မတူကွဲပြားသော
Vol. 2 Ch. 68
“ ဒီလမ်းပါ မိတ်ဆွေလေးတို့...”
ခေါင်းဆောင်တုက ရှောင်ယောင်တို့ကို စံအိမ်ကြီးထဲသို့ဦးဆောင်ခေါ်သွားလေသည်။
ခြံဝန်း၏လုံခြုံရေးခေါင်းဆောင်ဖြစ်သည့် တုခေါက သိုင်းပညာတွင်အဆင့်လွန်ထိပ်သီးအဆင့်ရှိသလို အခြားကိစ္စများကိုလည်းကောင်းစွာစီမံနိုင်ပေသည်။
ယခုညတွင်လည်း ဥယျာဉ်ထဲမှဧည့်ခံပွဲကို သူကိုယ်တိုင်ဦးစီးနေခြင်းဖြစ်ပြီး စားသောက်ဖွယ်ရာများအရက်များစသည်တို့ကို လိုလေသေးမရှိအောင် စီမံပေးထားပေသည်။
နေ့လည်ကပင် စုထင်းတို့နှင့်အနည်းငယ်ကတောက်ကဆဖြစ်ခဲ့သော်လည်း ယခုသူတို့ကိုလိုက်ပို့ရာတွင် တုခေါက စကားသိပ်မပြောဘဲ ရှေ့မှခပ်သုတ်သုတ်သွားနေသည်။
နေ့လည်ကဖြစ်ရပ်ကိုအနည်းငယ်မကျေနပ်သေးဟန်တူသည့်ဟောင်ရန်က တုခေါကို စနောက်လိုက်သည်။
“ ခေါင်းဆောင်တု...ကျုပ်တို့စံအိမ်ထဲဝင်ဖို့ဖိတ်စာလိုသေးလား....”
ဟောင်ရန်၏နောင်ပြောင်မှုကြောင့် ရှောင်ယောင်လည်းပြုံးလိုက်မိသည်။
သို့သော် တုခေါ၏မျက်နှာက တစ်စုံတစ်ရာပြောင်းလဲမှုမရှိဘဲတည်ငြိမ်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။
“ မလိုပါဘူးမိတ်ဆွေလေးတို့...”
အနိမ့်အမြင့်မရှိသည့်တုခေါ၏လေသံကြောင့် ဟောင်ရန်ပင်အနည်းငယ်အံ့အားသင့်သွားသည်။
တုခေါ၏ပုံစံက နေ့လည်ကကိစ္စကိုဘာမှမဖြစ်သည့်ဟန်ဆောင်ထား၍ ဟောင်ရန်လည်းဆက်၍ပြဿနာရှာမရနိုင်တော့ဘဲစကားစပြတ်သွားတော့သညမ။
ထိုစဉ် ရှောင်ယောင်က သူတို့၏ရှေ့မှခပ်သုတ်ုတ်လျှောက်နေသည့် တုခေါကိုစူးစိုက်ကြည့်၍မေးလိုက်သည်။
“ ခေါင်းဆောင်တု ခင်ဗျားရဲ့အသံကဘာဖြစ်တာလဲ....”
ရှောင်ယောင်က နေ့လည်ကနှင့်မတူဘဲအနည်းငယ်ပြောင်းလဲနေသည့် တုခေါ၏အသံကိုသတိထားမိ၍မေးလိုက်ခြင်းဖြစ်သည်။
ထိုအခါ တုခေါ၏ခြေလှမ်းများအနည်းငယ်နှေးကွေးသွားပြီး ချောင်းတစ်ချက်ဟန့်ကာပြန်ဖြေလိုက်သည်။
“ ကျုပ် အသံဝင်နေလို့ပါ။ သိတဲ့အတိုင်းပဲ နေ့တိုင်း စံအိမ်က အစောင့်တွေနဲ့အစေခံတွေကို စီမံရင်းအလုပ်ရှုပ်နေတာဆိုတော့ အသံဝင်တာမဆန်းပါဘူး....”
တုခေါ၏အဖြေကြောင့် ရှောင်ယောင်လည်း ခေါင်းတစ်ချက်ညိမ့်လိုက်မိသည်။
ထိုစဉ် တုခေါက စံအိမ်၏မြောက်ဘက်ခြမ်းမှအထန်းတစ်ခုရှေ့တွင်ရပ်လိုက်ပြီး ရှောင်ယောင်တို့ကိုပြောလိုက်သည်။
“ ဒါက အရင်တုန်းက သခင်ကြီးသိုင်းပညာလေ့ကျင့်တဲ့နေရာမှာသုံးတဲ့အခန်းပါ။
အခုတော့ လူငယ်မျိုးဆက်တွေတွေ့ဆုံတဲ့နေရာအဖြစ်ဖန်တီးပေးထားတာပေါ့....
အရည်အချင်းရှိကြတဲ့ လူငယ်မျိုးဆက်တွေဆိုတော့ အချင်းချင်းလက်ရည်စမ်းတာဘာညာလည်းရှိနေတော့အခုလိုမျိုးသူတို့အတွက်နေရာတစ်ခုဖန်တီးပေးထားရတာပါ... “
တုခေါက ရှောင်ယောင်တို့ကိုရှင်းပြရင်း အခန်းတံခါးကိုညင်သာစွာတွန်းဖွင့်လိုက်သည်။
နေ့လည်က ရှောင်ယောင်တို့စားသောက်ခဲ့သည့်ခန်းမနီးပါးကျယ်ဝန်းသည့်အခန်းကျယ်ကြီးထဲတွင် လူအယောက်နှစ်ဆယ်နီးပါးရှိပြီး သူတို့အားလုံးက အသက်သုံးဆယ်မကျော်သေးသည့်လူငယ်လူရွယ်များဖြစ်ကြပေသည်။
လက်ရှိအချိန်၌ အခန်းအလယ်ရှိနေရာကျယ်တွင် လူငယ်နှစ်ယောက်သိုင်းပညာယှဉ်ပြိုင်နေကြဟန်တူပြီး ကျန်လူများမှဘေးမှ ကြည့်ရှုနေကြသည်။
“ မိတ်ဆွေလေးတို့ ကျုပ်အလုပ်တွေရှိသေးလို့ သွားလိုက်ပါဦးမယ်....”
တုခေါက ရှောင်ယောင်တို့ကိုနှုတ်ဆက်၍ ခပ်သုတ်သုတ်ထွက်သွားတော့သည်။
ဤသို့ဖြင့် ရှောင်ယောင်နှင့်ဟောင်ရန်လည်း လူငယ်များရှိနေသည့်အခန်းတွင်းသို့ဝင်ရောက်လာခဲ့သည်။
တုန်းချဲ့လင်သိုင်းပညာလေ့ကျင့်သည့်အခန်းဖြစ်၍ အခန်း၏အကျယ်အဝန်းကအတော်ပင်ကျယ်ဝန်းလှသလို အလယ်တွင် စကျင်ကျောက်ဖြင့်ခင်းထားသည့် သိုင်းပညာလေ့ကျင့်ရာနေရာလည်းရှိသည်။
ယခုလက်ရည်စမ်းနေဟန်တူသည့်လူငယ်နှစ်ယောက်က ထိုနေရာတွင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကျန်လူများကား ဝိုင်းဝန်းကြည့်ရှုနေကြသည်။
ရှောင်ယောင်တို့နှစ်ယောက်အခန်းတွင်းဝင်ရောက်လာသော်လည်း အများစုက သူတို့ကို သတိမထားမိကြပေ။
ထို့နောက်ရှောင်ယောင်တို့လည်း အများနည်းတူ တိုက်ပွဲကိုကြည့်ရှုရန် ထိုနေရာသို့သွားလိုက်ကြသည်။
“ ဟောင်ရန် ခေါင်းဆောင်တုက တစ်ခုခုထူးဆန်းနေတယ်လို့မထင်ဘူးလား ။ သူ့ရဲ့ပြောပုံဆိုပုံတွေကနည်းနည်းကွဲနေတယ်။ ပြီးတော့ ငါတို့ကိုလည်းလုံးဝမှတ်မိပုံမရဘူး....”
ရှောင်ယောင်က သူ၏စိတ်ထဲတွင် မတင်မကျဖြစ်နေသည့်အရာကိုပြောပြလိုက်သည်။
သို့သော် ဟောင်ရန်ကား ရှောင်ယောင်၏စကားကိုများစွာဂရုမစိုက်ဘဲ သူ၏လက်ကိုဆွဲရင်းရှေ့သို့တိူးသွားလိုက်သည်။
“ လာစမ်းပါအစ်ကိုရှောင်ယောင်ကလည်း သူပြောသလိုအလုပ်များပြီးမေ့သွားတာနေမှာပေါ့....”
ဟောင်ရန်၏အဖြေကြောင့် ရှောင်ယောင်လည်း ခေါင်းယမ်းရင်းပြောလိုက်မိသည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းကြောင့်ပဲနေ့လည်က သူပြဿနာအရှာခံရတာလေ။ သူ့စိတ်ထဲမှာ မကျေမနပ်မဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ မင်းကိုမြင်တာနဲ့အမူအယာတစ်ခုခုပြောင်းလဲသွားနိုင်တယ်....”
ရှောင်ယောင်က ထိုကိစ္စကို တစ်စုံတစ်ခုမှားယွင်းနေသည်ဟုခံစားမိနေသော်လည်း ရေရောရာအဖြေရှာမရပေ။
“ ဘာမှလျှောက်တွေးမနေနဲ့အစ်ကိုရှောင်ယောင်....တိုက်ပွဲကိုပဲကြည့်စမ်းပါ....”
ဟောင်ရန်က လူငယ်မျိုးဆက်မှကျော်ကြားသူများ၏တိုက်ပွဲကို များစွာစိတ်ဝင်စားနေဟန်တူပြီး အရောင်လက်နေသည့်မျက်လုံးများဖြင့် စိတ်ပါဝင်စားစွာကြည့်ရှုနေသည်။
ထိုအချိန်တွင် အခြားလူများကြားသို့ဝင်ရောကါါာသည့်သူတို့ကို မျက်ဝန်းတစ်စုံက စူးစိုက်ကြည့်နေပေသည်။
“ ဟမ်..ဟိုနှာဘူးကောင်တွေလား....”
လူအုပ်၏တစ်ဖက်ခြမ်းတွင် အခြားလူများနှင့်အတူမရောဘဲ အခန်းထောင့်တွင်သီးသန့်ခွဲနေသည့်မိန်းကလေးနှစ်ယောက်ထဲမှတစ်ယောက်က ရေရွတ်လိုက်သည်။
တောက်ပသည့်အပြာရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ဆံပင်ရှည်များကိုမြင်းမြီးသဏ္ဍာန်စုစည်းထားသည့်ထိုမိန်းကလေး၏ပုံစံက နုပျိုတက်ကြွ၍ လွန်စွာချစ်စရာကောင်းလျက်ရှိသည်။
သူမ၏အသက်က ဆယ့်ရှစ်နှစ်ခန့်သာရှိဦးမည်ဖြစ်ပြီး ဖျက်လက်တက်ကြွသည့်အသွင် လွန်စွာလှပသည့်ရုပ်ရည်တို့ကြောင့် အခန်းတွင်းရှိလူငယ်အများစုမကြာခဏလည်ပြန်ကြည့်မိကြသည်။
အကယ်၍ ဟောင်ရန်သာ ထိုမိန်းကလေးကိုသတိပြုမိပါက သူနှင့်စကားအချေအတင်ဖြစ်ခဲ့သည့်မိန်းမလှလေးဖြစ်မှန်းသိမည်ဖြစ်ပြီး ထိုမိန်းကလေးမှာ သူတို့ကိုခြံဝန်းပေါက်ဝတွင်လည်းတစ်ကြိမ်လှောင်ပြောင်သွားဖူးသည်။
“ ဘယ်သူလဲ နှာဘူးက....”
မလှမ်းမကမ်းမှတိုက်ပွဲကိုအာရုံရောက်နေသည့်ဘေးရှိမိန်းကလေးကမေးလိုက်ခြင်းဖြစ်သည်။
အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ကြွေရုပ်လေးတစ်ရုပ်လိုဖြူဖွေးလှပနေသည့်ထိုမိန်းကလေးက အပြာရောင်ဝတ်စုံဝတ်မိန်းကလေးထက်ပင် ပို၍လှပနေသေးသည်။
လက်ရာမြောက်ပန်းချီဆရာ အနုစိတ်ချယ်မှုန်းထားသလို အပြစ်ဆိုဖွယ်မရှိအောင် ချောမောလှပသည့်မျက်နှာ ၊ အချိုးအဆစ်ကျသည့်ခန္တာကိုယ်သွင်ပြင်နှင့် ထိုမိန်းကလေး၏ပုံစံက ယောင်္ကျားလေးများ၏အိပ်မက်နတ်သမီးပင်ဖြစ်ပေသည်။
သို့သော်ငြား အပြောင်းအလဲမရှိအေးစက်စက်မျက်နှာသွင်ပြင်နှင့်ချဉ်းကပ်ရခက်သည့်ပုံစံကြောင့် အခန်းတွင်းရှိလူငယ်များက ဘေးဘက်မှအပြာရောင်ဝတ်စုံဝတ်မိန်းကလေးကိုသာပို၍အာရုံရောက်နေကြခြင်းဖြစ်သည်။
“ ဟိုမှာလေ ...စားသောက်ဆိုင်မှာတွေ့ခဲ့တဲ့နှစ်ယောက် အပြာရောင်ဝတ်စုံနဲ့စာပေသမားယောင်ယောင်ကောင်က တကယ့်နှာဘူး....။
ဒိကောင်တွေကို အနောက်ဘက်ဥယျာဉ်ထဲမှာလည်းတွေ့ခဲ့တယ် ဒီအထိရောက်လာမယ်တော့ထင်မထားဘူး ... “
အပြာရောင်ဝတ်စုံဝတ်မိန်းကလေးက သူမ၏နှုတ်ခမ်းကလေးကိုအနည်းငယ်မဲ့လိုက်ရင်း မကျေမနပ်ပြောလိုက်သည် ။
အခြားမိန်းကလေးများမျက်နှာရှုံ့မဲ့လိုက်ပါက ကြည့်ရဆိုးသွားနိုင်သော်လည်း မျက်နှာမြင်ချစ်ခင်ပါ စေဆုနှင့်ပြည့်စုံဟန်တူသည့် အပြာရောင်ဝတ်စုံဝတ်မိန်းကလေးကား ယခင်ကထက်ပင်ပို၍ ချစ်စရာကောင်းနေသေးသည်။
သူမ၏ညွန်ပြမှုကြောင့် အခန်းထဲသို့တိတ်ဆိတ်ဝင်ရောက်လာသည့်ရှောင်ယောင်တို့ကိုသတိပြုလိုက်မိပြီး အနက်ရောင်ဝတ်စုံဝတ်မိန်းကလေးကခေါင်းယမ်း၍ပြောလိုက်သည်။
“ ပြဿနာမရှာနဲ့ရှန်းရှန်း....”
အနက်ရောင်ဝတ်စုံဝတ်မိန်းမလှလေးက ရှောင်ယောင်တို့ကိုတစ်ချက်သာကြည့်ပြီးတိုက်ပွဲကိုပြန်အာရုံစိုက်လိုက်သည်။
ရှောင်ယောင်တို့နှစ်ယောက်လည်း တိုက်ပွဲသို့အာရုံစိုက်နေသည့်အခြားလူများက သူတို့ကိုသတိမပြုမိကြ၍ သက်ပြင်းချလိုက်ကြပြီး သူတို့လည်းတိုက်ပွဲအနီးသို့တိုးကပ်သွားကြသည်။
တိုက်ခိုက်နေသည့်လူနှစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင်လူငယ်များဖြစ်ကြပြီး သူတို့နှစ်ယောက်လုံးက ထိပ်တန်းလွန်သိုင်းအဆင့်ရှိကာ သူတို့၏အရည်အချင်းက လူငယ်မျိုးဆက်များကြား ထူးချွန်သည်ဟုဆိုနိုင်သည်။
သို့သော် ထိုနှစ်ယောက်လုံး၏တိုက်ကွက်များက များစွာထိရောက်ခြင်းမရှိဘဲ လက်ရည်စမ်းတိုက်ပွဲဖြစ်၍လည်းကောင်း၊ တိုက်ပွဲအတွေ့အကြုံနုနယ်သေးသည့်အတွက်ကြောင့်လည်းကောင်း အစွမ်းထက်သိုင်းသမားများ၏မျက်စေ့ထဲတွင် လိုအပ်ချက်များစွာရှိနေမည်ဖြစ်သည်။
ရှောင်ယောင်နှင့်ဟောင်ရန်တို့သည်လည်း တိုက်ပွဲအတွေ့အကြုံများစွာမရှိကြသော်လည်း သိုင်းပညာပါရမီထူးသူများပီပီ ထိုလူငယ်များ၏လိုအပ်ချက်ကိုတန်းသိလိုက်ကြပြီး ဟောင်ရန်က ရှောင်ယောင်ကိုပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင် သူတို့တိုက်ခိုက်နေတယ ပျင်းစရာမကောင်းဘူးလား ဒီအတိူင်း အကွက်ရိုးရိုးစင်းစင်းကြီးတွေနဲ့တိုက်နေကြတာ....”
ဟောင်ရန်၏စကားသံက ကျယ်လောင်ခြင်းမရှိသော်လည်း အခြားလူများနှင့်များစွာကွာဝေးခြင်းမရှိ၍ ထိုလူများလည်းကောင်းစွာကြားလိုက်ရသည်။
ထိုအခါမှ အခန်းထဲတွင်လူသစ်နှစ်ယောက်ဖြစ်နေသည့်ရှောင်ယောင်တိူ့ကို စူးစမ်းအကဲခပ်လိုက်ကြသည်။
ထိပ်တန်းအဆင့်သာရှိသေးသည့် ရှောင်ယောင်၏သိုင်းပညာက အထင်ကြီးစရာမရှိသော်လည်း ဟောင်ရန်၏အသက်အရွယ်နှင့်သိုင်းပညာက သူတို့ထက်သာလွန်နေရာထိုလူများလည်း အံ့အားသင့်သွားကြသည်။
သို့သော် အစောပိုင်းကသူပြောခဲ့သည့်စကားကြောင့် လူအတော်များမျာက ဟောင်ရန့်ကိုအထင်သေးစွာကြည့်လိုက်ကြပြီး အလကားနေရင်း လေကြီးသည့်လူငယ်တစ်ယောက်ဟုမှတ်ယူလိုက်ကြဟန်တူသည်။
အလိုလိုနေရင်း လူအထင်သေးခံလိုက်ရသည့်ဟောင်ရန်၏အဖြစ်ကြောင့်ရှောင်ယောင်လည်းခပ်တိုးတိုးပြောလိုက်သည်။
“ မှတ်ထား...လျှာရှည်ချင်တဲ့ကောင်....”
ရှောင်ယောင်၏၏နောက်မှုကြောင့် ဟောင်ရန်က မကျေမနပ်ဖြစ်သွားပြီး သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသည့်လူများကို တင်းမာစွာဖြင့်ပြန်ကြည့်လိုက်သည်။
အကြည့်ပြိုင်ပွဲတွင် ရှောင်ယောင်ပင် ထိုလူငယ်လေးကိုတစ်ကြိမ်မှအနိုင်မရဖူးသည့်နည်းတူ ယခုလည်း ကျန်လူငယ်များမှာ ဟောင်ရန်၏စူးစူးဝါးဝါးစိုက်ကြည့်နေမှုကြောင့် အကြည့်လွှဲလိုက်ကြသည် ။
ကျန်လူများကသူ့ကို မျက်လုံးချင်းကြာရှည်ဆုံမကြည့်နိုင်သည့်အတွက် ဟောင်ရန်၏စိတ်ထဲတွင်ကျေနပ်သွားဟန်တူပြီး သူ၏ဦးခေါင်းကိုမော့လိုက်သည်။
အကြည့်ပြိုင်ပွဲတွင်အနိုင်ရသည်ကို အောင်ပွဲရစစ်သူကြီးတစ်ယောက်အလားဝင်ကြွားနသည့်လူငယ်လေးကြောင့် ရှောင်ယောင်လည်းပြုံး၍ခေါင်းယမ်းလိုက်မိသည် ။
သို့သော် သူ၏အပြုအမူများက တစ်ယောက်သောသူ၏မျက်စေ့ထဲတွင်လွန်စွာအမြင်ကပ်စရာကောင်းနေသည်ကိုတော့ ဟောင်ရန်တစ်ယောက်သတိမပြုမိခဲ့ပေ။
&&&&