တိုက်ပွဲ
Vol. 2 Ch. 71
“ ချွမ်း....”
“ ကျား....”
“ ထန်း... ထန်း....”
ဓားချင်းထိခတ်သံများ အော်ဟစ်မာန်သွင်းသံများကအဆက်မပြက်ထွက်ပေါ်နေပြီး လူငယ်နှစ်ယောက်၏တိုက်ပွဲက ပြိုင်ဘက်ကြီးများသဖွယ် ပြင်းထန်လှသည်။
ဟောင်ရန်၏ဓားကွက်များကလျှင်မြန်ရှုပ်ထွေးလှပြီး ဟန်ပြတိုက်ကွက်များစွာပါဝင်သလို ဝေ့တု၏ဓားသိုင်းကလည်း အားအင်ပြင်းထန်လှသည်။
မိုးကြိုးနတ်ဓားဂိုဏ်းမှာ ကွေ့ကျိုးနယ်တွင်ပြိုင်ဘက်မရှိသည့်ထိပ်တန်းအင်အားစုကြီးဖြစ်ပြီးလက်ရှိသိုင်းမဟာမိတ်၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် သူတို့၏နာမည်ကျော်မိုးကြိုးနတ်ဓားသိုင်း၏အစွမ်းက သံသယဖြစ်ဖွယ်မရှိဘဲ ဝေ့တု၏အဖိုးဖြစ်သည့် နတ်ဓားရှင်ဝေ့ယန်ဆိုလျှင် မိုးကြိုးနတ်ဓားသိုင်းဖြင့်အထူးထင်ရှားခဲ့ပြီး ဝါဆန်းဂိုဏ်းချုပ်ကြီးနှင့်ပင်အဆင့်တူဟုလူအများကသက်မှတ်ထားကြသည် ။
ယခုလည်း ဝေ့တု၏သိုင်းပညာက အဆင့်လွန်ထိပ်သီးအဆင့်တွင်သာရှိသေးပြီး တိုက်ပွဲအတွေ့အကြုံလိုအပ်နေသော်လည်းသူ၏ဓားသိုင်းကလွန်စွာအစွမ်းထက်နေပြီး ကြည့်ရှုနေသူထဲတွင် ဝေ့တုကိုအနိုင်ယူနိုင်သူလက်ငါးချောင်းပင်ပြည့်မည်မဟုတ်ပေ။
တစ်ဖက်တွင် ဝေ့တုထက်နှစ်အနည်းငယ်ပိုငယ်ဟန်တူသော်လည်း အစွမ်းထက်လှသည့်ဟောင်ရန်က ကြည့်ရှုနေသူများကိုပါးစပ်အဟောင်းသားဖြစ်စေသည်။
သူ၏အတွင်းအားက ဝေ့တုထက်ပင်သာလွန်သယောင်ရှိပြီး လျှင်မြန်ရှုပ်ထွေးသည့်တိုက်ကွက်များဖြင့် ဝေ့တုကိုတိုက်ပွဲအစမှပင်ဖိနှိပ်ထားနိုင်သည် ။
ဟောင်ရန်၏ဓားသိုင်းက လျှင်မြန်ရှုပ်ထွေးမှုကိုအခြေခံပြီး ပုံရိပ်ယောင်များစွာပါဝင်ရာ ဝေ့တု၏ ပြင်းထန်ကြမ်းတမ်းသည့်ဓားသိုင်းနှင့်ဆန့်ကျင်ဘက်ပင်ဖြစ်သည် ။
အကယ်၍ ဝေ့တု၏နေရာတွင်အစွမ်းထက်ထိပ်သီးတစ်ဦးဆိုပါက တိုက်ပွဲက ပို၍မြိုင်ဆိုင်မည်ဖြစ်သော်လည်း ယခုအခါတွင် ဝေ့တုက မိုးကြိုးနတ်ဓားသိုင်းကိုအောင်မြင်ထားရုံသာဖြစ်ပြီး ဟောင်ရန်ကား သူ၏ဓားသိုင်းကိုကျွမ်းကျင်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲအခြေအနေက သိသိသာသာပင် ဟောင်ရန်၏ဘက်၌အလေးသားနေပြီး ဝေ့တုမှာအစွမ်းကုန်တိုက်ခိုက်ပါသော်ငြားဟောင်ရန်၏ဓားကွက်များကြားမှဖောက်ထွက်ခြင်းမပြုနိုင်ဖြစ်နေသည် ။
သူတို့၏တိုက်ပွဲက သိုင်းကွက်တစ်ရာကျော်သာရှိသေးသော်လည်း အမြင်စူးရှသူများဆိုလျှင်အနိုင်ရသူကိုကြိုတင်ခန့်မှန်းမိပြီးဖြစ်ပေမည်။
ဟောင်ရန်၏ဓားသိုင်းက ယခင်ကထက်ပို၍အစွမ်းထက်လာပြီး တစ်ဖက်လူ၏ဟာကွက်ပျော့ကွက်များကို လျှင်လျှင်မြန်မြန်တုန့်ပြန်လာသည်ကိုမြင်ရသည့်အခါ ရှောင်ယောင်လည်း ခေါင်းညိမ့်လိုက်မိသည်။
ထိုလူငယ်လေးက တိုက်ပွဲအတွေ့အကြုံများစွာမရှိသော်လည်း ချူးကုနနန်နှင့်တိုက်ပွဲပြီးနောက် ယခင်ကထက်ပို၍တိုးတက်လာကာ သူ၏ပါရမီက ရှောင်ယောင်ပင်အံ့အားသင့်ရသည် ။
ယခုလည်းဟောင်ရန်က အစွမ်းကုန်တိုက်ခိုက်ခြင်းမဟုတ်သေး၍ ဝေ့တုတစ်ယောက်အရေးနိမ့်သော်လည်းတန်ပြန်တိုက်ခိုက်နိုင်ခြင်းဖြစ်ကာ သူသာအစွမ်းကုန်တိုက်ခိုက်ပါက သိုင်းကွက်တစ်ရာအတွင်းအနိုင်ယူနိုင်ပေမည်။
ထိုအချက်ကိုရိပ်စားမိခြင်းမရှိသည့်ဝေ့တုကတော့ အချိန်ကြာလေလေပို၍ဒေါသထွက်လာလေလေဖြစ်ပြီး သူ၏မျက်နှာကြီးက ရှက်ရွံ့ဒေါသကြောင့် နီရဲတင်းမာနေသည် ။။
မူလက ဟောင်ရန့်လို နာမည်မရှိသည့်လူငယ်လေးတစ်ယောက်ကို အလွယ်တကူအနိုင်ရမည်ဟုတွေးခဲ့မိသော်လည်း အမှန်တကယ်တိုက်ခိုက်ချိန်တွင်ကား လက်ရည်တူပင်တိုက်ခိုက်နိုင်ခြင်းမပြုပေ။
ဟောင်ရန်၏ဓားကွက်များကရှုပ်ထွေးပြီး ဓားရိပ်များကရာနှင့်ချီ၍ထွက်ပေါ်နေရာ ဝေ့တုမှာ အချိန်ကြာလေလေပို၍စိတ်ရှုပ်ထွေးလာလေလေဖြစ်ပြီး သူ့ထံသို့ဝင်ရောက်လာသည့် ဓားရိပ်မှန်သမျှကို ပြင်းထန်စွာခုခံရိုက်ထုတ်လျက်ရှိသည်။။
ယခုပုံစံအတိုင်းသာဆက်သွားပါက အနိုင်အရှုံးမပေါ်လျှင်ပင် အတွင်းအားကုန်ခမ်း၍ ဝေ့တုရှူံးနိမ့်မည်က သေချာသလောက်ဖြစ်နေပြီး ထိုအချက်ကိုရိပ်စားမိသည့် ထန်ရှန်းက ဘေးဘက်မှနေ၍ အော်ဟစ်လိုက်သည်။
“ ညီလေးတု ဓားရိပ်တွေကို အာရုံမစိုက်နဲ့ စိတ်အေးအေးထားပြီး သူ့တိုက်ကွက်တွေကိုဖျက်ဆီးနိုင်အောင်လုပ် ....”
ဘေးမှကြည့်နေသူက ရှင်းရှင်းလင်းလင်းမြင်ရသည့်ဆိုသည့်စကားအတိုင်း ဟောင်ရန်၏ဓားရိပ်များကြောင့် ဝေ့တုစိတ်ရှုပ်ထွေးပြီးအာရုံမစိုက်နိုင်သည်ကိုသိရှိသတိပေးလိုက်ခြင်းဖြစ်သည်။
ထန်ရှန်း၏သတိပေးမှုကြောင့် ကျန်ရှိနေသူများစိတ်ထဲတစ်မျိုးဖြစ်သွားကြသော်လည်းမည်သူမမပြောကြပေ။
အစစ်အမှန်တိုက်ပွဲမဟုတ်သည့် ယခုလိုလက်ရည်စမ်းတိုက်ပွဲမျိုးတွင် ဘေးမှကူညီပြောဆိုပေးသည်က သဘာဝမကျသော်လည်း ထိုသို့ပြောဆိုခြင်းမပြုရဆိုသည့်စည်းမျဉ်းလည်းမရှိ၍ ထန်ရှန်းကိုအပြစ်တင်၍လည်းမရပေ။
ထိုစဉ် အခန်းထောင့်တွင်ရှိနေသည့်ချောင်ရှန်းရှန်းလည်း ပြင်းထန်လှသည့်တိုက်ပွဲကိုမျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်နေရင်း အံ့ဩစွာပြောလိုက်သည်။
“ ဟို ငကြောက်ကောင် ရှူံးတော့မယ် ဟိုနှာဘူးကလည်း အစွမ်းထက်ထိပ်သီးအဆင့်နဲ့တူတယ် သူတို့က နည်းနည်းတော့အစွမ်းအစရှိသားပဲ....”
ချောင်ရှန်းရှန်း၏ရေရွတ်သံကြောင့် အနက်ရောင်ဝတ်စုံဝတ် စီးတုယွမ်ချင်းက တည်ငြိမ်စွာပြောလိုက်သည်။
“ ငါပြောသားပဲ သူတို့ကိုအထင်သေးလို့မရပါဘူးဆို....”
စီးတုယွမ်ချင်း၏ကြည်လင်သည့်မျက်လုံးလေးများက စူးရှတောက်ပနေပြီး တိုက်ပွဲကို အသေအချာအာရုံစိုက်ကြည့်လျက်ရှိသည်။
သူမ၏မှတ်ချက်ကြောင့်ချောင်ရှန်းရှန်းက ရင်ဘက်ကိုကော့ကာ ဝင့်ကြွားဟန်ဖြင့်ဆိုလိုက်သည်။
“ ဟမ့်...ဟိုငကြောက်တွေကိုသုံးလိုက်တာမှားတာပဲ။ ကျမကိုယ်တိုင်တိုက်ခိုက်ရင် ဟိုနှာဘူးကိုအေးအေးဆေးဆေးအနိုင်ယူနိုင်တယ်....”
ချောင်ရှန်းရှန်၏စကားကလေကြီးခြင်းသာဖြစ်ပြီး သူမ၏သိုင်းပညာကလည်း ဝေ့တုနှင့်မတိမ်းမယိမ်းသာရှိရာ ဟောင်ရန့်ကိုအနိုင်ယူရန်က အိပ်မက်မက်ခြင်းသာဖြစ်သည်။
တိုက်ပွဲထဲတွင် ထန်ရှန်း၏အော်ဟစ်သတိပေးမှုကြောင့် ဝေ့တုလည်း ကိုယ့်အမှားကိုလျှင်မြန်စွာသတိပြမိသွားကာ ဟောင်ရန်၏ဓားရိပ်များကိုအာရုံစိုက်ရမည့်အစား သူ့ကိုပိတ်ဆို့ထားသည့် တိုက်ကွက်များကြားမှဖောက်ထွက်ရန်သာကြိူးပမ်းလိုက်သည်။
မိုးကြိုးနတ်ဓားသိုင်း၏အဓိကအခြေခံက ပြင်းထန်အားကောင်းခြင်းဖြစ်ပြီး လျှင်မြန်ရှုပ်ထွေးသည့်ဓားသိုင်း၏ဆန့်ကျင်ဘက်ဖြစ်ရာ ဝေ့တုအာရုံစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ဟောင်ရန်၏ပိတ်ဆို့မှုကြားမှ တဖြေးဖြေးပြန်ဖောက်ထွက်လာနိုင်သည်။
နတ်ဓားရှင်ဝေ့ယန်၏မြေး ၊ မိုးကြိုးနတ်ဓားဂိုဏ်း၏ပါရမီရှင်တစ်ဦးပီသစွာ ဝေ့တု၏ပါရမီက ညံ့ဖျင်ခြင်းမရှိဘဲ အမှားကိုသိသည်နှင့်ချက်ခြင်းပင်ပြင်ဆင်နိုင်စွမ်းရှိပေသည်။
စားသောက်ဆိုင်တွင် စုထင်းတို့ကိုအချိန်တိုအတွင်းရှုံးနိမ့်ခဲ့ခြင်းက သုံးယောက်နှစ်ယောက်တိုက်ပွဲဖြစ်၍ ဖြစ်ပြီး သူ့ဘက်တွင်ကူညီမည့်ထန်ရှန်းပါဝင်သည့်တိုင် စုထင်းတို့လိုဝါရင့်သိုင်းထိပ်သီးများကိုရှုံးနိမ့်ခြင်းကအံ့ဩစရာမရှိပေ။
ယခု ဝေ့တု၏ပြောင်းလဲလာသည့်တိုက်ကွက်များကြောင့် တိုက်ပွဲက ပို၍ပြင်းထန်လာပြီး တိုက်ပွဲစတင်ခဲ့သည်က အချိန်အနည်းငယ်ကြာမြင့်လာပြီလည်းဖြစ်သည်။
လက်ရှိအခြေအနေက မည်သူ့ဘက်မှအသာစီးမရတော့ဘဲ ဟောင်ရန်က များပြားလှသည့်ဓားရိပ်များဖြင့် ဝေ့တုကိုပိတ်ဆို့ထားရန်ကြိုးပမ်းနေသလို ဝေ့တုကလည်း အစောပိုင်းကလိုဒေါသတကြီးမဖြစ်တော့ဘဲ ဟောင်ရန်၏တိုက်ကွက်များကို ခုခံတိုက်ခိုက်လျက်ရှိသည် ။
တစ်ခါတစ်ရံ၌ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသည့် တန်ပြန်တိုက်ကွက်များပင်ထွက်ပေါ်လာတတ်ပြီး မိုးကြိုးနတ်ဓားဂိုဏ်း၏ပါရမီရှင်က ဂုဏ်သတင်းနှင့်လိုက်အောင်ထူးချွန်ပါသည်ဟု ကျန်လူများတွေးတောမိကြသည် ။
ဟောင်ရန်ကား တိုက်ပွဲအစကလို အသာစိးအခြေအနေတွင်ရှိမနေတော့သော်လည်း ဟန်မပျက်ထိမ်းချုပ်တိုက်ခိုက်နေဆဲဖြစ်ပြီး အနိုင်ရရန်အစွမ်းကုန်ကြိုးစားတိုက်ခိုက်နေသည့်ဝေ့တုနှင့်ခြားနားစွာ သူက ချွေးပင်မထွက်ပေ။
ထိုအခိုက်ကို လွန်စွာနည်းပါးသည့်လူအရေအတွက်သာရိပ်စားမိကြပြီးအများစုက ဝေ့တု၏တိုက်ကွက်များပိုအစွမ်းထက်လာပြီးလက်ရည်ညီလာသည်ကို သဘောကျနေကြသည်။
ထိုအခိုကိ အစောပိုင်းက ထန်ရှန်း၏လုပ်ရပ်ကြောင့် ရှောင်ယောင်လည်း ထိုနှစ်ယောက်ကိုပို၍ကြည့်မရဖြစ်သွားပြီး သူလည်းအလားတူအော်ဟစ်လိုက်သည်။
“ ဟောင်ရန် အစွမ်းကုန်သုံးပြီး ဒီကောင့်ကိုအနိုင်ယူလိုက်တော့....”
ရှောင်ယောင်၏ ကျယ်လောင်ပြီးလွှမ်းမိုးနိုင်သည့်အားပေးသံကြောင့် ဟောင်ရန်၏မျက်နှာထက်၌အပြုံးတစ်ခုထွက်ပေါ်လာသည်။
ဟောင်ရန်က သူ၏ညာလက်ရှိဓားကို လက်နှစ်ဖက်ဖြင့်ပြောင်းလဲဆုပ်ကိုင်လိုက်ပြီး ခန္တာကိုယ်ကိုလည်း ဘေးတစောင်းအနေအထားသို့ပပြောင်းလိုက်သည် ။
ထို့နောက် ဟောင်ရန်၏ခန္တာကိုယ်က အရိပ်တစ်ခုလိုလျှင်မြန်စွာရွေ့လျားသွားပြီး သူ၏တိုက်စစ်ကိုအရှိန်မြှင့်လိုက်တော့သည်။
“ ထန်း..ထန်း....”
ဓားနှစ်လက်ထိခတ်သံက ပို၍ပင်များပြားလာပြီး အသက်ရှူချိန်သုံးခါအတွင်း ဆယ်ကြိမ်ကျော်ထိတ်တိုက်တွေ့ပြီးဖြစ်သည်။
အစောပိုင်းကတိုက်ပွဲတစ်လျှောက်လုံး ဟောင်ရန်က ကိုယ်ဖော့ပညာအသုံးမပြုသေးဘဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုသူ၏ထိပ်တန်းအဆင့်ကိုယ်ဖော့ပညာကိုအသုံးပြုလိုက်ရာ ဝေ့တုမှာ အောက်စည်းသို့ပြန်ရောက်သွားပြန်သည်။
ဟောင်ရန်၏တိုက်ကွက်များက မူလကပင်လျှင်မြန်ရှုပ်ထွေးလှသည်ဖြစ်ရာ ယခုလို ဘက်ပေါင်းစုံမှလှည့်ပတ်တိုက်ခိုက်မှုများကိုရင်ဆိုင်ရာတွင် ဝေ့တုမှာ မည်သို့မှတုန့်ပြန်နိုင်စွမ်းမရှိတော့ဘဲ ဓားကွက်များက ဖရိုဖရဲဖြစ်လာသည် ။
ထိုနည်းတူ ဟောင်ရန်၏အတွင်းအားက သူ့ထက်သာလွန်နေသည်ဖြစ်ရာ ဓားချင်းထိတွေ့တိုင်း ဝေ့တု၏ရင်ဘက်ကအနည်းငယ်အောင့်တက်သွားပြီး အတွင်းဒဏ်ရာပင်ရရှိတော့မည်ကဲ့သို့ဖြစ်နေပေသည် ။
လက်ရှိအခြေအနေအရ သူမည်မျှပင်ကြိုးစားပါစေ ဟောင်ရန့်ကိုအနိုင်မရတော့မှန်းသိလိုက်၍ညဝေ့တု၏စိတ်ထဲတွင်မိုက်ရူးရဲဆန်သည့်စိတ်များထွက်ပေါ်လာပြီး မိုးကြိုးနတ်ဓားသိုင်းမှ အသေသတ်ကွက်တစ်ခုကို ထုတ်သုံးလိုက်မိသည်။
“ ကောင်းကင်ပြစ်ဒဏ်....”
“ သေစမ်း....”
ဝေ့တု၏ကြောက်မက်ဖွယ်ကောင်းသည့်အော်ဟစ်သံကြီးနှင့်အတူ သူ၏ဓားက ဟောင်ရန့်ဆီသို့အရှိန်အဟုန်ပြင်းစွာတိုးဝင်လာတော့သည်။
မိုးကြိုးနတ်ဓားသိုင်းက အင်အားပြင်းထန်မှုကိုအခြေခံထားခြင်းဖြစ်သော်လည်း ထိုဓားကွက်က ပုံမှန်ဓားကွက်များထက် များစွာမြန်ဆန်ရုံသာမက ရန်သူ၏သေကွင်းသေကွက်နေရာများကိုသာဦးတည်တိုက်ခိုက်ခြင်းဖြစ်သည် ။
ထို့ကြောင့် ဝေ့တု၏ဓားက ဟောင်ရန်၏လည်ပင်းဆီသို့လွန်စွာလျှင်မြန်သည်အရှိန်ဖြင့်တိူးဝင်သွားကာ ဟောင်ရန့်အနေဖြင့် ဝေ့တုကိုဆက်လက်တိုက်ခိုက်နေလျှင်သူ သေဆုံးရမည်မှာ ကျိန်းသေသလို ရှောင်တိမ်းလွတ်မြောက်ရန်လည်း လွယ်ကူခြင်းမရှိတော့ပေ။
အနိုင်အရှူံးပေါ်ရုံသာတိုက်ခိုက်နေသည့်လက်ရည်စမ်းတိုက်ပွဲတွင် ဝေ့တုက ယခုလိုရက်စက်သည့်တိုက်ကွက်ကိုထုတ်သုံးလာ၍ ကြည့်ရှုနေသူများမယုံကြည်နိုင်ဖြစ်သွားကြပြီး အံ့ဩထိတ်လန့်သွားကြသည်။
လက်ရှိ၏ဟောင်ရန်၏အခြေအနေကြောင့် သူ့ကိုကြည့်မရသည့်ချောင်ရှန်းရှန်းပင်အလိုလိုစိတ်ပူသွားမိပြီး စီးတုယွမ်ချင်းလည်းမျက်မှောင်ကြုတ်လိုက်သည် ။
အခန်းထဲရှိလူများထဲတွင်အတည်ငြိမ်ဆုံးလူကိုပြပါဆိုလျှင်ရှောင်ယောင်သာဖြစ်ပေမည် ။
ချူးကုနန်နှင့်တိုက်ပွဲလို သေခြင်းရှင်ခြင်းတိုက်ပွဲကို အတူလက်တွဲကျော်ဖြတ်ခဲ့ရသူများပီပီဟောင်ရန်၏ဓားသိုင်းမည်မျှအစွမ်းထက်သည်ကိုကောင်းစွာသိထားပြီး ဟောင်ရန်ထုတ်မသုံးရသေးသည့်တိုက်ကွက်များစွာရှိနေသေးကြောင်းကိုလည်း သူကောင်းစွာသိရှိပေသည် ။
“ ထန်း....”
နားကွဲလုမတတ်ကျယ်လောင်သည့်အသံနှင့်အတူ ဝေ့တု၏လက်ထဲရှိကျောက်စီဓားက ခပ်လှမ်းလှမ်းသို့လွင့်စင်သွားလေသည်။
ဟောင်ရန်၏ဓားက ဝေ့တု၏လည်ပင်းပေါ်တွင်ရှိနေပြီး နတ်ဓားရှင်ဝေ့ယန်၏မြေးဖြစ်သူဝေ့တုကား သူ၏လက်တစ်ဖက်ကိုအုပ်ကိုင်ကာ တဆက်ဆက်တုန်ယင်နေသည့်ပုံစံဖြင့်ရှိနေသည် ။
အတွင်းအားအကုန်သုံးကာရိုက်ထုတ်လိုက်သည့် ဟောင်ရန်၏ဓားချက်ကြောင့် သူ၏လက်ညိုးနှင့်လက်မကြားတွင်ကွဲအက်သွားပြီး ဓားကိုပင်မြဲမြဲမကိုင်နိုင်ဘဲလွှတ်ချလိုက်ရသည်။
ထို့ထက်ပို၍အရေးကြီးသည်က ဟောင်ရန်၏ဓားက သူ၏လည်ပင်းပေါ်သို့လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့်ရောက်လာခြင်းဖြစ်ပြီး သူသတိမပြုလိုက်နိုင်မီ အေးစက်စက်ဓားသွားက သူ့လည်ပင်းပေါ်သို့ရောက်ရှိနေပြီဖြစ်သည် ။
&-&