အရိပ်ပျောက်ဓားသိုင်းနှင့်ဆရာသခင်
Vol. 2 Ch. 73
သိုင်းပညာပါရမီကောင်းလှ၍ ရိုးသားဖြူစင်သည့်စိတ်ဓာတ်ပိုင်ဆိုင်ထားသော်လည်း အတွေ့အကြုံနည်းပါးကာ စိတ်ထားပျော့ပြောင်းသည့်ဟောင်ရန်ကို နောက်သို့ပို့လိုက်ပြီး ရှောင်ယောင်က အနီးရှိလူများကိုစူးစိုက်ကြည့်ကာမေးလိုက်သည်။
“ သူက လျှပ်တပြတ်ဓားသိုင်းကို တတ်မြောက်ထားတယ်လို့ဘယ်သူတပ်အပ်ပြောနိုင်သလဲ... ပြီးတော့ အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေနဲ့သူ့ကို သိုင်းသူခိုးလို့စွပ်စွဲနေတာတွေကရော ဘာသဘောလဲ....”
ရှောင်ယောင်၏အဆက်မပြက်မေးခွန်းများကိုရင်ဆိုင်နေရချိန်တွင် ကျန်လူများမှာ စကားတစ်ခွန်းမှမဆိုနိုင်ကြသလို အသံတစ်သံမှပင်ထွက်မလာတော့ပေ။
အထူးသဖြင့် ဟောင်ရန့်ကိုစတင်ပြောဆိုသည့် စီးတုယွမ်ချင်း၊ ချောင်ရှန်းရှန်းနှင့် မီးလောင်ရာလေပင့်သည့်ထန်ရှန်းတို့ထံ၌ ရှောင်ယောင်၏အကြည့်ကအဆုံးသက်သွားသည် ။
သိုင်းအဆင့်တစ်ခုထဲဆိုလျှင် ရှောင်ယောင်က အခန်းတွင်းရှိလသအားလုံးတွင်အနိမ့်ဆုံးဟုဆိုနိုင်သည်။
သို့သော် လက်ရှိအချိန်၌ သူ၏ခန္တာကိုယ်မှ ထွက်ပေါ်နေသညိ့လွှမ်းမိုးနိုင်စွမ်းရှိပြီး အေးစက်သည့်အရှိန်အဝါတို့က ကျန်လူများကိုထိတ်လန့်တုနိလှုပ်စေကာ သူနှင့်အတိုက်မခံပြုရန်မဆိုထားနှင့်ရဲရဲပင်မကြည့်ဝံ့ကြတော့ပေ။
သူ၏အေးစက်တောက်ပသည့်အကြည့်များကိုရင်ဆိုင်ရာတွင်ပြဿနာရှာတတ်သည့်ချောင်ရှန်းရှန်းပင် ရင်ထိတ်သွားပြီး ထန်ရှန်းကား ပါးစပ်ကြီးဟ၍ စကားတစ်ခွန်းမှမထွက်လာတော့ပေ။
သို့သော် နောက်ဆုတ်သွားသူများထဲတွင် စီးတုယွမ်ချင်းပါဝင်ခြင်းမရှိပေ။
“ ကျမသေချာပြောနိုင်တယ်။ ကျမက ချောင်မျိုးနွယ်ကလူတွေနဲ့ရင်းနှီးတယ် ။အထူးသဖြင့် ဟောဒီက ရှန်းရှန်းနဲ့ သူ့အဖေ ဦးလေးချောင်တို့နဲ့ပိုပြီးရင်းနှီးတယ်။
ဒါကြောင့်လျှပ်တပြတ်ဓားသိုင်းကိုအစအဆုံး တစ်ကြိမ်ထက်မနည်းမြင်ဖူးတယ်။
စောစောက ရှင့်နောက်ကလူသုံးသွားတာ လျှပ်တပြတ်ဓားသိုင်းထဲက ဓားကွက်တွေပဲ....”
တည်တင်းအေးစက်သည့်မျက်နှာ၊ ပြက်သားသည့်လေသံတို့ဖြင့်စီးတုယွမ်ချင်း၏ပုံစံကလည်း ထက်ရှသည့်ဓားတစ်လက်လိုဖြစ်နေသည် ။
ထိုအခါမှ ထန်ရှန်း၏လက်ထဲတွင်ရှိနေသည့် ဝေ့တုကလည်း တုန်ယင်သည့်လေသံဖြင့်ဝင်ပြောလိုက်သည်။
“ မဟူရာနတ်သမီးပြောတာ သေချာတယ် သူကျုပ်ကိုတိုက်သွားတဲ့ဓားကွက်တွေက ချောင်မျိုးနွယ်ရဲ့လျှပ်တပြတ်ဓားသိုင်းထဲကဓားကွက်တွေပဲ....”
ဝေ့တု၏မျက်ဝန်းများက ရှောင်ယောင်၏နောက်ရှိဟောင်ရန့်ဆီသို့စူးစိုက်ကျရောက်နေကာ ထိုအထဲတွင် ပြင်းထန်သည့်အမုန်းတရားများကိုတွေ့မြင်နိုင်သည်။
သူတို့၏မူလမကျေနပ်ချက်ကအသေးအဖွဲ့လေးသာဖြစ်သော်လည်း လူဘုံအလယ်တွင် ဟောင်ရန်က သူ့ကိုအပြက်အသက်အနိုင်ယူသွားပြီး သူ၏စိတ်ဓာတ်ကိုပင်ရိုက်ချိူးသွားရာ ဝေ့တုမှာ ဟောင်ရန့်ကို ကမ္ဘာမကျေရန်သူတော်ကြီးတစ်ယောက်လိုသတ်မှတ်လိုက်ပြီးဖြစ်သည်။
သူ၏အချိန်ကိုက်ဝင်ရောက်ပြောဆိုမှုကြောင့် အခြေအနေများက ပို၍တင်းမာလာသလို ရှောင်ယောင်လည်း ဟောင်ရန့်ကိုတမင်ချောက်ချနေသည့်ဝေ့တုကို ဒေါသထွက်စွာကြည့်ရင်း မေးလိုက်သည်။
“ မင်းပြောတာက သူကမင်းကိုလျှပ်တပြတ်ဓားသိုင်းနဲ့တိုက်ခိုက်ခဲ့တယ်ပေါ့....ငါမြင်ရစလောက်ဆိုရင် မင်းအဲဒီအချိန်တုန်းက ကြောက်လွန်းလို့တုန်နေတာလေ...ဘယ်လိုလုပ်သတိထားမိချိန်ရမှာလဲ....”
ရှောင်ယောင်၏အေးစက်စူးရှသည့်အကြည့်နှင့် ချက်ကျသည့်မေးခွန်းတို့ကြောင့် ဝေ့တုမှာ မည်သည့်စကားမှပြန်မပြောနိုင်ဘဲ ထစ်အသွားတော့သည်။
ဟောင်ရန်ကား ရှေ့တွင် တံတိုင်းကြီးတစ်ခုလိုကာကွယ်ပေးကာ ကျန်လူများကိုတစ်ဦးထဲရင်ဆိုင်ပေးနေသည့်ရှောင်ယောင်၏ပုံစံကိုကြည့်ရင်း မျက်ဝန်းထဲတွင် နူးညံ့သည့်အရိပ်အယောင်များပေါ်ထွက်လာသလို သူ၏ရင်ထဲတွင်လည်း နွေးထွေးသွားလေသည်။
ထိုအချိန်တွင် ရှောင်ယောင်ရုတ်တရက်ကြားဝင်လာ၍ အနည်းငယ်အံ့အားသင့်သွားသည့် စီးတုယွမ်ချင်းက ရှောင်ယောင့်ကိုစူးစိုက်ကြည့်ရင်းဖြေးညင်းစွာပြောလိုက်သည်။
“ သူသေချာမသိနိုင်ပေမယ့် ကျမကတော့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်သေချာတယ် သူသုံးသွားတာ လျှပ်တပြတ်ဓားသိုင်းထဲကဓားကွက်တွေပဲ....”
အေးစက်ပြက်သားစွာဖြင့်အခိုင်အမာပြောနေသည့်စီးတုယွမ်ချင်းကြောင့် ရှောင်ယောင်လည်း စိတ်ပတက်စွာရေရွတ်လိုက်မိသည်။
“ အရှုပ်ထုပ်မကတော့ အရင်ကအတိုင်းပဲ....”
ရှောင်ယောင်၏တီးတိုးစကားသံကြောင့် စီးတုယွမ်ချင်း၏မျက်နှာကပြောင်းလဲသွားသည်။
“ ဘယ်လို....”
“ ဘာမှမဟုတ်ပါဘူး....”
ရှောင်ယောင်လည်း ခေါင်းယမ်းပြလိုက်သည်။
ထို့နောက် စီးတုယွမ်ချင်း၏၏နောက်ဆုတ်မည့်ဟန်မရသည့်ပုံစံကြောင့် ရှောင်ယောင်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏နောက်ဘက်တွင် ခေါင်းငုံ့နေသည့်ဟောင်ရန့်ကို လှည့်မေးလိုက်သည်။
“ ဟောင်ရန် မင်းသုံးသွားတာ ဘယ်ဓားသိုင်းလဲဆိုတာကိုရှင်းပြလိုက်....”
ရှောင်ယောင်၏စကာကြောင့် ဟောင်ရန်လည်း သူ၏စိတ်ကိုပြန်၍ထိမ်းချုပ်လိုက်ပြီး ရှေ့သို့အနည်းငယ်တိုးကာ စီးတုယွမ်ချင်းနှင့်ချောင်ရှန်းရှန်းတို့ကိုပြောလိုက်သည်။
“ ကျုပ်သုံးခဲ့တာက လျှပ်တပြတ်ဓားသိုင်းမဟုတ်ဘူး ကျုပ်ဆရာသင်ပေးခဲ့တဲ့ အရိပ်ပျောက်ဓားသိုင်းပဲ....”
ဟောင်ရန်၏တည်ကြည်လေးနက်သည့်စကားကြောင့် ကျန်လူများအံ့အားသင့်သွားကြသည်။
အကြောင်းကားအရိပ်ပျောက်ဓားသိုင်းဆိုသည့်ဓားပညာကို သူတို့တစ်ကြိမ်မှမကြားဖူး၍ဖြစ်ပြီး စီးတုယွမ်ချင်းပင်မျက်မှောင်ကြုတ်လိုက်မိသည် ။
သို့သော် သူမ၏ဘေးရှိချောင်ရှန်းရှန်း၏မျက်နှာထက်၌ မယုံကြည်နိုင်သည့်အမူအယာက အထင်းသားထွက်ပေါ်လာပြီး ခေါင်းယမ်း၍ပြောလိုက်သည်။
“ မဖြစ်နိုင်တာ ရှင်ကဘယ်လိုလုပ်သူ့ရဲ့တပည့်ဖြစ်မှာလဲ....”
ချောင်ရှန်းရှန်း၏စကားကြောင့် ဟောင်ရန်ကလည်း သူမကိုစိုက်ကြည့်ကာပြန်မေးလိုက်သည် ။
“ ဘာလို့မဖြစ်နိုင်ရမှာလဲ အရိပ်ပျောက်ဓားသိုင်းကိုတတ်မြောက်တာက ဆရာ့အပြင်ကျုပ်တစ်ယောက်ပဲရှိတာ....”
ဟောင်ရန်၏အမှန်အတိုင်းပြောနေသည့်ဟန့်ကြောင့်ချောင်ရှန်းရှန်းက အံ့ဩဝမ်းသာသွားဟန်တူပြီး စိတ်လှုပ်သည့်ဟန်ဖြင့် အလောတကြီးမေးလိုက်သည်။
“ ရှင့်ဆရာ ကျန်းကျန်းမာမာရှိနေသေးရဲ့လား...”
သူမ၏ပျော်ရွှင်ဝမ်းမြောက်နေသည့်ပုံစံကို ကျန်လူများနားမလည်နိုင်ဖြစ်နေသော်လည်း ဟောင်ရန်ကခေါင်းညိမ့်ကာပြန်ဖြေလိုက်သည်။
“ ဆရာက ကျန်းကျန်းမာမာပဲရှိနေပါတယ် .....”
သူတို့နှစ်ယောက်၏အဆက်အစပ်ရှိသည့်စကားများက အကြောင်းအရာ တစ်စုံတစ်ခုကိုပြောဆိုနေဟန်တူပြီး သူတို့နှစ်ဦးမှအပ အခြားလူများနားလည်ရန်မဖြစ်နိုင်ပါချေ။
ထိုအချိန်တွင် ချောင်ရှန်းရှန်း၏စိတ်လှုပ်ရှားပျော်ရွှင်နေဟန်ကြောင့် စီးတုယွမ်ချင်းပင်စိတ်ရှုပ်ထွေးသည့်လေသံဖြင့်မေးလိုက်မိသည်။
“ ရှန်းရှန်း မင်းတို့ဘာတွေပြောနေတာလဲ သူသုံးသွားတာ လျှပ်တပြတ်ဓားသိုင်းမဟုတ်ဘူးလား....”
စီးတုယွမ်ချင်း၏စကားသံကိုကြားမှ ချောင်ရှန်းရှန်းက သတိဝင်လာဟန်တူပြီး သူမ၏ဦးခေါင်းကိုတွင်တွင်ခါယမ်းကာပြောလိုက်သည်။။
“ မဟုတ်ဘူး သူသုံးသွားတာ လျှပ်တပြတ်ဓားသိုင်းမဟုတ်ဘူး ။ အရိပ်ပျောက်ဓားသိုင်းပဲ....”
ချက်ခြင်းလက်ငင်းဆိုသလိုပြောင်းလဲသွားသည့်ချောင်ရှန်းရှန်း၏ပုံစံကို သူမနှင့်လွန်စွာရင်းနှီးလှသည့်စီးတုယွမ်ချင်းပင်နားမလည်နိုင်တော့ပေ။
မူလက ချောင်ရှန်းရှန်းမှာ ဟောင်ရန့်ကိုရှင်းပြခွင့်တောင်းနေရာယခုအခါသူ့ဘက်ကပင်ကာကွယ်ပြောဆိုနေပေသည်။
ထိုပြောင်းလဲမှုကြောင့် လူအားလုံးအံ့အားသင့်နေကြစဉ် ရှောင်ယောင်၏တည်ငြိမ်သည့်စကားသံကထွက်ပေါ်လာလေသည်။
“ ကောင်းပြီ အထင်လွဲတာတွေ ဖြေရှင်းပြီးပြီဆိုတော့ ကျုပ်တို့လဲသွားတော့မယ် ...လာ ဟောင်ရန်....”
ရှောင်ယောင်က ဟောင်ရန့်ကိုခေါ်၍ တိုက်ပွဲနေရာမှ ချာခနဲလှည့်ထွက်သွားတော့သည်။
ဟောင်ရန်ကလည်း သူ၏အပြုအမူကိုအနည်းငယ်အံ့အားသင့်မိသော်လည်း တစ်စုံတစ်ရာမေးမြန်းခြင်းမပြုဘဲ ကောက်ကောက်ပါအောင်လိုက်ပါသွားသည် ။
အနီးအနားရှိလူများမှာ သူတို့နှစ်ယောက်ထွက်သွားနိုင်ရန်အလျှင်အမြန်လမ်းဖယ်ပေးလိုက်ကြမိသလို ရှောင်ယောင်၏ အေးစက်တည်ငြိမ်သည့်ပုံစံကြောင့် အနည်းငယ်ပင်ထိတ်လန့်နေကြသည်။
သူတို့နှစ်ယောက်က အခန်းတွင်းမှထွက်ခွာသွားတော့မည့်ပုံရသော်လည်းမည်သူမှဟန့်တားခြင်းမရှိကြဘဲကြည့်နေကြသလို ဝေ့တုနှင့် ထန်ရှန်းပင် မျက်နှာပျက်နေသည့်တိုင် မတားဝံ့ကြ။
တံခါးဝသို့ရောက်ပြီး အပြင်သို့ထွက်ခွာမသွားမီ ရှောင်ယောင်က အခန်းတွင်းရှိလူများကိုလှည့်ကြည့်၍ပြောလိုက်သည်။
“ ဒီနေ့ကိစ္စနဲ့ပတ်သတ်ပြီးတစ်ခုခုမကျေနပ်တာရှိရင် ကျုပ်တို့ကိုအချိန်မရွေးလာရှာနိုင်တယ်နော်....”
ရှောင်ယောင်၏စကားက သူတို့နှစ်ယောက်ကိုရည်ရွယ်၍ပြောဆိုခြင်းဖြစ်၍ ဝေ့တုနှင့်ထန်ရှန်းတို့၏အမူအယာကကြည့်ရဆိုးသွားကြသာ်။
စီးတုယွမ်ချင်းကား မျက်မှောင်ကြုတ်၍ စိတ်ရှုပ်ထွေးးဟန်ဖြင့်ရှိနေကာ ရှောင်ယောင်တို့ထွက်သွားပြီးမှ ချောင်ရှန်းရှန်းကို အေးစက်စွာမေးလိုက်သည်။
“ ရှန်းရှန်း ငါ့ကိုတစ်ခုခုပြောဖို့မရှိတော့ဘူးလား....”
ပုံမှနိအချိန်များတွင်ပင် အရယ်အပြုံးမရှိသည့်သူမ၏မျက်နှာက ယခုအခါ ရေခဲလိုအေးစက်နေပြီး အနိမ့်အမြင့်မရှိသည့်အသံက သူမဒေါသထွက်နေကြောင်းသိသာစေသည်။
ရေခဲနတ်သမီးဒေါသထွက်နေချိန်၌ အခန်းတွင်ရှိလူငယ်များမှာ ချောင်းဟန့်သံပင်မပြုဝံ့ဘဲ ချောင်ရှန်းရှန်း၏ရှင်းပြချက်ကိုသာစောင့်ဆိူင်းနေကြသည်။
စီးတုယွမ်ချင်း၏ ဒေါသထွက်နေသည့်ပုံစံ ကျန်လူများ၏ မေးခွန်းထုတ်သည့်မျက်နှာများကြောင့် ချောင်ရှန်းရှန်းလည်း လျှာလေးထုတ်လိုက်မိပြီး ဖြေးညင်းစွာပြောလိုက်သည်။
“ အရိပ်ပျောက်ဓားသိုင်းဆိုတာကလည်း အစွမ်းထက်တဲ့ထိပ်တန်းဓားသိုင်းတစ်ခုပဲ ။
ပြီးဝောာ့ အဲဒီဓားသိုင်းကိုတီထွင်ခဲ့တဲ့လူက ကျမတို့ချောင်မျိုးနွယ်နဲ့ ပတ်သတ်နေတယ် ....”
&&&
“ အစ်ကိုရှောင်ယောင်....”
“ အစ်ကိုရှောင်ယောင်....”
ဥယျာဉ်ဘက်ဆီသို့ပြန်သွားသည့်လမ်း၌ ဟောင်ရန်က ရှေ့မှခြေလှမ်းကျဲကျဲဖြင့်သွားနေသည့်ဟောင်ရန့်ကို ခပ်တိုးတိုးခေါ်နေသည်။
သို့သော် သူ၏စကားကိုရှောင်ယောင်ကမကြားဟန်ဖြင့် တစ်စုံတစ်ခုပြောဆိုခြင်းမပြုဘဲ ရှေ့ဆက်သွားနေရာ ဟောင်ရန်လည်းထပ်ခေါ်လိုက်သည်။
“ အစ်ကို...”
“ တိတ်စမ်း....”
နောက်သို့ပြန်ကြည့်လာပြီး တင်းမာလေသံဖြင့်အော်ဟစ်လိုက်သည့်အော်ဟစ်လိုက်သည့်ရှောင်ယောင်၏အော်ငေါက်သံကြောင့်ဟောင်ရန်၏ခန္တာကိုယ်ကအနည်းငယ်တုန်ယင်သွားသည် ။
&&&&