← Chapters

မနာလိုအားကျခြင်း

Vol. 2 Ch. 78

မနာလိုအားကျခြင်း

Vol. 2 Ch. 78

အကြည့်နှစ်ခုက ထိတ်တိုက်တွေ့ဆုံသွားသည် ။ စူးရဲပြီးအေးစက်စက်အကြည့်နှင့် ကြည်လင်ပြီးနွေးထွေးသည့်အကြည့်

ရှောင်ယောင်လည်း မရည်ရွယ်ဘဲစီးတုယွမ်ချင်းကိုစူးစိုက်ကြည့်လိုက်မိသလို ထိုမိန်းကလေးကလည်း သူ့ကိုအတန်ကာစိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည် ။

ထိုအခါမှ ရှောင်ယောင်လည်း ယခုလိုမိန်းကလေးတစ်ယောက်ကိုစိုက်ကြည့်နေခြင်းက မသင့်လျော်သည်ဟုသတိရလိုက်ပြီးအကြည့်လွှဲလိုက်သည်။

သို့သော် ထိုမိန်းကလေးနှစ်အကြောင်းရှာ၍စကားသွားပြောရန် သူ၏စိတ်ထဲတွင်တွေးတောနေမိသည်။

အကြောင်းကား နဂါးခုနစ်‌ကောင်၏ယှဉ်ပြိုင်ပွဲမည်သည့်အချိန်တွင်ကျင်းပမည်ကို ထိုမိန်းကလေးထံမှ မေးလို၍ဖြစ်သည်။

အေးတိအေးစက်ပုံစံရှိသည့်ထိုမိန်းကလေးမှာ သူငယ်စဉ်ရ ရင်းနှီးခဲ့ဖူးသည့်ကလေးမလေးဖြစ်ကြောင်း အသေအချာသိလိုက်ပြီး ရှောင်‌ယောက်လည်း သူမ၏ဘက်မှမည်သို့သဘောထားသည်ဖြစ်စေ သွားရောက်နှုတ်ဆက်လိုက်ဦးမည်ဟုစိတ်ပိုင်းဖြတ်ထားသည် ။

ထို့ကြောင့် ရှောင်ယောင်လည်း အတွေးကိုလက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် ထရပ်လိုက်ရင်း ထိုဝိုင်းသို့ပင်မသိမသာလှမ်းမျှော်နေသည့်ဟောင်ရန့်ကိုလည်းဆွဲထူလိုက်သည်။

“ အစ်ကိုတို့ ကျုပ်နဲ့ဟောင်ရန် လျှပ်တပြတ်ဓားသခင်ကိုသွားပြီးနှုတ်ဆက်လိုက်ဦးမယ်....”

ရှောင်ယောင်၏ရုတ်တရက်အပြုအမူကြောင့် စုထင်းတို့သုံးယောက်အံ့အားသင့်သွားသော်လည်း ခေါင်းညိမ့်ပြလိုက်ကြသည်။

“ ကောင်းပါတယ် သူက သိုင်းမဟာမိတ်ရဲ့ထိပ်ပိုင်းသုံးယောက်ထဲမှာပါတော့ မင်းတို့သူနဲ့သိထားရတာအကျိူးရှိမှာပါ....”

တည်ငြိမ်သည့်ဝမ်ဝူး၏စကားသံအဆုံး၌ ဆုဖိန်နှင့် စုထင်းတို့ကလည်း စနောက်လိုက်ကြသည်။

“ ငါတို့အတွက်ပါနှုတ်ဆက်ခဲ့ဦး...”

“ ညီလေးဟောင် မင်း ယောက္ခမကြီးဆီက အထင်အမြင်ကောင်းရအောင်လုပ်ခဲ့နော်... “

ရှောင်ယောင်၏အတင်းအကြပ်လုပ်ရပ်ကြောင့် ဟောင်ရန်မှာ ကိုးယိုကားယားပုံစံဖြင့်သူနှင့်အတူပါလာပြီး ရှောင်ယောင့်ကိုလည်း မျက်လုံးပြူး၍‌ပြောလိုက်သည်။

“ ဟေ့ မြေခွေးအိုကြီး... သွားချင်ရင်ခင်ဗျားဘာသာသွားလေဘာလို့ကျုပ်ကိုပါဆွဲခေါ်လာတာလဲ....”

ထိုလူငယ်လေး၏ပုံစံက ထိုဝိုင်းသို့သွားရန် သိသိသာသာတွန့်ဆုတ်နေသော်လည်း ရှောင်‌ယောင်ကား သူ၏စကားများကိုမကြားဟန်ဆောင်ကာ ဆက်၍‌ဆွဲခေါ်လာသည်။

ဖရိုဖရဲပုံစံဖြင့် အချင်းချင်းတွန်းထိုးရင် သူတို့ဝိုင်းဆီသို့လာနေသည့်လူငယ်နှစ်ယောက်ကို စီးတုယွမ်ချင်းပင်အံ့ဩသည့်ဟန်ဖြင့်ကြည့်လိုက်မိသလိုသူမ၏အကြည့်ကြောင့် ချောင်ရှန်းရှန်းကလည်း ထိုနှစ်ယောက်ကိုသတိပြုမိသွားသည် ။

“ ဟမ်..နှာဘူးနဲ့ဟိုလူမဟုတ်လား...သူတို့က ဘာလုပ်လာတာလဲ....”

ချောင်ရှန်းရှန်း၏စကားသံကြောင့် သူမ၏‌ဘေးရှိချောင်ဖေးဟုန်ကမေးလိုက်သည်။

“ သမီးက ဘယ်သူ့ကိုပြောနေတာလဲ....”

ချောင်ရှန်းရှန်းကား မကျေနပ်ချက်များကိုတန်းစီ၍ ချောင်ဖေးဟုန်၏မေးခွန်းကိုအဖြေပေးမည်ပြုလိုက်စဉ် ရှောင်ယောင်နှင့်ဟောင်ရန်တို့က သူတို့စားပွဲရှေ့သို့ရောက်လာသည် ။

“ တွေ့ရတာဝမ်းသာပါတယ် လျှပ်တပြတ်ဓားသခင် ကျုပ်ကရှောင်ယောင်ပါ ။ ဒါက ကျုပ်ရဲ့ညီ‌အစ်ကို ဟောင်ရန်....”

ရှောင်ယောင်၏ယဉ်ကျေးသိမ်မွေ့သည့်အမူအယာကြောင့် ချောင်ရှန်းရှန်းမှာ သူတို့အကြောင်းအရာများကိုတိုင်တန်းခြင်းမပြုနိုင်တော့သလို ဟောင်ရန်ကလည်း အလားတူအရိုအသေပေးလိုက်သည်။

အနီးအနားရှိသိုင်းထိပ်သီးများနှင့် လူငယ်များကလည်းရှောင်ယောင်နှင့်ဟောင်ရန်တို့ကို အံ့ဩလေးစားသည့်အကြည့်များဖြင့်ရှိနေကြပြီး သူတို့ကလည်းအလားတူနှုတ်ဆက်လိုက်ကြသည် ။

သူတို့နှစ်ယောက်၏လူသိများမှုကြောင့် ချောင်ဖေးဟုန်ပင်အနည်းငယ်အံ့ဩသွားသလို ကျန်လူများ၏စကားများကြောင့် ထိုလူငယ်နှစ်ယောက်က ယမန်နေ့ညမှသူရဲကောင်းများဖြစ်သည်ကိုသိရှိလိုက်ပြီး သူကိုယ်တိုင်ပင် ထရပ်၍လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်းပြောလိုက်သည်။

“ ဟားဟား... လက်စသက်တော့ မင်းတို့က တက်သစ်စလူငယ်လေးတွေပဲ။ ကောသ်းတယ်ကွာ...သိုင်းလောကမှာ မင်းတို့လိုလူငယ်တွေများများရှိရင် ဆိုးသွမ်းတဲ့အနက်ရောင်သိုင်းသမားတွေခေါင်းထောင်နိုင်မှာမဟုတ်ဘူး....”

ကိုယ်တိုင်ကိုယ်ကျထရပ်၍ နွေးထွေးစွာပြောလိုက်သည့် ချောင်ဖေးဟုန်၏ဆက်ဆံပုံကြောင့် အနီးရှိလူငယ်များမှာ ရှောင်ယောင်တို့နှစ်ယောက်ကို အနည်းငယ်မနာလိုဖြစ်သွားမိကြသည် ။

သို့‌သော် သိုင်းပညာတွင်ဖြစ်စေ၊ ကျော်ကြားမှုတွင်ဖြစ်စေ ထိုလူငယ်နှစ်ယောက်ကသူတို့ထက်များစွာသာလွန်နေရာ အနီးရှိလူငယ်များလည်း အချင်းချင်းဝေဖန်ခြင်းပင်မပြုနိုင်ရှာပေ။

ဤဝိုင်း၏ အဓိကလူဖြစ်သည့် ချောင်‌ဖေးဟုန်က ယောင်္ကျားပီသသည့်ရုပ်သွင်ရှိကာ စူးရှတောက်ပသည့်မျက်လုံးများ သပ်ရပ်သည့်ဝတ်စားဆင်ယင်ပုံတို့ကြောင့်ခန့်ညားနေပေသည်။

သူ၏အသက်က လေးဆယ်ကျော်ငါးဆယ်နားနီးနေပြီဖြစ်သည့်တိုင် လူငယ်တစ်ယောက်လို အားမာန်ပြည့်ဝနေဆဲဖြစ်ပြီးခါးတွင်လည်းဓားတစ်လက်ကိုချိတိဆွဲထားသည်။

ချောင်‌ဖေးဟုန်၏ရုပ်ရည်က လွန်ခဲ့သည့်ဆယ်နှစ်ဝန်းကျင်ကရှောင်ယောင်တွေ့ခဲ့စဉ်နှင့်များစွာပြောင်းလဲခြင်းမရှိဘဲ အနည်းငယ်အသက်ကြီးလာပြီး ရင့်ကျက်လာဟန်တူသည်။

ထိုစဉ်ကတောအုပ်တစ်ခုထဲတွင် အရိပ်တစ္ဆေဝူယွမ်နှင့်သူ၏တပည့်နှစ်ယောက်၊ ချောင်ဖေးဟုန်နှင့် သိုင်းမဟာမိတ်မှလူများထိပ်တိုက်တွေ့ခဲ့ပြီး စန်းဟုန်းလျန်ပင်ဝင်ရောက်ကူညီပေးခဲ့ရသေးသည်။

သို့သော် ထိုအကြောင်းကိုတော့ ရှောင်ယောင်က ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။

“ ဒါနဲ့ မင်းတို့က စုထင်းတို့သုံးယောက်နဲ့ အတော်ရင်းနှီးတယ်လို့ကြားတယ်။ သူတို့သုံးယောက်ကလူတော်တွေပါ ။သိုင်းပညာမြင့်မားရုံတင်မဟုတ်ဘဲ နယ်ပယ်တစ်မျိုးစီမှာလည်းထိပ်တန်းရောက်နေတဲ့လူတွေပဲ ။

ဒါပေမယ့်လူတွေကို ကန့်လန့်တိုက်ပြီး နည်းနည်းအနှောင့်အယှက်ဖြစ်စရာကောင်းတဲ့သူတို့ရဲ့အကျင့်ကတော့ သိပ်မဟန်လှဘူး....”

ချောင်‌ဖေးဟုန်၏စကားအရ သူနှင့်စုထင်းတို့လည်း ယခင်ကသိရှိဟန်တူပြီး စုထင်းတို့နှင့်ရင်းနှီးခြင်းရှိဟန်မတူသော်လည်း ချီးကျူးစကားတော့ပြောနေသေးသည် ။

ထို့နောက် သူတို့ချင်းအနည်းငယ်စကားပြောဆိုပြီးနောက် ရှောင်ယောင်က မည်သူနှင့်မှစကားမပြောဘဲ တိတ်ဆိတ်စွာထိုင်နေသည့်မိန်းမလှလေးကိုကြည့်‌ကာပြောလိုက်သည် ။

“ ဒီက မိန်းကလေးစီးတု စိတ်မရှိရင် ကျုပ် မင်းနဲ့နှစ်ယောက်ထဲစကားပြောလို့ရမလား....”

ရှောင်ယောင်၏စကားအဆုံး၌ သူတို့တစ်ဝိုင်းလုံးရှိလူများတိတ်ဆိတ်သွားကြသည်။

လူငယ်မျိုးဆက်များသာမက ဒုတိယမျိုးဆက်မှထိပ်သီးများပင် ရှောင်ယောင်၏ရဲတင်းမှုကို အံ့သြတုန်လှုပ်နေကြပြီး မည်သည့်ယောင်္ကျားလေးမှ မချဉ်းကပ်ဝံ့သည့်ရေခဲနတ်သမီးကိုယခုလိုတောင်းဆိုရဲသည့်ရှောင်‌ယောင်၏သတ္တိကိုလည်းချီးကျူးလိုက်မိကြသည်။

ထို့အပြင်မည်သည့်အတွက် သူတို့နှစ်ယောက် ဤဝိုင်းသို့ချဉ်းကပ်လာသည်ကိုလည်းရိပ်စားမိလိုက်ကြပြီး ချောင်ရှန်းရှန်းကရှောင်‌ယောင့်ကိုဒေါသတကြီးကြည့်လိုက်သလို ရှောင်ယောင်၏ဘေးရှိဟောင်ရန်ပင် အံ့အားသင့်နေဟန်တူသည်။

“ လူငယ်တွေကတော့ ဒီလိုပါပဲ...”

ချောင်ဖေးဟုန်လည်း ရှောင်ယောင်၏စကားကြောင့်ပြုံး၍ခေါင်းယမ်းလိုက်မိသည်။

ထိုစဉ် ရှောင်ယောင်နှင့်အတူပါလာသော်လည်း စကားသိပ်မပြောသည့်လူငယ်လေးကိုသတိထားမိလိုက်သည်။

ဟောင်ရန်ဆိုသည့် ထိုလူငယ်က သိုင်းပညာထူးချွန်လှ‌သော်လည်း စကားနည်းပြီးအနည်းငယ်ရှက်တတ်ဟန်တူကာ သူနှင့်စကားပြောရာတွင်လည်း မျက်လုံးချင်းမဆုံရဲပေ။

သို့သော် ရှောင်ယောင်နှင့်တော့လွန်စွာရင်းနှီးဟန်တူပြီး ယခုလည်း ဟောင်ရန်က ရှောင်ယောင့်ကိုငေးကြည့်နေကာ သူ၏မျက်ဝန်းများကအနည်းငယ်ထူးခြားနေသည်ဟုထင်ရသည် ။

ရုတ်တရက်ဟောင်ရန့်ကိုကြည့်နေရင်းမည်သည့်အတွက်ကြောင့်မှန်းမသိဘဲ သူ၏စိတ်ထဲတွင်ထိုလူငယ်လေးကိုရင်းရင်းနှီးနှီးသိနေသလိုခံစားလိုက်မိကာ သူ၏သမီးကိုခပ်တိုးတိုးမေးလိုက်သည်။

“ ရှန်းအာ...သူ့ကိုအရင်က ဖေဖေတို့တွေ့ဖူးလား....”

သူမဖခင်၏မေးခွန်းကြောင့် ချောင်ရှန်းရှန်းလည်း နှာခေါင်းရှုံ့၍ပြန်ဖြေလိုက်သည်။။

“ မတွေ့ဖူးပါဘူး ဒါပေမယ့် ဒီကောင်က အကျင့်မကောင်းဘူး သမီးကိုလည်းခဏခဏကြည့်နေဝာာ တကယ့်နှာဘူးတစ်ယောက်ပဲ... “

ချောင်ရှန်းရှန်၏မကျေမနပ်စကားများကြောင့် ချောင်ဖေးဟုန်တစ်ယောက်အံ့အားသင့်နေစဉ် နောက်ဆက်တွဲစကားကြောင့် သူ၏မျက်လုံးများက ပြူးကျယ်သွားရသည်။

“ သမီးပြောဖို့မေ့နေတာ ဒီနှာဘူးက ဘကြီးချောင်စန်းရဲ့ တပည့်ပဲ။ မနေ့ညက ‌မိုးကြိုးနတ်ဓားဂိုဏ်းက‌ ဝေ့တုနဲ့ယှဉ်ပြိုင်ရင်း အရိပ်ပျောက်ဓားသိုင်းကိုသူသုံးသွားတာ။

ပြီးဝောာ့ သူကိုယ်တိုင်လည်း ဘကြီးချောင်စန်းရဲ့တပည့်လို့ဝန်ခံထားတယ်....”

ထိုအချိန်တွင် လူငယ်မျိူးဆက်များအပါအဝင် ကျန်လူများက ရှောင်ယောင်နှင့် စီးတုယွမ်ချင်းကိုသာ အာရုံစိုက်နေကြသည်။

လူအားလုံး၏အကြည့်အောက်တွင် အေးဆေးစွာထရပ်ပြီး ခေါင်းညိမ့်ရင်းပြောလိုက်သည့်စီးတုယွမ်ချင်း၏အ‌ဖြေကြောင့် သူတို့၏ပါးစပ်များပွင့်ဟသွားကြသည်။

“ ကောင်းပြီလေ....”

သူမ၏အဖြေက တိုတောင်းသော်လည်း ကျန်လူများကား ပါးစပ်အဟောင်းသားဖြစ်သွားမိကြသည်။

ကျောက်စိမ်းမျက်နှာဖုန်းရှန်းယင်၏နောက်ဆုံးတပည့်ဖြစ်သည့် စီးတုယွမ်ချင်းမှာ ထူးချွန်လှသည့်သိုင်းပညာပါရမီနှင့် ရေခဲလိုအေးစက်သည့်စရိုက်ကြောင့်ကျော်ကြားပြီးသူမ၏အေးစက်စက်ပုံစံကြောင့် နောင်တစ်ချိန်တွင် သူမ၏ဆရာမလိုအော့မေ့ဂိုဏ်းချုပ်ဖြစ်လာမည်ဟုပင်ထင်ကြေးပေးခံထားရသူလည်းဖြစ်သည် ။

သူမသိုင်းလောကသို့ စတင်ဝင်ရောက်စဉ်ထဲက မြောက်များစွာသောလူငယ်များ၏အိပ်မက်နတ်သမီးဖြစ်ခဲ့ရသည့်အပြင်လူငယ်ထိပ်သီးစာရင်းဝင်လူငယ်အချို့ပင် သူမ၏အချစ်ကိုရရှိရန်ကြိုးပမ်းခဲ့ဖူးသည်။

သို့‌သော် မည်သူတစ်ဦးတစ်ယောက်မှမအောင်မြင်ခဲ့သလို အေးစက်ပြီးချဉ်းကပ်ရခက်သည့်ပုံစံကြောင့် သူမနှင့်သူငယ်ချင်းဖြစ်ခွင့်ပင်မရကြပေ။

ယခု ထိုသို့သောကျော်ကြားမှုများရှိသည့်ရေခဲနတ်သမီးက လူငယ်တစ်ယောက်၏တောင်းဆိုမှုကို ပထမဆုံးလက်ခံခြင်းဖြစ်ပြီး ရှောင်ယောင်က စကားအနည်းငယ်ပြောခွင့်ပြုရန်သာတောင်းဆိုခြင်းဖြစ်သော်လည်းကျန်လူများ၏အမြင်တွင် သေချာပေါက်စီးတုယွမ်ချင်းကို ဖွင့်ပြောမည်ဟုတွေးလိုက်ကြခြင်းဖြစ်သည်။

ထိုနည်းတု ရှောင်ယောင်၏တောင်းဆိုမှုကို လွယ်လင့်တကူလက်ခံသည့်စီးတုယွမ်ချင်း၏အပြုအမူကသူတို့ကို ပို၍ပင်အံ့အားသင့်စေခဲ့သည် ။

“ ကောင်းပြီလေ....”

သူမ၏အဖြေကတိုတောင်းသော်လည်း ဤနေရာရှိလူများကို ပါးစပ်အဟောင်းသားဖြစ်စေရန်လုံလောက်ပေသည် ။

မည်သည့် ယောင်္ကျားလေးတစ်ဦးတစ်ယောက်နှင့်မှ မရင်းနှီးသည့်ရေခဲနတ်သမီးလေးက ယခုမှနာမည်ကျော်ကြားလာသည့်လူငယ်တစ်ယောက်၏လက်တွင်းသို့သက်ဆင်းရတော့မည်လော။

အခြားလူငယ်များ၏မနာလိုအားကျနေသည့်အကြည့်အောက်တွင် ရှောင်ယောင်က ဥယျာဉ်ထောင့်ရှိလူရှင်းသည့်သစ်ပင်ကြီးအောက်သို့ဦးတည်၍သွားလိုက်သလို စီးတုယွမ်ချင်းကလည်းသူ၏နောက်မှတည်ငြိမ်စွာလိုက်ပါသွားလေသည်။

ထိုအခိုက်ချောင်ဖေးဟုန်က ရှောင်ယောင်၏နောက်သို့လိုက်မည်ပြုနေသည့်ဟောင်ရန့်ကိုဟန့်တား၍ပြောလိုက်သည် ။

“ နေပါဦးကောင်လေး....မင်းက ဦးလေး ချောင်စန်းရဲ့တပည့်ဆိုတော့ ငါတို့ချောင်မျိုးနွယ်နဲ့ပတ်သတ်မှုရှိတယ်လို့ဆိုရမယ်...ငါနည်းနည်းလောက် မေးစရာရှိလို့ပါ....”

ချောင်ဖေးဟုန်၏စကားကြောင့် ဟောင်ရန်၏မျက်နှာအနည်းငယ်ပြောင်းလဲသွားလေသည်။

&&&

All Chapters