ကျော်ကြားသူများနှင့်တွေ့ဆုံရန်
Vol. 2 Ch. 67
ညအချိန်
နေမင်းအလင်းရောင်ကွယ်ပျောက်၍ အမှောင်ထုကမ္မလာက ကမ္ဘာသူကမ္ဘာသားများကိုလွှမ်းခြုံပိုက်ထွေးထားပြီး နေမင်း၏စစ်ကူဟုခေါ်ဆိုနိုင်သည့် လရောင်နှင့်ကြယ်ရောင်တို့လည်းအားနည်းနေပေသည်။
ဟန်ကျန်းရှိရွှေဓားသခင်တုန်းချဲ့လင်၏စံအိမ်ခြံဝန်းကြီးထဲတွင်ကား မီးရောင်များထိန်နေအောင်ထွန်းညိထားကာ ခြံဝန်းထဲတွင်သွားလာလှုပ်ရှားနေသူများကိုလည်းတွေ့မြင်နိုင်သည်။
ခြံဝန်းအလယ်ရှိကြီးမားသည့်စံအိမ်၏ နောက်ဘက်ဥယျာဉ်ထဲတွင် အရောင်အသွေးစုံလင်သည့်ဝတ်စုံများကိုဝတ်ဆင်ထားသည့်သိုင်းလောကသားများရှိကြပြီး သုံးလေးယောက်တစ်ဖွဲ့ သို့မဟုတ် နှစ်ဦးသုံးဦးစီ စုကာစကားပြောဆိုနေကြသည်။
ချမ်းသာကြွယ်ဝသူတို့၏ခြံဝန်းများတွင်သာရှိတတ်သည့်အပန်းဖြေဥယျာဉ်မှာ ယခုခေတ်၏ကြွယ်ဝမှုအမှတ်အသားလည်းဖြစ်ပြီး ယခု ထိုဥယျာဉ်လေးထဲတွင် ပျော်ပွဲရွှင်ပွဲတစ်ခုအလားလူများစွာရှိနေခြင်းဖြစ်သည်။
ဥယျာဉ်၏ နေရာအနှံ့တွင်လည်း စားသောက်ဖွယ်ရာမျိုးစုံတင်ထားသည့်စားပွဲဝိုင်းများရှိပြီး ဤမြို့တစ်ဝိုက်တွင်အကောင်းဆူံးဝါးရွက်စိမ်းသေရည်ကို လိုသလောက်ဧည့်ခံပေးနေသည်။
ထို့ကြောင့်လည်း သေရည်နှင့်ဖက်၍မွေးလာသည်ဟုထင်ရသည့် သိုင်းလောကသားများမှာ သောက်ရင်းစားရင်း စိတ်ရွှင်နေကြပြီး ရင်းနှီးသူ အချင်းချင်းစကားစပ်ရာပြောဆိုနေကြပေသည်။
ရွှေဓားသခင်၏ခြံဝန်းတွင်နေ့ဘက်ဆိုလျှင်သိုင်းလောကသားများစွာရှိသလို ညဘက်တွင်လည်း ယခုလိုဧည့်ခံပွဲမျိုးကိုညလုံးပေါက်လုပ်ပေးထားတတ်သည်။
အကြောင်းကား ခြံဝန်းထဲတွင်သိုင်းလောကသားများစွာရှိနေသော်လည်း သွေးနီတံခါး၏လုပ်ကြံသတ်ဖြတ်မည့်လူကိုထိတ်လန့်ရ၍ ယခုလိုညဘက်တွင်လည်း လူများစွာရှိနေရန်စီမံထားခြင်းဖြစ်သည်။
ယခုဧည့်ခံပွဲ၏အဓိကဇာတ်ကောင်ဖြစ်သည့် ရွှေဓားသခင်တုန်းချဲ့လင်က အဖြူရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားကာ ဉယျာဉ်အတွင်းရှိလူများနှင့်စကားပြောလျက်ရှိသည်။
စံအိမ်ကြီး၏အရှင်သခင်တဖြစ်လဲရွှေဓားသခင်တုန်းချဲ့လင်က အသက်ငါးဆယ်ဝန်းကျင်ရှိမည့်လူကြီးတစ်ယောက်ဖြစ်သည်။
နှုတ်ခမ်းမွှေးစစနှင့်ခန့်ညားသည့်ရုပ်သွင်ရှိပြီး ကြွယ်ဝချမ်းသာ၍ဇိမ်ကျကျနေခဲ့ရသည်မှာနှစ်အတော်ကြာပြီဖြစ်၍ အနည်းငယ်ပြည့်တင်းသည့်ခန္တာကိုယ်ရှိသည်။
သူ၏ခါးတွင်ကျောက်စိမ်းခါးပတ်တစ်ခုနှင့်အတူ ဓားရိုးတွင်ကျောက်များစီခြယ်ထားသည့်ဓားရှည်တစ်လက်ကိုချိတ်ဆွဲထားသည်။
ထိုဓားရှည်က ရွှေအစစ်နှင့်သံနက်ကိုရောနှောသွန်းလုပ်ထားခြင်းဖြစ်ပြီးတိုက်ကွက်ထုတ်တိုင်းရွှေရောင်တဝင်းဝင်းတောက်ကာ တုန်းချဲ့လင်ကိုရွှေဓားသခင်ဟုအမည်ရစေသည့်လက်နက်လည်းဖြစ်သည်။
တုန်းချဲ့လင်၏သိုင်းပညာကအစွမ်းထက်ထိပ်သီးအဆင့်ရှိပြီး သူ၏ဓားကွက်များက ထက်မြက်သော်လည်း တိုက်ခိုက်ခြင်းမပြုသည်မှာအချိန်အတော်ကြာပြီဖြစ်၍ ယခင်ကလောက်အစွမ်းထက်ခြင်းမရှိတော့ပေ။
သို့တိုင် အစွမ်းထက်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်၍ သိုင်းလောကတွင်မြင့်မားသည့်အဆင့်အတန်းရှိကာသူ၏ကောင်းမွန်သည့်ဂုဏ်သတင်းကလည်း ဤနေရာသို့အကူအညီရောက်ရှိနေကြသည့်မိတ်ဆွေများစွာရှိခြင်းကသက်သေပင်။
ဥယျာဉ်ထဲတွင် လူသုံးဆယ်နီးပါးရှိပြီး နေ့လည်က ထမင်းစားဆောင်ထဲတွင်တွေ့ခဲ့သည့်အရေအတွကထက်သုံးဆနီးပါးရှိသည်။
ထိုအထဲတွင် ရှောင်ယောင်တို့သိရှိသူဟူ၍တစ်ယောက်မှမပါသော်လည်း သူတို့ပုံပန်းသွင်ပြင်များက သိုင်းလောကထဲမှနာမည်ကြီးသိုင်းသမားများနှင့်ကိုက်ညီနေသည် ။
ထိုနည်းတူ စုထင်းတို့တတွေ၏ ရှင်းပြမှုကြောင့် ထိုလူများ၏လက်နက်အမျိုးအစားအသုံးပြုသည့်သိုင်းပညာစသည်တိူ့ကိုမှတ်သားခဲ့ရသည်။
စုထင်းတို့သုံးယောက်က ဝတ်တင်ထားသည့်စာပေသမားပုံစံနှင့်လိုက်ဖက်စွာ သိုင်းလောကဗဟုသုတများကိုလည်းအတော်နှံ့စပ်ပြီး စိတ်ထားလည်းကောင်းမွန်ကြရာ ။သူတိူ့၏အကျင့်ကိုသာပြင်လိုက်ပါကလွန်စွာလူချစ်လူခင်များသည့်အဖြူရောင်သိုင်းသမားများဖြစ်လာကြမည်ပင်။
သို့သော်လည်း သူတို့၏ ခံယူချက်ကိုခိုင်မာစွာဆုပ်ကိုင်ထားကြသူများပီပီ အနက်ရောင်သိုင်းလောကသားများက သူတိူ့သုံးယောက်ကိုမုန်းတီးကြသလို အဖြူရောင်သိုင်းသမားအများစုကလည်းကြည့်ရပေ။
ယခုနေရာတွင်ရှိနေသည့်လူသုံးဆယ်နီးပါးတွင် စုထင်းတို့ကိုလာရောက်နှုတ်ဆက်သူဟူ၍ တစ်ယောက်စ နှစ်ယောက်စသာရှိပြီး ထိုလူများကလည်း သာမန်အသိအကျွမ်းသာဖြစ်ဟန်တူသည်။
ရောက်ရှိနေသူများအားလုံးက သိုင်းလောကတွင်ကျော်ကြားသူများသာဖြစ်သော်လည်း စုထင်းတို့ထက် သိုင်းပညာအဆင့်မြင့်သူဟူ၍လက်ချိုးရေ၍ရသည်။
ထို့ကြောင့် အများစုက သူတို့ကိုမကြိုက်ကြသော်လည်း ဂရုတစိုက်အကဲခပ်နေကြပြီး စုထင်းတို့ကား ပတ်ဝန်းကျင်ကိုလုံးဝဂရုမစိုက်ဘဲ အရက်သောက်လိုက် ရှောင်ယောင်တို့နှင့်လေပေါလိုက်နှင့် ကိုယ့်သီးသန့်ကမ္ဘာနှင့်ကိုယ်ဖြစ်နေသည်။
သူတို့သုံးယောက်၏နေပုံထိုင်ပုံအကျင့်စရိုက်မှာ သူ၏အဖိုးစုနှင့်ဆင်တူသည်ဟုလည်းတွေးလိုက်ပြီး ရှောင်ယောင်လည်း အခိုက်အတန့်အားဖြင့် မည်သည့်အရာကိုမှဂရုမစိုက်ဘဲစိတ်ထဲရှိသလိုပြုမူပြောဆိုမိခြင်းပင်။
ဤသို့ဖြင့် အိန္ဒြေရှိစွာစကားပြောနေကြသည့်အခြားလူများနှင့်ခြားနားစွာ သူတို့ဝိုင်းက တဝါးဝါးတဟားဟားဖြင့်ပွဲကျနေကြပြီး သေရည်ကြိုက်သူ ဆုဖိန်ဆိုလျှင်လူမရှိသည့်ဘေးဝိုင်းမှအရက်အိုးများကိုပါ သူတို့ဝိုင်းသို့ယူဆောင်ထားသေးသည်။
“ စုထင်းပါလား...ခင်ဗျားလည်းလာမယ်လို့ထင်မထားဘူး... “
နွေးထွေးပျူငှာသည့်စကားသံနှင့်အတူ ငွေရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်တုန်းချဲ့လင်က သူတို့အနီးသို့ရောက်ရှိလာသည်။
ရှောင်ယောင်နှင့် ဟောင်ရန်တို့လည်း ရွှေဓားသခင်ဟုနာမည်ကျော်သည့်ထိုလူကြီးကို ထရပ်၍အရိုအသေပေးလိုက်သော်လည်း ဝမ်ဝူးတို့ကား ထိုင်ရာမှမထဘဲ ဝတ်ကျေတန်းကျေပုံစံဖြင့် လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်း မိတ်ဆက်လိုက်ကြသည်။
“ ကျုပ်က ဝမ်ဝူးပါ...”
“ ကျုပ်ကဆုဖိန်...”
စုထင်းကား တုန်းချဲ့လင်နှင့်ဆက်ဆံရေးကောင်းမွန်ဟန်တူ၍ ရှောင်ယောင်တို့လိုထ၍အရိုအသေပေးရင်းပြောလိုက်သည်။
“ ကျုပ်တို့က သွေးနီတံခါးကိုစိတ်ဝင်စားလို့လာခဲ့တာပါ ရွှေဓားသခင် ။ ဖိတ်စာမပါဘဲရောက်လာတာကိုတော့ စိတ်မရှိပါနဲါ ။
ဘာပဲဖြစ်ဖြစ် သူတို့ပေါ်လာရဲရင် ကျုပ်တို့က ရှေ့ကနေထွက်ပြီးရင်ဆိုင်ပေးမယ်....”
စုထင်း၏စကားကို အခြားလူများကလေကြီးသည်ဟုတွေးလိုက်မိကြသည်။
ရွှေဓားသခင်ကား သူ၏ကျော်ကြားမှုနှင့်လိုက်အောင်စိတ်သဘောထားပြည့်ဝဟန်တူပြီး ဝမ်ဝူးတို့၏အပြုအမူကို စိတ်ဆိုးဟန်မရဘဲ သူတို့အားလုံးကိုပြန်၍အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
“ ဟားဟား...ညီလေးစုထင်းကလည်းဒါတွေမလိုပါဘူး။။ ကျုပ်တို့က တစ်မြို့ထဲသားတွေပဲကို ။
လာပြီးကူညီတာနဲ့တင် အများကြိးကျေးဇူးတင်နေပါပြီ ။။ ပြီးတော့ ညီလေးနဲ့မိတ်ဆွေတွေကို အားကိုးရမှာပဲ ...”
တုန်းချဲ့လင်၏ ယဉ်ကျေးသည့်စကားကြောင့်ဝမ်ဝူးတို့ပင် ထိုလူ၏ပေါင်းသင်းဆက်ဆံရေးကောင်းပုံကို အသိအမှတ်ပြုလိုက်ကြသည်။
ထိုအခိုက် တုန်းချဲ့လင်က ရှောင်ယောင်နှင့်ဟောင်ရန်တို့ကို အကဲခပ်၍မေးလိုက်သည်။
“ ဒီကလူငယ်တွေက ညီလေးစုထင်းတို့နဲ့အတူပါလာတာလား...သူတို့ကိုတစ်ခါမှမမြင်ဖူးသေးသလိုပဲ...”
“ ကျုပ်က ဟောင်ရန်...”
“ ကျုပ်နာမည်ကရှောင်ယောင်ပါ....”
တုန်းချဲ့လင်၏စကားကြောင့် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်းကိုယ့်ကိုယ်ကိုမိတ်ဆက်စကားဆိုလိုက်ကြသည်။
ဘေးဘက်ရှိစုထင်းက ရှောင်ယောင်တို့၏ပခုံးကိုပုတ်ရင်းအပြူံးမျက်နှာဖြင့်ပြောလိုက်သည်။
“ သူတို့ကသိုင်းလောကထဲကိုဝငတာမကြာသေးပေမယ့် အထင်မသေးနဲ့ရွှေဓားသခင် ။ ဒီကညီလေးတွေက ပြီးခဲ့တဲ့ညကပဲ ကျုပ်တို့နဲ့အတူ သေမင်းဖြူကိုပေါင်းပြီးတိုက်လာတာ....”
စုထင်း၏ခပ်ကြွားကြွားစကားကြောင့် တုန်းချဲ့လင်၏မျက်နှာက များစွာအံ့အားသင့်သွားဟန်တူပြီး ဘေးပတ်ဝန်းကျင်ရှိလူများလည်း တိတ်ဆိတ်သွားသည်။
ကန္တာရသေမင်းနှစ်ဖော်ဟု လူသိများသည့် သေမင်းနက်နှင့်သေမင်းဖြူတို့မှာ စိတ်ထင်ရာလုပ်တတ်ပြီးရက်စက်ကြမ်းကြုတ်မှုကြောင့်နာမည်ကျော်သလို သူတို့တစ်ယောက်ချင်းစီကလည်း သိုင်းပညာလွန်စွာကြောက်မက်ဖွယ်ကောင်းကြသည်။
ထို့ကြောင့်ပင် သေမင်းနှစ်ဖော်ဆိုသည့်အသံကိုကြားသည်နှင့်အဖြူအနက်သိုင်းလောကသားတိုင်း ထိတ်လန့်ကြခြင်းဖြစ်ပြီး ယခု စုထင်း၏စကားအရ ရှောင်ယောင်လူငယ်နှစ်ယောက်က သေမင်းဖြူကိုတိုက်ခိုက်ခဲ့သည်ဟုဆိုသဖြင့် အံ့ဩတုန်လှုပ်သွားခြင်းဖြစ်သည်။
“ အော်... ညီလေးတို့က အသက်အရွယ်နဲ့မလိုက်အောင်ထူးချွန်ထက်မြက်တဲ့သိုင်းပညာရှိတာကိုး.. ကျုပ်ကိုလာပြီးကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်.. “
လိမ်ညာမပြောတတ်သည့်စုထင်း၏အကြောင်းကိုကောင်းစွာသိရှိထားသည့် တုန်းချဲ့လင်က ရှောင်ယောင်တို့ကို သဘောကျသည့်ဟနိဖြင့်ကြည့်၍ ချီးကျူးစကားဆိုလိုက်သည်။
လူအားလုံး၏အာရုံစိုက်ရာဗဟိုချက်ဖြစ်နေသည့်အတွက် ဟောင်ရန်၏မျက်နှာကအနည်းငယ်နီရဲသွားပြီး ရှက်ရွံ့နေဟန်တူသော်လည်း ရှောင်ယောင်ကတည်ငြိမ်သည့်အမူအယာဖြင့် တုန်းချဲ့လင်ကိုပြောလိုက်သည်။
“ ကျုပ်တို့ အမှန်တကယ်တိုက်ခိုက်ခဲ့တာတော့မဟုတ်ပါဘူး။ ပြီးတော့ အစ်ကိုစုထင်းတို့လည်းအတူတူတိုက်ခိုက်ကြတာပါ...”
မောက်မာခြင်းမရှိဘဲ အေးဆေးစွာပြောလိုက်သည့် ရှောင်ယောင်၏ပုံစံကြောင့် တုန်းချဲ့လင်လည်း ထိုလူငယ်၏တည်ငြိမ်မှုကို ကြိတ်၍လေးစားသွားမိသည်။
ထို့နောက် တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် တုန်းချဲ့လင်ကပြောလိုက်သည်။
“ ဟုတ်သားပဲ...ကျုပ်ကိုကူညီဖို့ရောက်လာတဲ့လူတွေထဲမှာ လူငယ်သူရဲကောင်းတွေလည်းရှိသေးတယ်....သူတိူ့ကတော့ ဒီနေရာမှာမရှိဘူးနဲ့တူတယ် .. “
တုန်းချဲ့လင်က ဥယျာဉ်အတွင်းကိုလှည့်ပတ်အကဲခပ်၍စုထင်းကိုပြောလိုက်သည်။
“ ဒီကညီလေးတို့ကို တခြားလူငယ်တွေနဲ့တွေ့ရအောင်ခေါ်သွားရင်ကောင်းမလားလို့ပါ။ သူတို့က တခြားနေရာမှာရှိတယ်။ ဒီနေရာက ကျုပ်ရဲ့မိတ်ဆွေဟောင်းတွေပဲများတာ။
သူတို့က လူငယ်မျိုးဆက်တွေဖြစ်တော့ အချင်းချင်းရင်းနှီးသွားတော့ ပိုကောင်းတာပေါ့....”
တုန်းချဲ့လင်က စုထင်းကိုဦးတည်၍ပြောလိုက်ခြင်းဖြစ်သော်လည်း စုထင်းကားရှောင်ယောင်တို့ကိုပင်ဆုံးဖြတ်စေသည်။
“ ဘယ်လိုသဘောရလဲညီလေးတို့...ငါ့သဘောအရဆိုရင် မင်းတို့ကိုသွားစေချင်တယ် ဘာပဲဖြစ်ဖြစ်မိတ်ဆွေတစ်ယောက်တိူးလာတာလည်းကောင်းတာပဲလေ။ မင်းတို့ကိုငါတို့လို သင်းကွဲသိုင်းသမားတွေမဖြစ်စေချင်ဘူး....”
စုထင်း၏စကားကို ဝမ်ဝူးနှင့်ဆုဖိန်တို့ကသဘောကျစွာရယ်မောလိုက်ကြပြီး ရှောင်ယောင်လည်း ဟောင်ရန်၏မျက်နှာကိုတစ်ချက်ကြည့်၍ခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပြီလေ ကျုပ်တို့သွားတာပေါ့....”
ရှောင်ယောင်၏ဘေးဘက်ရှိဟောင်ရန်ကား တလက်လက်တောက်ပသည့်မျက်လုံးများဖြင့်ရှိနေပြီး လူငယ်မျိုးဆက်မှကျော်ကြားသူများကိုတွေ့ဆုံလိုဟန်တူသည်။
သူ၏စိတ်ကိုအကဲခပ်မိ၍ ရှောင်ယောင်ကသဘောတူလိုက်ခြင်းဖြစ်သလို သူကိုယ်တိုင်လည်း အခြားလူငယ်မျိုးဆက်များမည်မျှအားကောင်းသည်ကို မြင်တွေ့လို၍ဖြစ်သည်။
ထို့နောက် တုန်းချဲ့လင်က သူ၏အားအကိုးရဆုံးလက်အောင်ငယ်သားဖြစ်သည့် လုံခြုံရေးခေါင်းဆောင်တုခေါကိုခေါ်ကာ ရှောင်ယောင်တို့ကို စံအိမ်ကြီးထဲသို့လိုက်ပို့ရန်ခိုင်းစေလိုက်သည်။
&&&&