ကျော်ကြားသူများအတွက်သာ
Vol. 2 Ch. 64
အန်းဟွေးနယ် ဟန်ကျန်းမြို့
အန်းဟွေးနယ်၏ဒုတိယမြို့တော်ဟုခေါ်ဆိုနိုင်သည့်ဟန်ကျန်းမြို့ကား ကူးသန်းရောင်းဝယ်ရေးကောင်းမွန်လှပြီး အနယ်နယ်အရပ်ရပ်မှလာရောက်သူများဖြင့်စည်ကားလျက်ရှိသည်။
ဟန်ကျန်းမှာ လေးလ ရာသီပတ်လုံးလှပသည့် ရှေးဟောင်းမြို့တော်တစ်ခူအဖြစ်လူသိများပြီး ကျန်းနန်ရှိနာမည်ကျော်နတ်ရေကန်နှင့်အပြိုင်ကျော်ကြားသည့် စီးဟူရေကန်လည်းတည်ရှိပေသည်။
သိုင်းလောကသားများအဓိကလှုပ်ရှားရာကျန်းနန်ဒေသထဲတွင်အပါအဝင်ဖြစ်၍ ဟန်ကျန်းမြိူ့ထဲတွင် ဟိုမှသည်သို့သွားလာနေကြသည့်သိုင်းသမားများ၊ လူစည်ကားရာနေရာများတွင်ဖြစ်ပွားတတ်သည့်တိုက်ပွဲများစသည်တို့ကို ခပ်စိတ်စိတ်တွေ့မြင်နိုင်ပေသည်
ယခုရက်ပိုင်းတွင်ကား ဟန်ကျန်းတွင်သိုင်းလောကသားများ ပို၍ပင်ရောက်ရှိနေပြီး အကြောင်းရင်းကား ဟန်ကျန်းမှနာမည်ကျော်ရွှေဓားသခင်ကို သွေးနီတံခါးမှဖိတ်စာပို့ထားသည့်အတွက်ဖြစ်ပေသည်။
ဟန်ကျန်းမြို့၏အရှေ့ပိုင်းတွင်ကား သိုင်းလောကထဲတွင်ကျော်ကြားသည့်ရွှေဓားသခင်နေထိုင်ရာအိမ်ဂေဟာကြီးတည်ရှိပေသည် ။
ကျယ်ဝန်းသည့်ခြံဝန်းကျယ်ကြီးထဲတွင် ခမ်းနားသည့်စံအိမ်ကြီးနှင့် ခြံဝန်းထဲရှိအခြားအဆောက်အဦးများကလည်း အတော်ပင်ခမ်းခမ်းနားနားရှိလှသည်။
တုန်းချဲ့လင်မှာ ချမ်းသာကြွယ်ဝသည့်မျိုးရိုးမှဆင်းသက်လာသူဖြစ်သော်လည်း သိုင်းပညာကိုစိတ်ဝင်စားပြီး ဆရာကောင်းများထဲတွင်စနစ်တကျသင်ယူကာ သိုင်းလောကထဲတွင်ကျင်လည်ခဲ့သည်။
သူကိုင်ဆောင်သည့်ရွှေဓားကိုအစွဲပြု၍ တုန်းချဲ့လင်ကိုရွှေဓားသခင်ဟုခေါ်ဆိုကြခြင်းဖြစ်ပြီး သိုင်းလောကမှအနားယူခဲ့သည်မှာ ဆယ်နှစ်နီးပါးပင်ရှိပြီဖြစ်သည် ။
သို့သော် ယခု သူ့ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည့် သွေးနီတံခါး၏ဖိတ်စာကြောင့် တုန်းချဲ့လင်တစ်ယောက် နေမထိထိူင်မသာဖြစ်ကာ သိုင်းလောကမိတ်ဆွေများကိုအကူအညီတောင်းရခြင်းဖြစ်ပေသည်။
ရွှေဓားသခင်ဟုဘွဲ့အမည်ရထားသည့်တုန်းချဲ့လင်က အန်းဟွေးနယ်တွင်ကျော်ကြာားသူတစ်ဦးဖြစ်ရုံသာမက သိုင်းလောကထဲတွင်လူချစ်လူခင်ပေါများသူတစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် သွေးနီတံခါး၏ သတိပေးဖိတ်စာကိုရရှိသည်နှင့် တုန်းချဲ့လင်က သူ၏မိတ်ဆွေများကိုအကူအညီတောင်းခံခဲပြီး သိုင်းလောကထဲမှကျော်ကြားသည့်သိုင်းသမားများကလည်း တုန်းချဲ့လင်၏စံအိမ်ကိုရောက်ရှိနေခြင်းဖြစ်သည် ။
ပုံမှန်ဆိုလျှင် တုန်းချဲ့လင်၏စံအိမ်တွင် အလုပ်သမားအနည်းငယ်နှင့် အစောင့်သိုင်းသမားအချို့သာရှိသော်လည်း ယခုအခါ သိုင်းလောကသားအတော်များများလည်းရောက်ရှိနေသည်ကိုတွေ့နိုင်သည်။
ထိုလူများက တုန်းချဲ့လင်၏အကူအညီတောင်းမှုကြောင့်ရောက်ရှိလာကြသူများပါဝင်သလို သွေးနီတံခါးကိုအကဲစမ်းလို၍ရောက်ရှိလာသည့်သိုင်းသမားများလည်းပါဝင်သည်။
မည်သို့ပင်ဖြစ်စေ နာမည်ကြားရုံနှင့်တော်ရုံတန်ရုံသိုင်းသမားတစ်ယောက်ကိုကြောက်ဒူးတုန်စေမညိ့သွေးနီတံခါးကိုရင်ဆိုင်ဝံ့သည့်အချက်ကိုကြည့်၍ ထိုလူများ၏သိုင်းပညာကလည်း မခေသည်ကိုသိရှိနိုင်ပေသည် ။
“ ကဲ...ညီလေးတို့ ဒါက ရွှေဓားသခင်ရဲ့စံအိမ်ပဲ .....အစ်ကို့အိမ်ကတော့ မြို့တောင်ပိုင်းမှာ နောက်ကျရင် မင်းတို့ကိုခေါ်သွားမယ် သူ့အိမ်နဲ့ယှဉ်ရင်တော့ တဲကုတ်သာသာပေါ့....ဟဲ ဟဲ.. “
စားသောက်ဆိုင်မှထွက်ခွာလာသည့်ရှောင်ယောင်တို့က နေ့တစ်ဝက်ခန့် ခရီးသွားပြီးသည်နှင့် ဟန်ကျိုးသိူ့ရောက်ရှိလာပေသည်။
ဟနိကျိုးသို့ရောက်ရောက်ချင်း စုထင်းကသူ၏အိမ်သို့ဖိတ်ခေါ်သော်လည်း ရွှေဓားသခင်၏စံအိမ်ကိုသွားရန်ဆန္ဒပြင်းပြနေသည့် ဆုဖိန်တို့နှစ်ယောက်ကြောင့် ဤနေရာသို့ဦးတည်လာခြင်းဖြစ်သည်။
“ ဟေ့...စုထင်း...တုန်းချဲ့လင်ဆိုတဲ့ကောင် ဘာလုပ်ငန်းတွေများလုပ်တာလဲကွ.. ဒီကောင်က အတော်ချမ်းသာပုံရတယ်....”
လမ်းတစ်ဖက်မှ ရွှေဓားသခင်၏ခြံဝန်းကိုကြည့်၍ ဆုဖိန်ကပြောလိုက်ခြင်းဖြစ်သည်။
တစ်ညနှင့်နေ့တစ်ဝက်ကြာပြီးနောက်တွင် သူ၏အတွင်းဒဏ်က များစွာသက်သာလာပြီဖြစ်ရာ အကောင်းပကတိမဖြစ်သေးသော်လည်း သာမန်လူတစ်ယောက်လိုသွားလာနိုင်ပြီဖြစ်သည်။
လမ်းတစ်ဖက်တွင် တုန်းအိမ်တော်ဆိုသည့် ရွှေရောင်စာလုံးကြီးဖြင့်ရေးထားသည့်ဆိုင်းပုဒ်ကြီးကို အတော်ဝေးဝေးမှပင်မြင်တွေ့နိုင်ကာ ခြံဝန်းတံခါးမကြီးကလည်း ကြီးမားခန့်ထည်လှသည်။
“ အေးလေ...သူကိုင်တဲ့ဓားတောင်မှရွှေဓားဆိုပဲ...ဒီကောင် သွေးရိုးသားရိုးလုပ်ပြီးချမ်းသာလာတာမှဟုတ်ရဲ့လား “
ဝမ်ဝူးကလည်း သူ၏မေးစေ့ကိုပွတ်၍တွေးတွေးဆဆဖြင့်ပြောလိုက်သည်။
ဆုဖိန်နှင့်ဝမ်ဝူးက ခြံဝန်းထဲသို့မဝင်သေးဘဲ အပြင်မှအကဲခပ်၍ဝေဖန်နေကြခြင်းဖြစ်သည်။
ထိုလူများနှင့်ရင်းနှီးပြီးနောက်ပိုငိး ရှောင်ယောင်လည်း သူတို့၏အကျင့်စရိုက်ကိုအနည်းငယ်တီးမိခေါက်မိရှိလာသည့်အတွက်ယခုလည်း စကားစပ်မိရင်စ အချိန်အတော်ကြာလေပေါတော့မည်ကိုရိပ်သားမိလိုက်သည်။
ထိုစဉ်မှာပင် ဟောင်ရန်တစ်ယောက်ရှေ့ဆက်လျှောက်သွားသည်ကိုမြင်လိုက်၍ ရှောင်ယောင်လည်း ဟောင်ရန်၏နောက်သို့လိုက်သွားတော့သည်။
“ ရပ်လိုက်ပါ .....ဘယ်သူတွေများလဲ....”
အတွင်းဘက်မှလူများကိုစိတ်ဝင်စားနေသည့် ဟောင်ရန်က ခြံဝန်းထဲသို့ဝင်ရောက်မည်ပြုလိုက်သော်လည်း လက်နက်ကိုယ်စီကိုင်ဆောင်ထားကြသည့်အစောင့်သိုင်းသမားလေးယောက်က မည်သည့်နေရာမှပေါ်လာသည်မသိရဘဲ ဟန့်တားလိုက်သည်။
ရုတ်တရက်ထွက်ပေါ်လာသည့်အစောင့်များကြောင့် ဟောင်ရန်တစ်ယောက်အံ့အားသင့်သွားပြီး ဘာပြန်ပြော၍ပြောရမှန်းစဉ်းစားမရချိန်တွင် ရှောင်ယောင်က သူတို့၏အနီးသို့ရိပ်ခနဲရောက်သွားပြီး အဆင်ပြေအောင်ပြောလိုက်သည်။
“ ကျုပ်နာမည်က ရှောင်ယောင်က သူကဟောင်ရန် ။ ကျုပ်တို့က ရွှေဓားသခင်ကိုကူညီပြီး သွေးနီတံခါးကိုဟန့်တားဖို့အတွက်ရောက်လာတာပါ ...”
ရှောင်ယောင်၏စကားကြောင့် အစောင့်များလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ခေါင်းယမ်းပြလိုက်ကြသည် ။
“ မိတ်ဆွေတို့ရဲ့စေတနာကို အသိအမှတ်ပြုပေမယ့် ဒီထဲကို ဖိတ်ကြားမှုမပါရင် ဝင်ခွင့်မရှိပါဘူး....”
အစောင့်များ၏ခေါင်းဆောင်ဖြစ်ဟန်တူသူက တည်ငြိမ်စွာပြောလိုက်သည်။
ထိုလူ၏သိုင်းပညာကနိမ့်ကျခြင်းမရှိဘဲ ထိပ်တန်းအဆင့်ရှိသလို သူ၏နောက်မှသုံးယောက်ကလည်း အဆင့်မြင့်သုင်းသမားများဖြစ်ကြသည်။
အစောင့်ခေါင်းဆောင်၏လေသံက ယဉ်ကျေးသော်လည်း မျက်နှာအမူအယာက တည်တင်းနေပြီး ရှောင်ယောင်တို့သာ အတင်းအကြပ်ဝင်ရောက်ပါက ချက်ခြင်းတိုက်ခိုက်မည့်သွင်ပြင်ရှိသည် ။။
ထိုစဉ်မှာပင်ရှောင်ယောင်တို့၏ဘေးမှအသက်လေးဆယ်အရွယ်သိုင်းသမားတစ်ဦး ဖြတ်သွားလေသည်။
ထိုလူက အဖြူရောင်သိုင်းဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ကြည့်ကောင်းသည့်ရုပ်သွင်ရှိသည်။
ဆံပင်များကို ထိပ်တွင် အနက်ရောင်ဖဲကြိုးတစ်စဖြင့် သိမ်းချည်ထားပြီး နောက်ကျောဘက်တွင် ဓားရှည်တစ်လက်ကိုသိုင်းလွယ်ထားသည်ဘ တစ်ချက်ကြည့်ရုံနှင့်အထင်ကြီးစရာသွင်ပြင်ရှိပေသည်။
ရှောင်ယောင်တို့ကိုဟန့်တားနေသည့် အစောင့်ခေါင်းဆောင်က အဖြူရောင်ဝတ်စုံဝတ်လူကိုမြင်သည်နှင့်မျက်လုံးများတောက်ပသွားပြီးအလျှင်အမြန်မေးလိုက်သည်။
“ မိတ်ဆွေက ဟူပေနယ်က ဆယ်ကွက်ဓားသမား များလား....”
အစောင့်ခေါင်းဆောင်၏မေးခွန်းကြောင့် ထိုလူက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့်မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကိုတစ်ချက်သာကြည့်ကာ ခေါင်းညိမ့်ပြလိုက်သည် ။
ထိုအခါ နောက်ဘက်ရှိအစောင့်များသာမက အစောင့်ခေါင်းဆောင်ပါ ရိုသေလေးစားသည့်ဟန်ပန်သို့ပြောင်းလဲသွားပြီး အလျှင်အမြန်အရိုအသေပေးလိုက်သည် ။
“ အထဲကိုကြွပါ ကျုပ်တို့သခင်ကြီးက ခန်းမဆောင်ထဲမှာ တခြားဧည့်သည်တွေကိုဧည့်ခံနေပါတယ်. ဟေ့ သူ့ကိုလိုက်ပို့လိုက်စမ်း.....”
အစောင့်ခေါင်းဆောင်က သူ၏နောက်မှလူတစ်ဦးကိုအမိန့်ပေးလိုက်သည်။
ထို့နောက် ဆယ်ကွက်ဓားသမားဆိုသည့်အဖြူရောင်ဝတ်စုံဝတ်လူလည်း ရှောင်ယောင်နှင့်ဟောင်ရန်တို့ကိုအနည်းငယ်စောင်းကြည့်လိုက်ပြီး သူ၏ရှေ့မှအစောင့်၏လမ်းပြမှုနှင့်အတူ စံအိမ်ဘက်ဆီသို့လျှောက်သွားတော့သည်။
သိုင်းပညာမြင့်မားသော်လည်းမာနကြီးဟန်တူသည့်ထိုလူ၏ပုံစံကို ရှောင်ယောင်ပင်အနည်းငယ်ကြည့်မရဖြစ်သွားသလို ဟောင်ရန်ကလည်း အစောင့်ခေါင်းဆောင်ကိုမကျေမနပ်ပုံစံဖြင့်မေးလိုက်သည် ။
“ စောစောက လူကလည်း ဖိတ်ကြားမှုရတဲ့ပုံမပေါ်ပါဘူး သူက ဘာလို့ဝင်ခွင့်ရသွားတာလဲ...”
ဟောင်ရန်၏မကျေမနပ်မေးခွန်းကြောင့် အစောင့်များက အနည်းငယ်အခက်ကြုံသွားဟန်တူပြီး အစောင့်ခေါင်းဆောင်ကပြန်ဖြေလိုက်သည်။
“ ဒီလိုလေ ...သူက ကျော်ကြားတဲ့ သိုင်းထိပ်သီးတစ်ဦးဆိုတော့ ကျုပ်တို့စံအိမ်ထဲကိုဝင်လို့ရပါတယ်....”
အစောင့်ခေါင်းဆောင်၏အဖြေကြောင့် ဟောင်ရန်မှာ ပို၍ပင်မကျေမနပ်ဖြစ်သွားသည် ။
“ အော် ....ဒါဆိုရင် ကျုပ်တို့က လူမသိသူမသိသိုင်းသမားလေးတွေဖြစ်တာကြောင့် ဝင်ခွင့်မရတာလား ။
ရွှေဓားသခင်တုန်းချဲ့လင်က အခုလိုမျိုး ခွဲခြားပြီးဆက်ဆံတဲ့လူတစ်ယောက်လား....”
ပုံမှန်အချိန်များတွင် ဖြူစင်ရိုးသားသော်လည်း တစ်စုံတစ်ခုမကျေနပ်သည့်ကိစ္စရှိပါက မိန်းကလေးများထက်ပင်စွာစွာလန်အောင် ရန်တွေ့ပြောဆိုတတ်သည့်ဟောင်ရန်၏စရိုက်ကိုသိထား၍ ရှောင်ယောင်ကား ဘေးမှအသာပြုံးနေလိုက်သည်။
ထိုလူငယ်လေး၏ဒေါသကိုသွားဆွမိသည့်အစောင့်များအတွက်ကား သူဆုတောင်းပေးနေရုံပင်။
ထိုစဉ် ချိုလွင်သော်လည်း အမြင်ကပ်ဖွယ်ကောင်းသည့်အသံတစ်ခုထွက်ပေါ်လာသည်။
“ ကျွတ် ကျွတ်... ရွှေဓားသခင်ရဲ့ခြံဝန်းထဲကို တွေ့သမျှလူကိုဝင်ခွင့်ပေးလိူ့ရပါ့မလား သူခိုးဂျပိုးတွေပါလာရင်ဘယ်လိုလုပ်မလဲ....”
ရုတ်တရက်ထွက်ပေါ်လာသည့်လှောင်ပြောင်စကားကြောင့် ရှောင်ယောင်တို့နှစ်ယောက်အံ့အားသင့်သွားသလို အစောင့်များလည်း နောက်လှည့်ကြည့်လိုက်မိကြသည်။
ထိုအခါမလှမ်းမကမ်းတွင်ရပ်၍ သူတို့ကိုကျေနပ်စွာကြည့်ရှုနေသည့်မိန်းမလှလေးတစ်ယောက်၏ပုံရိပ်ကိုမြင်လိုက်ရပြီး အပြာရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားကာ နုပျိုချောမောလှသည့်ထိုမိန်းကလေး၏ရုပ်သွင်က လွန်စွာလှပ၍ချစ်စရာကောငိးနေသည်ကို တွေ့လိုက်ကြရသည်။
“ အဲဒါ ဟိုဆိုင်တုန်းကကောင်မလေးမလား....”
ရှောင်ယောင်လည်းရုပ်ရည်လွန်စွာလှပသလောက်ပြဿနာရှာတတ်သည့်မိန်းကလေးကိုပြန်မှတ်မိသွား၍ပြောလိုက်မိသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် ညက ထွက်ခွာသွားသညိ့ ထိုမိန်းကလေးမှာ ရွှေဓားသခင်၏ခြံဝန်းသို့သူတို့ထက်ဦးစွာရောက်ရှိနေသည်။
“ အစောင့်တွေ...ဖိတ်ကြားထားတဲ့လူမဟုတ်ရင် လုံးဝဝင်ခွင့်မပေးနဲ့ ကြားလား....”
မိန်းမလှလေးက ဟောင်ရန့်ကိုမျက်စောင်းတစ်ချက်ထိုး၍ပြောလိုက်သည်။ အစောင့်ခေါင်းဆောင်ကား မိန်းမလှလေးကိုအရိုအသေပေး၍ခေါင်းညိမ့်ပြလိုက်သည်။
“ နှာဘူးကောင်....”
မိန်းမလှလေးက အထင်သေးစွာရေရွတ်လိုက်ပြီးပေါ့ပါးသည့်ပုံစံဖြင့် စံအိမ်ဆီသို့လျှောက်သွားတော့သည်။
သူမ၏စကားကြောင့် ရှောင်ယောင်ကြောင်အမ်းအမ်းဖြစ်သွားပြီး ဘေးဘက်ကိုကြည့်လိုက်ရာ အဖြေရှာတွေ့သွားသည် ။
အကြောင်းကား ဟောင်ရန်တစ်ယောက် ထိုမိန်းကလေးကိုငေးစိုက်ကြည့်နေခြင်းဖြစ်ပြီး သူမပျောက်ကွယ်သွားသည်အထိ ငေးမောနေဆဲပင်။
“ ထောက်....”
“ ငတုံး...သွားရည်တွေလဲကျနေဦးမယ်....”
ရှောင်ယောင်က ဟောင်ရန်၏နဖူးကိုတောက်၍ သတိပေးလိုက်ရသည်။
ထိုအခါမှ ဟောင်ရန်လည်းသတိဝင်လာပြီး သူ၏ဖြူဖွေးသည့်မျက်နှာက နီမြန်းသွားကာ အစောင့်များကိုရှက်ရမ်းရမ်းတော့သည် ။
&&&&