ငယ်သူငယ်ချင်းနှင့်ခရီးအတူ
Vol. 2 Ch. 79
“ ကျုပ် မင်းကိုမေးစရာရှိတယ်....”
“ ကျမရှင့်ကိုမေးစရာရှိတယ်....”
အသံနှစ်ခုက ပြိုင်တူထွက်ပေါ်လာပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထို့နောက် ရှောင်ယောင်က သူမကိုလက်ပြ၍ပြောလိုက်သည်။
“ မင်း အရင်မေးလို့ရပါတယ်....”
ရှောင်ယောင်က သူမကိုဦးစားပေးလိုက်ခြင်းဖြစ်သော်လည်း ခေါင်းမာသည့်ထိုမိန်းကလေးက အနိမ့်အမြင့်မရှိသည့်လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။။
“ ရှင်က ကျမကိုအရင်ပြောတာဆိုတော့ရှင်အရင်မေးပါ....”
တင်းမာခြင်းမရှိသော်လည်း အေးစက်စက်ဖြစ်နေသည့်သူမ၏အသံကြောင့် ရှောင်ယောင်လည်း မသက်မသာပြုံး၍ခေါင်းယမ်းလိုက်မိသည်။
“ မင်းကအတော်ပြောင်းလဲသွားတာပဲ ... အရှုပ်ထုပ်မ..”
ရှောင်ယောင်၏စကားအဆုံး၌ စီးတုယွမ်ရှန်စ၏အေးစက်စက်မျက်နှာထက်တွင် အံ့ဩဝမ်းမြောက်သည့်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး အမည်တစ်ခုကိုအလိုလို ရေရွတ်လိုက်မိသည်။
“ ကျောက်တုံးခေါင်း....”
သူ သဘောမကျသည့်ထိုနာမည်ပြောင်ကို ဆယ်နှစ်ကြာပြီးနောက် နောက်တစ်ကြိမ်ထပ်ကြားလိုက်ရ၍ ရှောင်ယောင်လည်း သဘောကျစွာ ရယ်မောရင်းသူမကိုပြောလိုက်သည်။
“ ဟားဟား... အရှုပ်ထုပ်မ နင်ကအခုထိ ငါ့ကိုမှတ်မိနေသေးပါလား....”
ရှောင်ယောင်၏ပေါ့ပါးသည့်ပုံစံကြောင့် စီးတုယွမ်ချင်း၏အေးစက်စက်မျက်နှာထက်တွင် နူးညံ့သည့်အရိပ်တစ်ခုဖြတ်ပြေးသွားပြီး ဖြေးညင်းစွာပြောလိုက်သည် ။
“ အမှန်အတိုင်းဝန်ခံရရင် နင်ကငါ့ရဲ့ပထမဆုံးသူငယ်ချင်းလို့ပြောလို့ရတယ် ...”
သူမ၏ပျော့ပြောင်းသည့်စကားကြောင့်ရှောင်ယောင်ပင် အံ့အားသင့်သွားပြီး ပြုံး၍ပြောလိုက်သည်။
“ ငါလည်းအတူတူပဲ။ အဲဒီတုန်းက ဦးလေးစန်းနဲ့အတူ ရှောင်လင်ကိုသွားဖို့လုပ်ရင်း မင်းနဲ့တွေ့ခဲ့တာ ။ ငါ့အတွက်လည်း မင်းကပထမဆုံးသူငယ်ချင်းပဲ....
“ ငါမှတ်မိပါသေးတယ် အဲဒီတုန်းက မင်းက ငါ့ကိုတောင် တိုက်ခိုက်ခဲ့သေးတယ်လေ....”
ရှောင်ယောင်၏စကားကြောင် စီးတုယွမ်ချင်းက သူတို့ဆုံတွေ့စဉ်က ကတောက်ကဆဖြစ်ခဲ့သည့်အကြောင်းကိုပြန်တွေးမိ၍ ညင်သာစွာပြုံးလိုက်မိသည်။
ထိုအပြုံးက ရေခဲတောင်ကြားမှနှင်းကြာပန်းလေးပွင့်လာသလို လွန်စွာလှပနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးထိန်လင်းသွားသည်ဟုပင်ထင်လိုက်မိကာ ရှောင်ယောင်လည်း လွှတ်ခနဲပြောလိုက်မိသည်။
“ မင်းက ငယ်ငယ်တုန်းကတော်တော်လေးစိတ်ရှုပ်စရာကောင်းခဲ့ပေမယ့်....အခုကျ နည်းနည်းလှလာတယ် “
ရုတ်တရက်သူမ၏အလှကိုချီးမွမ်းလာသည့် ရှောင်ယောင်ကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်တွင် ရှက်သွေးတစ်ချက်ဖြတ်ပြေးသွားသလို ရှောင်ယောင်လည်း အနည်းငယ်မျက်နှာပူသွားသည်။
ထို့နောက် သူတို့ရှိနေသည့်နေရာကို သိလိုစိတ်ပြင်းပြစွာဖြင့် အကဲခပ်နေကြသည့်လူငယ်များကိုဝေ့ကြည့်ရင်းဆက်ပြောလိုက်သည် ။
“ ကြည့်ရတာ ငါတော့လမ်းသွားရင်ချောင်းအရိုက်မခံရအောင် ဂရုစိုက်မှရတော့မယ်....”
ရှောင်ယောင်က သူ့တို့ရှိရာသို့မနာအားကျလိုစွာဖြင့်ကြည့်ရှုနေကြသည့်လူငယ်များကိုရည်ရွယ်၍ပြောလိုက်ခြင်းဖြစ်သည်။။
ထိုလူငယ်များမှာ မလှမ်းမကမ်းတွင် ရှောင်ယောင်နှင့်ရယ်မောပြောဆိုနေသည့်စီးတုယွမ်ချင်းကိုကြည့်ရင်း အသဲကွဲကုန်ကြသည်။
စီးတုယွမ်ချင်း၏အေးစက်ပြီးချဉ်းကပ်ရခက်သည့်ပုံစံ၊ အစွမ်းထက်နောက်ခံများနှင့် သူမ၏မြင့်မားသည့်သိုင်းပညာတို့ကြောင့် မည်သူမှလက်လှမ်းမမှီနိုင်သည့်ပန်းလေးတစ်ပွင့်လိုဖြစ်နေသည်။
ထို့ကြောင့် သူတို့အားလုံး စီးတုယွမ်ချင်း၏အနားကိုပင်မသွားဝံ့ခြင်းဖြစ်ပြီး သူမကိုသဘောမကျဟုဆိုလိုခြင်းမဟုတ်ပေ။
ယခု နောက်ပေါက်သည့်ရွှေကြာပင်က သူတို့နတ်သမီးလေးနှင့်အဆငိပြေနေပုံပေါ်ရာ လူငယ်များစွာ၏မျက်လုံးများက မနာလိုမှုကြောင့်နီရဲလာရသည် ။
ထိုသတင်းသာသိုင်းလောကထဲပျံ့နှံ့သွားပါက စီးတုယွမ်ချင်းကိုသဘောကျနေသည့်လူငယ်မည်မျှရှောင်ယောင့်ကိုပစ်မှတ်ထားကြမည်ဟုခန့်မှန်း၍ပင်မရဘဲ ထိုသတင်းကိုဖြန့်ဖြစ်အောင် ဖြန့်ရမည်ဟု သူတို့အားလုံးတိုင်ပင်မထားဘဲတွေးတောလိုက်မိကြသည်။
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာက အေးတိအေးစက်အမူအယာပြန်ဖြစ်သွားကာ ခပ်လှမ်းလှမ်းမှ မသိမသာတစ်မျိုး ၊ သိသိသာသာတစ်ဖုံအကဲခပ်နေသည့်လူများကိုစူးစိုက်ကြည့်၍ပြောလိုက်သည်။
“ သူတို့ကို ဂရုစိုက်မနေနဲ့ ....”
သူမ၏အသံက ပုံမှန်အချိန်များလိုပြန်၍တည်ငြိမ်သွားပြီး အနည်းငယ်အေးစက်စက်နိုင်လာရာရှောင်ယောင်လည်း သက်ပြင်းတစ်ချက်ချ၍မေးလိုက်သည် ။
“ မင်းဘာလို့ ဒီလောက် အေးစက်စက်ဖြစ်သွားရတာလဲ...ငယ်ငယ်တုန်းကဒီလိုမဟုတ်ပါဘူး....”
ရှောင်ယောင်၏မေးခွန်းကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်တွင် ထူးခြားသည့်အမူအယာများထွက်ပေါ်လာပြီး ကြေကွဲဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းစသည့် ခံစားချက်အရိပ်အယောင်တို့ပါဝင်လျက်ရှိသည် ။
သို့သော် အချိန်အနည်းငယ်အတွင်း ထိုအမူအယာများက ပြန်လည်ပျောက်ကွယ်သွားပြီး ရှောင်ယောင့်ကိုအေးစက်စက်ပုံစံဖြင့်မေးလိုက်သည်။
“ မဆိုင်တာတွေမေးမနေနဲ့ ...နင်ငါ့ကိုဘာမေးမလို့လဲ....”
ပုံမှန်အချိန်များလို ပြန်လည်အေးစက်သွားသည့်သူမ၏ပုံစံကြောင့်ရှောင်ယောင်လည်း ခေါင်းယမ်းလိုက်မိကာ လေးနက်သည့်ဟန်ဖြင့်မေးလိုက်သည်။
“ ငါသိချင်တာက နဂါးခုနစ်ကောင်ရဲ့ယှဉ်ပြိုင်ပွဲက ဘယ်တော့လုပ်မလဲဆိုတာပဲ ။
အစ်ကိုဝမ်ဝူးတို့စကားအရဆိုရင် သူတို့က နှစ်နှစ်တစ်ကြိမ်ယှဉ်ပြိုင်တယ်မဟုတ်လား။ ငါဦးလေးစန်းကိုရှာချင်လို့.....”
ရှောင်ယောင်၏စကားအဆုံး၌ စီးတုယွမ်ချင်းလည်း သူ၏ရည်ရွယ်ချက်ကိုသဘောပေါက်သွားကာ ခေါင်းညိမ့်ပြောလိုက်သည်။
“ ဟုတ်တယ် ဖေဖေတို့က ဟွာရှန်းတောင်မှာ နှစ်နှစ်တစ်ကြိမ်ယှဉ်ပြိုင်ကြတယ် ။ ဒီနှစ်ပြိုင်ပွဲက အချိန်သိပ်မလိုတော့ဘူး နောက်ထပ် တစ်ပတ်လောက်ပဲလိုတော့တာ....”
ထို့နောက် သူတို့နှစ်ယောက်၏ကြားတွင် တိတ်ဆိတ်သွားပြီး အတန်ကြာမှ ရှောင်ယောင်က မေးလိုက်သည် ။
“ ဦးလေးစီးတုမင်ရော နေကောင်းရဲ့လား ...”
သူ၏မေးခွန်းကို စီးတုယွမ်ချင်းက တိတ်ဆိတ်စွာခေါင်းညိမ့်ပြလိုက်သည်။
ထိုမိန်းကလေး၏ အေးတိအေးစက်ပုံစံကြောင့် ရှောင်ယောင်လည်း စကားစရှာမရတော့ဘဲ ခပ်လှမ်းလှမ်းတွင် ချောင်ဖေးဟုန်တို့နှင့်အတူရှိနေသည့်ဟောင်ရန့်ကိုကြည့်လိုက်မိရင်း သူမကိုနှုတ်ဆက်လိုက်သညိ။
“ ကိုင်း ....ဒါဆို ငါသွားတော့မယ်....”
မတုန်မလှုပ်ပုံစံဖြင့်ငြိမ်သက်နေသည့်ထိုမိန်းကလေးကိုတစ်ချက်ကြည့်ရင်း ရှောင်ယောင်လည်း ဦးစွာထွက်လာလိုက်သည်။
သူခြေလှမ်းလေးငါးလှမ်းသွားပြီးချိန်၌ နောက်ဘက်မှ စီးတုယွမ်ချင်း၏အသံထွက်ပေါ်လာသည်။
“ နင် ဟွာရှန်းတောင်ကိုသွားမှာလား ...”
သူမ၏မေးခွန်းကြောင့်ရှောင်ယောင်လည်း အနည်းငယ်ထူးဆန်းသည့်ပုံစံဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်တယ်လေ ... ငါဦးလေးစန်းကိုသွားရှာမှာ သူ့ကိုအံ့ဩစေချင်လို့ ရှောင်လင်ကထွက်မယ့်ရက်ကိုမပြောဘဲ ငါဘာသာလိုက်ရှာမလို့လုပ်ထားတာ....”
ရှောင်ယောင်သာအလိုရှိပါက တေလေဂိုဏ်းခွဲများမှတစ်ဆင့် စန်းဟုန်းလျန်ဆီသို့သတင်းစကားပါး၍ရသော်လည်း ပို၍အံ့အားသင့်စေရန်သူကိုယ်တိုင်သွားတွေ့မည်ဟုဆုံးဖြတ်ထားခြင်းဖြစ်သည်။
သူ၏အဖြေကြောင့် စီးတုယွမ်ချင်းကအနည်းငယ်တုန့်ဆိုင်းသွားပြီး သူ့ဆီသို့လျှောက်လာရင်းပြောလိုက်သည်။
“ ငါလည်း အဲဒီကိုသွားမှာ နင်လည်း အတူလိုက်လာလို့ရတယ်....”
သူမ၏စကားအရ သူကပင်ခရီးအတူသွားရန်တောင်းဆိုနေသည့်သဘောဖြစ်နေပြီး ရှောင်ယောင်လည်း စိတ်ထဲတွင်ပြုံးလိုက်မိစဉ် ထိုမိန်းကလေးက သူ့ကိုကျော်ဖြတ်ကာ စားပွဲဝိုင်းများဆီသို့ပြန်သွားလိုက်ပြီး မူလနေရာတွင် ခပ်တည်တည်ဖြင့်ဝင်ထိုင်လိုက်သည်။
စီးတုယွမ်ချင်းပြန်လာပြီဖြစ်၍ သူတို့နှင့်မလှမ်းမပမ်းတွင်ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်နေကြသည့်လူငယ်များလည်းမရှိတော့ဘဲ အခြားနေရာများသို့ရောက်ရှိကုန်ပြီဖြစ်သည်။
သို့သော် နေရာအတော်များများမှကျရောက်လာသည့် ဒေါသထွက်သည့်အကြည့်များကိုခံစားမနေ၍ ရှောင်ယောင်လည်းမတတ်သာဘဲရယ်မောလိုက်ရင်းမှ ဟောင်ရန့်ဆီသို့လျှောက်သွားလိုက်တော့သည်။
ဟောင်ရန်ကား ချောင်ဖေးဟုန်နှင့်စကားပြောနေသော်လည်းသူ၏အကြည့်များက ရှောင်ယောင်တို့ရှိရာသို့မကြာခဏရောက်ရှိနေတတ်ကာ သူတို့ဝိုင်းသို့ စီးတုယွမ်ချင်းပြန်ရောက်လာပြီး ရှောင်ယောင်လည်းနောက်မှပါလာမှ မျက်နှာဝင်းပသွားလေသည်။
“ ဟို....အစ်ကိုရှောင်ယောင်လည်းပြန်လာပြီဆိုတော့ ကျုပ်လည်းသွားလိုက်ဦးမယ် ဆရာကြီးချောင်....”
ဟောင်ရန်က ချောင်ဖေးဟုန်ကိုကမန်းကတန်းနှုတ်ဆက်၍ထရပ်လိုက်သည် ။
သူ၏အပြုအမူကြောင့် ချောင်ဖေးဟုန်ကရယ်မောလိုက်သော်လည်း ဘေးဘက်ရှိချောင်ရှန်းရှန်းကား နှာခေါင်းရှုံ့လိုက်သည်။
မည်သည့်အတွက် ထိုအူကြောငိကြောင်နှာဘူးကို သူမဖခင်သဘောကျနေသည်မသိရဘဲ ယခုလည်း မက်တပ်ထ၍ပင်နှုတ်ဆက်နေသေးသည်။
“ ငါ့ကို ဦးလေးချောင်လို့ပဲခေါ်ပါလို့ပြောထားရဲ့သားနဲ့....”
ချောင်ဖေးဟုန်က ဟောင်ရန်၏ပခုံးကိုပုတ်၍ ရင်းရင်းနှီးနှီးပြောလိုက်ပြီးမှ သူတို့နားသို့ရောက်လာသည့်ရှောင်ယောင့်ကိုလည်းပြောလိုက်သည်။
“ မင်းလည်းအတူတူပါပဲ....နောင်ကို ချောင်ထျန်းဘက်ရောက်ရင် ငါတို့ဆီဆက်ဆက်ဝင်ခဲ့ပါ။ ငါမရှိရင်တောင် ချောင်မျိုးနွယ်ကိုလာပြီးလည်လို့ရပါတယ်....”
ချောင်ထျန်းဆိုသည်က ချောင်မျိုးနွယ်များအခြေစိုက်ရာနေရာဖြစ်ပြီးသူ၏ရင်းနှီးသည့်ဖိတ်ခေါ်မှုကြောင့် ရှောင်ယောင်တို့လည်း လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးရင်း လမ်းကြုံလျှင်ဝင်မည့်အကြောင်းကိုအာမခံလိုက်ရသည်။
ထိူ့နောက် ရှောင်ယောင်နှင့်ဟောင်ရန်တို့လည်း လူအားလုံး၏အကြည့်အောက်တွင် စုထင်းတို့၏စားပွဲဝိုင်းဆီသို့ပြန်သွားလိုက်ကြသည်။
&&&&