုံးတအံ့တဩဖြစ်နေကြစဉ် ဆိုင်ရှင်လူငယ်လေးက သက်ပြင်းတစ်ချက်ချ၍ အကြောဆန့်ရင်းပြောလိုက်သည်။
“ ကံကောင်းလို့ ဟိုလူကြီးက နည်းနည်းတော့အစွမ်းအစရှိသားပဲ....”
နာမည်ကြားရုံနှင့် သိုင်းလောကသားတိုင်းကြောက်လန့်ရသည့် သေမင်းနှစ်ဖော်မှာ ထိုလူငယ်လေး၏မျက်လုံးထဲတွင် မဆိုးရုံသာဖြစ်ဟန်တူသည်။
သို့သော် သူ၏အစွမ်းထက်လှသည့်သိုင်းပညာကို တွေ့မြင်ကြပြီးဖြစ်၍မည်သူမှပါးစပ်မဟနိုင်ကြဘဲ ထူးခြားဆန်းကြယ်လှသည့်လူငယ်လေးနှစ်ယောက်ကိုသာ အံ့အားသင့်စွာကြည့်ရှုနေကြမိသည်။
သူတို့အားလုံး၏အကြည့်များကြောင့် ဆိုင်ရှင်လူငယ်လေးကလက်ဝေ့ယမ်းလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။
“ သွားသွား...ကိုယ့်နေရာကိုယ်ထိုင်တော့ ပွဲကပြီးပြီ...ဟုတ်သားပဲ ဆိုင်ထဲမှာ အတော်ပျက်စီးကုန်ပြီပဲ....”
ဆိုင်ရှင်လူငယ်လေးက ပြင်းထန်သည့်တိုက်ပွဲများကြောင့် မုန်တိုင်းဝင်မွေ့သလို မွစာကျဲနေသည့်ဆိုင်အတွင်းပိုင်းကိုကြည့်ရင်းစိတ်ပျက်သွားဟန်တူသည်။
တိုက်ပွဲများနှင့်အနည်းငယ်လှမ်းငည့် ဆိုင်ထောင့်တွင် တုန်လှုပ်ဟန်ရှိနေသညိ့လူငယ်နှစ်ယောက်၏စားပွဲဝိုင်းနှင့် အတွင်းဒဏ်ရာအပြင်းအထန်ရရှိနေသည့် ကဗျာသမားဆုဖိန်ရှိရာဝိုင်းတို့မှလွဲ၍ ကျန်ဝိုင်းများကတစ်စစီဖြစ်နေကြပြီ။
ခမောက်ဆောင်းထားသူကားအစောပိုင်းကသေမင်းနက်နှင့်အပြင်းအထန်တိုက်ခိုက်ခဲ့သူမဟုတ်သည့်အလား သူ၏ဓားကိုပြန်သိမ်းကာ အေးဆေးစွာဖြင့်ရှိနေသည်။
“ ဒေါက်....”
“ ဒါက မင်းရဲ့အပြစ်ပဲ ဟိုလူနှစ်ယောက်ပြဿနာရှာထဲက ငါ့ကိုလှမ်းခေါ်ပါ့လား....”
ခေါင်းပေါ်သို့ကျရောက်လာသည့်သံယောက်မကြီးနှင့် ဆိုင်ရှင်လူငယ်၏ ဆူပူမှုကြောင့် ဆိုင်လုလင်လေး၏မျက်နှာက ရှံ့မဲ့သွားပြီး ဆူပုတ်ပုတ်ပုံစံဖြင့်ပြောလိုက်သည်။
“ ဒါက ကျနော့်အပြစ်မှမဟုတ်တာ ....”
လူငယ်နှစ်ယောက်၏အချင်းများမှုကိုဆက်ကြည့်မနေနိုင်တော့ဘဲ စုထင်းက ဝင်ပြောလိုက်ရသည်။
“ ကဲပါအပျက်အစီးတွေအတွက်ကျသင့်ငွေကို ကျုပ်ပဲပေးပါ့မယ်....”
စုထင်း၏တောင်းဆိုမှုကို ဆိုင်ရှင်လူငယ်လေးက လက်ခါပြလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ ထားပါတော့ ကျုပ်တို့လည်း ဒီမှာပျော်လို့ဝပြီး ဆိုင်ကိုထားပြီးထွက်သွားတော့မယ်....”
ဆိုင်ရှင်လူငယ်လေး၏စကားအဆုံး၌ ဆိုင်လုလင်လေးကလည်းပြုံး၍ပြောလိုက်သည်။
“ ဒီတစ်ခါ ဘယ်ကိုသွားမလဲအစ်ကိုကြီး ကျုပ်တို့ အရှေ့ဘက်ကမ်းရိုးတန်းကိုသွားကြည့်ရင်ကောင်းမလား....”
“ တိတ်စမ်း....သိုင်းပညာကျမသင်ဘဲ ကိုယ်ဖော့ပညာတော်တာကိုအဟုတ်ကြီးထင်နေတယ် အခုသေတော့မလို့မလား....”
ဆိုင်ရှင်လူငယ်လေးက ဆိုင်လုလင်လေးကိုကျိန်းမောင်းရင်း သူ၏လက်ထဲမှသံယောက်မကြီးကိုပစ်ချလိုက်ပြီး ရင်ဘက်ရှိစားဖိုမှူးခါးစည်းကိုချွတ်လိုက်သည်။
သူတို့အချင်းချင်း ပြောဆိုနေသည့် စကားများကြောင့် သူတို့အားလုံးလည်း လူငယ်နှစ်ယောက်ကိုကြည့်လိုက်မိကာ ထိုနှစ်ယောက်၏ထူးခြားသည့်ဇာတ်မြစ်ကိုမှန်းဆမရနိုင်အောင်ရှိနေသည်။
ထို့နောက် လူငယ်နှစ်ယောက်က ရှောင်ယောင်တို့ကိုနှုတ်ဆက်ကာ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။
သူတို့နှစ်ယောက်ကားထွက်ခွာသွားမည်ဟုပြောဆိုပြီးအချိန်အနည်းငယ်ပင်ဆက်မနေခဲ့ပေ။
အရွယ်မရောက်သေးသော်လည်း အံ့ဩဖွယ်ကောင်လှသည့်သိုင်းပညာများ၊ မည်သည့်အရာကိုပင်ဖြစ်စေ တုန်လှုပ်ခြင်းမရှိသည့်စိတ်ဓာတ်များစသည်တို့ဖြင့် မှန်းဆမရအောင်ထူးခြားလှသည့်လူငယ်လေးများပင်ဖြစ်သည်။
“ ဟူး....တယ်လဲဆန်းကြယ်ကြတဲ့လူငယ်လေးတွေပဲ.. သူတို့နာမည်ကိုတောင်မမေးလိုက်ရဘူး....”
အတွင်းဒဏ်ရာမှအတော်အတန်သက်သာလာဟန်တူသည့် ဆုဖိန်က သူတို့အနီးသို့လျှောက်လာရင်းပြောလိုက်သည်။
စာပေသမားသုံးယောက်မှာ အချင်းချင်းကြည့်လိုက်ကြပြီး ရှောင်ယောင်တို့ကို အရိုအသေပေး၍ပြောလိုက်ကြသည် ။
“ ဒီနေ့ညကိစ္စက သေမင်းနှစ်ဖော်နဲ့ကျုပ်တို့က စခဲ့တာပဲ။ သူတို့ရဲ့လက်ချက်ကြောင့် ကျုပ် ဒဏ်ရာအပြင်းအထန်ရခဲ့တာပါ....”
“ ဘာပဲဖြစ်ဖြစ် မတရားမှုကို လက်ပိုက်ကြည့်မနေဘဲဝင်ကူညီတဲ့မိတ်ဆွေတို့အားလုံးကိုလည်း ကျုပ်လေးစားပါတယ်....”
သူတို့၏ယဉ်ကျေးသည့်ပုံစံကြောင့် ရှောင်ယောင်တို့အားလုံးပြန်၍အရိုအသေပေးလိုက်ကြသည်။
ကြောက်စရာကောင်းလှသည့် သေမင်းနှစ်ဖော်ကိုပင် ရင်ဆိုင်တိုက်ခိုက်ပြီးနောက်၌ သူတို့၏ကြားတွင်ယခင်လောက်သူစိမ်းဆန်မနေတော့ပေ။
ထိုအခိုက် ရှက်ရွံ့ခြင်း ၊ နောင်တရခြင်း စသည့်အမူအယာများဖြင့် မျက်နှာပျက်နေကြသည့်လူရွယ်နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တိတ်ဆိတ်စွာထွက်သွားလိုက်ကြသည်။
သူတို့နှစ်ယောက်က သေမင်းနှစ်ဖော်၏သိုင်းပညာနှငိ့ကျော်ကြားမှုကို ထိတ်လန့်တုန်လှုပ်ကြ၍ အခြားလူများလိုဝင်ရောက်တိုက်ခိုက်ဝံ့ခြင်းမရှိပေ။
ထို့ကြောင့်လည်းသေမင်းနှစ်ဖော်ပြနိလည်ထွက်ခွာသွားပြီးနောက်ဤနေရာတွင်အရှက်မရှိစွာဖြင့်မနေနိုင်ကြတော့ဘဲ တိတ်ဆိတ်စွာထွက်ခွာသွားခြင်းဖြစ်ပေသည်။
&&&
ဆိုင်နှင့် အနည်းငယ်ကွာဝေးသည့်တောအုပ်တစ်ခုထဲတွင်
အသက်ခုနစ်ဆယ်အရွယ်ရှိမည့်အဖိုးအိုတစ်ဦးမှာ မြေပြင်တွင်တည်ငြိမ်စွာထိုင်လျက် သူ၏လက်ချောင်းများက ရှေ့တွင်ချထားသည့် ဗျပ်စောင်းရှည်ပေါ်တွင် ပြေးလွှားလျက်ရှိသည်။
အဖိုးအို၏အသက်အရွယ်က တတိယအရွယ်သို့ရောကိရှိနေပြီဖြစ်သည့်တိုင် တည်ကြည်ခန့်ညားနေဆဲဖြစ်ပြီး ငယ်ရွယ်စဉ်က အတော်ပင်ချောမောခဲ့သူတစ်ဦးဖြစ်မှန်းခန့်မှန်းနိုင်ပေသည်။
အဖြူရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ဗျပ်စောင်းကိုတည်ငြိမ်စွာတီးခတ်နေသည့်အဖိုးအို၏ပုံစံက လွန်စွာမှခန့်ညားနေပြီး သူ၏လက်ချောင်းများကလည်း ဗျပ်စောင်းကြိုးများပေါ်တွင် လူးလာခေါက်တုန့်လျက်ရှိသည်။
အဖိုးအို၏ဗျပ်စောင်းသံက စမ်းရေကျသံအလား ၊ တေးသီးငှက်တို့၏အသံအလား သာယာနာပျော်ဖွယ်ကောင်းလှပြီး ကြားရသူတိုင်း၏စိတ်နှလုံးကို အထူးပင်ကြည်လင်အေးမြသွားစေနိုင်သည်။
ဓားလှံကိုယ်စီဖြင့်တစ်ဖက်နှင့်တစ်ဖက်ထိုးခုတ်ရန်ပြင်ဆင်နေကြသူများပင် ထိုတေးသံကိုကြားမိပါက အမုန်းတရားများကိုခေတ္တမေ့ပျောက်သွားနိုင်ပြီး လက်နက်များကိုလွှတ်ချ၍ ငြိမ်သက်စွာနားထောင်မိပေမည်။
အဖိုးအို၏ဗျပ်စောင်းသံက မှော်ဆန်စွာထွက်ပေါ်နေသလို သူ၏နောက်ဘက်တွင်တည်ငြိမ်စွာရပ်နေသည့်မိန်းကလေးတစ်ဦး၏ရုပ်သွင်ကလည်း ဝါးတဝါးအမှောင်ထုကြားတွင် နတ်မိမယ်တစ်ပါးနှင့်ပင်အထင်မှားနိုင်စေမည် ။
နှင်းလိုဖြူဖွေးသည့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ပိတုန်းရောင်ကေသာများကို နောက်ကျောထက်တွင်ဖြန့်ကျက်ထားသည့်က ရေတံခွန်မှရေများအလား လှပစွာကျဆင်းနေပြီး အဖြူအနက်ရောယှက်နေသည့်ပန်းချီကားတစ်ချပ်သဖွယ်လွန်စွာမှကြည့်ကောင်းနေသည်။
ကြွေရုပ်လေးကိုဖြူဖွေးနုနယ်သည့်သူမ၏မျက်နှာလှလှလေးကို အနက်ရောင်ပဝါပါးလေးဖြင့်ဖုံးကွယ်ထားသော်လည်း အသက်ရှူမှားနိုင်စရာမျက်နှာလေးကို မရှင်းမလင်းမြင်တွေ့နေရပြီး ပဝါထက်မှမြင်နေရသည့် ကြည်လင်ရွှန်းလဲ့သည့်မျက်ဝန်းလှလှလေးများနှင့် မိုးမခကိုင်းလို ကွေးညွှတ်လှပသည့်မျက်ခုံးတို့က တစ်ချက်ကြည့်ရုံဖြင့် ယောင်္ကျားသားတို့၏စိတ်နှလုံးကိုလှုပ်ခ်နိုင်စွမ်းရှိပေမည်။
ထို့ထက်ပို၍ကြည့်ရလျှင် ငန်းဖြူမလေးလိုကျော့ရှင်းသည့် လည်တိုင်လေးနှင့် အဖုအထစ်အမို့အမောက်တို့ဖြင့်ထုဆစ်ထားသလိုလှပသည့်ခန္တာကိုယ်အချိုးအစားကိုတွေ့မြင်နိုင်မည်ဖြစ်ကာ ဖွင့်ဖြိူးသည့်ရွှေရင်အစုံနှင့် ဝိုင်းစက်ပြည့်တင်းသည့် တင်သားစိုင်တို့ကို မြွေပျိုမယ်လေးတစ်ကောင်လို သွယ်လျသည့်ခါးသွယ်သွယ်လေးဖြင့်ဆက်သွာထားသည်။
ခြုံ၍ဆိုရလျှင် ထိုမိန်းကလေး၏သွင်ပြင်က နတ်သက်ကြွေသည့်နတ်သမီးလေးတစ်ပါးအလား လွန်စွာချောမောလှပနေပြီး တစ်ထောင်တွင်တစ်ယောက်ပင်မရှိနိုင်သည့် ထိပ်တန်းအလှလေးပင်ဖြစ်ပေသည်။
သူမ၏အပြုအမူလေးတစ်ခု ၊ မျက်ဝန်းအကြည့်လေးတစ်ချက်က မရေမတွက်နိုင်သည့်လူများကိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး သူမကိုပိုင်ဆိုင်ခွင့်ရပါက ရှိသမျှအရာအားလုံး ပေးအပ်နိုင်သည်ဆိုသည့် ယောင်္ကျားများစွာရှိပေမည်။
ယခုအခါ မိန်းမလှလေးက ကြည်လင်တောက်ပနေသည့်မျက်ဝန်းလှလှလေးများကိုဖွင့်၍ အဖိုးအိုဗျပ်စောင်းတီးခတ်နေပုံကိုအသေအချာကြည့်ရှုလေ့လာနေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် အဖိုးအို၏ဗျပ်စောင်းသံက တိတ်ဆိတ်သွားပြီး အေးဆေးတည်ငြိမ်သည့်စကားသံကိုကြားလိုက်ရသည်။
“ ချင်းတန် မင်းဒီနှစ်တွေမှာ အဆင်ပြေရဲ့လား....”
အဖိုးအို၏မေးခွန်းကြောင့် မိန်းမလှလေး၏မျက်နှာထက်တွင် အပြုံးရိပ်လေးတစ်ခုပေါ်လာပြီး သိမ်မွေ့သည့်ဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
“ ကျမ ...အဆင်ပြေပါတယ်ဆရာ...ဒီလိုပဲ သိုင်းလောကထဲမှာ ကျင်လည်နေပါတယ် “
မိန်းမလှလေး၏ရုပ်ဆင်းအင်္ဂါက လွန်စွာလှပသည့်နည်းတူ သူမ၏အသံကလည်း ဆည်းလည်းသံများလိုကြည်လင်အေးမြနေပြီး အသံ၏ကောင်းခြင်းဖြင့်လည်းပြည့်စုံနေသည်။
သူမ၏အဖြေကြောင့် အဖိုးအိုက သက်ပြင်းတစ်ချက်ချလိုက်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ မင်းကအရင်လိုပဲ ခံစားချက်တွေကိုလျှို့ဝှက်နေတုန်းပဲကိုး ...မင်းဝင်ထားတဲ့လျှို့ဝှက်အဖွဲ့အစည်းကဘာလဲ....”
အဖိုးအို၏အသံက အေးဆေးတည်ငြိမ်နေဆဲဖြစ်သော်လည်း လေးနက်သည့်အရိပ်အယောင်များပါဝင်နေပြီး သူ၏မေးခွန်းကြောင့် မိန်းမလှလေး၏မျက်ဝန်းထဲတွင်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး ခေါင်းယမ်းပြလိုက်သညိ။
&&&&