← Chapters

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 83

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 83

ရှောင်ယောင်က သူတို့ကိုနှုတ်ဆက်ပြီးထွက်သွားသည့်အခါ ဟောင်ရန်လည်း မှိုင်တွေသွားပြီး စာသားအချို့ကို ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းက မမြဲတဲ့အရာ

တွေ့ဆုံရတာ ခွဲခွာရဖို့အစပျိုးတာ ....

ခွဲခွာခြင်းဆိုတာကလည်း ပြန်လည်တွေ့ဆုံဖို့အစပျိုးတာပဲ....

စစ်မှန်နဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ တွေ့ဆုံခြင်းခွဲခွာခြင်းကို အရေးမစိုက်ပါ....”

ရုတ်တရက် ကဗျာရွတ်ဆိုလိုက်သည့်ဟောင်ရန့်ကြောင့် စုထင်းတို့လည်း အံ့အားသင့်သွားကြပြီး ကဗျာသမားဆုဖိန်က အရောင်တောက်နေသည့်မျက်လုံးများဖြင့်မေးလိုက်သည် ။

“ ကောင်းလိုက်တဲ့ကဗျာပါလား....ငါတောင် မဖတ်ဖူးဘူး... ညီလေးဟောင် မင်းလည်း ကဗျာကို ဝါသနာပါတာလား....”

စုထင်း၏အလေးအနက်မေးခွန်းကြောင့် ဟောင်ရန်လည်း ငေးတိငေးငိုင် ပုံစံဖြင့်ခေါင်းယမ်းရင်းပြန်ဖြေလိုက်သည် ။

“ ကျုပ်လည်းမသိဘူး....အစ်ကိုရှောင်ယောင့်ဆီက ကြားဖူးတာ....”

ရှောင်ယောင်ထွက်ခွာသွားသည်ကို များစွာစိတ်ထိခိုက်နေဟန်တူသည့်သူ၏ပုံစံကြောင့် စုထင်းတို့ပင် ရယ်မောခြင်းမရှိတော့ပေ။

&&&&

မီးရောင်များထိန်လင်းနေသည့်အခန်းတစ်ခုထဲတွင် အသက်ခြောက်ဆယ်ကျော်ခန့်ရှိမည့်အဖိုးအိုတစ်ဦးထိုင်လျက်ရှိသည်။

သူ၏ရှေ့ရှိစားပွဲပေါ်တွင် စာရင်းစာအုပ်အချို့ရှိနေပြီး ညဉ့်နက်သည်အထိ အနားမယူနိုင်သေးဘဲ စာရင်းအင်းများကိုစစ်ဆေးနေခြင်းဖြစ်သည် ။

အဖိုးအို၏ပုံစံက ပိန်လှီသေးကွေးပြီး ခန့်ညားခြင်းကင်းမဲ့သည့်သွင်ပြင်ရှိသည် ။

သို့သော် သူ၏ရုပ်ဆိုးဆိုးမျက်နှာက နွေးထွေးဖော်ရွေနေပြီးတွေ့သမျှလူတိုင်းကို ရင်းနှီးခင်မင်စေလိုသည့်ခံစားချက်မျိုးရရှိပေသည် ။

“ အား....ရှုပ်လိုက်တဲ့စာရင်းတွေ.....ဟို ချမ်းသာဆိုတဲ့ကောင် ဘယ်လိုများဒီလောက်လုပ်ငန်းတွေကို စီမံခန့်ခွဲတယ်မသိဘူး ။ ဟန်ပြလုပ်ရတဲ့ငါတောင်အတော်လေးခေါင်းနောက်နေတာ...”

အဖိုးအိုက အပျင်းကြောဆန့်၍ညဉ်းညူလိုက်သည် ။

သူ၏ပုံစံက တစ်ကိုယ်တည်းပြောဆိုနေဟန်တူသော်လည်း အဖိုးအို၏စကားအဆုံးတွင် အခန်းထောင့်မှောင်ရိပ်ထဲမှအနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်ထွက်ပေါ်လာသည်။

ထိုလူက အခန်းထဲတွင်မူလထဲကရှိနေခြင်းဖြစ်သော်လည်း အမှောင်နှင့်တသားထဲဖြစ်နေဟန်တူသည့်သူ၏ပုံစံကြောင့် အပြင်မှတစ်ယောက်ယောက်ဝင်လာပါက ချက်ခြင်းသတိထားမ်မည်မဟုတ်ပေ။

“ ခေါင်းဆောင်....ရွှေဓားသခင်ကိုလုပ်ကြံဖို့‌စေလွှတ်ထားတဲ့ ရွှေအဆင့်ရှိတဲ့ နံပါတ်ခုနစ်သေဆုံးသွားပါပြီ....”

ဝတ်စုံနက်က အဖိုးအိုကို အရိုအသေပေး၍ အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့်အဖိုးအို၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားပြီး ဝတ်စုံနက်ကိုစိုက်ကြည့်ရင်းပြန်မေးလိုက်သည် ။

“ နံပါတ်ခုနစ်ဆိုတာ သိုင်းပညာဒီလောက်မဟုတ်ပေမယ့် ကိုယ်ဖော့ပညာကောင်းပြီး ရုပ်ပြောင်းရုပ်လွှဲအထူးချွန်ဆုံးကောင်မဟုတ်လား သူက ဘယ်လိုလုပ်အသတ်ခံလိုက်ရတာလဲ....။

သူ့လုပ်ကြံမှုကျရှုံးသွားရင်တောင် ထွက်ပြေးနိုင်သေးတယ်လေ တုန်းချဲ့လင်ရဲ့စံအိမ်ကိုရောက်နေတဲ့လူတွေထဲမှာ သူ့ကိုချက်ခြင်းသတ်ဖြတ်နိုင်တဲ့လူမရှိဘူးမလား....”

အဖိုးအို၏မေးခွန်းကို အနက်ရောင်ဝတ်စုံဝတ်လူက အနိမ့်အမြင့်မရှိသည့် လေသံဖြင့်ပြောလိုက်သည်။

“ ညဉ့်ငှက်တွေရဲ့သတင်းအရဆိုရင် သူက အဖမ်းခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်လို့သိရပါတယ်။

သူ့ကိုဖမ်းဆီးခဲ့တဲ့လူက အသက်နှစ်ဆယ်လောက်ပဲရှိသေးတဲ့ကောင်လေးတစ်ယောက်ပါ။

သူက နံပါတ်ခုနစ်ရုပ်ဖျက်ထားတာကိုတစ်နည်းနည်းနဲ့သိသွားပြီး သူ့ကိုအလစ်ဝင်တိုက်ပြီးဒဏ်ရာရစေခဲ့တာပါ ...”

ဝတ်စုံနက်၏စကားကြောင့် အဖိူးအိူ၏မျက်ခုံးများမြင့်တက်သွားပြီး သူ၏ရုပ်ဆိုးဆိုးမျက်နှာထက်၌ ထူးဆန်းသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

“ ဘယ်လိုတောင်ဖြစ်သွားတာလဲ သူ့ကိုတိုက်ခိုက်ခဲ့တဲ့လူငယ်ရဲ့အကြောင်းကိုရော သိပြီလား....”

အဖိုးအိူ၏မေးခွန်းကို ဝတ်စုံနက်က လေးနက်သည့်လေသံဖြင့်ပြန်ဖြေလိုက်သည်။

“ ဒီလူငယ်က သိုင်းပညာထိပ်တန်းအဆင့်ပဲရှိပါသေးတယ် ။ ဒါပေမယ့် သူနဲ့တခြားလူငယ်တစ်ယောက်ပေါင်းပြီး မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်ရှစ်ယောက်ထဲက ချူးကုနန်ကိုသတ်ဖြတ်ခဲ့သလို ယန်စီနဂါးအဖွဲ့ကိုလည်းဖြိုခွဲခဲ့ပါတယ်။

သူ့နာမည်က ရှောင်ယောင်လို့ သိရပါတယ် ။ မျိုးရိုးနာမည်က တုန်းဖန်းပါ.... သူ့အဖော်ရဲ့နာမည်ကတော့ ဟောင်ရန်ပါ ။ သူတို့နှစ်ယောက်ကို ယန်စီသူရဲကောင်းညီနောင်လို့ခေါ်ကြပါတယ် .....”

ဝတ်စုံနက်၏စကားမှာ တိကျလှပြီး ရှောင်ယောင်အကြောင်းကို တစ်ခုမကျန်စုံစမ်းထားသည့်အလားပင်။

သူပြောသည့်အကြောင်းအရာများကိုနားထောင်နေရင်းမှ အဖိုးအို၏မျက်နှာထက်မှအပြုံးက ပို၍ပီပြင်လာသည် ။

“ စိတ်ဝင်စားစရာပဲ ... ယန်စီနဂါးဆိုတာ ချမ်းသာရဲ့လက်အောက်ကအဖွဲ့မလား....ဒီကောင်ဘာမှမလုပ်ဘူးလားမသိဘူး....”

အဖိုးအိုက တစ်ကိုယ်တည်းရေရွတ်လိုက်စဉ် ဝတ်စုံနက်က သူ့ကိုမေးလိုက်သည်။

“ ‌ခေါင်းဆောင် သူ့ကိုရှင်းဖို့ ရွှေအဆင့်တစ်ယောက်ယောက်ကိုစေလွှတ်လိုက်ရမလား....”

ဝတ်စုံနက်၏မေးခွန်းကြောင့် အဖိူးအို၏မျက်လုံးများက တောက်ပလာပြီး အနည်းငယ်စဉ်းစား၍ပြောလိုက်သည်။

“ ဟိုကောင်လေးယန်မင်ကိုလွှတ်လိုက်....သူက သိပ်မကြာခင်ကမှ အဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်တာမလား။ သူ့ကိုခေ့ကျင့်ပေးရမယ် ။

ပြီးတော့ ရွှေအဆင့်လူသတ်သမား‌တွေထဲမှာ သူ့ကအလယ်အလက်အဆင့်ဆိုတော့ သူ့ကိုလွှတ်လိုက်တာအကောင်းဆုံးပဲ ....”

အဖိုးအို၏စကားကိုဝတ်စုံနက်က အသေအချာအာရုံစူးစိုက်နားထောင်နေပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့ အဖိုးအိုက ထပ်ပြောလိုက်သည်။

“ ပြီး‌တော့ သူ့အကြောင်းကို ဒီ့ထက်ပိုပြီးသိချင်သေးတယ် .... ငါ့စိတ်ထဲမှာ ဒီကောင်လေးက ငါတို့အဖွဲ့အစည်းနဲ့လာပြီးပတ်သတ်ဦးမယ်လို့ ခံစားမိနေတယ် ။ နတ်မျက်စိကိုအကူအညီတောင်းလိုက်...”

အဖိုးအို၏စကားအဆုံး၌ ဝတ်စုံနက်က အရိုအသေပေး၍ အမှောင်ထဲသို့တိုးဝင်ပျောက်ကွယ်သွားလေသည်။

ဝတ်စုံနက်ပျောက်ကွယ်သွားပြီးနောက် အဖိုးအိုက တစ်နေရာကို ငေးစိုက်ကြည့်နေပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ တုန်းဖန်းရှောင်ယောင် ၊ တုန်းဖန်း ....အင်း...ဒီလောက်ကြီးတော့ မတိုက်ဆိုင်လောက်ပါဘူး....”

အဖိုးအိုက သူတစ်ယောက်ထဲသာနားလည်နိုင်မည်စကားများကိုရေရွတ်နေခြင်းဖြစ်ပေသည်။

&&&

နွေဦးရာသီဖြစ်၍ ဖုန်တထောင်းထောင်း‌ထနေသည့်လမ်းမပေါ်တွင် အပြင်းစိုင်းနှင်နေသည့်မြင်းနှစ်စီးရှိနေပြီး ထိုနှစ်ယောက်က နုနယ်ပျိုမြစ်သည့်လူငယ်လူရွယ်နှစ်ယောက်ဖြစ်သည် ။

“ ဟေ့ ယွမ်ချင်း ငါတို့မနားသေးဘူးလား....”

နောက်ဘက်ရှိမြင်းပေါ်မှလူငယ်က ရှေ့မြင်းပေါ်ရှိလူကို လှမ်းမေးလိုက်ခြင်းဖြစ်သည်။

ထိုလူငယ်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ကာ အပြာရောင်ဖျင်ကြမ်းဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားပြီး ချောမောခန့်ညားသည့်ရုပ်သွင်ရှိပြီး ကြည်လင်နေသည့်မျက်လုံးများဖြင့် အေးဆေးတည်ငြိမ်သူတစ်ဦးဖြစ်မည်ဟုခန့်မှန်းနိုင်ပေသည်။

သူနှင့်မလှမ်းမကမ်းရှိနီညိုရောင်မြင်းကြီးထက်မှလူက အသက်ဆယ့်ကိုး ၊ နှစ်ဆယ်အရွယ်မိန်းကလေးတစ်ဦးဖြစ်ကာ သူမ၏ရုပ်ရည်က နတ်သမီးတမျှလှပပြီး အနက်‌ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ ရဲရင့်ပြီးအေးစက်သည့်ပုံစံလည်းရှိသည် ။

နေပူကျဲကျဲတွင် ခရီးပြင်းနှင်နေသည့်ထိုနှစ်ယောက်ကား ဟန်ကျန်းမှထွက်လာသည့် ရှောင်ယောင်နှင့် စီးတုယွမ်ချင်းတို့မှလွဲ၍အခြားမဟုတ်ဘဲ ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်းက သူမ၏မြင်းကိုအရှိန်နှေးလိုက်ရင်း သူ့ကိုပြောလိုက်သည်။

“ ရှေ့နားဆိုင်တစ်ခုခုကိုတွေ့မှ နားတာပေါ့.... နင်ကလည်း ပျော့လိုက်တာ....”

စီးတုယွမ်ချင်း၏ အထင်သေးသည့်လေသံကြောင့် ရှောင်‌ယောင်လည်း မဲ့ပြုံးပြုံး၍ပြန်ပြောလိုက်သည်။

“ မနက်က ငါနံနက်စာမှမစားခဲ့ရတာ။ မင်းက ‌နေမမြင့်ခင်ဟန်ကျန်းကထွက်မယ်ဆိုပြီး တန်းလာတာကို....”

သူ၏စကားမှာ အမှန်ပင်ဖြစ်ပြီး အမူးပြေစွပ်ပြုတ်ကိုပင်ကုန်အောင်မသောက်ရသေးမီ ထိုမိန်းကလေးရောက်ရှိလာ၍ မြင်းသွားရွေးကာ ဟောင်ရန်တို့ကိုနှုတ်ဆက်ပြီး ရွှေဓားသခင်၏စံအိမ်မှထွက်လာကြခြင်းဖြစ်သည်။

ထို့နောက် လေးငါးနာရီခန့်အပြင်းအထန်ခရီးနှင်ပြီးချိန်တွင် ရှောင်ယောင်လည်း ဗိုက်ထဲမှပိုးကောင်လေးများက အဆာတောင်းလာ၍ ယခုလိုပြောလိုက်ခြင်းဖြစ်၏ ။

သူ၏ချေပကားကြောင့် စီးတုယွမ်ချင်းက နှာခေါင်းရှုံ့လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

“ ညကမူးရူးပြီး မနက်နေမြင့်မှထတာမလား....”

မကြားတကြားပြော၍ မြင်းကိုအရှိန်တင်လျက်စိုင်းနှင့်သွားသည့်စီးတုယွမ်ချင်းကြောင့် ရှောင်ယောင်လည်း မျက်လုံးပြူး၍ကျန်ခဲ့သည်။

“ အင်း....အခုလိုနေပူကြီးထဲမှာ ဆက်တိုက်ခရီးနှင်ရတာ သူ မပင်ပန်းဘူးလားမသိဘူး....”

ရှောင်ယောင်က ‌ကြွေရုပ်ကလေးလို ဖြူဖွေးလှပနေပြီး အမျိုးသမီးစစ်သူရဲကောင်းတစ်ဦးလို မြင်းကိုဟန်ကျပန်ကျစီးနင်းကာ ရဲရင့်သည့်ပုံစံရှိသည့် စီးတုယွမ်ချင်းကို ငေးကြည့်ရင်း တွေးလိုက်မိခြင်းဖြစ်သည်

ထိုမိန်းကလေးမှာ အပြင်ပန်းအေးစက်သော်လည်း သူမ၏စိတ်က ထိုမျှအေးစက်ခြင်းမရှိဘဲ တစ်ခါတစ်ရံသူ့ကိုပင်လှောင်ပြောင်တတ်သေးသည်။

လူအများအမြင်တွင် စီးတုယွမ်ချင်းမှာ အေးစက်သည့်ရေခဲနတ်သမီးလေးဖြစ်သော်လည်း ရှောင်ယောင်၏မျက်စေ့ထဲတွင်လွန်ခဲ့သည့်ဆယ်နှစ်ကလို အရှုပ်ထုပ်မလေးဖြစ်နေဆဲပင်။

ပုံပန်းသွင်ပြင်ပြောင်းလဲသွားခြင်းမှလွဲ၍ သူမ၏အကျင့်က လွန်ခဲ့သည့်ဆယ်နှစ်ကလိုပင်လူကြီးဆန်၍ ဆရာလုပ်တတ်ပြီး ယခုလည်း လမ်းတစ်လျှောက် ရှောင်ယောင်မှာ မကြာခဏအပြောခံလာခဲ့ရသည်။

ထိုမိန်းကလေးနှင့်တွေ့မှ ရှောင်ယောင်လည်းသုံးလေးကြိမ်နှိပ်ကွပ်ခံရပြီးဖြစ်ကာ ဟောင်ရန့်ကိုအနိုင်ကျင့်သမျှပြန်၍ဝဍ်လည်နေခြင်းပေလောဟုပင် တွေးလိုက်မိသည်။

“ ရှေ့နားက လမ်းဆုံလမ်းခွမှာ စားသောက်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီမှာနားရ‌‌

အောင်....”

သူ့ကိုလှည့်၍ပြောလိုက်သည့်စီးတုယွမ်ချင်း၏စကားသံကြောင့် ရှောင်ယောင်၏အတွေးများပြတ်တောက်သွားပြီး ခပ်ဝေးဝေးတွင်မြင်နေရသည့် ကြီးမားလှသည့်သစ်ပင်ကြီးတစ်ပင်ဘေးမှ စား‌သောက်ဆိုင်လေးကိုလှမ်းမျှော်ကြည့်လိုက်မိသည် ။

ထိုစဉ်ကတော့ သာမန်ပုံစံသာရှိသည့်ထိုဆိုင်ငယ်လေးမှာ သူ့အတွက် ဒုက္ခများစွာကြုံကြိုက်စေမယ့် နေရာဖြစ်မှန်း ကြိုတင်မသိနိုင်ခဲ့ပေ။

&&&&

All Chapters