လူသတ်သမားကိုဖြေရှင်းခြင်း
Vol. 2 Ch. 76
စံအိမ်၏အနောက်ဘက်ရှိဥယျာဉ်ထဲတွင် ဧည့်ခံပွဲစသည်က အချိန်အတော်ပင်ကြာမြင့်နေပြီဖြစ်သလို ညကလည်းပို၍မှောင်မိုက်လာချေပြီ။
စားပွဲဝိုင်းတိုင်းတွင် အစားအသောက်များအလျှံအပယ်ချပေးထားသလို ဈေးကြီးသည့်ဝါးရွက်စမ်းအရက်ကိုပင်အလိုရှိသလောက်သောက်ဆုံးနိုင်ရာ ရောက်ရှိနေသူများအားလုံး သဘောရှိသောက်စားနေကြသည်။ ။
သို့ရာတွင် သူတို့အားလုံးကသိုင်းလောက၌ နာမည်တစ်လုံးနှင့်နေသူများဖြစ်ကြ၍ သရုပ်ပျက်စားသောက်ခြင်းမရှိဘဲ စကားတပြောပြောဖြင့် ဖြေးညင်းစွာသောက်စားနေခြင်းဖြစ်သည်။
အခြားလူများလို အိန္ဒြေမဆယ်ဘဲ စိတ်တိုင်းကျသောက်စားနေသည့်တစ်ခုတည်းသောဝိုင်းက အရူးသုံးယောက်သို့မဟုတ် စာပေသမားသုံးယောက်၏စားပွဲဝိုင်းဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိပေ။
သူတို့ကိုယ်သူတို့ စာပေသမားများဟုသက်မှတ်ထားကြသည့် ထိုသုံးယောက်ကား ယဥ်ကျေးသိမ်မွေ့သည့်ပညာတတ်စာပေသမားများနှင့်လားလားမှမတူဘဲ အော်ကြီးဟစ်ကျယ်ဖြင့်မူးရူးနေသည့်အရက်ချိုးများနှင့်သာတူနေသည်။
သို့သော် သူတို့သုံးယောက်၏အကြောင်းကို သိုင်းလောကတစ်ခုလုံးကြားဖူးကြ၍ မည်သူမှမပြစ်မတင်ကြဘဲ ဘေးမဲ့ပေးထားကြသည်။
စင်စစ်သူတို့အပြစ်တင်လိုလျှင်ပင် မတင်ဝံ့ကြဘဲ ထိုလူသုံးယောက်ကိုယှဉ်နိုင်သူက လူအနည်းငယ်ရှိသည်မဟုတ်လား
စုထင်းတို့သုံးယောက်မှအပ က ယခုလိုပွဲကျင်းကပေးသည့်ရည်ရွယ်ချက်ကိုကောင်းစွာသိရှိ၍သတိလက်လွတ်မဖြစ်ကြဘဲ သွေးနီတံခါးမှလုပ်ကြံသူများရောက်ရှိလာကါက အချိန်မီလှုပ်ရှားနိုင်ရန်အဆင်သင့်ပြင်ဆင်ထားကြသည်။
သို့သော် သွေးနီတံခါးမှ ဖိတ်စာရောက်ရှိလာသည်က ငါးရက်မြောက်နေ့ဖြစ်ပြီးယခင်ရက်များကလည်း တစ်စုံတစ်ခုဖြစ်ပွားခြင်းမရှိရာ သူတို့အားလုံး အနည်းငယ်သတိပေါ့လျော့နေသည်ဟုဆိုရပေမည်။
ရွှေဓားသခင်တုန်းချဲ့လင်ကား စားပွဲဝိုင်းများတွင်တစ်ခုပြီးတစ်ခုလှည့်လည်သွားလာရင်း စကားကောင်းလျက်ရှိသည်။
စားပွဲဝိုင်းများတွင် လိုသည့်အရာများကိုလိုက်လံချပေးနေသည့်အလုပ်သမားများက နေရာအနှံ့ရှိသလို အစောင့်သိုင်းသမားအချို့ကလည်း သူတို့ကိုကူညီပေးနေကြသည် ။
ထိုအခိုက် ဥယျာဉ်အတွင်းသို့ လူရိပ်နှစ်ရိပ်ကလျှင်မြန်စွာဝင်ရောက်လာပြီး ထိုနှစ်ယောင်၏လှုပ်ရှားမှုကြောင့် စားသောက်နေသူများမှာ အလန့်တကြားဖြစ်သွားကြသည်။
ဥယျာဉ်တွင်းသို့ရှေ့ဆင့်နောက်ဆင့်ဝင်ရောက်လာသူများက ရှောင်ယောင်တို့နှစ်ယောက်မှလွဲ၍အခြားမဟုတ်ဘဲ ရှောင်ယောင်က ဦးစွာရောက်ရှိလာပြီး ထိုင်ရာမှ အလန့်တကြားထရပ်၍ လက်နက်ကိုယ်စီဆွဲထုတ်နေကြသည့်လူများကိုလျှင်မြန်စွာကျော်ဖြတ်သွားသည် ။
သူ၏ဦးတည်ရာက အရက်အိုးနှစ်အိုးနှင့် ပန်းကန်အချို့ကိုလင်ဗန်းပေါ်တွင်တင်၍သယ်ဆောင်လာသည့်ခေါင်းဆောင်တုဆီသို့ဖြစ်ပေသည်။
လင်ဗန်းကိုလက်တစ်ဖက်ကကိုင်၍ ကျန်တစ်ဖက်ဖြင့်ခေါင်းဆောင်တုက လျှင်မြန်စွာသူ့ဆီသို့ပြေးဝင်လာသည့်ရှောင်ယောင်ကိုကး အံ့အားသင့်စ္ာကြည့်နေမိပြီး ခုခံကာကွယ်ရန်မပြုနိုင်မီ ရှောင်ယောင်၏လက်သီးက သူ၏ရင်ဝသို့တည့်မက်စွာဝင်ရောက်ပြီးဖြစ်သည်။
“ ဝုန်း....”
“ ခွမ်း....”
သူ၏လက်ထဲရှိအရက်အိုးများ၊ စားသောက်ဖွယ်ရာများထည့်ထားသည့်ပန်းကန်များကလွတ်ကျလွင့်စင်ကုန်သလို ခေါင်းဆောင်တုကိုယ်တိုင်လည်း နောက်သို့လွင့်စင်သွားပြီး စားပွဲဝိုင်းတစ်ခုပေါ်သို့ ဝုန်းခနဲပြုတ်ကျသွားလေသည်။
ထ်ိုဖြစ်ရပ်ကြောင့် ဥယျာဉ်ထဲရှိလူအားလုံး အံ့ဩတုန်လှုပ်သွားကြသလို အရက်လေးငါးအိုးကိုတစ်ယောက်ထဲဒိုင်ခံသောက်ပြီးရီဝေဝေဖြစ်နေသည့်ဆုဖိန်၏မျက်လုံးများပင်ပြူးကျယ်သွားလေသည် ။
“ ညီလေးရှောင်ကတော့ ဘာပြဿနာရှာလိုက်ပြန်ပြီလဲမသိဘူး....”
ရှောင်ယောင်နှင့်ရင်းနှီးသည့် ဆုဖိန်တို့သုံးယောက်ကအလျှင်အမြန်ထရပ်လိုက်မိကြသလို ရန်သူထင်၍လက်နက်ကိုယ်စီဆွဲထုတ်နေသူများလည်း တစ်ဝက်တစ်ပြတ်ဖြင့်အံ့အားသင့်စွာကြည့်နေမိကြသည်။
ရှောင်ယောင်၏လက်ချက်ကြောင့် လွင့်စင်သွားပြီးစားပွဲပေါ်သို့ပစ်ကျသွားသည့် ခေါင်းဆောင်တုကား တစ်ကိုယ်လုံးပေပွနေပြီး သွေးများအဆက်မပြက်အန်ထုန်နေသည် ။
သူ၏အောက်တွင် စားပွဲအပိုင်းအစများ၊ ဖိတ်စင်ကျနေသည့်စားသောက်ဖွယ်ရာများရှိနေသည့်ခေါင်းဆောင်တု၏ပုံစံက ပေလူးနေသည့် ဝက်တစ်ကောင်နှင့်ပင်ဆငိတူနေသည် ။
ထို့ထက်ပို၍အရေးကြီးသည်က ရှောင်ယောင်၏လက်သီးချက်ကြောင့် သူ၏ရင်ဘက်မှအရိုးအနည်းငယ်ကျိုးသွားဟန်တူကာ ယခုအချိန်ထိ မထနိုင်သေးခြင်းဖြစ်သည် ။
“ မိတ်ဆွေလေး မင်းက ဘာလုပ်တာလဲ....”
ဦးစွာသတိဝင်လာသူက ရွှေဓားသခင်ဖြစ်ပြီးရှောင်ယောင်ကို အံ့ဩဒေါသထွက်စွာဖြင့်အော်ဟစ်ရင်း ခေါင်းဆောင်တု၏အနီးသို့ပြေးသွားကာ ထူမပေးလိုက်သည်။
ထိုအဖြစ်ကြောင့် ရှောင်ယောင်၏မျက်လုံးများကအနည်းငယ်ပြူးကျယ်သွားပြီး ရှေ့သို့ တဟုန်ထိုးပြေးတက်ရင်းအော်ဟစ်လိုက်သည်။
“ ရွှေဓားသခင် သတိထား....”
ရှောင်ယောင်၏အော်ဟစ်သံနှင့်မရှေးမနှောင်းပင် ရွှေဓားသခင်၏လက်ထဲရှိ ခေါင်းဆောင်တုက ဖျက်ခနဲခုန်ထလိုက်ပြီး သူ၏လက်ထဲတွင် ဓားမြောင်တစ်လက်က မျက်လှည့်ပြလိုက်သလိုပေါ်ထွက်လာသည်။
ထိုဓားမြောင်၏ဦးတည်ရာက ရွှေဓားသခင်၏ဝဲဘက်ရင်အုံသို့ဖြစ်ကာ ထိုအချင်းအရာကြောင့် ကျန်လူများတုန်လှူပ်စွာအော်ဟစ်လိုက်မိကြသလို ရှောင်ယောင်လည်း အချိန်မီဟန့်တားနိုင်ခြင်းမရှိပေ ။
ရွှေဓားသခင်ကိုယ်တိုင်ပင်အစွမ်းထက်ထိပ်သိးတစ်ယောက်ဖြစ်သော်လည်း လူချင်းလွန်စွာနီးကပ်နေချိန် အလစ်တိုက်ခိုက်ခံရ၍ မည်သို့မှရှောင်တိမ်းနိုင်ခြင်းမရှိပေ။
သို့သော် အရှိန်ပြင်းစွာထွက်ပေါ်လာသည့် တူတစ်ချောင်းက ရှောင်ယောင်ကိုကျော်လွန်၍ ပြေးဝင်သွားကာခေါင်းဆောင်တု၏ဓားကိုင်လက်ကိုထုတ်ချင်းပေါက်စိုက်ဝင်သွားသည်။
“ အား....”
“ ချွမ်...”
အော်ဟစ်သံနှင့်အတူခေါင်းဆောင်တု၏လက်ထဲမှဓားက လွတ်ကျသွားပြီး ရှောင်ယောင်ကလည်း သူတိူ့အနီးသို့ရောက်ရှိသွားတော့သည်။
“ ဝုန်း...”
ကျယ်လောင်သည့် အသံတစ်ခုထွက်ပေါ်လာပြီး ခေါင်းဆောင်တု၏ခန္တာကိုယ်ကြီးမှာ နောက်တစ်ကြိမ်လွင့်စင်သွားပြန်သည်။
ယခုတစ်ကြိမ်တွင် ခေါင်းဆောင်တုမှာ ပြန်ထနိုင်ခြင်းပင်မရှိတော့ဘဲ နာကျင်စွာအော်ဟစ်ညည်းညူနေကာ ခေါင်းပင်မထောင်နိုင်တော့ပေ။
“ သူ့ကိုမြန်မြန်ဖမ်းလိုက်လေ....”
ဟောင်ရန်၏ခပ်ဆက်ဆက်စကားကြောင့် ထင်မှတ်မထားသည်များတစ်ခုပြီးတစ်ခုဖြစ်ပျက်လာသည့်အတွက်ကြောင့် ကျောက်ရုပ်များလိုငြိမ်သက်နေကြသည့်သိုင်းထိပ်သီးများလည်း ခေါင်းဆောင်တုကိုဝိုင်းထားလိုက်ကြသည်။
“ တော်တယ်....”
ရှောင်ယောင်က ကျန်လူများကိုအမိန့်ပေးလိုက်ပြီးသူ၏အနီးသို့ရောက်လာသည့်ဟောင်ရန့်ကိုချီးကျူးစကားဆိုလိုက်သည်။
အခြေအနေကို မျက်ချေမပြက်စောင့်ကြည့်နေသည့် ထိုလူငယ်လေးပစ်လွှတ်လိုက်သောတူတစ်ချောင်းကြောင့်သာမဟုတ်ပါက ခေါင်းဆောင်တု၏အကြံအစည်မှာအောင်မြင်သွားမည်ဖြစ်ပြီး ရွှေဓားသခင်မှာသေဆုံးရန်ရာခိုင်နှုန်းအတော်များပေသည် ။
ဟောင်ရန်က ရှောင်ယောင့်ကိုပြုံးပြလိုက်ပြီး ယခုအချိန်ထိ ထိတ်လန့်တုန်လှုပ်နေသေးဟန်တူသည့်ရွှေဓားသခင်ကိုမေးလိုက်သညိ။
“ ရွှေဓားသခင် ခင်ဗျားအဆင်ပြေရဲ့လား....”
ဟောင်ရန်၏မေးခွန်းကို သေမင်းခံတွင်းဝမှ လွတ်မြောက်လာသည့်ရွှေဓားသခင်က မျက်လုံးအပြူးသားဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
တစ်ချိန်က သိုင်းလောကတွင်ကျော်ကြားခဲ့သည့်ရွှေဓားသခင်မှာ အနားယူပြီးသည်မှာ နှစ်အတော်ကြာပြီဖြစ်၍ သံချေးတတ်နေသည့်ဓားတစ်လက်လိုဖြစ်နေပြီး ယခင်ကလို တက်ကြွရဲရင့်သည့်သိုင်းသမားတစ်ယောက်၏စိတ်ဓာတ်မျိူးမရှိတော့ပေ။
ထို့ကြောင့်လည်း ခေါင်းဆောင်တု၏လုပ်ကြံမှုကို နည်းနည်းကလေးမှ မခုခံနိုင်ခြင်းဖြစ်ပြီး ယခုအချိန်ထိ ထိတ်လန့်နေဟန်တူကာ သူ၏ခန္တာကိူယ်တွင်လည်း ချွေးများစိုရွှဲနေသည်။
“ ညီလေးရှောင် ဘယ်လိုဖြစ်တာလဲ....”
စုထင်းတို့သုံးယောက်ကလည်း သူတို့အနီးသို့ရောက်လာကာမေးလိုက်သည်။
သူတို့သုံးယောက်သာမက ကျနိရှိနေသည့်သိုင်းထိပ်သိးများပင် ရှောင်ယောင်တို့နှစ်ယောက်ကို အံ့အားသင့်စွာကြည့်နေကြပြီး သူတို့၏မျက်နှာများထက်တွင် သိလိုစိတ်အပြည့်ရှိနေကြသည် ။ ။
ဖြစ်ပျက်သွားသည့်အကြောင်းအရာများက များပြားမြန်ဆန်လှ၍မည်သူမှလိုက်မမှီနိုင်ဘဲရှိနေစဥ် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းဆောင်တု၏အလောင်းကိုတွေ့ခဲ့ပုံမှအစ ယခုခေါင်းဆောင်တုအယောင်ဆောင်ထားသည့်လူသတ်သမားအကြောင်းအထိ အစအဆုံးရှင်းပြလိုက်သည်။
ထိုစဉ် ခေါင်းဆောင်တုကိုဝိုင်းထားကြသည့်သိုင်းထိပ်သီးများက အလန့်တကြား အာမေဍိတ်သံများထွက်ပေါ်လာပြီး ထိုနေရာသို့ကြည့်လိုက်မိသည့်အခါ ရှောင်ယောင်၏လက်ချက်ကြောင့် လဲကျနေသည့် လူသတ်သမားက ပါးစပ်မှသွေးမည်းများစီးကျ၍သေဆုံးသွားကြောင်းတွေ့မြင်လိုက်ရ၏ ။
&&&&
နောက်တစ်နေ့နံနက်
ရွှေဓားသခင်၏စံအိမ်ခန်းမထဲတွင် လူများစွာရှိနေပြီး ရွှေဓားသခင်၏မိတ်ဆွေများ ၊ လာရောက်ကူညီကြသည့်သိုင်းထိပ်သီးများသာမက စံအိမ်သို့ရောက်နေကြသည့် လူငယ်မျိုးဆက်များပင်ရှိနေကြသည် ။
ခန်းမထဲတွင် အချင်းချင်းတီးတိုးပြောဆိုသံများဆူညံနေသလိုလူအားလုံး၏အကြည့်များက တစ်နေရာရှိလူငယ်လေးတစ်ယောက်ဆီသို့ကျရောက်နေကြသည် ။
သူတို့အကြည့်များထဲတွငိ အံ့ဩလေးစားခြင်း ချီးကျူးခြင်းစသည့်အရိပ်အယောင်များကိုတွေ့နိုင်ကာ ညကဖြစ်ရပ်ကိုမမြင်တွေ့လိုက်ရသည့်လူငယ်များပင် ရှောင်ယောင်တို့နှစ်ယောက်ကို အံ့ဩစွာကြည့်နေကြသည်။
စံအိမ်သို့ရောက်ရှိနေကြသည့်လူငယ်များအားလုံးက သိုင်းလောကထဲတွင် နာမည်ကျော်ကြားသူများဖြစ်သည့်တိုင် ယခုမှသိုင်းလောကထဲဝင်ကာစဖြစ်သည့် ထိုလူငယ်နှစ်ယောက်၏ဂုဏ်သတင်းသာ သူတို့ထက်သာလွန်သွားပြီဖြစ်သည် ။
စုထင်းတို့၏ကောင်းမှုကြောင့် ချူးကုနန်ကိုသတ်ဖြတ်ခြက်း၊ ယန်စီနဂါးအဖွဲ့ကိုဖြေရှင်းခြင်းတို့အပါအဝင် ရှောင်ယောင်တို့ပြုလုပ်ခဲ့သည့်ကိစ္စများကို ကျန်လူများအားလုံးသိရှိနေကြပြီးဖြစ်သည်။
ယနေ့ညတွင်ဖြစ်ပျက်ခဲ့သည့်ကိစ္စကြီးကလည်း သိုင်းလောကတွင်ပျံ့နှံ့သွားမည်မှာ သေချာသလောက်ရှိနေပြီး သွေးနီတံခါးမှ လူသတ်သမားကိုလက်ရဖမ်းဆီးနိုင်သူဆိုသည့်ဂုဏ်ပုဒ်က ရှောင်ယောင်ကို သိုင်းလောကတွင်လျှမ်းလျှမ်းတောက်စေပေမည်။
ထို့ကြောင့်လက်ရှိသူတို့နှစ်ယောက်၏ကျော်ကြားမှုက လူငယ်မျိုးဆက်များကိုပင်ကျော်လွန်နေပြီဖြစ်ကာ ဤစံအိမ်တွင်ရောက်ရှိနေကြသညိ့ နာမည်ကျော်သိုင်းထိပ်သီးများပင်သူတို့ကို လေးစားမှုပြသလာကြပေသည်။
နာမည်ကျော်ကြားခြင်းတွင် ကောင်းကျိုးနှင့်ဆိုးကျိုးယှဉ်တွဲနေသည်ဟုလူအများပြောဆိုကြညသော်လည်းရှောင်ယောင်တို့နှစ်ယောင်ကား ဆိုးကျိုးသာရှိသည်ဟုထင်မြင်နေကြသည်။
အကြောင်းကား ဤခန်းမအတွင်းသို့ရောက်ရှိချိန်မှစ၍ တစ်ဦးပြီးတစ်ဦးလာရောက်မိတ်ဆက်ကြသညိ့သိုင်းထိပ်သီးများကို ယဉ်ကျေးစွာပြန်လည်နှုတ်ဆက်နေရပြီး စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ ပြုံးပြနေရသည့်ဒုက္ခကမသေးလှပေ။
ထိုလူများကလည်း တုံးအသူများမဟုတ်ရာ ရှောင်ယောင်တို့နှစ်ယောက်၏အသက်အရွယ်ဖြင့် ယခုလိုအောင်မြင်မှုများရရှိနေရာ သူတို့၏အနာဂတ်က အကန့်အသက်မရှိသည်ကိုရိပ်စားမိ၍ ယခုအချိန်ထဲက မိတ်ဆွေဖွဲ့နေခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့ကို တကူးတကလာရောက်မိတ်ဆက်နေသူများကို ငြင်းဆန်ရန်လည်းမသင့်လျော်၍ ရှောင်ယောင်တို့မှာ အားတင်း၍ပြုံးထားကြရပြီး တစ်ချိန်လုံးပြုံးနေရ၍ ပါးစပ်များပင်ညောင်းနေပြီဟုခံစားမိနေကြသည်။
သူတို့နှင့်ဘေးချင်းကပ်လျက်ဝိုင်းတွင်ထိုင်နေသည့် စုထင်းတို့သုံးယောက်ကား လူအများကြားတွင် မသက်မသာဖြစ်နေသည့်လူငယ်နှစ်ယောက်ကို သဘောကျစွာကြည့်ရှုနေကြတော့သည် ။
&&&&