← Chapters

ပြောင်းလဲသွားသည့်ငယ်ကျွမ်းဆွေ

Vol. 2 Ch. 61

ပြောင်းလဲသွားသည့်ငယ်ကျွမ်းဆွေ

Vol. 2 Ch. 61

“ ဒီလိုပဲပြောလို့ရပါတယ် ။ ကျုပ်တို့အရင်က ဆုံဖူးလို့ပါ....”

ဟောင်ရန်က ရှောင်ယောင့်ကိုတစ်စုံတစ်ခုမေးမြန်းလိုသည့်ဟန်ဖြင့်ကြည့်လိုက်သော်လည်း မမေးဖြစ်တော့ပေ။

ရှောင်‌ယောင်၏အဖြေကြောင့် ဝမ်ဝူးက ခေါင်းယမ်း၍ပြန်ဖြေလိုက်သည်။

“ သာမန်သိကျွမ်းရုံလောက်ဆိုရင်တော့ ဟွာရှန်းတောင်ထိပ်ကိုသွားလို့ရမယ်မထင်ဘူး ။

သူတို့ရဲ့ပြိုင်ပွဲကိုကြည့်ခွင့်ရတဲ့လူတွေက နဂါးခုနစ်ကောင်နဲ့ အရင်းအချာတွေပဲကြည့်ခွင့်ရတာ။ ပြီးတော့ မိစ္ဆာဝိညာဉ်နဲ့ သိုင်းမဟာမိတ်က ခေါင်းဆောင်တစ်ချို့ကလည်း အဲဒီကိုနှစ်တိုင်းရောက်လာကြတယ်။

သူတို့က လက်ရှိသိုင်းလောကမှာလွှမ်းမိုးနေတော့ နေရာတကာအရာရောက်ကြတာပေါ့ ....”

ဝမ်ဝူး၏စကားကိုရှောင်ယောင်က တိတ်ဆိတ်စွာဖြင့်မှတ်သားထားလိုက်သည်။

“ အင်း.... ဟိုမိန်းကလေးနှစ်ယောက်ဆိုရင်တော့ အသေအချာသိမယ် ။သူတို့ထဲကတစ်ယောက်က လက်သီးဘုရင်ရဲ့သမီး ။ ကျန်တဲ့တစ်ယောက်က သိုင်းမဟာမိတ်က လျှပ်တပြက်ဓားသခင်ရဲ့သမီးလေ....”

“ ဘယ်လို ...”

ဝမ်ဝူး၏နောက်ဆက်တွဲစကားကြောင့် ရှောင်ယောင်ရော ဟောင်ရန်ပါ မျက်လုံးပြူးသွားကြပြီး တူညီသည့်အာမေဍိတ်သံတစ်ခုထွက်ပေါ်လာသည်။

သူတို့၏အသံကအနည်းငယ်ကျယ်လောင်သွား၍ ဝမ်ဝူးတို့သုံးယောက်လုံး အထိတ်တလန့်ဖြစ်သွားရုံသာမက သူတို့နှစ်ယောက်ပင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

ထို့နောက် သူတို့နှစ်ယောက်လူံး အလျှင်အမြန်မေးလိုက်ကြပြန်သည်။

“ လက်သီးဘုရင်ဆိုတာ ခုံတုံဂိုဏ်းချုပ်စီးတုမင်ကိုပြောတာမလား....”

“ လျှပ်တပြတ်ဓားသခင်က ချောင်မျိုးနွယ်စုက ချောင်ဖေးဟုန်ကိုပြောတာမလား....”

ဟောင်ရန်နှင့်ရှောင်ယောင်တို့က တစ်‌ယောက်ကိုတစ်ယောက်ထူးဆန်းသလိုကြည့်နေကြပြီး ဝမ်ဝူးတို့ကား သူတို့နှစ်ယောက်လုံးကို အံ့အားသင့်ဟနိဖြင့်ကြည့်ရှုနေကြသည် ။

အကြောင်းကား ဆိုင်ထဲသို့ရှောင်ယောင်တို့ဝင်လာစဉ်ကပင် သူတို့အကဲခပ်ပြီးဖြစ်၍ မိန်းကလေးနှစ်ယောက်လုံးက လွန်စွာလှပချောမွေ့သူများဖြစ်ကြသော်လည်း ရှောင်ယောင်တို့နှစ်ဦးလုံးက ဟိုလူရွယ်နှစ်‌ယောက်လို စိတ်ဝင်စားကြဟန်မပေါ်ခဲ့ပေ။

ယခု မိန်းကလေးနှစ်ယောက်၏အမည်ကိုကြားမှ သူတို့က အထိတ်လန့်ထမေးလာ၍ သူတို့သုံးယောက်လုံး အံ့ဩမိခြင်းဖြစ်သည်။

“ ဟုတ်တယ်လေ အနက်ရောင်ဝတ်စုံနဲ့မိန်းကလေးက လက်သီးဘုရင်စီးတုမင်ရဲ့သမီး မဟူရာနတ်သမီး စီးတုယွမ်ချင်း ၊ အပြာရောင်ဝတ်စုံနဲ့မိန်းကလေးက လျှပ်တပြတ်ဓားသခင် ချောင်ဖေးဟုန်ရဲ့သမီး ဓားနတ်သမီးချောင်ရှန်းရှန်းလေ....။

သူတို့က လူငယ်မျိုးဆက်ရဲ့နတ်သမီးလေး‌ယောက်ထဲမှာ အပါအဝင်ပဲကို ညီလေးတို့က မသိကြဘူးလား....”

စုထင်းက အံ့ဩသည့်လေသံဖြင့်ပြောလိုက်၍ ဟောင်ရန်နှင့်ရှောင်ယောင်တို့လည်း ပြိုင်တူခေါင်းယမ်းပြလိုက်မိကြကာ သူတို့နှစ်ယောက်လုံးက အတွေးကိုယ်စီဖြင့်တိတ်ဆိတ်သွားကြသည်။

လက်ရှိလူငယ်မျိုးဆက်ထဲတွင် ကျော်ကြားသူများက လူငယ်ထိပ်သီးဆယ်ယောက်အပြင် နတ်သမီးလေးယောက်၊ ကဝေပျိုနှစ်ပါးနှင့် သိုင်းလောကအလှမယ်တို့ဖြစ်ကြသည်။

ထိုစာရင်းရှိမိန်းကလေးခုနစ်ယောက်လုံးက လွန်စွာချောမောလှပသူများဖြစ်ကြသလို သူတို့၏သိုင်းပညာကလည်း လူငယ်ထိပ်သီးဆယ်ယောက်စာရင်းဝင်များနှင့်ပင်ရင်ဘောင်တန်းနိုင်စွမ်းရှိသည်။

ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးနှင့် အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေးတို့၏သိုင်းပညာက ထိုမျှအစွမ်းထက်နေရခြင်းဖြစ်ပြီး သေမင်းဖြူလိုကြောက်စရာကောင်းသည့်သိုင်းသမားတစ်ဦးကိုပင်ရင်ဆိုင်ဝံ့ခြင်းဖြစ်သည်။

ရှောင်ယောင်နှင့်ဟောင်ရန်တို့၏ငေးငိုင်သွားသည့်အမူအယာကြောင့် တစ်စုံတစ်ခုထူးခြားမှုရှိသည်ကိုရိပ်စားလိုက်မိ၍ စာပေသမားသုံးယောက်က တစ်ယောက်ကိုတစ်ယောက်မျက်ရိပ်ပြလိုက်မိကြသည်။

“ အစ်ကိုရှောင်ယောင်ပြောတဲ့ ကလေးမလေးက အဲဒီကောင်မလေးလား.....”

ရုတ်တရက်ထမေးလိုက်သည့်ဟောင်ရန်၏စကားကြောင့် ရှောင်ယောင်လည်း ခေါင်းညိမ့်ပြလိုက်သည်။

“ ဟုတ်တယ် ။ သူပဲဖြစ်မယ် ဒါပေမယ့် သူကတော်တော်ပြောင်းလဲသွားတယ်.... ။

နေစမ်းပါဦး မင်းကရော ဟိုမိန်းကလေးကိုစိတ်ဝင်စားနေတာလား....သူနဲ့စကားများရင်ချစ်မိသွားတယ်လို့တော့ ငါ့ကိုမပြောနဲ့နော် “

ရှောင်ယောင်၏တန်ပြန်မေးခွန်းကြောင့် ဟောင်ရန်၏မျက်နှာကအနည်းငယ်နီရဲသွားပြီး ခေါင်းယမ်းပြလိုက်သည်။

သို့သော် ဟောင်ရန်၏အကျင့်စရိုက်ကိုကောင်းစွာသိရှိထားသည့်ရှောင်ယောင်ကား အပြာရောင်ဝတ်စုံဝတ်မိန်းမလှလေး၏နာမည်ကိုကြားသညိနှင့် ဟောင်ရန်တစ်စုံတစ်ခုဖြစ်သွားသည်ကို ကောင်းစွာရိပ်မိလိုက်သည် ။

သူတို့၏ထူးခြားသည့်စကားများကြောင့် စုထင်းတို့သုံးယောက်လည်း သိချင်စိတ်ပေါ်လာပြီး ဝမ်ဝူးကမေးလိုက်သည်။

“ ‌ညီလေးတို့က အဲဒီမိန်းကလေးတွေရဲ့နာမည်ကိုကြားမှ ဘာလို့ဒီလောက်အထိ အထိတ်လန့်ဖြစ်သွားတာလဲ....”

ဝမ်ဝူး၏မေးခွန်းကြောင့် ဟောင်ရန်ကအလျှင်အမြန်ပြောလိုက်သည်။

“ သူ့ကြောင့်ပေါ့အစ်ကိုတို့ရ ဒီမြေခွေးအိုကြီးက လမ်းတုန်းကလေကြီးလာတာ။ သူကငယ်ငယ်တုန်းက စီးတုယွမ်ချင်းနဲ့သူက ငယ်ငယ်ကရင်းနှီးဖူးတယ်လို့ကြွားလာသေးတယ်။

အခုကျတော့ သူက ဟိုမိန်းကလေးကို လုံးဝမမှတ်မိသလို ဟိုကလည်း သူ့ကိုတစ်ချက်ကလေးမှတောင်ပြန်မကြည့်ဘူး....”

ဟောင်ရန်၏ဖောက်သည်ချမှုကြောင့် စာပေသမားသုံးယောက်၏ထူးဆန်းသည့်အကြည့်က သူ့အပေါ်ကျရောက်လာ၍ရှောင်ယောင်လည်း ရှက်ရွံ့စွာပြုံးလိုက်ရင်း ပြန်ဖြေရှင်းရတော့သည်။

“ ကျုပ်လိမ်တာမဟုတ်ဘူး။ အဲဒီတုန်းက သူနဲ့တကယ်ဆုံဖူးတာ။ သူ့အဖေ စီးတုမင်တောင်ပါသေးတယ်။ ပြီးတော့ ဘာဓားညီနောင်ဆိုလား သူတို့နှစ်ယောက်ရယ် ၊ မုယုံမျိုးနွယ်ကလူတစ်ယောက်ရယ် သူတို့နဲ့ ဝူတန်းတောင်တက်လမ်းမှာတွေ့ခဲ့တာ....”

“ ခဏညီလေး မင်းပြောတာ လက်သီးဘုရင် ၊ ရွှမ်ယွမ်ဓားညီနောင်နဲ့ သိုင်းမဟာမိတ်ရဲ့သခင်ဆယ်ပါးထဲထဲက မုယုံချန်ကိုပြောတာလား....”

ဝမ်ဝူး၏ကြားဖြတ်မေးခွန်းကြောင့် ရှောင်‌ယောင်လည်း ထိုစဉ်က သူနှင့်ဆုံခဲ့သည့် ကျန်လူများ၏အမည်ကိုပါပြန်သတိရသွားပြီး ခေါင်းညိမ့်ပြလိုက်သည်။

“ အမှန်ပဲ သူတို့လေး‌ယောက်ကတောင်ပေါ်ကဆင်းလာတာ ကျုပ်က တောင်တက်လမ်းမှာနေတုန်းတွေ့တာ....”

ရှောင်ယောင်၏အဖြေကြောင့် ဝမ်ဝူးကခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီး ဟောင်ရန့်ကိုပြောလိုက်သည်။

“ ဒါဆိုရင် ညီလေးရှောင်ပြောတာအမှန်ဖြစ်မယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက မြောက်ပိုင်းမှာပေါ်ထွက်ခဲ့တဲ့ သွေးဆာရက်စက်တဲ့သိုင်းသမားတစ်ယောက်ကို လက်သီးဘုရင်အပါအဝင် ကျန်တဲ့သိုင်းထိပ်သီးခြောက်ယောက်တောင်ပူးပေါင်းနှိမ်နင်းခဲ့ရသေးတယ်။

အဲဒီထဲမှာ ရွှမ်ယွမ်ဓားညီနောင်နဲ့ မုယုံချန်တို့လည်းပါတယ် ။ ....”

ဝမ်ဝူး၏စကားကြောင့် ဆုဖိန်နှင့်စုထင်းတို့၏မျက်နှာကပြောင်းလဲသွားကြပြီး စုထင်းကအလျှင်အမြန်မေးလိုက်သည်။

“ မင်းပြောတာ သိုင်းမဟာမိတ်နဲ့ချန်ချင်းဂိုဏ်းကလူတွေကိုသတ်ဖြတ်ခဲ့တဲ့ သွေးအေးသခင်မကိုနှိမ်နင်းတုန်းကအကြောင်းလား....”

“ အတိအကျပေါ့ အဲဒီတုန်းက လက်သီးဘုရင်၊ ရွှမ်ယွမ်ဓားညီနောင်၊ သိုင်းမဟာမိတ်က ချန်လုနဲ့မုယုံချန် ၊ အခုလူငယ်ထိပ်သီးဆယ်ယောက်ထဲက သံမဏိတံတိုင်းလုရှန်းတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရတာ။

ဒါတောင် သွေးအေးသခင်မကသူ့ရဲ့အကောင်းဆုံးအခြေအနေမှာရှိမနေလို့ သူတို့အနိုင်ရသွားတာဆိုပဲ....”

ထိုအကြောင်းကို ဟောင်ရန်နှင့်ရှောင်ယောင်တို့လည်းကောင်းစွာကြားဖူး၍ခေါင်းညိမ့်လိုက်ကြသည်။

ထိုစဉ်က သိုင်းမဟာမိတ်ဩဇာကြီးထွားနေစဉ်ဖြစ်ပြိး မိစ္ဆာဝိညာဉ်ပင်တည်ထောင်ရ‌ခြင်းမရှိသးပေ။

သို့သော် သိုင်းမဟာမိတ်နှင့်ချနိချင်းဂိုဏ်းတို့နှစ်ခုလုံးကိုစိန်ခေါ်ခဲ့သည့် သွေးအေးသခင်မ၏အကြောင်းက သိုင်းလောကကိုဟိုးလေးတကျော်ကျော်ဖြစ်ခဲ့လေသည်။

သိုင်းလောကထဲမှသတင်းများအရ ထိုမိန်းကလေး၏ရုပ်ရည်ကနတ်မိမယ်တမျှလှပပြီး သူမ၏အကျင့်စရိုက်ကလည်းလွန်စွာသွေးဆာရက်စက်သည်ဟုဆိုကြသည်။

တစ်ပတ်အတွင်း သိုင်းမဟာမိတ်၊ ချနိချင်းဂိုဏ်းနှင့် မြောက်ပိုင်းသိုင်းလောကမှလူရာကျော် သူမလက်ထဲတွင်သေဆူံးခဲ့ရပြီး သူမ၏သိုင်းပညာက သိုင်းထိပ်သီးခြောက်ယောက်ဝိုင်းဝန်းနှိမ်နင်းရသည်အထိပင်။

ထိုအချိန်ကအကြောင်းအရာများကိုပြန်လည်တွေးတောမိလိုက်ကြ၍ သူတို့အားလုံးငြိမ်သက်သွားစဉ် ဟောင်ရန်က အလျော့ပေးလိုဟန်မတူသေးဘဲထပ်မေးလိုက်သည်။

“ ဒါဆို အခု ခင်ဗျားက ဘာလို့သူ့ကိုမမှတ်မိရတာလဲ....”

ဟောက်ရန်၏မေးခွန်းကြောင့် ရှောင်ယောင်လည်းမျက်နှာမဲ့ပြလိုက်မိသည်။

“ ငါနဲ့ငယ်ငယ်ကတွေ့တုန်းက သူက လူကြီးဆန်ဆန်နေပေမယ့် အခုလိုမျိုးအေးစက်စက်ပုံစံမဟုတ်ဘူး။ တော့်တော့်ကိုချစ်စရာကောင်းသေးတယ်။

အခုက ငယ်ငယ်ကထက်အများကြီးပိုလှလာပေမယ့် ရေခဲတုံးကြီးလိုအေးစက်စက်ဖြစ်နေတာ ..”

ထိုအရှုပ်ထုပ်မလေး၏ပြောင်းလဲမှုကို ရှောင်ယောင်ပင်အတော်လေးအံ့အားသင့်နေမိသည်။

စုထင်းကလည်း ရှောင်ယောင်၏စကားကိုဝင်ရောက်ထောက်ခံဟန်ဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။

“ အခုလိုဖြစ်နေတာလည်း သိပ်ပြီးအံ့ဩစရာမရှိဘူးညီလေးရ သူက အော့မေ့ဂိုဏ်းချုပ်ကြီးရဲ့နောက်ဆုံးတပည့်ပဲလေ....”

စုထင်း၏စကားကြောင့် ရှောင်ယောင်လည်းအံဩသည့်ပုံစံဖြင့်ပြန်မေးလိုကိမိသည် ။

“ ကျောက်စိမ်းမျက်နှာဖုန့်ရှန်းယင်လား...”

“ အစစ်ပေါ့....လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်သိုင်းလောကထဲကဇာတ်မြုပ်သွားတဲ့ ပန်းနတ်သမီးသွမ့်ရှင်းရှောင် ရဲ့နောက်ပိုင်းမှာ ဘယ်သူ့ကိုမှတပည့်အဖြစ်လက်မခံတော့ဘူးလို့ကြားပေမယ့် အော့မေ့ဂိုဏ်းချုပ်ကြီးက သူ့ကို နောက်ဆုံးတပည့်အဖြစ်လက်ခံခဲ့တယ်။

အဲဒီသတင်းထွက်တုန်းက သိုင်းလောကထဲမှာ အုတ်အုတ်ကျက်ကျက်ဖြစ်သွားသေးတာပေါ့။

ပြီးတော့ အဲဒီမိန်းကလေးရဲ့သိုင်းပညာက နတ်သမီးလေးယောက်၊ ကဝေပျိုနှစ်ပါးနဲ့ သိုင်းလောကအလှမယ်ဆိုတဲ့ နာမည်ကျော်မိန်းကလေးခုနစ်ယောက်ထဲမှာ အမြင့်ဆုံးပဲ။

ပြီးတော့ သူက ထိပိတန်းအင်အားစုကြီးတွေဖြစ်တဲ့ စီးတုနဲ့ နန်ကုန်းမိသားစုရဲ့မျိုးဆက်ပဲလေ။

ကောလဟာလတွေအရတော့ သူကနန်ကုန်းမိသားစုနဲ့ဒီလောက်ဆက်ဆံရေးမကောင်းဘူးလို့လည်းကြားတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ ....သူ့နောက်မှာ စီးတုမိသားစု၊ နန်ကုန်းမိသားစုနဲ့ အော့မေ့ဂိုဏ်းချုပ်ကြီးတို့ရှိနေမှတော့ သူဒီလောက်သိုင်းပညာမြင့်မားနေတာအံ့ဩစရာတော့မရှိပါဘူး....”

စုထင်း၏ရှင်းပြမှုကြောင့် ရှောင်ယောင်လည်းတစ်စုံတစ်ခုကိုတွေးတောရင်းငြိမ်သက်သွားမိသည်။

လွန်ခဲ့သည့်ဆယ်နှစ်ကသူနှင့်ဆုံတွေ့ခဲ့သည့်ကလေးမလေးမှာ လူကြီးတစ်ယောက်လိုဟန်ဆာင်တတ်သည်မှလွဲ၍ တက်ကြွဖျက်လက်ပြီး သဘောကျစရာကောင်းသည့်ပုံစံရှိပေသည် ။

ယခု အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးက ရေခဲလိုအေးစက်နေပြီး အရယ်အပြုံးအရှိဘဲ ပကတိတည်ငြိမ်လှသည် ။

ထိုပြောင်းလဲမှုက ရှောင်ယောင်ကိုအတော်ပင်အံ့အားသင့်စေပြီး မည်သည့်အတွက် ထိုမိန်းကလေးအကြီးအကျယ်ပြောင်းလဲသွားရသည်ကိုစဉ်းစားမရနိုင်ဘဲဖြစ်နေသည်။

&&&&

All Chapters