လူသစ်နှစ်ယောက်၏အရက်သောက်ပွဲ
Vol. 2 Ch. 81
ရှောင်ယောင်၏နွေးထွေးသည့်အကြည့်နှင့် ဖိတ်ခေါ်စကားကြောင့် ဟောင်ရန်မှာ အချိန်အနည်းငယ်ကြာအောင် ငေးငိုင်သွားသော်လည်း ခေါင်းယမ်း၍ပြောလိုက်သည်။
" ကျုပ် ဒီမှာ ခုနစ်ရက်ပြည့်တဲ့ထိ နေဦးမယ်လို့စိတ်ကူးထားတယ်ပြီးရင်တော့ ဦးလေးချောင်တို့နဲ့အတူ ချောင်မျိုးနွယ်ကိုလိုက်သွားမလို့စီစဉ်ထားတယ်...."
ဟောင်ရန်၏လေသံထဲတွင် စိတ်လှုပ်ရှားခြင်း၊ အနည်းငယ်တွန့်ဆုတ်ခြင်းနှင့် ဝမ်းမြောက်သည့်ခံစားချက်များပါဝင်နေသည်။
ထင်မှတ်မထားသည့်စကားကို ကြားသိလိုက်ရ၍ ရှောင်ယောင်လည်း အံ့အားသင့်သွားပြီး ဟောင်ရန်၏ပခုံးကိုပုတ်ကာပြောလိုက်သည်။
" ကောင်းတာပေါ့ လျှပ်တပြတ်ဓားသခင်က မင်းကိုသဘောကျတဲ့ပုံပဲ ဆက်ကြိုးစား ...."
ရှောင်ယောင်ပြောသည့်အဓိပ္ပာယ်ကိုသဘောပေါက်ကြ၍ စုထင်းတို့လည်းရယ်မောလိုက်ကြသည်။
သို့သော် ဟောင်ရန်က သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည် ။
" သူတို့က ကျုပ်ဆရာရဲ့မျက်နှာကြောင့် အခုလိုဖော်ရွေနေကြတာပါ...."
ထိုအကြောင်းကိုရှောင်ယောင်လည်းရိပ်စားမိပြီးဖြစ်၍ ဟောင်ရန့်ကိုလေးနက်သည့်အသံဖြင့်ပြောလိုက်သည် ။
" မင်းမသွားချင်ဘူးဆိုရင် မင်းကိုဘယ်သူကခေါ်နိုင်မှာလဲ ။ ငါလျှပ်တပြတ်ဓားသခင်ကိုသွားပြီးပြောလိုက်ရမလယး...."
ရှောင်ယောင်၏တည်ကြည်သည့်ပုံစံကြောင့် အမှန်တကယ်ထိုသို့လုပ်မည်ကို သံသယမရှိဘဲ ဟောင်ရန်လည်း စိတ်ထဲတွင်နွေးထွေးသွားပြီး ခေါင်းယမ်းပြလိုက်သည် ။
" သူတို့ရဲ့တိုက်တွန်းမှုကြောင့်မဟုတ်ပါဘူး ကျုပ်လည်း ချောင်မျိုးနွယ်ကိုသွားဖို့စိတ်ကူးထားလို့ပါ...."
ဟောင်ရန်၏အဖြေကြောင့် ရှောင်ယောင်က ပြုံးလိုက်ပြီး သူ၏ပခုံးကိ ခပ်ဖွဖွထိုးလိုက်သည်။
" ချောင်ရှန်းရှန်းကို သဘောကျရင် ကျတယ်ပေါ့ အပိုတွေလျှောက်ပြောနေသေး...."
ရှောင်ယောင်၏ စနောက်သည့်အပြုံးကြောင့် ဟောင်ရန်က စပ်စပ်ထိမခံဘဲပြန်ချေပလိုက်သည်။
" ခင်ဗျားကသာ စီးတုယွမ်ချင်းနဲ့ နှစ်ယောက်ထဲအတူသွားမလို့မလား...."
ထိုအကြောင်းကို မကြာခဏပြောဆိုနေပြနး ထူးထူးဆန်းဆန်းမနာလိုဖြစ်နေဟန်တူသည့် ဟောင်ရန်၏လေသံကြောင့် ရှောင်ယောင်လည်း ထိုလူငယ်လေးမှာ ချောင်ရှန်းရှန်းကိုမဟုတ်ဘဲ စီးတုယွမ်ချင်းကိုသဘောကျနေခြင်းဖြစ်သည်ဟုပင်တွေးလိုက်မိသည်။
သို့သော် ဟောင်ရန်၏အပြုအမူကြောင့် သူ၏အတွေးများပြတ်တောက်သွားတော့သည်။
" လာ မြေခွေးအိုကြီး ကျုပ်တို့သောက်ရအောင် ..."
ဟောင်ရန်၏စကားအဆုံး၌ ရှောင်ယောင်တစ်ဦးထဲအံ့အားသင့်သွားခြင်းမဟုတ်ဘဲ ဝမ်ဝူးတို့သုံးယောက်ကပါဟောင်ရန့်ကို စူးစိုက်ကြည့်လိုက်ကြသည်။
" ဟောင်ရန် မင်းနေမကောင်းဖြစ်နေတာလား ....."
ရှောင်ယောင်က ဟောင်ရန်၏နဖူးဆီသို့လက်လှမ်းလိုက်၍ ဟောင်ရန်က သူ၏လက်ကိုရိုက်ထုတ်လိုက်ပြီးမကျေမနပ်ပုံစံဖြင့်ပြောလိုက်သည် ။
" ကျုပ်အကောင်းကြီးပါ ဘာဖြစ်လို့လဲ...."
သူ၏တန်ပြန်မေးခွန်းကြောင့် စုထင်းကအံအားသင့်သည့်ဟန်ဖြင့်ပြန်ဖြေလိုက်သည်။
" တစ်ခါမှမသောက်တဲ့မင်းလိုကောင်က အခုထူးထူးဆန်းဆန်ပါလား...."
အံ့ဩစွာဖြင့်ရေရွတ်လိုက်သည့် စုထင်းစကားကြောင့် ဟောင်ရန်က မျက်နှာမဲ့လိုက်ပြီး ရှောင်ယောင့်ကို မျက်လုံးပြူး၍ကြည့်ကာ ပြောလိုက်သည်။
" မနေ့ညက ခင်ဗျားပဲကျုပ်ကိုသွားသောက်ရအောင်လို့ပြောခဲ့တာလေ....လူသတ်သမားကြောင့်သာ မေ့သွားတာ။ ။
ခင်ဗျား ကျုပ်နဲ့ပြိုင်မသောက်ရဲဘူးလား....ငကြောက်..နှာဘူး... တဏှာရူး "
သူ့ကိုတမင်ပစ်မှတ်ထားလှောင်ပြောင်နေသည့်လူငယ်လေးကြောင့် ရှောင်ယောင်မှာ အံ့ဩတကြီးဖြစ်နေရပြီး အနည်းငယ်လည်းဒေါပွကာ ခေါင်းညိမ့်လိုက်သည်။
" ကောင်းပြီလေ... ငါမင်းနဲ့ပြိုင်သောက်မယ်...."
ရှောင်ယောင်သည်လည်းတစ်ကြိမ်မှအရက်မသောက်ဖူး၍ စမ်းသပ်လိုစိတ်များဖြစ်ပေါ်နေချိန်တွင် ဟောင်ရန်ကစိန်ခေါ်လာ၍ အံကိုက်ဖြစ်သွားပေသည်။
ရုတ်တရက်ကြီး အတိုက်အခံပြောနေသည့်လူငယ်နှစ်ယောက်ကို ဝမ်ဝူးတို့က အံ့ဩစွာကြည့်ရှုနေကြစဉ် အရက်ချိုးဆုဖိန်ကား သဘောကျစွာရယ်မောရင်းအရက်တစ်အိုးစီကိုသူတို့နှစ်ယောက်ထံသို့ကမ်းပေးလိုက်သည်။
" ဟားဟား...ကောင်းတယ်.... ငါဒိုင်လုပ်ပေးမယ် ....."
ဆုဖိန်၏အားပေးအားမြောက်စကားကြောင့် စုထင်းကသူ၏အနီးသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
" ဟေ့ကောင် ဟုတ်မှလည်းလုပ်ဦး သူတို့ကတစ်ခါမှသောက်ဖူးတာမဟုတ်ဘူးနော်၊.....ပြီးတော့ ဟောင်ရန် နည်းနည်းထူးဆန်းနေတယ် ...."
စုထင်း၏စကားကိုဂရုမစိုက်ဘဲ ဆုဖိန်ကလက်ခုပ်တီး၍ပြောလိုက်သည်။
" ကောင်းပြီ ညီလေးဟောင်နဲ့ ညီလေးရှောင်တို့ စပြီးသောက်လို့ရပြီ ။ စည်းမျဉ်းကရိုးရှင်းပါတယ် များများသောက်နိုင်တဲ့လူကအနိုင် အရင်မှောက်သွားတဲ့လူကအရှုံးပဲ...."
ဆုဖိန်၏စကားအဆုံး၌ ဟောင်ရန်က အရက်အိုးကိုလျှင်မြန်စွာဖောက်လိုက်ပြီး ခွက်ထဲသို့ပင်မထည့်ဘဲ အိုးလိုက်မော့ချလိုက်သည်။
အရက်ကိုပထမဆုံးစသောက်ဖူးသည့်အကြိမ်တွင် အိုးလိုက်မော့ချသည့်ဟောင်ရန်ကြောင်ပ ဆုဖိန်ပင်မျက်လုံးပြူးသွားပြီး သူတို့၏အကြည့်အောက်တွင် ဟောင်ရန်မှာ အရက်အိုးကိုကမန်းတန်းချ၍ ချောင်းအဆက်မပြတ်ဆိုးလာသည် ။
" အဟွတ် ....အဟွတ်...."
ဤသည်က ထူးဆန်းသည့်အချက်တော့မဟုတ်ပေ။
ဝါရင့်အရက်သမားများပင် ဝါးစိမ်းအရက်ကို ယခုလိုအိုးလိုက်သောက်နိုင်ရန်မလွယ်ကူဘဲ ဟောင်ရန့်လိုလူသစ်ကလေးတစ်ယောက်အနေဖြင့် ချက်ခြင်း သီးသွားခြင်းဖြစ်သည်။
" ဟောင်ရန် အဆင်ပြေရဲ့လား ..."
ထိုလူငယ်လေး၏တဇွတ်ထိုးလုပ်ရပ်ကြောင့် ရှောင်ယောင်ကသူ၏နောက်ကျောကိုထ၍ပုတ်ပေးလိုက်သော်လည်းဟောင်ရန်က ရှောင်ယောင်၏လက်ကိုရိုက်ထုတ်ကာ အရက်အိုးကိုထပ်မော့လိုက်ပြန်သည် ။
ယခုတစ်ကြိမ်၌ အစောပိုင်းကလိုတရှိန်ထိုးမဟုတ်တော့ဘဲ ပုံမှန်သောက်နေရာ အရက်တစ်အိုးမှာ အချိန်တိုအတွင်းတစ်ဝက်ကျသွားလေသည် ။
အရက်ရှိန်ကြောင့် နီမြန်းသည့်မျက်နှာဖြင့် ဟောင်ရန်လည်း အရက်အိုးကိုပြန်ချကာ နှုတ်ခမ်းတွင်ပေနေသည့်အရက်များကိုအင်္ကျီလက်စဖြင့်ပင့်သုတ်ရင်းရှောင်ယောင့်ကိုစိန်ခေါ်သလိုကြည့်လိုက်သည် ။
အချိနိအများစုတွင် စကားနားထောင်သော်လည်း တစ်ခါတစ်ရံတွင် လွန်စွာခေါင်းမာလှသည့်ထိုလူငယ်လေး၏အကျင့်ကိုကောင်းစွာသိထား၍ ရှောင်ယောင်လည်း ခေါင်းညိမ့်ကာ သူ့ရှေ့ရှိအရက်အိုးကိုဖွင့်၍ တစ်ခွက်ပြီးတစ်ခွက် ငှဲ့သောက်ပြလိုက်သည်။
ဤသို့ဖြင့် လူငယ်နှစ်ယောက်၏အရက်သောက်ပွဲကို စောင့်ကြည့်ရင်း စုထင်းတို့သုံးယောက်မှာ ထိုညတွင် နောက်ထပ်မသောက်ဖြစ်လိုက်ပါချေ ။
&&&&
" အား....ကျွတ် ကျွတ်...."
ယခုအချိန်ထိ မူးနောက်ကိုက်ခဲနေသေးသည့်ဦးခေါင်းကိုအုပ်ကိုင်ရင်း ဟောင်ရန်လည်းညည်းတွားလိုက်သည်။
မနေ့ညက အရက်သောက်ပြိုင်ပွဲတွင်မည်သူအနိုင်ရသည်ကိုပင်မမှတ်မိနိုင်လောက်အောင် တစ်အိုးပြီးတစ်ဦးသောက်ခဲ့ပြီး သူ့ကိုရှောင်ယောင်ပင် အိပ်ဆောင်သို့သယ်လာရခြင်းဖြစ်သည်။
စံအိမ်ကြီး၏ရှေ့ဘက် အဆောက်အဦးတစ်ခုကို စံအိမ်သို့လာရောက်သည့်သိုင်းသမားများအတွက်သီးသန့်ပြင်ဆင်ထားပေးခြင်းဖြစ်ပြီး အခန်းများစွာပါရှိသည်။
ထို့ကြောင့် ရှောင်ယောင်တို့နှစ်ယောက်က တစ်ခန်းနေကာ စုထင်းတို့သုံးယောက်ကား ဘေးအခန်းတွင်ဖြစ်သည် ။
ယနေ့နံနက်၌ သူတို့နှစ်စလုံးအရက်နာကျ၍နိုးလာကြပြီး ကိုယ်လက်သန့်စင်ပြီးသည်နှင့် နံနက်စာစားသောက်ရန် ထမင်းစားဆောင်သို့ထွက်လာခြင်းဖြစ်သည်။
ယနေ့က သွေးနီတံခါးဖိတ်စာရရှိသည့် ခုနစ်ရက်မြောက်နေ့ဖြစ်သလို နောက်ဆုံးနေ့လည်းဖြစ်၍ စံအိမ်တစ်ခုလုံးရှိလူများမှာ ယခင်ကထက်ပို၍သတိဝီရိယရှိနေကြသည်။
အကြောင်းကား သွေးနီတံခါးအဖွဲ့၏စည်းမျဉ်းတစ်ခုက သူတို့လုပ်ကြံမည့်လူကိုခုနစ်ရက်ခန့်ကြိုတင်သတိပေးတတ်သလိုထိုရက်အတွင်းအတိအကျလုပ်ကြံရန်ကြိုးစားတတ်ပြီးသက်မှတ်ရက်ကျော်လွန်သွားပါက နောက်ထပ်လုပ်ကြံမှုမပြုတော့ခြင်းဖြစ်သည်။
ဤသည်က သူတို့မတတ်နိုင်၍ မဟုတ်ဘဲ ရရှိထားသည့်အခကြေးငွေထက် ပို၍ကြီးမားသည့်ဆုံးရှုံးမှုကိုကြုံတွေ့ရနိုင်၍ လက်ရှောင်ခြင်းဖြစ်သည်။
သွေးနီတံခါးပေါ်ထွက်လာသည့်ရှစ်နှစ်အတွင်း သူတို့လက်ထဲမှလွတ်မြောက်သူဟူ၍လက်ဆယ်ချောင်းပင်မပြည့်ခဲ့ပေ။
သို့သော်ငြား စံအိမ်တွင်ရောက်ရှိနေကြသည့်သိုင်းထိပ်သီးများစွာနှင့်လျှပ်တပြတ်ဓားသခင်လို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦးက ကာကွယ်ပေးနေရာ ရွှေဓားသခင်သည်လည်း သွေးနီတံခါး၏ပစ်မှတ်ထားမှုကိုလွတ်မြောက်ရန် ရာခိုင်နှုန်းအတော်များလျက်ရှိသည်။
" အစ်ကိုရှောင်ယောင် ခင်ဗျားရဲ့မျက်နှာကြီးကဘာဖြစ်နေတာလဲ...."
ဟောင်ရန်က သူ၏ရှေ့မှ ခပ်တည်တည်ဖြင့်သွားနေသည့်ရှောင်ယောင်ကိုကြည့်၍ မချိုမချဉ်မျက်နှာဖြင့်မေးလိုက်သည်။
သူ၏မေးခွန်းကြောင့် ရှောင်ယောင်၏ခြေလှမ်းများကတုံ့ခနဲရပ်သွားပြီးလှည့်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။
" မင်းလုပ်ပုံကောင်းသေးရဲ့လား ...ညကလည်း ငါကမင်းကို အိပ်ဆောင်အထိသယ်ပေးတာတောင် ငါ့အပေါ်ကိုအန်ချသေးတယ်..."
အပြာရောင်ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး မှုန်ကုတ်ကုတ်ပုံစံဖြစ်နေသညိ့ ရှောင်ယောင့်ကိုကြည့်ရင်း ဟောင်ရန်လည်း စိတ်မထိမ်းနိုင်ဘဲ ခွီးခနဲရယ်ချလိုက်မိသည်။
ညက အရက်သောက်ပြိုင်ပွဲတွင် ဟောင်ရန်ဦးစွာမှောက်သွား၍ ရှောင်ယောင်မှာ သူ့ကိုအိပ်ဆောင်အထိ ကုန်းပိုးကာသယ်သွားရသည်။
ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးဖြစ်သည့်အပြင် အပြင်အားလမ်းစဉ်လျှောက်သူတစ်ယောက်လည်းဖြစ်ရာ ရှောင်ယောင်က လူတစ်ယောက်ကိုသယ်ပိုး၍ လီပေါင်းများစွာအထိလျှောက်နိုင်ပြီး ထိုကိစ္စက သူ့အတွက်အပန်းမကြီးသော်လည်း ထိုသကောင့်သားမှာ သူ့ကိုယ်ပေါ်တွင်အန်ချခဲ့သေးသည်။
ထို့ကြောင့် ရှောင်ယောင်မှာ ညတွင်းချင်းရေချိုး၍အဝတ်လဲခဲ့ရလေသည်။
ရှောင်ယောင်တစ်ယောက် သိုင်းလောကထဲသို့ဆင်းလာချိန်က ဝတ်စုံသုံးစုံသာပါခဲ့သည်။
ကြွယ်စင်းလက်ဆောင်ပေးခဲ့သည့်ဝတ်စုံနှစ်ထည်မှ တစ်စုံက ချူးကုနန်၏လက်ချက်ကြောင့် စုတ်ပြဲသွား၍ ကျောင်းတော်သားဝတ်စုံကို ဟောင်ရန်ကပြန်ဝယ်ပေးခဲ့သည်။
သို့သော် ကျသင့်ငွေကတော့ ရှောင်ယောင့်ဆီမှဖြစ်သည်။
ထိုနှစ်စုံမှလွဲ၍ ရှောင်ယောင်ယူလာသည့်နောက်ဆုံးအစုံက လက်ရှိဝတ်ဆင်ထားသည့်ဖျင်ကြမ်းဝတ်စုံသာဖြစ်ပြီးရှောင်လင်တွင်ရှိစဉ်က ဝတ်စုံဖြစ်၍ အတော်ပင်ဟောင်းနွမ်းနေသည်။
ညက သူ၏အနက်ရောင်သိုင်းဝတ်စုံမှာ အန်ဖက်များပေကျံသွားသလို ကျောင်းတော်သားဝတ်စုံကလည်းမခြောက်သေး၍ ဖျင်ကြမ်းဝတ်စုံကိုသာလဲလှယ်ဝတ်ဆင်ထားခြင်းဖြစ်သည်။
&&&&