လူလေးမျိုး
Vol. 2 Ch. 66
ရွှေဓားသခင်၏စံအိမ် ထမင်းစားခန်းမဆောင်ထဲတွင်များပြားလှသည့်စားပွဲဝိုင်းများရှိနေပြီး စားသောက်ရင်းအချင်းချင်းစကားလက်ဆုံကျနေသည့်လူအနည်းငယ်ကိုတွေ့ရသည်။
မူလက စံအိမ်၏ဧည့်ခန်းအတွင်းသို့သွားရောက်ရန်တွေးတောထားသော်လည်း စုထင်းတို့က ဗိုက်ဆာနေသည်ဟုညည်းညူကာ စားသောက်ခန်းသို့ဦးစွာပို့ခိုင်းခြင်းဖြစ်သည်။
သူတိူ့၏အလိုကိုလိုက်လျောနေရသည့် ခေါင်းဆောင်တုလည်းမလွန်ဆန်နိုင်ဘဲ ရှောင်ယောင်တို့ကို စားသောက်ခန်းထဲသို့ခေါ်ဆောင်လာပေသည် ။
စားသောက်ခန်းထဲရှိလူအရေအတွက်က ဆယ် ယောက်ကျော်ရှိပြီး ထိုအရေအတွက်က နည်းပါးသည်ဟုထင်ရသော်လည်း ထိုလူအားလူံးက ကျော်ကြားသည့်သိုင်းသမားများသာဖြစ်ကြပြီး အနိမ့်ဆုံးလူကပင်ထိပ်တန်းလွန်သိုင်းအဆင့်ရှိသည်။
ထို့ကြောင့်ယခုအင်အားမျိုးဖြင့် သွေးနီတံခါးမှလုပ်ကြံသူများလာရောက်လာပါ မောင်ကြီးမပြန်နိုင် ဖြစ်သွားရမည်မှာ သေချာသလောက်ဖြစ်ပြီး ဤသည်က ခန်းမထဲတွင်ရှိမနေသည့်လူများကိုထည့်တွက်ရခြင်းမရှိသေးပေ။
ရှောင်ယောင်တို့လူစုကို အစောင့်ခေါင်းဆောင် တုခေါကိုယ်တိုင် စားသောက်ခန်းအတွင်းသို့ခေါ်ဆောင်လာပြီး စားပွဲဝိုင်းတစ်ခုတွင်နေရာချပေးလိုက်သည်။
ယခုအချိန်က နေလည်စာစားချိန်ဖြစ်၍ စားပွဲပေါ်တွင် အရက် ၊ ထမင်းနှင့်ဟင်းပွဲအစုံအလင်ရှိကာ စားသောက်ပြီးလျှင်စားနိုင်ရန်အချိုပွဲများပင်ရှိသည်။
လူရှစ်ယောက်ခန့်ကောင်းမွန်စွာစားသောက်နိုင်သည့်စားပွဲဝိုင်းမျိူးက ဆယ်ခုအထက်ရှိပြီး စံအိမ်၏စားသောက်ခန်းကပင် ထိုမျှကျယ်ဝန်းလှသည်။
သူတို့ခြောက်ယောက်ခန်းမအတွင်းဝင်လာသည်နှင့် မူလရှိနေသည့်လူများကအကဲခပ်သလိုကြည့်လိုက်ကြသည် ။
သို့သော် စုထင်းတို့သူံးယောက်ကိုမြင်တွေ့သည့်အခါ သူတိူ့ထဲမှအတော်များများ၏မျက်နှာကရှုံ့မဲ့သွားပြီး အကြည့်လွှဲလိုက်ကြသည်။
ထိုလူများ၏ပုံစံက စုထင်းတို့ကိုကောင်းစွာသိရှိဟန်တူသော်လည်း မည်သူမှလာရောက်နှုတ်ဆက်ခြင်းမရှိကြပေ။
ထိုအချက်ကိုကြည့်၍ စုထင်းတို့သူံးယောကမည်မျှလူချစ်လူခင်ပေါများသည်ကိုတွေ့မြင်နိုင်ပြီး ရှောင်ယောင်တို့လည်း ထိုနှစ်ယောက်နှင့်လိုက်လာသည်မှာ မှားပြီဟုတွေးလိုက်မိကြသည်။
စုထင်းတို့ကား နံနက်စာကို စားသောက်ဆိုင်တွင်ဖြစ်သလိုဖြေရှင်းခဲ့ရ၍ အတော်ပင်ဗိုက်ဆာနေကြပြီဖြစ်ရာ ခမ်းနားစွာ ပြင်ဆင်ထားသည့်စားသောက်ပွဲကိုမြင်သည်နှင့် မည်သူ့ကိုမှဂရုမစိုက်တော့ဘဲ ချက်ခြင်းလိုလိုစားသောက်လိုက်ကြသည်။
ထူးခြားဆန်းကြယ်သည့်ဆိုင်ရှင်လူငယ်လေးချက်ပြုတ်သွားခဲ့သည့်အစားအသောက်များကြောင့် ယမန်နေ့ညက ညစာကိုကောင်းမွန်စွာစားသောက်ခဲ့ရသော်လည်းနံနက်စာကိုကား မချက်တတ် ချက်တတ်ဖြင့်ချက်ထားသည့် ဟောင်ရန်၏လက်ရာကိုစားသောက်ခဲ့ရခြင်းဖြစ်သည် ။
ထို့ကြောင့် ရှောင်ယောင်တို့သာမက ဟောင်ရန်ကိုယ်တိုင်ပင်ကိုယ့်လက်ရာကို သဘောမကျဘဲ အနည်းငယ်သာစားသူံးခဲ့ပြီး ယခုလို စုံလင်စွာပြင်ဆင်ထားသည့်ထမင်းဝိုင်းတွင် သူတို့သူံးယောက်ခေါင်းမဖော်နိုင်အောင်စားသောက်နေကြသည်။
သူတို့၏အခြေအနေကို ရင်တထိတ်ထိတ်အကဲခပ်နေသည့် တုခေါလည်း ရောက်ရောက်ချင်းအစားအသောက်များကိုသာမဲ၍စားသောက်နေသည့်လူများကြောင့်စိတ်သက်သာရာသွားကာ အရိုအသေပေး၍ပြောလိုက်သည် ။
“ ဒါဆိုရင် မိတ်ဆွေတို့ စိတ်တိူင်းကျစားသောက်ပြီးမှ ခန်းမထဲကိူလာခဲ့ကြပါ။ သခင်ကြီးနဲ့ သူ့မိတ်ဆွေတွေကတော့ ခန်းမထဲမှာရှိကြပါတယ်။ ပြီးရင် ကျုပ် လူလွှတ်ပြီးလမ်းပြခိုင်းလိုက်ပါ့မယ်....”
စုထင်းက ကြက်ပေါင်တစ်ပေါက်ကိုအားရပါးရကိုက်နေရာမှ မော့မကြည့်ဘဲ တုခေါကိုလက်ပြ၍ပြောလိုက်သည်။
“ သွားသွား....ငါလမ်းသိတယ်...ကိူယ့်ဘာသာလာခဲ့မယ်....”
စုထင်း၏စကားကြောင့် တုခေါလည်းအနည်းငယ်စိတ်အလိုမကျဖြစ်သွားသော်ငြား ဆက်၍ပြဿနာရှာနေမည်စိုး၍ ခပ်သုတ်သုတ်ထွက်သွားတော့သည်။
စုထင်းနည်းတူ ဝမ်ဝူးနှင့်ဆုဖိန်တို့ကလည်း ကိုယ့်အိမ်ကိုယ်ယာအလား အားရပါးရစားသောက်နေကြပြီဖြစ်သည် ။
အတွင်းဒဏ်ရာရရှိထားသည့် ဆုဖိန်ကား အရက်အိုးအသစ်ကိုဖောက်လိုက်ပြီး အိုးဝသို့နှာခေါင်းတေ့၍ မွှေးရနံ့ကိုရှူရှိုက်ရင်း ဝမ်းသာအားရရေရွတ်လိုက်သည်။
“ အနည်းဆုံးအနှစ်နှစ်ဆယ်သက်တမ်းရှိတဲ့ဝါးရွက်စိမ်းအရက်ပဲ ငါတို့တော့ပွပြီ...”
ဆုဖိန်က ပြောပြောဆိုဆိုဖြင့်အရက်များကိုခွက်ထဲသို့ထည့်လိုက်ပြီး ဝမ်ဝူးတို့ကိုကမ်းပေးလိုက်သည်။
ရှောင်ယောင်နှင့်ဟောင်ရန်တို့ကား ထိုသုံးယောက်ကိုထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နေမိကြပြီး စုထင်းတို့၏ဗိုလ်ကျသည့်အပြုအမူကြောင့် သူတိူ့ပင်အနည်းငယ်မျက်နှာပူရသည် ။
စုထင်းက စားသောက်ခြင်းမပြုရသေးသည့်ရှောင်ယောင်တိူ့ကိူသတိပြုမိသွားပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
“ စား ညီလေးတို့ ဘာမှအားနာနေစရာမလိုဘူး။ တုန်းချဲ့လင်က လူတစ်ရာလောက်ကို ဆယ်နှစ်လောက်တင်ကြွေးထားနိုင်လောက်အောင်ချမ်းသာတယ်....”
စုထင်း၏စကားကြောင့် ရှောင်ယောင်တို့လည်းမည်သို့ပြန်ပြောရမှန်းပင်မသိတော့ဘဲ တူတစ်စုံစီကောက်ကိုင်လိုက်ကြသည်။
ရှောင်ယောင်မှာ ငယ်စဉ်က သူ့မိခင်၏သွန်သင်ဆုံးမမှုအောက်၌ ကိုယ်နှုတ်အမူအယာကို ယဉ်ကျေးသိမ်မွေ့အောင်စောင့်ထိမ်းနေထိုင်ခဲ့ကာ နောက်ပိုင်းတွင်လည်း ရှောင်လင်ကျောင်းတွင်ကြီးပျင်းခဲ့ရသည့်အတွက် ယခုလိုစိတ်ထဲရှိသလိုပြုမူနေတတ်သည့်စုထင်းတို့နှင့် အတူနေရသည်မှာ ထူးခြားနေမိသည်။
အလားတူ ဟောင်ရန်သည်လည်း သူ့ဆရာ၏လက်အောက်တွင် သိုင်းပညာကိုတစ်ချိန်လုံးလေ့ကျင့်နေခဲ့ရပြီး ပင်ကိုယ်စိတ်ရင်းက ရိုးသားဖြူစင်၍ကြင်နာတတ်သူဖြစ်၍ မူလကဒေါသထွက်မိသည့်တိုင် ယခုအခါ ခေါင်းဆောင်တုကိုပင်အားနာသလိုခံစားနေရသည်။
ရှောင်ယောင်တို့၏စိတ်ကိုရိပ်စားမိ၍ စာပေသမားသုံးယောက်ထဲမှအသက်အကြီးဆုံးဖြစ်သည့် ဝမ်ဝူးက စားလက်စပန်းကန်ကိုအသာချကာ ပြုံး၍ပြောလိုက်သည်။
“ ညီလေးတို့က အစ်ကိုတို့နဲ့အခုလိုပေါင်းသင်းရတာကို နည်းနည်းအသားမကျဖြစ်နေမှာပေါ့ ။။
ပြောရရင် စိတ်ထဲရှိတာကို မကွယ်ဝှက်ဘဲထပြီးလုပ်ဆောင်လေ့ရှိလို့ အစ်ကိုတို့ကိုသိုင်းလောကသားတွေက အရူးတွေလို့သက်မှတ်ထားကြတာပဲ ။
ဒါပေမယ့် အစ်ကိုတို့ရဲ့ခံယူချက်ကတော့ရှင်းတယ်။ လူသားတစ်ယောက်ဖြစ်နေပြီဆိုရင် စိတ်ဆန္ဒဆိုတာ တစ်ပါထဲကပ်ပါလာတာပဲ။
စိတ်ဆန္ဒမှာလည်း ကောင်းမွန်တဲ့ဗီဇရှိသလို ဆိုးယုတ်တဲ့ဗီဇလည်းရှိတတ်တယ်။ ပြီးပြည့်စုံတဲ့လူဆိုတာမရှိဘူး။
အဲဒီစိတ်ဆန္ဒကိုတစ်ချို့က လွှတ်ပေးထားကြရင်းနဲ့ မကောင်းတဲ့ဗီဇများပြားကြတော့ ။ ဆိုးသွမ်းရက်စက်တဲ့လူတွေဖြစ်ကုန်တယ်။ တစ်ချို့ကလည်း မကောင်းတဲ့ဆန္ဒတွေကိုကောင်းကောင်း ထိမ်းချုပ်နိုင်ပြီး ကောင်းမွန်တဲ့စိတ်ရင်းခံကြောင့် ဖြောင့်မက်မှန်ကန်တဲ့လူတွေဖြစ်လာတယ်။
ဆုဖိန်ပြောနေကျအတိုင်းပြောရရင်တော့ လူလေးမျိုးရှိတယ်ပေါ့ ။ ပထမနှစ်မျိုးက စောစောကပြောခဲ့တဲ့လူနှစ်မျိုးပဲ။ တွေ့ရများတဲ့အမျိုးအစားပေါ့ ။
အစ်ကိုတို့သုံးယောက်က တတိယတစ်မျိုးဖြစ်ပြီးတော့ အများက လူ့ဂွစာတွေလို့ခေါ်တဲ့လူမျိုးပေါ့ ။
သုံးယောက်လုံးက တူညီတဲ့စရိုက်လက္ခဏာတွေရှိတာကြောင့်လည်း အခုလိုအရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာတာပဲ ။
အစ်ကိုတို့က ကောင်းတဲ့စိတ်ဆန္ဒရော မကောင်းတဲ့စိတ်ဆန္ဒကိုပါထိမ်းချုပ်မထားတတ်ဘူး ။ဒါပေမယ့် ကိုယ့်ကြောင့်သူများတွေဒုက္ခမရောက်အောင်တော့ အမြဲတမ်းသတိထားပြီးစောင့်ထိမ်းတယ်။ ဟဲ ဟဲ နည်းနည်းပါးပါးစနောက်တာတော့မပြောနဲ့ပေါ့....”
ဝမ်ဝူးက ဟာသနှော၍ပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏စကားက လေးနက်လှ၍ ရှောင်ယောင်တို့နှစ်ဦးလုံးအာရုံအပြည့်စူးစိုက်ကာနားထောင်နေမိသည်။
“ နောက်ဆုံးတစ်မျိုးက မကောင်းတဲ့ဗီဇနဲ့ စိတ်ဆန္ဒကို ပိပိရိရိဖုံးကွယ်ထားပြီး အများအမြင်မှာ သူတော်ကောင်းယောင်ဆောင်လေ့ရှိတဲ့လူတွေပဲ။
သူတို့က ပွင့်ပွင့်လင်းလင်း ဆိုးယုတ်တဲ့လူတွေထက်အဆအများကြီးကြောက်စရာကောင်းပြီးအချိန်မရွေးနောက်ကျောဓားနဲ့ထိုးနိုင်ကြတယ်။
ပြီးတော့ ယုတ်မာကောက်ကျစ်တဲ့နေရာမှာလည်း ပြိုင်စံရှားပဲ။ ပြောရရင် ကြောင်သူတော်တွေပေါ့။ အဲဒီလူတွေကို အစ်ကိုတို့အမုန်းဆုံးလူမျိုးတွေပဲ ။
ညီလေးတို့ကို အစ်ကိုတို့စတွေ့ထဲက စိတ်ရင်းကောင်းမယ့်လူတွေဆိုတာအကဲခပ်မိပြီးသားပါ။
စားသောက်ဆိုင်မှာ ဆိုင်လုလင်လေးအတွက် သေမင်းဖြူကိုမကြောက်မရွံ့ဝင်တိုက်တာမြင်တော့ မတရားမှုကို လက်ပိုက်ကြည့်မနေတဲ့စရိုက်ရှိတာကိုလည်းသိလိုက်ရတယ်။
ဒါကြောင့် ညီလေးတို့နှစ်ယောက်ကို အစ်ကိုတို့က မိတ်ဆွေအရင်းအချာတွေလိုသဘောထားပြီးဆက်ဆံတယ်....”
ဝမ်ဝူး၏စကားကို ဆုဖိန်ကလည်း ခေါင်းညိမ့်ထောက်ခံလိုက်ပြီး တည်ကြည်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ ဟုတ်တယ် ပြောလို့ပြောတာမဟုတ်ဘူး ဟောဒီသိုင်းလောကတစ်ခုလုံးမှာ အစ်ကိုတို့မိတ်ဆွေအဖြစ်သဘောထားတဲ့လူဆိုတာ လက်ဆယ်ချောင်းတောင်မပြည့်ဘူး။
အဖြူရောင်သိုင်းသမားအများစုကလည်း အစ်ကိုတို့အကျင့်စရိုက်ကိုသဘောမကျလို့ ပေါင်းသင်းဖို့ဆိုတာဝေလာဝေးပေါ့...”
ထိုစကားကြောင့် စာပေသမားသုံးယောက်မှာ စိတ်ထားကောင်းမွန်ကြသူများဖြစ်သည့်တိုင်မည်သည့်အတွက် အသိအကျွမ်းနည်းပါးလှသည်ကိုသိရှိလိုက်ကြသည်။ စုထင်းကလည်း ပြုံး၍ ဝင်ပြောလိုက်သည် ။
“ လူဆိုတာငှက်တွေလို တစ်ကောင်ထဲနေလို့မရဘဲ အပေါင်းအသင်းပတ်ဝန်းကျင်နဲ့နေရတယ်ဆိုတာ ငါတို့နားလည်ပါတယ်။
ပြီးတော့ ငါတို့နဲ့အခုလိုဆက်ပေါင်းနေရင် မင်းတို့နှစ်ယောက်လည်း လူ့ချဉ်ဖက်ဖြစ်လိမ့်မယ်။ ဒီတော့ စားသောက်ပြီးရင် ငါတို့ခွဲပြီးသွားကြတာပေါ့။
ဒါပေမယ့် မင်းတို့မှာ ပြဿနာတစ်ခုခုကြုံလို့အကူအညီလိုလာရင် ငါတို့ကိုအချိန်မရွေးအကြောင်းကြားလို့ရတယ်....”
စုထင်း၏ ပွင့်လင်းသည့်စကားကြောင့်ရှောင်ယောင်တို့လည်း တစ်မျိူးတစ်မည်ခံစားမိလိုက်ကြသည်။
သိုင်းလောကသားများကပြဿနာအိုးများဟုသက်မှတ်ပြီးဝေးဝေးရှောင်လေ့ရှိသည့်ထိုလူသုံးယောက်မှာ စနောင်ပြီး ပြဿနာရှာတတ်သည့်အကျင့်ကလေးရှိသည်မှလွဲ၍ ဖြောင့်မက်မှန်ကန်ကာ စိတ်သဘောထားကြီးမားကြသူများဖြစ်ကြောင်းကိုလည်းသူတို့သိလိုက်ကြသည်။
“ ကျုပ်ကတော့ သိုင်းလောကထဲစဝင်လာထဲက ဟောဒီက အစ်ကိုရှောင်ယောင်နဲ့ ပထမဆုံးမိတ်ဆွေဖြစ်ခဲ့တာ။ ပြီးတော့ လျှိုစမ်းမြို့က အစ်ကိုထိချုံးတို့နှစ်ယောက်ပေါ့ ။။
ခင်ဗျားတို့ကလည်း ကျုပ်ရဲ့မိတ်ဆွေတွေပဲလေ ဘာကြောင့် သူများတွေအထင်သေးမှာကြောက်ရတာနဲ့ ခင်ဗျားတို့နဲ့ခပ်ခွာခွာနေရမှာလဲ. ဒီလူတွေက ဘာမလို့လဲ...”
ဟောင်ရန်က လေးနက်သည့်လေသံဖြင့်ပြောလိုက်ပြီး ထိုလူငယ်လေး၏ပုံစံကအထူးတည်ကြည်လျက်ရှိသည်။
ရှောင်ယောင်၏မျက်နှာထက်တွင်လည်း တစ်စုံတစ်ခုကိုသတိရသည့်အမူအယာပေါ်လာပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ ကျုပ်ကို လူတစ်ယောက်ကပြောဖူးတယ်။ လူသားတစ်ယောက်ရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့စိတ်ဆန္ဒအတိုင်းအသက်ရှင်သန်သင့်တယ်။
သူများရဲ့အမြင်ဆိုတာ ကောင်းကင်ကတိမ်တွေလိုပဲ အချိန်တန်ရင်ပျောက်ကွယ်သွားလိမ့်မယ် ။ အရေးအကြီးဆုံးက ကိုယ့်ဘဝကို နောင်တမရနိုင်လောက်မယ့်ပုံစံနဲ့ဖြတ်သန်းဖို့ပဲတဲ့...””
ရှောင်ယောင်၏စကားကို စုထင်းတို့သုံးယောက်လုံးလွန်စွာသဘောကျနှစ်ခြိုက်သွားကြပြီး လက်ခုပ်လက်ဝါးတီး၍ပြောလိုက်ကြသည်။
“ ကောင်းတယ်ညီလေးရှောင်....”
“ အဲဒီလူက တကယ့်ကိုအသိအမြင်ကြွယ်ဝတဲ့ပညာရှင်တစ်ယောက်ဖြစ်လိမ့်မယ် ငါ့လောက်နီးနီးပေါ့...”
ဝမ်ဝူးတို့၏တစ်ယောက်တစ်ပေါက်စကားများကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နွေးထွေးစွာပြုံးလိုက်မိကြသည်။
“ ကိုင်း ကိုင်း...ဒဿနာတွေတော်လောက်ပြီ ။ အရင်စားရအောင်.. ပြီးရင် ခန်းမထဲကိုသွားပြီး ဘယ်သူတွေရောက်နေလဲတစ်ချက်သွားကြည့်တာပေါ့....”
ဆုဖိန်၏ဆော်ဩလိုက်သည့်စကားကြောင့် သူတို့လည်း ခေါင်းငုံ့ကာ အားရပါးရစားသောက်လိုက်ကြသည်။
အခြားလူများအတွက်မသိသော်လည်း ရှောင်ယောင်အတွက်တော့ သိုင်းလောကဲဝင်ရောက်ချိန်မှစ၍ ယခုလိုရင်းနှီးမှုနွေးထွေးမှုများစွာဖြင့်စားသောက်ရသည့်ထမင်းဝိုင်းမှာ အမြိန်ဆုံးဖြစ်ပေသည်။
&&&