ဇာတ်ကြောင်း
Vol. 2 Ch. 74
ရှောင်ယောင်က ရုတ်တရက်မပြောမဆိုအော်ငေါက်လာ၍ ဟောင်ရန်၏ပုံစံက အနည်းငယ်ထိတ်လန့်သွားဟန်တူသည်။
သူ၏အမူအယာကိုဂရုမစိုက်ဘဲ ရှောင်ယောင်က အေးစက်စက်အမူအယာဖြင့်မေးလိုက်သည် ။
“ မင်းအခုဘာတွေလုပ်ထားလဲဆိုတာကြည့်စမ်း ။ ဟိုက မင်းကို ဒီလောက်စွပ်စွဲပြောဆိုနေတာတောင် တစ်ခွန်းမှပြန်မပြောဘဲခေါင်းငုံ့နေတာ ။
ငါသာ အဲဒီနေရာမှာမရှိရင် မင်းရဲ့ပုံစံနဲ့ဆို သူများတွေပြောတာကိုပြန်မချေနိုင်ဘဲ ဝိုင်းပြီးအတိုက်ခံရလိမ့်မယ်။
ဟမ်...မင်းက ဒီလောက်ပဲ မပြောတတ်မဆိုတတ်ဖြစ်နေတာလား ။။ဒီလိုပုံစံနဲ့ဆို သိုင်းလောကထဲတစ်ယောက်ထဲကျင်လည်ရင် ဘယ်လောက်သိုင်းပညာကောင်းကောင်း သူများလက်ချက်နဲ့သေမှာပဲ ။
မင်းက တကယ့်ကိုတုံးအတာပဲ။ ပြီးတော့ စိတ်ပျက်စရာလည်းကောင်းတယ်....”
ရှောင်ယောင်၏အဆက်မပြက်ပြောဆိုမှုများကြောင့် ဟောင်ရန်၏ဦးခေါင်းက တဖြေးဖြေးငုံ့သွားပြီး သူ၏ခန္တာကိုယ်ကမသိမသာတုန်ယင်လာသည်။
ရှောင်ယောင်လည်း ဒေါသထွက်နေ၍ အချိန်အနည်းငယ်ကြာအောင်အော်ဟစ်ပြီးမှ သက်ပြင်းတစ်ချက်ချလိုက်သည်။
အမှန်အတိုငိးဆိုရလျှင် ရှောင်ယောင်မှာ လူမှန်းသိတတ်စကပင် ယခုလိုမျိုးခံပြင်းဒေါသထွက်ဖူးခြင်းမရှိခဲ့ပေ။
ဟောင်ရန်နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာမကြာသေးသော်လည်း ထိုလူငယ်လေးကို သူ၏ညီငယ်လေးလို သဘောထားပေသည်။
ထို့ကြောင့်လည်း အခန်းတွင်း၌ လူအများ၏ဝိုင်းဝန်းပြောဆိုစွပ်စွဲများများအောက်တွင် ဟောင်ရန်တစ်ယောက်တစ်ခွန်းမှပြန်မပြေဘဲ ခေါင်းငုံ့နေသည်ကို ဒေါသထွက်နေခြင်းဖြစ်ပေသည် ။
ရှောင်ယောင်၏စကားအဆုံးသတ်သွားမှ ဟောင်ရန်က ပြန်၍မော့မကြည့်ဘဲ အက်ကွဲနေသည့်အသံဖြင့်ပြောလိုက်သည်။
“ ဒါဆိုရင်ဘာလို့ခင်ဗျားက ကျုပ်ကိုကူညီပေးနေသေးလဲ ။ ဒီလောက်တုံးအတဲ့ကောင်ကို သေအောင်ပစ်ထားပါလား....”
ဟောင်ရန်၏စကားသံက များစွာတိုးညင်းလှပြီး ရှိုက်သံသဲ့သဲ့ပင်ပါဝင်နေသည်။
ထို့နောက် သူတို့၏မူလဦးတည်ရာဖြစ်သည့် အိမ်အနောက်ဘက်သို့ပြန်မသွားတော့ဘဲ ဘေးဘက်ရှိလမ်းတစ်ခုသို့ ပြေးထွက်သွားတော့သည်။
ထိုအဖြစ်ကြောင့် ရှောင်ယောင်မှာ ကြက်သေသေနေစဉ် ဟောင်ရန်ကပျောက်ကွယ်သွားပြီး ဖြစ်၍ စိတ်ပျက်စွာဖြင့်ခေါင်းယမ်းလိုက်မိသည်။
“ ဒီကောင်ကတော့....”
အခန်းထဲမှဟောင်ရန်၏လုပ်ရပ်ကို ယခုအချိန်ထိ ဒေါသထွကိနေဆဲဖြစ်သော်လည်း မနေနိုင်ဘဲ သူသွားသည့်ဘက်သို့ပြေးလိုက်သွားရသည်။
ရွှေဓားသခင်၏ခြံဝန်းကများစွာကျယ်ဝန်းသလို ခြံဝန်း၏သုံးပုံနှစ်ပုံနေရာယူထားသည့်စံအိမ်ကြီးကလည်းကြီးကျယ်ခမ်းနားလှသည်။
များစွာသောအဆောင်များ၊ အခန်းများဖြင့်ဖွဲ့စည်းထားသည့်အပြင်စံအိမ်၏ဘေးတစ်ဖက်စီတွင်လည်း အရိပ်အကောင်းသည့်သစ်ပင်ကြီးများအောက်၌ သစ်သားစားပွဲများနှင့် သစ်လုံးထွင်းထိုင်ခုံများချထားသေးသည်။
ထိုနေရာများက ဧည့်သည်များအလည်အပတ်ရောက်ရှိပါက လွတ်လပ်စွာအပန်းဖြေအနားယူနိုင်ရန်သီးသန့်နေရာများဖြစ်ဟန်တူပြီး စံအိမ်ကိုတည်ဆောက်ခဲ့သူ၏စိတ်ကူးစိတ်သန်းကောင်းမွန်မှုကို လေးစားရပေမည်။
ယခုလည်းဟောင်ရန်က သစ်လုံးကိုထွင်းထုထားသည့်ခုံတစ်လုံးပေါ်တွင်ရှိနေသည်။
သူ၏ခြေထောက်များကို စုကြုံ့ထားကာ တံတိုင်းဘက်ကိုမျက်နှာမူ၍ ဒူးကိုပိုက်ကာထိုင်နေပြီး ခေါင်းငုံ့လျက်ရှိသည်။
သူ၏ပုံစံက အထီးကျန်ဆန်ကာ ဝမ်းနည်းနေဟန်တူပြီး ယနေ့ညမှ ထူးထူးခြားခြားစိတ်ဓာတ်ပျော့ညံ့နေသည့်ထိုလူငယ်လေးကိုကြည့်ရင်း ရှောင်ယောင်လည်းစိတ်မောသွားကာ သူ၏ဘေးသို့ဖြေးညင်းစွာချဉ်းကပ်သွားလိုက်သည်။
“ ဟောင်ရန်...ဟောင်ရန်...”
ရှောင်ယောင်၏ခေါ်သံကိုကြားသော်လည်း ဟောင်ရန်ကမော့မကြည့်ပေ။
သူ၏၏ပိန်ပိန်သွယ်သွယ်ခန္တာကိုယ်ကအနည်းငယ်တုန်ယင်နေပြီး ရှောင်ယောင်လည်းခေါင်းကုတ်လိုက်မိကာ အဆူခံရသည့်ကလေးငယ်တစ်ယောက်လို တစ်ကိုယ်တည်းကြိတ်၍ငိုကြွေးနေသည့်ထိုလူငယ်လေးကိုဖြေးညင်းစွာပြောလိုက်သည်။
“ ငါအခုလိုပြောတယ်ဆိုတာ မင်းအတွက်ပဲလေ... မင်းက စိတ်ထားကောင်းပြီးကြင်နာတတ်ပေမယ့် အခုလိုမျိုးသူများတွေပြောတိုင်းခေါင်းငုံ့ခံနေမှာလား....”
ရှောင်ယောင်မှာ ဒေါသပင်မထွက်နိုင်တော့ဘဲ ထိုလူငယ်လေးကို ချော့မော့နေရသည်။ သို့သော် ဟောင်ရန်ကခေါင်းမော့မလာသေး၍ ရှောင်ယောင်လည်း ကြံရာမရသည့်အဆုံး လှောင်ပြောင်လိုသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ထစမ်းပါ...မင်းက ယောင်္ကျားလးမဟုတ်ဘူးလား....အလကားနေရင်းမျက်ရည်ကျနေတယ်...”
ရှောင်ယောင်၏စကားအဆုံး၍ ဟောင်ရန်က သူ့ကိုမကျေမနပ်ကြည့်လာပြီး ဒေါသတကြီးပြောလိုက်သည်။
“ ယောင်္ကျားလေးကမျက်ရည်မကျရဘူးလို့ ခင်ဗျားကိုဘယ်သူပြောလို့လဲ....”
ဟောင်ရန်ကထိုသို့ပြောရင်း သူ၏မျက်ဝန်းထောင့်စွန်းများကိုအင်္ကျီလက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။
သို့တိုင် ခမ်းခြောက်စမျက်ရည်စများဖြင့်ကြည်လဲ့နေသည့်သူ၏မျက်လုံးများက တစ်မျိုစတစ်ဖုံထူးခြားလျက်ရှိရာ ရှောင်ယောင်ပင်အနည်းငယ်ငေးမောသွားမိသည် ။
ရှောင်ယောင်၏အကြည့်ကြောင့် မျက်နှာနီရဲသွားသည့်ဟောင်ရန်က ထိုင်ရာမှ ရုတ်တရက်ထခုန်လိုက်ပြီး သူ၏နဖူးကိုလှစ်ခနဲတောက်လိုက်သည် ။
“ ထောက်....”
“ ခင်ဗျားကကျုပ်ကို ကြိုက်နေတာလား.. ကျုပ်ပြောမယ် ကျုပ်က ယောင်္ကျားချင်းမကြိုက်ဘူး...”
ဟောင်ရန်၏အလစ်တိုက်ခိုက်မှုကိုခံလိုက်ရ၍ရှောင်ယောင်လည်း ကျိန်းစပ်သွားသည့်နဖူးကိုပွတ်ကာ ထရပ်လိုက်သည်။
“ မင်းပြေးစမ်း....”
ပြောပြောဆိုဆိုဖြင့် ရှောင်ယောင်က ဟောင့်ရန့်ကိုရိပ်ခနဲပြေးဝင်၍ဖမ်းချုပ်လိုက်သည် ။
သို့သော် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့်ဟောင်ရန်ကလည်း စားပွဲခုံများကိုကွေ့ပတ်၍ပြေးလွှားနေပြီးရှောင်ယောင့်ကိုလှောင်ပြောင်လျက်ရှိသည် ။
ဤသို့ဖြင့် အစောပိုင်းကစိတ်ညစ်စရာများကိုမေ့လျော့ထားကာ စနောက်ကျီစယ်နေသည့်လူငယ်နှစ်ယောက်၏အသံက စံအိမ်မြောက်ဘက်တွင် တက်ကြွရွှင်မြူးစွာထွက်ပေါ်လျက်ရှိသည်။။
အချိန်အတော်ကြာပြေးလွှားဆော့ကစားပြီးမှ ရှောင်ယောင်လည်း ထိုင်ခုံတစ်လုံးတွင်ထိုင်ချလိုက်သည်။
“ လာတော့ မင်းကိုမရိုက်တော့ဘူး....”
သူတို့၏ကိုယ်ဖော့ပညာများက မတိမ်းမယိမ်းအဆင့်ရှိရာ ရှောင်ယောင်မှာ စားပွဲထိုင်ခုံများကြားကွေ့ပတ်ပြေးလွှားနေသည့် ဟောင်ရန့်ကိုဖမ်းမမိသည့်အဆုံး ရှောင်ယောင်လည်း လက်မှိုင်ချလိုက်ခြင်းဖြစ်သည် ။
ရှောင်ယောင်၏ အလျော့ပေးစကားကြောင့်ဟောင်ရန်လည်း ဝင့်ကြွားစွာပြူံးလိုက်ပြီး သူနှင့်စားပွဲတစ်ခုကျော်နေရာတွင်ဝင်ထိုင်လိုက်သည်။
တက်ကြွရွှင်လန်းနေပြီး ပျော်ရွှင်နေဟန်တူသည့်ထိုလူငယ်လေးက အစောပိုင်းမှအကြောင်းအရာများကိုသတိရဟန်ပင်မတူတော့ပေ။
ထို့ကြောင့် ရှောင်ယောင်လည်း ဟောင်ရန်၏အမူအယာကိုအကဲခပ်ရင်းမေးလိုက်သည်။
“ ဟေ့ ဟောင်ရန် မင်းရဲ့ဆရာက ဘယ်သူလဲ....ပြီးတော့ မင်းကောင်မလေးနဲ့လည်းသိနေတာလား....”
ရှောင်ယောင်၏မေးခွန်းကြောင့် ဟောင်ရန်၏မျက်နှာကအနည်းငယ်ရှုံ့မဲ့သွားပြီး ခေါင်းယမ်းပြလိုက်သည်။
“ ကျုပ်သူ့ကိုမကြိုက်ပါဘူးဆို...”
ဟောင်ရန်က ချက်ခြင်းလက်ငင်း ငြင်းဆန်လိုက်သော်လည်း ချောင်ရှန်းရှန်းဆိုသည့် မိန်းကလေးနှင့်ဆုံလျှင် သူ၏ပုံစံကတစ်မျိုးဖြစ်နေသည်ကို ရှောင်ယောင်ကောင်းကောင်းအကဲခပ်မိသည်။
ထို့နောက် ဟောင်ရန်၏အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီးလေးနက်သည့်ပုံစံဖြင့်ပြန်ဖြေလိုက်သည်။
“ တကယ်တော့ ကျုပ်ဆရာက ချောင်မျိုးနွယ်ဝင်တစ်ဦးပဲ။ သူက လက်ရှိချောင်မျိုးနွယ်စုခေါင်းဆောင် ချောင်ကျန်းရဲ့ညီအရင်းပဲ... ။
အဲဒီတုန်းကဆို ဆရာက လက်ရှိမျိုးနွယ်စုခေါင်းဆောင်ထက်တောင်ပိုပြီးပါရမီကောင်းသေးတယ်။
လွန်ခဲ့တဲ့အနှစ်လေးဆယ်လောက်က ဆရာကသူ့ရဲ့အစ်ကိုကြီးနဲ့အကြီးအကျယ်စကားများပြီး မျိုးနွယ်စုကနေထွက်သွားခဲ့တယ်။
ဘာကိစ္စကြောင့်လဲဆိုတာမသိပေမယ့် တော်တော့်ကိုကြီးကျယ်တဲ့ကိစ္စဖြစ်ပြီးတော့ ချောင်မျိုးနွယ်စုခေါင်းဆောင်ကလည်း ဆရာ့ကို မျိုးနွယ်စုထဲကျနထုတ်ပယ်ပြီလို့တောင်ကြေငြာခဲ့တာ။
ဒါကြောင့် ဆရာကလည်းသူ့အစ်ကိုနဲ့တခြားမျိုးနွယ်စုဝင်တွေကို စိတ်နာပြီးသူ့ရဲ့မျိုးရိုးနာမည်ကိုပါပြောင်းပစ်ခဲ့တယ်....”
ဟောင်ရန်၏စကားကြောင့် ရှောင်ယောင်ပင် တုန်လှုပ်သွားမိသည်။
သာမန်လူတစ်ဦးတစ်ယောက်ပင် သူတို့၏မျိုးရိုးနာမည်ကိုတန်ဖိုးထားကြပြီး ယခုလိုမျိုးရိုးနာမည်ကိုပြောင်းပစ်ခဲ့သည်အထိဆိုပါက ဟောင်ရန်၏ဆရာချောင်မျိုးနွယ်စုကိုမည်မျှစိတ်နာသွားကြောင်းသိနိုင်သည် ။
ဟောင်ရန်ကသက်ပြင်းတစ်ချက်ချ၍ဆက်ပြောလိုက်သည်။
“ ဆရာက မျိုးနွယ်စုကထွက်လာတဲ့နေကစပြီး သူကလည်းချောင်မျိုးနွယ်နဲ့ သေခန်းပြတ်လို့ကြေငြာခဲ့သလိုသူတတ်မြောက်ထားတဲ့လျှပ်တပြတ်ဓားသိုင်းကိုလည်းဘယ်တော့မှအသုံးမပြုတော့ဘူးလို့ကြေငြာခဲ့တယ်။။
ပြီးတော့ အနှစ်နှစ်ဆယ်လုံးလုံး လျှပ်တပြတ်ဓားသိုင်းနဲ့ယှဉ်နိုင်မယ့် ဓားသိုင်းတစ်ခုကိုဖန်တီးခဲ့တယ်။
သူကပင်ကိုယ်ပါရမီကောင်းလှတဲ့အပြင် ဇာတ်မြုပ်နေတဲ့ဆရာကြီးတစ်ယောက်ရဲ့အကူအညီကိုရလို့ ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုကိုတောင်အောင်အောင်မြင်မြင်ဖန်တီးနိုင်ခဲ့တယ် ။
အဲဒါက အခု ကျုပ်တတ်မြောက်ထားတဲ့ အရိပ်ပျောက်ဓားသိုင်းပဲ... သိုင်းလောကတစ်ခုလုံးမှာ ကျုပ်ဆရာကလွဲရင် ကျုပ်တစ်ယောက်ပဲ ဒီဓားသိုင်းကိုတတ်မြောက်ထားတာ”
ရှောင်ယောင်လည်းဟောင်ရန့်ဆရာဆိုသူကို သူ၏ဇာတ်ကြောင်းများနားထောင်ရုံဖြင့်လေးစားနေမိသည်။
သူ့ကိုစွန့်ပစ်ခဲ့သည့်မျိုးနွယ်က သူကလည်းစိတ်ဓာတ်ခိုင်မာစွာဖြင့်သေခန်းဖြတ်ခဲ့ရုံသာမက ထိုမျိုးနွယ်၏အထွတ်အမြတ်ဓားသိုင်းထက် သာလွန်သည့်ဓားသိုင်းတစ်ခုကိုပင်ဖန်တီးနိုင်ခဲ့သည်။
ထိုသို့သော် အရည်အချင်းမျိုးရှိသည့်လူတစ်ယောက်က သိုင်းလောကတွင်ကျော်ကြားခြင်းမရှိသည်မှာ အနည်းငယ်ထူးဆန်းလှသည်။
ရှောင်ယောင်၏မျက်နှာကိူအကဲခပ်၍ဟောင်ရန်ကဆက်ပြောလိုက်သည် ။
“ ဆရာက အဲဒီဓားသိုင်းကိုအောင်အောင်မြင်မြင်ဖန်တီးပြီးတဲ့အချိန်မှာပဲ ချောင်မျိုးနွယ်ကိုတစ်ခေါက်ပြန်ပြီး လက်ရှိမျိုးနွယ်စုခေါင်းဆောင်ဖြစ်နေတဲ့ သူ့အစ်ကိုကြီးကိုစိန်ခေါ်တိုက်ခိုက်ခဲ့တယ်။
မျိုးနွယ်စုတစ်ခုလုံးရဲ့ရှေ့မှာပဲ သူ့အစ်ကိုကြီးကို အပြတ်အသက်အနိုင်ယူပြီး သူ့ရဲ့အရည်အသွေးနဲ့ သူဖန်တီးထားတဲ့အရိပ်ပျောက်ဓားသိုင်းရဲ့အစွမ်းပို သက်သေပြခဲ့တယ် ။
အဲဒီအချိန်က ချောင်မျိုးနွယ်က သိုင်းမဟာမိတ်နဲ့ပူးပေါင်းပြီးသိုင်းလောကထဲဝင်ခါစအချိန်ပေါ့။
ဆရာ့ရဲ့သိုင်းပညာကိုလည်းမြင်ရော မျိူးနွယ်စုခေါင်းဆောင်ကိုယ်တိုင်ပြန်တောင်းပန်ပြီး သူ့ကိုမျိုးနွယ်စုထဲမှာပြန်ပြီးနေဖို့ဖိတ်ခေါ်ခဲ့တယ် ။
ဒါပေမယ့် ဆရာက လက်မခံခဲ့သလို သိုင်းလောကထဲဝင်ရောက်ဖို့လည်းစိတ်မပါဘဲ တစ်ယောက်ထဲနေခဲ့တယ်...”
ဟောင်ရန်က သူ၏စကားကိုအဆုံးသတ်လိုက်သည် ။
သူကြားခဲ့ရသည့် အကြောင်းအရာများကြောင့် ရှောင်ယောင်လည်း မနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည် ။
&&&