← Chapters

ခင်မင်ရင်းနှီးခြင်း

Vol. 2 Ch. 60

ခင်မင်ရင်းနှီးခြင်း

Vol. 2 Ch. 60

ရှောင်ယောင်၏မေးခွန်းကို ဝမ်ဝူးက စတင်ရှင်းပြလိုက်သည်။

“ ဒီလိုညီလေးရ.... ရွှေဓားသခင်တုန်းချဲ့လင်က ဒီနယ်မှာ နာမည်ကြီးသိုင်းထိပိသီးတစ်ဦးပဲ။

သိုင်းပညာမြင့်မားပြီး ဖြောင့်မက်မှန်ကန်တဲ့အတွက် သိုငိးလောကထဲမှာတောင် တော်တော်ကျော်ကြားတဲ့လူတစ်ယောက်ဆိုပါတော့....”

ရှောင်ယောင်နှင့် ဟောင်ရန်တို့လည်း ရွှေဓားသခင်၏နာမည်ကိုကြားဖူးကြပြီး ခေါင်းညိမ့်တိတ်

ဆိတ်စွာနားထောင်နေကြသည်။

“ လွန်ခဲ့တဲ့သုံးရက်လောက်ကပဲ ရွှေဓားသခင်ဆီကို သွေးနီတံခါးက ဖိတ်စာရောက်လာတာ။ စာထဲမှာပါတာတော့ သူတို့က ခုနစ်ရက်အတွင်းမှာ ရွှေဓားသခင်ကိုလုပ်ကြံသတ်ဖြတ်မယ်ဆိုပဲ....”

“ သွေးနီတံခါး....’

ထိုနာမည်ကို ဟောင်ရန်ရောရှောင်ယောင်ပါ ရေရွတ်လိုက်မိကြသည်။။

လက်ရှိသိုင်းလောက၏ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်းဖြစ်သည့် ကြေးစားဂိုဏ်းကိုသူတို့လိုသိုင်းလောကထဲဝင်ခါစလူများအသာထား သာမန်လူများပင်ကြားဖူးကြမည်ဖြစ်သည်။

အခကြေးငွေလုံလောက်စွာရရှိပါက မည်သို့သောလူမျိုးကိုဖြစ်စေလုပ်ကြံသတ်ဖြတ်ဝံ့သည့်ထိုဂိုဏ်းမှာ လွန်စွာကြောက်စရာကောင်းသည့်အဖွဲ့အစည်းဖြစ်ပြီး သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဲဉ်တို့ပင်သူတို့ကို တမင်ပစ်မှတ်မထားဝံ့ကြပေ။

ရှောင်ယောင်တို့၏အမူအယာကိုအကဲခပ်၍ ဝမ်ဝူးက ဆက်ပြောလိုက်သည်။

“ ဟုတ်တယ် သွေးနီတံခါးဂိုဏ်းက ရွှေဓားသခင်ကိုပစ်မှတ်ထားလာပြီ။ ဒါကြောင့်လည်း ရွှေဓားသခင်က သိုင်းလောကထဲကမိတ်ဆွေတွေနဲ့ သူရဲကောင်းတွေကိုအကူအညီတောင်းထားခဲ့တယ်....”

ထိုနေရာအရောက်တွင် ဟောင်ရန်ကနားမလည်နိုင်သည့်လေသံဖြင့်ဝင်မေးလိုက်သည်။

“ ခဏလေးအစ်ကိုဝမ်ဝူး....ကျုပ်ကြားထားတဲ့သတင်းတွေအရဆိုရင် သွေးနီတံခါးဂိုဏ်းက သူတို့အလုပ်ကိုဝင်ရှုပ်တဲ့လူဆိုရင် အလွတ်မပေးဘဲသတ်ဖြတ်တယ်ဆို ။

တစ်ခါကဆိုရင် သိုင်းမဟာမိတ်ကလူတွေတောင်တော်တော်များများအသတ်ခံရလို့ သူတို့တောင် သွေးနီတံခါးကိုဖြုံသွားတာမလား....”

ဟောင်ရန်၏ကြားဖြတ်စကားကို ဆုဖိန်ကခေါင်းယမ်း၍ဝင်ပြောလိုက်သည်။

“ ဘယ်ကလာ ဒီလိုသာဆိုရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းနဲ့ တခြားဂိုဏ်းကြီးတွေရဲ့လက်ချက်ကြောင့် သွေးနီတံခါးပျောက်ကွယ်သွားတာကြာလောက်ရောပေါ့။

အဲဒီတုန်းက သိုင်းမဟာမိတ်က သူတို့ကို တမင်လိုက်ပြီးပစ်မှတ်ထားနေလို့သွေးနီတံခါးကလည်းတုန့်ပြန်တဲ့သဘောပဲ။

ပြောရရင် အင်အားစုနှစ်ခုကြားက တိုက်ပွဲမျိုးပေါ့။ သွေးနီတံခါးက ငွေမျက်နှာပဲကြည့်တဲ့ကြေးစားဂိုဏ်းတစ်ခုဆိုပေမယ့်သူတို့ကလည်း သီးခြားအင်အားစုတစ်ခုဆိုတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက သူတို့ကိုဒီအတိုင်းလွှတ်ပေးထားတဲ့သဘောပဲ။

သွေးနီတံခါးက သိုင်းလောကမှာပေါ်ထွက်လာတာရှစ်နှစ်လောက်ရှိပြီဆိုပေမယ့် သူတို့ရဲ့အင်အားဘယ်လောက်ရှိတယ်။ သူတို့ခေါင်းဆောက်ကဘယ်သူ စတဲ့အချက်တွေကို လုံးဝစုံစမ်းလို့မရဘူး။

အလွန်လျှို့ဝှက်တဲ့အဖွဲ့အစည်းပေါ့။ ပြီးတော့ သူတို့သတ်မယ့်လူကိုအခုလိုစိန်ခေါ်စာအရင်ပို့တာ ကြိုတင်ပြင်ဆင့်ခွင့်ရအောင်ဆိုတဲ့သဘောပဲ။

သူတို့ရဲ့လုပ်ရပ်က ရဲတင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းတယ်။

ဒါပေမယ့် ဘယ်လောက်ပဲပြင်ဆင်ထားထားသူတို့က ပြောထားတဲ့ရက်အတွင်းမှာ ရအောင်သတ်ဖြတ်နိုင်တာက သူတို့ရဲ့စွမ်းရည်ပဲ....”

ဆုဖိန်၏စကားကြောင့် ရှောင်ယောင်တို့နှစ်ဦးလည်း သွေးနီတံခါးအကြောင်းကိုပို၍သိရှိလာပြီး ယခင်ကထက်များစွာစိတ်ဝင်စားလာမိသည်။

သူတို့၏စိတ်ဝင်စားမှုကို ရိပ်မိ၍ ဝမ်ဝူးကဆက်ပြောလိုက်သည်။

“ အခုဆိုရင် ရွှေဓားသခင်ရဲ့စံအိမ်ကိုသွားနေတဲ့သိုင်းလောကသားတွေတောင်အရေအတွက်တော်တော်ရှိလောက်ပြီ။

ရွှေဓားသခင်က ကျော်ကြားပြီးလူချစ်လူခင်များသလို မိတ်ဆွေတွေလည်းအများကြီးရှိတယ်။

စောစောက ဒီမှာတွေ့ခဲ့တဲ့ ထန်မိသားစုကကောင်လေး၊ မိုးကြိုးနတ်ဓားဂိုဏ်းကကောင်နဲ့ ဟိုမိန်းကလေးနှစ်ယောက်ကလည်း ဟန်ကျန်းက ရွှေဓားသခင်ရဲ့စံအိမ်ကိုသွားတာဖြစ်နိုင်တယ်....”

ဝမ်ဝူး၏စကားကြောင့် ဟောင်ရန်နှင့်ရှောင်‌ယောင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြပြီး ဟောင်ရန်ကမေးလိုက်သည်။

“ အစ်ကိုတို့ကရော ဟိုကိုသွားမလို့လား.... “

ဟောင်ရန်၏မေးခွန်းကြောင့် ဝမ်ဝူးရောဆုဖိန်ပါ သဘောကျစွာရယ်မောလိုက်ကြပြီး ဝမ်ဝူးကခေါင်းညိမ့်ပြလိုက်သည်။

“ ဒါပေါ့ ဒီလိုမျိုးလူထူထူရှိတဲ့နေရာတွေဆို ငါတို့စာ‌ပေသမားသုံးယောက်က ဘယ်တုန်းကမရောက်လို့လည်း။

ပြီးတော့ စုထင်းက ဟန်ကျန်းမြို့ခံဆိုတော့ ရွှေဓားသခင်နဲ့လည်းရင်းနှီးတယ်။

သူ့ရဲ့အကြောင်းကြားမှကြောင့်ပဲ ငါတို့ဟန်ကျန်းကိုလာခဲ့တာ ။ သူကငါတို့ကိုလာကြိုရင် မှောင်သွားလို့ မြိုအထိမပြန်ဘဲ ဒီမှာညစာစားရင်းနားဖို့ဆုံးဖြတ်လိုကတာပဲ။

မင်းတို့အမြင်ပဲ.. ဒီမှာဖြစ်သွားတာတွေကတော့ အတော့်ကိုထူးထူးဆန်းဆန်းပဲဟေ့ ...”

ဝမ်ဝူး၏စကားကို ရှောင်ယောင်တို့လည်းခေါင်းညိမ့်လိုက်မိကြသည်။

သူတို့နှစ်ဦးမှာ သိုင်းလောကထဲဝင်ရောက်သည်က အချိန်များစွာကြာမြင့်ခြင်းမရှိသေးသော်လည်း အတွေ့အကြုံကတော့အတော့်ကိုစုံလင်လှပြီဟုဆိုနိုင်သည်။

ဦးစွာ လျှိုစမ်းမြို့တွင် လက်ရှစ်ဖက်လှံနတ်ဆိုးနှင့်တိုက်ပွဲ၊ ထို့နောက် ယန်စီနဂါးအဖွဲ့ကို့ဖြိုခွင်းရန်ကြိုးပမ်းစဉ်ကလည်း နဂါးဖြူဓားဘုရင်နှင့် ‌ဆုံတွေ့ခဲ့ပြန်သည် ။

နောက်ဆုံး ဤဆိုင်တွင် တစ်ညနားရန်ရောက်ဘာစဉ်တွင်လည်း ကန္တာရသေမင်းနှစ်ဖော်၊ စာပေသမားသုံးယောက် သိုမဟုတ်အရူးသုံးယောက်၊ အစွမ်းထက်သည့်မိန်းမလှနှစ်ယောက်နှင့် ထိပ်တန်းအင်အားစုများမှလူရွယ်နှစ်ယောက်၊ လူငယ်ထိပ်သီးနံပါတ်တစ် နေမိုးကြိူးဓားဝိဇ္ဇာနှင့်ဆန်းကြယ်လှသည့် ဆိုင်ရှင်လူငယ်ညီအစ်ကို စသည်ဖြင့် အမျိုးမျိုးစုံအောင်ကြုံတွေ့နေရသည်။

ရှောင်ယောင်၏စိတ်ထဲတွင် သိုင်းလောက၌ကျင်လည်နေသည်မှာ နှစ်ပေါင်းများစွာရှိသည့်ဝါရင့်သိုင်းသမားများပင် သူတို့လောက်ထူးဆန်းသည့်အဖြစ်အပျက်များကိုဆက်တိုက်မကြုံတွေ့နိုင်ဟုပင် တွေးမိနေသည်။

ထိုအခိုက် အရက်အိုးများနှင့် အစားအသောက်များကိုမနိုင်မနင်းသယ်လာသည့်စုထင်းက သူတို့ဝိုင်းသို့ပြန်ရောက်လာကာ ထိုင်ခုံတစ်လုံးကိုဆွဲ၍ထိုင်ရင်းပြောလိုက်သည်။

“ ကဲ ကျုပ်တို့အကြောင်းကို ညီလေးတို့ သိပြီးလောက်ရောပေါ့ ။ ညီလေးတို့အကြောင်းကိုရော နည်းနည်းပါးပါးမိတ်ဆက်ပါဦး....”

စုထင်း၏စကားကြောင့် ရှောင်ယောင်တို့လည်း သူတို့၏နာမည်ကိုပင်မိတ်ဆက်ရခြင်းမရှိသေးသည်ကို သတိထားလိုက်မိကာ ဟောင်ရန်က ကမန်းကတန်းထရပ်၍ပြောလိုက်သည်။

“ ကျုပ်နာမည်က ဟောင်ရန်ပါ သိုင်းလောကထဲဝင်တာကတော့ မကြာသေးဘူး။ သူက ရှောင်‌ယောင် ။ အတွေ့အကြုံမရှိဘူးပြောပေမယ့် အကြောင်းအရာအတော်များများသိထားပြီး ဉာဏ်များတဲ့မြေခွေးအိုကြီးပေါ့ ကျုပ်တို့ချင်းရင်းနှီးတာမကြာသေးပေမယ့် ကျုပ်အတွက်အစ်ကိုကြီးတစ်ယောက်လိုပဲ....”

ဟောင်ရန်၏စကားကြောင့် ရှောင်ယောင်လည်း ရယ်ရမလိုငိုရမလိုဖြစ်သွားပြီး ထရပ်လိုက်ကာ စာပေသမားသုံး‌ယောက်ကို လက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည် ။

“ စောစောကသူပြောသွားသလိုပါပဲ...ကျုပ်နာမည်ရှောင်ယောင်ပါ ...ဒီက နည်းနည်းတုံးအတဲ့ကောင်လေးက ဟောင်ရန်....”

ရှောင်ယောင်၏မိတ်ဆက်စကားကြောင့် ဟောင်ရန်က မ‌ကျေမနပ်ကြည့်လာသည် ။

သူတို့နှစ်ယောက်၏လွန်စွာရင်းနှီးဟန်တူသည့် ခင်မင်မှုအတိုင်းအတာကြောင့် ဝမ်ဝူးတို့လည်း သဘောကျသွားကြပြီး စုထင်းက အရက်တစ်အိုးကိုဖောက်၍ ခွက်များအတွင်းငှဲ့ရင်းပြောလိုက်သည်။

“ ကဲကဲ.....သိုင်းလောကထုံးစံတွေဘာတွေလုပ်မနေနဲ့ လာ မိတ်ဖြစ်ဆွေဖြစ်သောက်ရအောင်....”

ထိုလူသုံးယောက်မှာ အနည်းငယ်ပြဿနာရှာတတ်ပြီး စနောက်တတ်သည့်စရိုက်ရှိသော်လည်း စိတ်ရင်းကောင်းသူများဖြစ်ကြပေသည်။

အရက်ခွက်များကမ်းပေးနေသည့် စုထင်းကိုရှောင်ယောင်ရောဟောင်ရန်ပါ ခေါင်းယမ်းပြလိုက်ကြသည်။

“ တော်ပြီ အစ်ကိုစုထင်းကျုပ်တို မသောက်တတ်လို့ပါ....”

ရှောင်‌ယောင်၏ငြင်းဆိုမှုကြောင့် စုထင်းတို့သုံးယောက်အံ့အားသင့်သွားဟန်တူပြီး ဝမ်ဝူးကစနောက်လိုက်သည်။

“ ယောင်္ကျားလေးဆိုတာ အရက်သောက်မှပေါ့....မဟုတ်မှလွဲရော ညီလေးရှောင်က ယောင်္ကျားလေးယောင်ဆောင်ထားတဲ့မိန်းကလေးတစ်ယောက်တော့မဟုတ်ပါဘူးနော်...”

ဝမ်ဝူး၏နောင်ပြောင်စကားကိုရှောင်ယောင်က မတုန့်ပြန်ဘဲရယ်မောနေသော်လည်း ဘေးဘက်ရှိဟောင်ရန်ကား ဝမ်ဝူးတို့ကိုမသိမသာအကဲခပ်လိုက်သည်။

ထို့နောက် စုထင်းတို့လည်း ရှောင်ယောင်တို့ကိုဆက်လက်တိုက်တွန်းခြင်းမရှိတော့ဘဲ သူတို့သုံးယောက်သာအရက်သောက်ကာ ရှောင်ယောင်တို့နှင့်ထွေရာလေးပါးပြောဆိုလိုက်ကြသည် ။

စုထင်းတို့သုံးယောက်၏ဗဟုသုတက ရှောင်ယောင်တို့ထက်များစွာသာလွန်ပြီး နေရာအနှံ့လျှောက်သွားနေသူများပီပီ သိုင်းလောကတွင်ဖြစ်ပျက်နေသည့် အကြောင်းအရာအတော်များများကိုသိရှိထားသည် ။

သူတို့နှင့်စကားလက်ဆုံကျရင်း ရှောင်ယောင်တို့လည်း ယခင်ကထက်များစွာဗဟုသုတတိုးပွားခဲ့ရပြီးများသောအားဖြင့်ထိုသုံးယောက်က ဒိုင်ခံပြောဆိုကာ ရှောင်ယောင်နှင့်ဟောင်ရန်ကနားထောင်သမားဖြစ်သည်။

“ ဒါနဲ့ အစ်ကိုတို့ ထိုက်ကျိဓားစန်းဟုန်းလျန်ရဲ့သတင်းကိုရော ကြားမိသေးလား ။ အခုသူဘယ်မှာရှိနေလောက်လဲ... “

အမှတ်တမဲ့မေးလိုက်သည့် ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်က ရှောင်ယောင့်ကိုဖျက်ခနဲကြည့်လိုက်မိသော်လည်း စုထင်းတို့ကား ဂရုမစိုက်မိဘဲ ‌ထိုအကြောင်းကိုစဉ်းစားနေကြပြီး ဝမ်ဝူးကပြောလိုက်သည်။

“ အင်း....နဂါးခုနစ်ကောင်ထဲမှာပါတဲ့ ဓားကျိုးဘုရင် စန်းဟုန်းလျန်ကိုပြောတာဆိုရင်တော့ သူဘယ်မှာလဲဆိုတာ ငါတို့အတိအကျမသိဘူး ...ပြောရရင် သူတို့ခုနစ်ယောက်က ရောက်ချင်ရာရောက်နေတတ်တာလေ။

ဒီနှစ်တွေအတွင်းမှာ နဂါးခုနစ်ကောင်ထဲက အတော်များများက သိုင်းလောကထဲမှာလှုပ်ရှားကြပေမယ့် အကြောင်းမရှိဘဲတစ်နေရာထဲမှာအကြာကြီးမနေကြဘူး။

သူတို့အားလုံးက သိုင်းဝိဇ္ဇာတွေဆိုတော့ လုပ်ချင်တာမှန်သမျှလုပ်နိူင်ပြီးတော့ သိုင်းမဟာမိတ်နဲ့မိစ္ဆာဝိညာဉ်ကတောင် ရန်စရဲတာမဟုတ်ဘူး....”

ဝမ်ဝူး၏အဖြေကြောင့် ရှောင်ယောင်အနည်းငယ်စိတ်ပျက်သွားသော်လည်း ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

ဝမ်ဝူးက တစ်စုံတစ်ခုကိုသတိရဟန်ဖြင့်ထပ်ပြောလိုက်သည်။

“ တစ်ခုတော့ရှိတယ် သူတို့နဂါးခုနစ်ကောင်က နှစ်နှစ်တစ်ကြိမ်အချင်းချင်းယှဉ်ပြိုင်လေ့ရှိတယ်။

သူတို့အားလုံးက ဒုတိယမျိုးဆက်က ကျော်ကြားတဲ့လူတတွေဆိုတော့ အလျင်းချင်းသိကျွမ်းကြတာပုံမှန်ပဲ။

သူတို့ကြားမှာ ဘယ်သူကသာလွန်တယ်ဆိုတာကိုသိုင်းပညာယှဉ်ပြိုင်ပြီးဆုံးဖြတ်ကြတယ်...။

ပြီးခဲ့တဲ့နှစ်နှစ်ကလည်း ဟွာရှန်းတောင်ထိပ်မှာယှဉ်ပြိုင်ခဲ့တာဆိုတော့ ဒီနှစ်လည်း ဟွာရှန်းတောင်မှာပဲယှဉ်ပြိုင်မယ်ထင်တယ်။ ညီလေးက ဓားကျိုးဘုရင်နဲ့သိလို့လား....”

&&&

All Chapters