ယှဉ်ပြိုင်ပွဲ
Vol. 2 Ch. 70
ဝေ့တုနှင့် ထန်ရှန်းတို့၏အကြောင်းကို ကျန်လူများကသိရှိကြဟန်တူပြီး အချင်းချင်းတီးတိုးပြောဆိုနေကြပေသည်။
ဤနေရာရှိလူငယ်အများ အင်အားစုအသီးသီးမှပါရမီရှင်များဖြစ်ကြသော်လည်း ထိပ်တန်းအင်အားစုများမှ မျိုးဆက်များဖြစ်သည့် ဝေ့တုနှင့်ထန်ရှန်းတို့မှာ သူတို့ထက်သိသိသာသာ သာလွန်နေသည်။
ထို့ကြောင့်ပင် ဝေ့တုတို့ကို မနာလိုလေးစားစိတ်များဖြင့်ကြည့်ရှုနေကြသလို ဝေ့တု၏စိန်ခေါ်ခြင်းခံရသည့်ဟောင်ရန်ကိုလည်း စိတ်ဝင်စားစွာကြည့်လိုက်ကြသည်။
“ ဒီလူငယ်လေးကဘယ်သူလဲ....”
“ သူက ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးပေမယ့် အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်နေပြီ သူလည်း ထိပ်တန်းအင်အားစုတစ်ခုခုက လာတာလားမသိဘူး....”
အခန်းတွင်ရှိလူငယ်များကဟောင်ရန့်ကိုအကဲခပ်၍ သူတို့၏ထင်မြင်ချက်များကိုပြောဆိုနေကြသည်။
ထိုအချိန်တွင် အခန်းထောင့်ရှိ စီးတုယွမ်ချင်းက တိုက်ပွဲနေရာအနီးရှိအဖြစ်ကို မြင်တွေ့လိုက်၍သူမ၏ဘေးသို့ပျော်ရွှင်စွာပြန်လည်ရောက်ရှိလာပြီးဖြစ်သည့် ချောင်ရှန်းရှန်းကာကြည့်ကာမေးလိုက်သည် ။
“ ရှန်းရှန်း ဒါနင့်လက်ချက်မဟုတ်လား ...”
စီးတုယွမ်ချင်း၏စူးရှသည့်အကြည့်နှင့် အေးစက်စက်မေးခွန်းကြောင့် ချောင်ရှန်းရှန်းလည်း ခေါင်းငုံ့သွားပြီး ခပ်တိုးတိုးပြောလိုက်သည်။
“ ကျမက သူတို့ကိုနည်းနည်းပဲပညာပေးခိုင်းလိုက်တာပါအစ်မရဲ့...”
သူမတွေးထင်ထားသည့်အတိုင်း ချောင်ရှန်းရှန်း၏လက်ချက်ဖြစ်နေ၍ စီးတုယွမ်ချင်းလည်း သက်ပြင်းဖွဖွချ၍ခေါင်းယမ်းလိုက်သည်။
သူမကို ထပ်မံဆူငေါက်တော့မည့်ပုံစံကိုမမြင်၍ ချောင်ရှန်းရှန်းက လျှာတစ်လစ်လေးထုတ်လိုက်ကာ စီးတုယွမ်ချင်း၏လက်မောင်းလေးကိုဆွဲကာပြောလိုက်သည်။
“ ဖေဖေနဲ့တော့ပြန်မတိုင်ပါနဲ့ နော်လို့ အစ်မယွမ်ချင်း.....ပြီးတော့ ဟိုလူကြောက်နှစ်ယောက်ကိုလည်းကြည့်မရလို့ ဘယ်သူအဆော်ခံရခံရဆိုပြီး လုပ်လိုက်တာပါ...”
လုပ်ချင်ရာလုပ်ပြီးတိုင်း သနားစဖွယ်အမူအယာလေးဖြင့်တောင်းပန်လေ့ရှိသည့်ချောင်ရှန်းရှန်း၏ဟန်ပန်ကြောင့်စီးတုယွမ်ချင်းလည်း မနေနိုင်ဘဲ ပြုံးလိုက်မိကာ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ နောက်တစ်ခါပြဿနာမရှာနဲ့။ အခုရောက်နေတဲ့ကိစ္စက အရေးကြီးလို့ပြောတာ...”
အေးစက်ပြီးစည်းကမ်းတင်းကြပ်သည့်အစ်မကြီးတစ်ဦးသဖွယ်ဖြစ်သော်လည်းသူမကိုအမြဲလိုလိုအကယအကွယ်ပေးလေ့ရှိသည့်စီးတုယွမ်ချင်း၏အကျင့်ကိုကောင်းစွာသိ၍ ချောင်ရှန်းရှန်းလည်း တောက်ပစွာပြုံးလိုက်သည်။
ထို့နောက် အပြုံးရိပ်ကလေးသမ်းနေပြီး အရောင်တလက်လက်တောက်ပနေသည့်မျက်ဝန်းများဖြင့်တိုက်ပွဲနေရာကိုကြည့်နေသည့် စီးတုယွမ်ချင်း၏မျက်နှာကို အကဲခပ်ရင်းပြောလိုက်သည်။
“ အစ်မယွမ်ချင်းက ဘာလို့အေးစက်စက်ကြီးနေတာလဲ... အစ်မပြုံးရင်သိပ်ပြီးလှတာကို....”
ချောင်ရှန်းရှန်း၏စကားသံကြောင့် စီးတုယွမ်ချင်း၏အပြူံးကအေးခဲသွားပြီး မူလကလိုတည်ငြိမ်အေးစက်သည့်ပုံစံသို့ပြန်ပြောင်းသွားပြီး သူမ၏ဦးခေါင်းကလေးကို ဒေါက်ခနဲ မည်အောင်ခေါက်လိုက်သည် ။
“ အပိုတွေပြောမနေနဲ့ ငါလည်း ဟိုနှစ်ယောက်ရဲ့သိုင်းပညာကိုအကဲခပ်ချင်လို့နင့်ကိုမဆူတော့တာ ။
စားသောက်ဆိုင်မှာတုန်းက တိုက်ကွက်နည်းနည်းပဲတွေ့လိုက်ရပေမယ့် သူတို့နှစ်ယောက်လုံးကခေသူတွေမဟုတ်ကြဘူး ။
နင်ခိုင်းလိုက်တဲ့လူနှစ်ယောက်ထက်သေချာပေါက်သာလိမ့်မယ်....”
စီးတုယွမ်ချင်း၏စကားကြောင့် ချောင်ရှန်းရှန်း၏မျက်လုံးလေးများဝိုင်းစက်သွားပြီး တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
“ အဲဒီကောင်တွေက ဒီလောက်လည်းအထင်ကြီးစရာမကောင်းပါဘူး ။ တစ်ယောက်ကနှာဘူး ကျန်တဲ့တစ်ယောက်ကလည်း သာမန်ပဲ....”
တစ်ဖက်တွင် ဝေ့တုက တိုက်ပွဲနေရာသို့ဝင်ရောက်လိုက်ပြီး ရင်ကော့၍ ခန့်ညားသည့်ဟန်ပန်ဖြင့် ထပ်မေးလိုက်သည်။
“ မိတ်ဆွေ မင်းကျုပ်ရဲ့စိန်ခေါ်မှုကို လက်ခံဝံ့လား....”
ဝေ့တုက သူ့ကိုတည့်တည့်ကြည့်၍စိန်ခေါ်လာခြင်းဖြစ်၍ ဟောင်ရန်၏စိတ်ထဲတွင်လည်းထောင်းခနဲဖြစ်သွားပြီး ရှေ့သို့သွားရန်ပြင်လိုက်သည်။
သို့သော် ရှောင်ယောင်၏လက်တစ်ဖက်က သူ့ကိုဆွဲထား၍ ဟောင်ရန်လည်းစိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင် ကျုပ်ကိုလွှတ်စမ်းပါ....”
ဟောင်ရန်၏မကျေမနပ်အကြည့်ကိုသိရှိ၍ ရှောင်ယောင်က တည်ငြိမ်စွာပြုံးရင် ပြန်ပြောလိုက်သည်။
“ တစ်ဖက်လူကို အများကြီးဒဏ်ရာမရစေနဲ့....”
ရှောင်ယောင်၏အမှာစကားကြောင့် ဘေးနားရှိလူများကြက်သေသေသွားသလို ဟောင်ရန်ကလည်း ကြည်လင်စွာပြူံး၍ ခေါင်းညိမ့်ပြရင်း တိုက်ပွဲနေရာသို့သွားလိုက်သည်။
သူ၏တွန့်ဆုတ်ခြင်းကင်းမဲ့သည့်သွင်ပြင် ၊ ရဲရင့်သည့်အမူအယာနှင့် ကျန်လူများထက်ငယ်ရွယ်သည့်အသက်အရွယ်တို့ တို့ကြောင့် အခန်းတွင်းရှိလူငယ်များ ဟောင်ရန့်ကိုအထင်ကြီးသွားမိကြသည်။
တစ်ဖက်ကလူကလည်း သိုင်းဝိဇ္ဇာအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည့် နတ်ဓားရှင်ဝေ့ယန်၏မြေးဖြစ်နေရာ မည်သူအနိုင်ရမည်ကို ခန့်မှန်း၍မရနိုင်ဘဲဖြစ်နေသည် ။
မည်သို့ပင်ဖြစ်စေယခုတိုက်ပွဲက အစောပိုင်းကတိုက်ပွဲထက်များစွာစိတ်ဝင်စားစရာကောင်းမည်ဖြစ်၍ သူတို့အားလုံး တက်ကြွစွာစောင့်ကြည့်လျက်ရှိကြသည် ။
လူအများ၏အာရုံစိုက်မှုကြောင့်အနည်းငယ်စိတ်လှုပ်ရှားမိသော်လည်း ဟောင်ရန်က စိတ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်ထိမ်းချုပ်၍ မိတ်ဆက်လိုက်သည် ။
“ ကျုပ်ကဟောင်ရန်ပါ....”
“ ကျုပ်က ဝေ့တုပါ ကွေ့ကျိုးနယ် မိုးကြိုးနတ်ဓားဂိုဏ်းက ပါရမီရှင်တစ်ဦးပဲ။ ကျုပ်အဖိုးက နတ်ဓားရှင်ဝေ့ယန်....”
ဟောင်ရန်၏ တိုတိုရှင်းရှင်းမိတ်ဆက်စကားနှင့်စာလျှင် ဝေ့တု၏မိတ်ဆက်စကားက ပို၍ခန့်ထည်သလို သူ၏နောက်ခံအင်အားကိုပါတစ်ခါထဲပြောလိုက်ခြင်းဖြစ်သည်။
ထိုအဖြစ်ကြောင်း ရှောင်ယောင်ပင် ဝေ့တုကိုအနည်းငယ်ကြည့်မရဖြစ်သွားပြီး ပြောလိုက်သည်။
“ ဘာလို့ မွေးသက္ကရာဇ်ကိုပါမိတ်မဆက်လိုက်တာလဲ....”
လူအုပ်ကြားမှ ရှင်းလင်းစွာထွက်ပေါ်လာသည့် ရှောင်ယောင်၏လှောင်ပြောင်စကားကြောင့် ကျန်လူများပြုံးစိစိဖြစ်သွားသလို ဝေ့တု၏မျက်နှာကြီးကမည်းမှောင်သွားပြီစ ရှောင်ယောင့်ကိုမျက်တောင်နီကြီးဖြင့်ကြည့်လိုက်သည်။။
သို့သော် ရှောင်ယောင်က သူ၏အကြည့်ကိုမသိဟန်ဆောင်ကာ သူ့ကိုပြန်ကြည့်နေသည့်ဟောင်ရန့်ကိုသာ မျက်စေ့တစ်ဖက်မှိတ်ပြလိုက်သည် ။
တိုက်ပွဲမစသေးသော်လည်း ရှောင်ယောင်၏လှောင်ပြောင်မှုကြောင့် တစ်ဖက်လူစိတ်မတည်မငြိမ်ဖြစ်လာ၍ ဟောင်ရန်လည်း နွေးထွေးစွာပြူံးပြလိုက်ပြီး တိုက်ပွဲကိုပြန်အာရုံစိုက်လိုက်သည်။
“ လက်နက်တွေမှာ မျက်စိတွေနားတွေမပါတော့ ထိခိုက်မှုဖြစ်ရင်လည်းကြိုပြိးတောင်းပန်ထားပါရစေ....”
ဟောင်ရန့်ကိုမူလင်ပင်ကြည့်မရသည့်အပြင် ရှောင်ယောင်နှင့်လွန်စွာရင်းနှီးမှန်းသိရှိထားသည့် ဝေ့တုက အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
စင်စစ် ဟောင်ရန်က ဝေ့တုကိုမည်သို့မှမလုပ်ဘဲဝေ့တုကသာ တစ်ဖက်သက်အမြင်ကပ်နေခြင်းဖြစ်သည်။
အကြောင်းက ထိုနေ့က စားသောက်ဆိုင်တွင် သူတို့၏မျက်နှာပျက်စရာအဖြစ်ကို ဟောင်ရန်တို့ကောင်းစွာမြင်တွေ့ခဲ့၍ အလိုလိုမုန်းတီးနေမိခြင်းဖြစ်ပြီး ယခုလည်း ဟောင်ရန့်ကိငသာအနိုင်ရပါက ချောင်ရှန်းရှန်း၏မျက်နှာကိုသာကိုတစ်ခါထဲရမည်ဖြစ်၍ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသည်အထိဆုံးမမည်ဟုတွေးထားခြင်းဖြစ်သည်။
ရိုးသား၍ အတွေ့အကြုံများစွာမရှိသော်လည်း တုံးအသူမဟုတ်ရာ ဟောင်ရန်လည်း၏တစ်ဖက်လူ၏ မကောင်းသည့်စိတ်ကိုရိပ်စားမိ၍ အေးစက်စက်ပုံစံဖြင့်တုန့်ပြန်လိုက်သညိ။
“ ကျုပ်လည်းအတူတူပါပဲ....”
ဟောင်ရန်က တုန့်ပြန်ပြီးသည်နှင့်အပိုစကားမဆိုတော့ဘဲ သူ၏နောက်ကျောမှဓားကိုလျှင်မြန်စွာဆွဲထုတ်လိုက်သည်။
သူ၏စကားကြောင့် ဝေ့တုကလည်းမဲ့ပြုံးပြုံး၍ သူ၏ကျောက်စီဓားကို ဖြေးညင်းစွာဆွဲထုတ်လိုက်သည်။
ရုတ်တရက် လက်ရည်စမ်းပွဲမှနေ၍ အစစ်အမှန်တိုက်ပွဲတစ်ခုအသွင်ကူးပြောင်းသွားသည့်ပြိုင်ဘက်နှစ်ယောက်၏ပုံစံကြောင့် ကြည့်ရှုနေကြသူများလည်း အံ့အားသင့်မှုနှင့်အတူ စိတ်လှုပ်ရှားမှုတို့ကိုပါတစ်ပြိုင်နက်ခံစားလိုက်မိကြသည်။
“ ဝှစ်....”
လေကိုထိုးခွင်းသံနှင့်အတူ ဝေ့တုက ဦးစွာလှုပ်ရှားလိုက်သည်။
သူ၏လက်ထဲရှိသံမဏိဓားရှည်က ဓားရိုးတွင်ငွေကွပ်ထားပြီး စီခြယ်ထားသည့်အဖိုးတန်ကျောက်များပင်ပါရှိရာ တစ်ချက်ကြည့်ရုံနှင့်တန်ဖိုးကြီးဓားကောင်းတစ်လက်ဖြစ်သည်ကိုအကဲခပ်နိုင်ပေသည် ။
သူ၏ကိုယ်ဖော့ပညာကလည်း ကောင်းမွန်လှပြီး ရှေ့သို့မြားတစ်စင်းလိုထိုးထွက်သွားကာ လက်ထဲရှိဓားရှည်က ဟောင်ရန်၏ အရေးကြီးခန္တာကိုယ်အစိတ်အပိုင်းများဆီသို့လျှင်မြန်စွာတိုးဝင်လာသည်။
ဝေ့တု၏မောက်မာဝင့်ကြွားသည့်အကျင့်စရိုက်ကိုဖယ်ထားပါက အစွမ်းထက်သိုင်းသမားတစ်ဦးဖြစ်သည်မှာ ငြင်းဖွယ်မရှိဘဲ ယခုလည်း တိုက်ပွဲစသည်နှင့်ထက်မြက်သည့်ဓားကွက်များကိုထုတ်သုံးလာပေသည်။
“ ချွမ်း....”
ကျယ်လောင်သည့်လက်နက်ချင်းထိခတ်သံနှင့်အတူ ဝေ့တု၏ဓားရှည်နှင့်ဟောင်ရန်၏ဓားတို့ ပြင်းထန်စွာရိုက်ခတ်မိသွားသည်။
လက်နက်ချင်းထိတွေ့ရာမှတစ်ဆင့် သူ၏ဓားကိုင်လက်တစ်ခုလူံးထုံကျင်သွား၍ ဝေ့တု၏မျက်နှာအနည်းငယ်ပျက်ယွင်းသွားစဉ် ဟောင်ရန်၏ဓားက အရိပ်များစွာခွဲဖြာလျက်ဝင်ရောက်လာပြီဖြစ်သည်။
ဝေ့တု၏ကျောက်စီဓားနှင့်နှိုင်းယှဉ်ရပါက ဟောင်ရန်၏ဓားက အတော်လေးသာမန်ဆန်သော်လည်း ကောင်းမွန်သည့်သံမဏိဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီးလွန်စွာအကြမ်းခံလှသည်။
ဓားသွားတစ်လျှောက် သေးငယ်သည့်ပဲ့ရာများ၊ ခုတ်ထစ်ရာများစွာရှိပြီးအများအမြင်မတင့်တယ်သော်လည်း ဤသည်က မြောက်များစွာသောတိုက်ပွဲများကိုဖြတ်သန်းခဲ့ရကြောင်းသက်သေပင်။
ထိုဓားရှည်မှာ ဟောင်ရန်၏ဆရာသူ့ကိုလက်ဆင့်ကမ်းပေးခဲ့သည့်အမွေတစ်ခုဖြစ်သလို သူ၏လက်ထဲတွင်လည်း ထိုဓား၏ဂုဏ်ကိုအကျခံမည်မဟုတ်ပေ။
ဟောင်ရန်၏အတွင်းအားက သူ့ထက်ပင်သာလွန်နေပြီး တစ်ကွက်သာယှဉ်ရသေးသော်လည်း အစွမ်းထက်တိုက်ကွက်များထွက်ပေါ်လာ၍ ဝေ့တုတစ်ယောက် စိတ်ထဲတွင်ကြိတ်၍တုန်လှုပ်မ်ိသွားသည် ။။
သို့သော် ထိပ်တန်းအင်အားစုကြီးတစ်ခုမှဆင်းသက်လာပြီး ကောင်းမွန်သည့်သင်ကြားရေးများနှင့် နာမည်ကျော်မိုးကြိုးနတ်ဓားသိုင်းကိုဆက်ဆံခဲ့ရသူပီပီ ဟောင်ရန်၏ဓားရိပ်များကြားတွင်ပျာယာခတ်မသွားဘဲ ချက်ခြင်းတန်ပြန်တိုက်ခိုက်လိုက်သညိ။
ဤသို့ဖြင့် ရန်ငြိုးရန်စတစ်စုံတစ်ရာမရှိသော်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်မရဖြစ်နေသည့်လူငယ်နှစ်ယောက်၏တိုက်ပွဲက စတင်ခဲ့ပြီဖြစ်သည် ။
&&&