← Chapters

သေဆုံးသူ

Vol. 2 Ch. 75

သေဆုံးသူ

Vol. 2 Ch. 75

ချောင်မျိုးနွယ်နှင့် ဟောင်ရန့်ဆရာတို့၏နောက်ကွယ်တွင်ထိုသို့သောဇာတ်လမ်းများရှိနေမည်ဟုထင်မထားပေ။

ထို့ကြောင့်လည်း လျှပ်တပြတ်ဓားသိုင်းကိုအခြေခံကာဖန်တီးခဲ့သည့်အရိပ်ပျောက်ဓားသိုင်းက အချို့ဓားကွက်များတွင် လျှပ်တပြတ်ဓားသိုင်းနှင့်ဆင်တူနေခြင်းဖြစ်ပေမည်။

ဟောင်ရန်၏စကားအတိုင်းဆိုပါက သူ၏ဆရာသည်လည်းသိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်ဟန်တူပြီး ဟောင်ရန်က ထိုအကြောင်းကိုတစ်ကြိမ်မှကြွားဝါခြင်းမရှိခဲ့ဖူးပေ။

ထိုအချက်ကိုကြည့်၍ ဟောင်ရန်ကနှိမ့်နှိမ့်ချချနေမှန်းသိနိုင်ပြီး ရှောင်ယောင်လည်း ထိုလူငယ်လေး၏စိတ်ကို ပို၍သဘောကျလာမိသည် ။

“ မင်းရဲ့ဆရာက တကယ့်ကိုလေးစားစရာကောင်းတဲ့လူတစ်ယောက်ပဲ....”

ရှောင်ယောင်၏တည်ကြည်သည့်လေသံကြောင့် ဟောင်ရန်လည်း သဘောကျစွာပြုံး၍ ခေါင်းမော့လိုက်သည်။

“ ဒါပေါ့ ပြီးတော့ ကျုပ်က ဆရာ့ရဲ့တစ်ဦးတည်းသောတပည့်ပဲ။ ဆရာက နောင်တစ်ချိန်မှာ ကျုပ်ကသူ့ထက်တောင်သာလွန်ဦးမယ်လို့ ခဏခဏပြောဖူးတယ်....”

ဟောင်ရန်၏ကြွားဝါသည့်စကားကြောင့် ရှောင်‌ယောင်လည်းမျက်နှာရှုံ့မဲ့သွားပြီး အကြောတစ်ချက်ဆန့်၍ ထရပ်လိုက်သည်။

“ တော်လောက်ပြီ... ငါတို့အစ်ကိုစုထင်းတို့ဆီပြန်ရအောင် ဟိုဆောင့်ကြွားကြွားကောင်တွေဆီတော့ပြန်မသွားနဲ့တော့....”

ရှောင်ယောင်၏စကားအဆုံး၌ ဟောင်ရန်လည်း တောက်ပစွာပြုံး၍ထရပ်ရင်း ရှောင်ယောင်၏အနီးသို့ရောက်လာသည်။

“ အစ်ကိုရှောင်ယောင်....”

ယခင်ကနှင့်မတူဘဲနူးညံ့ချိုသာနေသည့်ထိုလူငယ်လေး၏ခေါ်သံကြောင့် ရှောင်ယောင်လည်း ကြက်သီးဖြန်းဖြန်းထသွားကာ ပြန်ကြည့်လိုက်မိသည်။

ထိုအခါ ဟောင်ရန်က ကြည်လင်တောက်ပနေသည့်မျက်ဝန်းများဖြင့်သူ့ကိုစူးစိုက်ကြည့်နေသည်ကိုမြင်လိုက်ရပြီး မိန်းကလေးများထက်ပင်လှပနေသေးသည့်သူ၏မျက်နှာက အနည်းသယ်နီမြန်းလျက်ရှိသည်။။

“ ကျေးဇူးတင်ပါတယ် ကျုပ်ကို ကူညီတာတွေအတွက်ရော...အခုလို နှစ်သိမ့်ပေးတာတွေအတွက်ကော...”

ဟောင်ရန်၏လေသံက လေးနက်တည်ကြည်နေကာ ထိုလူငယ်လေးမှာ သူ့ကိုအမှန်ပင်ကျေးဇူးတင်နေကြောင်းရှောင်ယောင်လည်းသိလိုက်သည် ။

ထို့ကြောင့် သူလည်း ပေါ့ပါးစွာပြုံးလိုက်ရင်း ဟောင်ရန်၏ပခုံးကိုဖတ်ကာ စံအိမ်အတွင်းသို့ပြန်သွားသည့်လမ်းဘက်သို့ဆွဲခေါ်သွားလိုက်သည်။

“ လာ ကျေးဇူးတင်ရင် တစ်ခွက်လောက်သွားသောက်ရအောင် ငါသိုင်းလောကထဲဝင်ထဲ တစ်ခါမှအရက်မသောက်ဖူးသေးဘူး....”

ရှောင်ယောင်၏ တင်းကြပ်သည့်ချုပ်ကိုင်မှုနှင့် ကြီးမားသည့်အပြင်အားကြောင့် ဟောင်ရန်မှာ အရုပ်တစ်ရုပ်လိုပါလာပြီး ရှောင်ယောင့်ကိုတွန်းထိုးကာအော်ဟစ်‌လျက်ရှိသည်။

“ ကျုပ်ကိုလွှတ်စမ်းပါ.... “

ကြွယ်ယန်နှင့်ကြွယ်စင်းတို့ဆိုလျှင် သူနှင့်ယခုလိုရင်းရင်းနှီးနှီးနေတတ်ပြီး မကြာခဏလုံးထွေးသတ်ပုတ်ဖူးသည့်တိုင် ထိုလူငယ်လေးလိုအလန့်တကြားမအော်ဖူးပေ ။

အရွယ်ရောက်ပြီးသည့် ယောင်္ကျားတစ်‌ယောက်ဖြစ်သော်လည်း မိန်းကလေးများထက်ပင်ရှက်ရွံ့နေဟန်တူသည့်ဟောင်ရန့်ကို ရှောင်ယောင်လည်းဆက်လက်စနောက်ရန်တွေးတောလိုက်သော်လည်း သူ၏မျက်ဝန်းများက တစ်နေရာကိုကြည့်လိုက်မိရာ ဟောင်ရန့်ကိုအလိုလိုလွှတ်ပေးလိုက်တော့သည်။

“ ကျုပ်ပြောမယ် ကျုပ်ကိုနောက်တစ်ခါ အခုလိုဖတ်လာဆွဲလားမလုပ်ပါနဲ့....”

ဟောင်ရန်က မကျေမနပ်ဖြစ်နေသည့်ပုံစံဖြင့်ပြောလိုက်သော်လည်း ရှောင်ယောင်၏လေးနက်သည့်အမူအယာကြောင့်သူ၏စကားများရပ်တန့်သွားတော့သည် ။

ထို့နောက် ရှောင်ယောင်စူးစိုက်ကြည့်နေသည့်နေရာကိုကြည့်လိုက်မိကာ သူ၏ပါးစပ်ကလည်းအနည်းငယ်ပွင့်ဟသွားတော့သည်။

“ အစ်ကိုရှောင်ယောင် ဒါက....”

ဟောင်ရန်၏စကားကတစ်ဝက်တစ်ပြက်ဖြင့်ရပ်တန့်သွားစဉ် ရှောင်ယောင်က သူတို့နှင့်ခြေလှမ်းအနည်းငယ်အကွာရှိအခန်းဆီသို့လျှင်မြန်စွာချဉ်းကပ်သွားလိုက်သည် ။

စံအမ်၏အနောက်မြောက်အကျဆုံးဖြစ်သည့်ထိုအခန်းမှာ စံအိမ်ဘေးသို့ထွက်သည့်နေရာဖြစ်ပြီး လူသွားလူလာလည်းမရှိသလောက်နည်းပါးသည်။

ရှောင်ယောင်ပင် ဝမ်းနည်းစွာဖြင့်ခြေဦးတည်ရာထွက်လာခဲ့သည့်ဟောင့်ရန်ကြောင့်ဤဘက်သို့ရောက်ခဲ့ခြင်းဖြစ်ပြီး ခြံဝန်းအစောင့်များပင် ဤနေရာများအထိရောက်ရှိဟန်မတူပေ။

ရွှေဓားသခင်၏စံအိမ်ကြီးမှာ အခန်းပေါင်းများစွာဖြင့်ဖွဲ့စည်းထား၍ ယခုလိုချောင်ကျကျအခန်းမျိုးတွင်လူနေဟန်မတူပေ။

ထို့အပြင် ယခုမှသတိထားကြည့်မိသည်မှာ ထိုအခန်းတစ်ခုထဲ မှောင်မဲနေပြီး ကျနိအခန်းအသီးသီးတွင် မီးအိမ်များထွန်းညိထားကြောင်းသိရှိလိုက်သည်။

ထူးခြားနေသည့် ထိုအခန်းတွင်းမှ နီရဲသည့်အရည်များက အပြင်ဘက်သို့စီးထွက်နေသည်ကို ရှောင်ယောင်မြင်တွေ့လိုက်ခြင်းဖြစ်ပြီး လက်နှင့်ထိ၍နမ်းကြည့်သည့်အခါ ရင်းရင်းနှီးနှီးသိခဲ့သည့်အနံ့အသက်ကိုရရှိလိုက်သည်။

“ သွေးတွေပဲ....”

မည်သည့်အတွက် လူသူကင်းမဲ့သည့်အခန်းထဲမှ သွေးများစီးကျလာသည်ကိုမသိရသော်လည်း ရှောင်ယောင်လည်း ဟောင်ရန့်ကိုအချက်ပြကာ အခန်းတံခါးအနီးသို့ချဉ်းကပ်သွားသည် ။

ဟောင်ရန်ကလည်း ရှောင်ယောင်၏ နောက်ဘက်မှကပ်ပါလာကာ သူ၏ဓားကိူအဆင်သင့်ပြင်ထားရင်း တစ်စုံတစ်ခုဖြစ်လာပါက ချက်ခြင်းလှုပ်ရှားနိုင်ရန်ပြင်ဆင်ထားသည်။။

ထို့နောက် အခန်းတံခါးကိုဖွင့်၍ရှောင်ယောင်လည်း အနီးအနားမှဆွဲလာသည့်မီးတုတ်တစ်ချောင်းကိုလက်ကကိုင်၍ အခန်းတွင်းသို့ လှစ်ခနဲခုန်ဝင်သွားလိုက်သည် ။

ရှောင်ယောင်၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ဟောင်ရန်လည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး သူ၏ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းအခန်းပြင်တွင်စောင့်နေလိုက်သည်။

သို့သော်အခန်းထဲမှတိုက်ခိုက်သံကိုမကြားရဘဲ ရှောင်ယောင်၏ခပ်တိုးတိုးစကားသံသာထွက်ပေါ်လာသည် ။

“ ဟောင်ရန် ဒီမှာလာကြည့်....”

အခန်းတွင်းသို့ဝင်ရောက်နေသည့်ရှောင်ယောင်၏စကားသံကြောင့်ဟောင်ရန်လည်း စိတ်အေးသွားကာ အထဲသို့ဝင်လိုက်သည်။

ထိုအခါ အခန်းထဲတွင် မှောက်လျက်အနေအထားဖြင့်လဲကျနေသည့်လူတစ်ယောက်၏အလောင်းကိုတွေ့မြင်လိုက်ရပြီးသူ၏ခန္တာကိုယ်မှထွက်ပေါ်နေသည့်သွေးများက အခန်းပြင်သို့စီးထွက်နေခြင်းဖြစ်သည်။

ရှောင်ယောင်က အခန်းထဲမှမီးအိမ်ကိုထွန်းလိုက်ကာ လူသေအလောင်းကြီး၏ဘေးတွင် စေ့စေ့စပ်စပ်လေ့လာနေသည်။

ဟောင်ရန်လည်း လဲကျသေဆုံးနေသူ၏အလောင်းကြီးကိုမြင်လိုက်ရ၍ အနည်းငယ်တုန်လှုပ်သွားမိသော်လည်း ရှောင်ယောင်၏နောက်သို့သွားကာ မည်သည့်အရာများလုပ်ဆောင်နေသည်ကိုစပ်စုလိုက်သည်။

ရှောင်ယောင်ကတည်ကြည်လေးနက်သည့်အမူအယာဖြင့် အလောင်း၏သွေးကြောအချို့ကိုစမ်းသပ်နေသည်။

ထို့နောက် အလောင်းကိုလှန့်ချလိုက်သည့်အခါ ဟောင်ရန်၏ ထိတ်လန့်တကြားအော်သံကထွက်ပေါ်လာသည် ။

“ အား...သူ...သူက “

အထစ်ထစ်အငေါ့ငေါ့ဖြင့် ထိတ်လန့်နေသည့် ဟောင်ရန့်ကို ရှောင်ယောင်က အပြစ်တင်သည့်ဟန်ဖြင့်ကြည့်ရင်းအသံမထွက်စေရန်အမူအယာဖြင့်ပြလိုက်လိုက်သည်။

ထိုအခါမှ ဟောင်ရန်လည်း သူ၏ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ပြီး အလောင်းကို အံ့ဩထိတ်လန့်စွာကြည့်ကာပြောလိုက်သည်။

“ အစ်ကိုရှောင်ယောင် သူက အစောင့်ခေါင်းဆောင် တုခေါဆိုတဲ့လူမဟုတ်လား....”

ဟောင်ရန်၏မေးခွန်းကိုရှောင်ယောင်က အသာခေါင်းညိမ့်ပြလိုက်ပြီး အလောင်း၏ရင်ဘက်မှဒဏ်ရာကိုစစ်ဆေးလိုက်သည်။

အခန်းထဲတွင် လဲကျသေဆူံးနေသူက ခေါင်းဆောင်တု သို့မဟုတ် တုခေါပင်ဖြစ်ပြီး သူ၏ဘယ်ဘက်ရင်အုံတွင်နက်ရှိုင်းသည့်ထိုးသွင်းဒဏ်ရာတစ်ခုရှိနေသည် ။

“ တစ်ချက်ထဲနဲ့ နှလုံးကို အထိုးခံရပြီးသေဆုံးသွားတာပဲ တိုက်ပွဲဖြစ်ထားတဲ့အရိပ်အယောင်ကိုတောင်မမြင်ရဘူး။။

ဒဏ်ရာရဲ့အခြေအနေကိုကြည့်ရင် ါင်းဆောင်တုကို သတ်သွားတဲ့လူက အတော့်ကိုကျွမ်းကျင်တဲ့လူတစ်ယောက်ပဲဖြစ်ရမယ် ။ ပြီးတော့ သူသုံးသွားတာ ဓားမြောင်တစ်လက်ပဲ....”

ရှောင်ယောင်က သူ၏မေးစေ့ကိုပွတ်ရင်း ဝါရင့်စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်လိုဝေဖန်သုံးသပ်နေသည် ။

သို့သော် သူ၏နောက်ဘက်မှဟောင်ရန်ကအံ့ဩတုန်လှုပ်သည့်လေသံဖြင့်မေးလိုက်သည်။

“ သူက ဘယ်လိုလုပ်ပြီးဒီအခန်းထဲမှာလာသေနေတာလဲ...”

ဟောင်ရန်၏မေးခွန်းကို ရှောင်ယောင်က ခေါင်းယမ်းပြရင်းပြန်ဖြေလိုက်သည်။

“ ဒါတော့ သူနဲ့လူသတ်သမားပဲသိလိမ့်မယ် ။ တစ်ခုရှိတာက သူကအသတ်မခံရခင် အကြောပိတ်ခံထားရပုံပဲ။

သူ့ရဲ့နောက်ကျောမှာရှိတဲ့ ပေ့စင်သွေးကြော ၊ ခါးမှာရှိတဲ့အိရှသွေးကြောနဲ့ ဘယ်ပခုံးကထင်ထိုင်သွေးကြော‌တို့ကိုအပိတ်ခံလိုက်ရတော့ မလှုပ်မယှက်ဖြစ်ပြီးမအော်နိုင်ဘဲဖြစ်နေတဲ့အချိန်မှာ လူသတ်သမားက အေးအေးဆေးဆေးသတ်ဖြတ်သွားတာ။

ပြီးတော့ သူ့ခန္တာကိုယ်အခြေအနေကို စမ်းသပ်ကြည့်ရသလောက်ဆိုရင် သူသေသွားတာအနည်းဆုံး လေးနာရီလောက်ရှိပြီ ....”

ရှောင်ယောင်က ခေါင်းတညိမ့်ညိမ့်ဖြင့်ရှင်းပြနေသော်လည်း သူ၏နောက်ဘက်မှဟောင်ရန်၏အမူအယာက သွေးဆုတ်ဖြူလျော်လာပြီးလက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ကာရှောင်ယောင်၏အနားသို့တိုးလာသည်။

ထို့နောက်အနည်းငယ်တုန်ယင်နေသညိ့အသံဖြင့်ပြောလိုက်သည်။

“ ဒါ...ဒါဆို ကျုပ်တို့ကို သိုင်းပညာလေ့ကျင့်တဲ့အခန်းဆီကိုလိုက်ပို့တာ သရဲလား....”

ဘေးပတ်ဝန်းကျင်ကိုကျီးလန့်စာစားကြည့်နေရင်း ကြောက်လန်နေသည်ဘ ဟောင်ရန်၏ပုံစံကြောင့်ရှောင်ယောင်လည်း သဘောကျစွာရယ်မောလိုက်သည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သရဲဆိုတာတကယ်မှမရှိတာ ....”

ဟောင်ရန့်ကိုကြည့်၍ ရယ်မောနေသည့်ရှောင်ယောင်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင်ပ အလန့်တကြားထခုန်လိုက်သည်။

“ သေစမ်း...ငါဒါကိုဘာလို့မေ့နေတာပါလိမ့် ။ ငါတို့ကို အခန်းဆီလိုက်ပို့တာ လူသတ်သမားဖြစ်ရမယ်။

သူက ခေါင်းဆောင်တုကိုသတ်ပြိးသူ့ပုံစံဟန်ဆောင်လို့ ရွှေဓားသခင်ကိုသတ်ဖြတ်ဖို့အခွင့်အရေးရှာနေတာဖြစ်ရမယ်။

ဒါကြောင့် ငါထင်တော့ထင်သားပဲ။ သူ့ပုံစံကတစ်ခုခုထူးခြားနေတာ။ ပြီးတော့ အသံကနည်းနည်းမတူလို့ငါမေးကြည့်တော့လည်း သူကအသံဝင်တယ်ပဲပြောလို့ဆက်မမေးတော့တာ....

ငါတို့ သိပ်နောက်မကျဖို့ပဲမျှော်လင့်ပါတယ်.. “

ရှောင်ယောင်က အထိတ်လန့်ပြောဆိုရင်းမှ အခန်းအပြင်သို့လျှင်မြန်စွာပြေးထွက်သွားလိုက်သည် ။

ဟောင်ရန်ကလည်း ရှောင်ယောင်၏စကားများကို အံ့အားသင့်စွာနားထောင်နေရာမှ သတိဝင်လာပြီး သူ၏နောက်သို့ပြေးလိုက်သွားတော့သည်။

&&&

All Chapters