← Chapters

ပြဿနာအိုး

Vol. 2 Ch. 84

ပြဿနာအိုး

Vol. 2 Ch. 84

သုံးလမ်းဆုံ

မတူညီသည့်အရပ်ဒေသသုံးခုသို့သွားသည့်လမ်းများဆုံရာထိုနေရာတွင် မြင့်မားအုံ့ဆိုင်းပြီး လွန်စွာအရိပ်ကောင်းလှသည့်သစ်ပင်ကြီးတစ်ပင်လည်းရှိပေသည်။

သစ်ပင်၏ဘေးဘက်တွင် သပ်ရပ်သည့်စားသောက်ဆိုင်ငယ်လေးတစ်ခုတည်ရှိကာ လမ်းသွားလမ်းလာများအတွက်ခရီးတစ်ထောက်ခိုနားစရာနေရာလည်းဖြစ်နေသည်။

‌နေမွန်းတည့်ချိန်ကို ကျော်လွန်ပြီးဖြစ်၍ နွေဦးရာသီ၏ပြင်းထန်သည့်အပူချိန်အောက်တွင် ခရီးသွားနေသူမရှိသလောက်နည်းပါးပြီး ဤလမ်းသုံးခုမှခရီးသွားများလည်း ဆိုင်ငယ်လေးတွင်နားခိုနေကြသည်။

သူတို့ရောက်ရှိနေသည့်နေရာက ကျန်းဟူဟုခေါ်တွင်သည့်သိုင်းလောက၏အချက်အချာကျန်းနန်ဒေသတွင်းဖြစ်၍ ဟိုမှသည်သို့သွားလာနေကြသည့်သိုင်းလောကသားများကိုနေရာအနှံ့တွေ့ခဲ့ရသလို စားသောက်ဆိုင်ထဲတွင်လည်းသိုင်းသမားများဖြင့်စည်ကားလျက်ရှိသည်

ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့လည်း ဆိုင်ငယ်လေးအနီးသို့ချဉ်းကပ်လာကြသည့်အခါ ဆိုင်ဘေးရှိသစ်ပင်အောက်တွင် သိုင်းသမားအယောက်သုံးလေးဆယ်စုရုံးနေကြသည်ကိုတွေ့မြင်လိူက်ရသည်။

ထို့အပြင်ဆိုင်ထဲတွင်လည်းစားသောက်နေကြသည့်သိုင်းသမားများစွာရှိ၍ တစ်စုံတစ်ခုထူးခြားနေသည်ကို ပြောစရာမလိုဘဲသိနိုင်ပေသည်။

ရှောင်ယောင်တို့နှစ်ယောက် ရောက်ရှိလာသောအခါ သစ်ပင်အောက်မှလူများက များစွာအံ့အားသင့်သွားကြဟန်တူပြီးအချင်းချင်းတီးတိုးပြောဆိုနေကြသည်။

အကြောင်းကား မိန်းမလှခုနစ်ယောက်တွင်အပါအဝင်ဖြစ်သည့် မဟူရာနတ်သမီးစီးတုယွမ်ချင်းက ရှောင်ယောင်နှင့်အတူပါလာသည်မဟုတ်လား ။

ထိုလူအများစုက စီးတုယွမ်ချင်းကို မီးဝင်းဝင်းတောက်သည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေကြသော်လည်းမည်သူမှ လာရောက်နှောင့်ယှက်ဝံ့ခြင်းမရှိကြပေ။

အကြောင်းကား မိန်းမလှခုနစ်ယောက်ထဲတွင်လက်စောင်းအထက်ဆုံးဖြစ်သည့် စီးတုယွမ်ချင်း၏သိုင်းပညာနှင့်သူ၏နောက်ခံအင်အားက တော်ရုံတန်ရုံအဆင့်လွန်ထိပ်သီးများကိုပင် ကြောက်လန့်စေနိုင်၍ဖြစ်ပြီး သူမ၏မြင့်မားသည့်သိုင်းပညာကြောင့်လည်း ပါဝင်ပေသည်။

သို့ရာတွင် ထိုလူများက ခပ်လှမ်းလှမ်းမှနေ၍သူတို့ကိုဝေဖန်ပြောဆိုနေကြသည့်အဖြစ်ကိုတော့ ဟန့်တားနိုင်စွမ်းမရှိပါချေ။

စီးတုယွမ်ချင်းကား မည်သည့်နေရာကိုသွားသည်ဖြစ်စေ လူအများ၏ အာရုံစိုက်ခံနေရခြင်းကို ကျင့်သားရနေပြီဖြစ်၍ အမူအယာပြောင်းလဲခြင်းမရှိဘဲ ဆိုင်ဘေးရှိမြင်းဇောင်းတွင် သူမ၏မြင်းကိုချည်ကာ ဆိုင်ထဲသို့ဦးစွာဝင်ရောက်သွားတော့သည်။

“ အင်း....အေးအေးချမ်းချမ်းစားဟေသောက်နိုင်မယ်လို့မျှော်လင့်ရတာပဲ....”

ရှောင်ယောင်လည်း လူအများ၏ မနာလိုအံ့ဩသည့်အကြည့်များအောက်တွင် ခေါင်းယမ်းရင်း ဆိုင်ထဲသို့ဝင်ရောက်သွားလေသည် ။

ဆိုင်ဘေးရှိသစ်ပင်ကြီး၏အောက်တွင် လူသုံးဆယ်နီးပါးရှိနေသလိုဆိုင်ထဲတွင်လည်း အပေါ်ထပ်အောက်ထပ်နှစ်ခုလုံးတွင် လူအတော်များများစားသောက်နေကြသည်။

သာမန်စားသောက်ဆိုင်များနှင့်ခြားနားစွာ ဆိုင်၏နှစ်ထပ်လုံးကိုစားသောက်ခန်းအဖြစ်ပြင်ဆင်ထားပြီး အပေါ်ထပ်မှလည်း အောက်ထပ်ကိုကောင်းစွာမြင်နိုင်အောင်ပြင်ဆင်ထားသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် ဆိုင်အပြင်ဘက်သစ်ပင်အောက်တွင်သိုင်းသမားများစုရုံးနေကြသလို ဆိုင်ထဲရှိလူအားလုံးသည်လည်းသိုင်းလောကသားများဖြစ်ကြသည်ကို တွေ့ရပေသည်။

မှန်ပေသည်။

စီးတုယွမ်ချင်းနှင့်ရှောင်ယောင်တို့ဆိုင်ထဲသို့ဝင်သွားသည်နှင့် ကျန်လူများ၏ အံ့အားသင့်သည့်အကြည့်က သူတို့ဆီသို့စုပြုံကျ‌ရောက်လာသည် ။

ဤသည်မှာလည်းများစွာထူးဆန်းခြင်းမရှိပေ။

စီးတုယွမ်ချင်း၏အကြောင်းကို မသိလျှင်ပင် လူအများကြားတွင် ထင်းထွက်နေသည့် သူမ၏အလှအပကြောင့် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ယောင်္ကျားသားများ၏စိတ်နှလုံးကိုဆွဲဆောင်နိုင်ပေမည်။

သို့သော် ထိုမိန်းကလေး၏ကျော်ကြားမှုက သူထင်

ထားသည်ထက်ပင်သာလွန်ဟန်တူကာ ဆိုင်အပြင်မှလူများသာမက ဆိုင်ထဲမှလူအများစုပင် စီးတုယွမ်ချင်း၏နာမည်ကိုသိကြဟန်တူပြီး အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

အထူးသဖြင့်သူတို့ပြောဆိုသည့်အကြောင်းအရာက ရေခဲနတ်သမီးဟုနာမည်ကျော်သည့်စီးတုယွမ်ချင်းတစ်ယောက် ယောင်္ကျားလေးတစ်ယောက်နှင့်အတူ ယှဉ်တွဲသွားလာနေခြင်းကိုဖြစ်ပေသည် ။

ထို့နောက် သူတို့နှစ်ဦးလည်း လူများပြည့်ကြပ်ဆူညံနေသည့် အောက်ထပ်တွင်စားသောက်ခြင်းမရှိဘဲ အပေါ်ထပ်သို့တက်ကာ စားပွဲလွတ်တစ်လုံးတွင်ဝင်ထိုင်လိုက်ကြသည်။

ထိုအချိန်အထိ ကျန်လူများ၏အာရုံစိုက်သည့်အကြည့်များက သူတို့ထံသို့ကျရောက်နေဆဲဖြစ်ပြီး ထိုမိန်းကလေးနှင့်အတူခရီးသွားရသည်မှာ မှားယွင်းခြင်းဖြစ်သည်ဟုပင်တွေးလိုက်မိသည်။

“ အစ်ကိုလေးတို့ ဘာများ မှာကြားမလဲခင်ဗျ....”

ဆိုင်၏အသွင်အပြင်က သာမန်သာဖြစ်သော်လည်းဝန်ဆောင်မှုကအတော်ကောင်းမွန်ဟန်တူပြီး သူတို့ထိုင်ထိုင်ချင်း သွက်လက်ချက်ချာဟန်တူည့်ဆိုင်လုလင်လေးတစ်ယောက်ရောက်လာပြီး ယဉ်ကျေးစွာမေးလိုက်သည်။

“ ကျမအတွက် သက်သက်လွတ်ခေါက်ဆွဲတစ်ပွဲ....”

စီးတုယွမ်ချင်းက ပြောင်းလဲခြင်းမရှိသည့်လေသံဖြင့်ပြောလိုက်သည်။

သူမ၏အလှမှာ သာမန်ဆိုင်လုလင်လေးကိုပင်ဆွဲဆောင်နိုင်ဟန်တူပြီး ဆယ့်ခြောက်နှစ် ၊ ဆယ့်ခုနစ်နှစ်ခန့်ရှိမည့်ထိုလူငယ်လေးမှာ စီးတုယွမ်ချင်းကို ငေးကြည့်ရင်းအနည်းငယ်မျက်နှာနီရဲနေသညိ ။

“ အစ်ကို့အတွက်က ဘဲကင်တစ်ခြမ်းနဲ့ စီချွမ်ဝက်ပေါင်းတစ်ပွဲ၊ ပြီးတော့ အရွက်စုံထမင်းကြော်တစ်ပွဲ.... ဟင်းရည်လေးကောချပေးဦး... “

ဆိုင်လုလင်လေးလည်း ရှောင်ယောင်၏စကားကိုကြားမှ သတိဝင်လာပြီး အနည်းငယ်ရှက်ရွံ့သွားဟန်တူကာ ခေါင်းအထပ်ထပ်ညိမ့်ပြ၍ အလျှင်အမြန်ထွက်ခွာသွားသည်။

ရှောင်ယောင်က ထိုလူငယ်လေးကို သဘောကျစွာကြည့်ရှုနေစဉ် သူ၏ရှေ့မှ စီးတုယွမ်ချင်း၏အသံထွက်ပေါ်လာသည်။

ရှောင်ယောင်၏များပြားစုံလင်သည့်အမှာစကားကြောင့် စီးတုယွမ်ချင်းမှာ မျက်ခုံးပင့်လိုက်မိပြီး သူ့ကိုစိုက်ကြည့်ကာမေးလိုက်ခြင်းဖြစ်သည်။

“ နင်ကလူလားဝက်လား....ဒီလောက်အများကြီး....”

ထိုမိန်းကလေး၏ ပိဿာလေးဘေးပစ်သလို ပြင်းထန်သည့်စကားများကြောင့် ရှောင်ယောင်လည်း မျက်နှာမဲ့လိုက်ပြီး သူ၏အိတ်ကိုပုတ်ပြလိုက်သည်။

“ ငါ့မှာ ငွေအလုံအလောက်ပါတယ် ။ မင်းလည်း ခြောက်တီးခြောက်ချက်စားမနေနဲ့ တခြားဟာတွေမမှာတော့ဘူးလား ...ကြာရင် ပိန်ခြောက်ပြီး ရုပ်ဆိုးလာလိမ့်မယ် .. “

မြင်းနှစ်စီးကိုဆုံးရှုံးလိုက်ရပြီးဖြစ်သည့်တိုင် လျှိုစမ်းမြို့တွင် ငွေလွှဲလက်မှတ်များကိုအားလုံးလဲလှယ်လာပြီးဖြစ်၍ ရှောင်ယောင့်ထံတွင် ရွှေဆယ်တုံးကျော်ကျော်နှင့် ငွေတုံးအနည်းငယ်ကျန်နေသေးသည်။

ထို့ကြောင့် သူ့ကို လှောင်ပြောင်သည့်ထိုမိန်းကလေးကိုပြန်၍စနောက်လိုက်ခြင်းဖြစ်သည်။

သူ၏တန်ပြန်တိုက်ခိုက်မှုကြောင့် စီးတုယွမ်ချင်းကခေါင်းယမ်းပြလိုက်ပြီး ခပ်တည်တည်ဖြင့်ပြန်ဖြေလိုက်သည်။

“ မလိုဘူး ငါက ငယ်ငယ်ထဲက သားသက်လွတ်သမား....”

ထိုမိန်းကလေး၏အဖြေကြောင့် ရှောင်ယောင်ပင် အံ့အားသင့်သွားမိကာ ခေါင်းယမ်း၍ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ ကျွတ်ကျွတ်....လူ့ဘဝရဲ့အရသာကိုမခံစားတတ်ဘူးပဲ....”

ရှောင်ယောင်၏ မထိတထိစနောက်မှုကြောင့် စီးတုယွမ်ချင်း၏အကြည့်စူးစူးကသူ့ထံသို့ကျရောက်လာသည်။

သူတို့နှစ်ယောက်ကား မတည့်အတူနေဟုပင်ဆိုရမည်ဖြစ်ကာ ဟန်ကျန်းမှထွက်လာသည်က နေ့တစ်ဝက်သာရှိသေးသော်လည်းဆယ်ကြိမ်ထက်မနည်းစကားစစ်ထိုးပြီးဖြစ်သည်။

ပုံမှန်ဆိုလျှင် စကားနည်းပြီးအေးတိအေးစက်ဖြစ်သည့်ထိုမိန်းကလေးမှာ သူ့ကိုအမြဲလိုလိုနှိပ်ကွက်ပြောဆိုလေ့ရှိသလို ရှောင်ယောင်ကလည်းတစ်ကြိမ်မှခေါင်းငုံ့မခံခဲ့ပေ။

‌ငယ်စဉ်ကစတင်တွေ့ဆုံစဉ်ပင် ကတောက်ကဆဖြစ်ခဲ့ရသည့်သူတို့နှစ်ယောက်ကား ကျောင်းတော်မှရန်စများကြောင့် တစ်ယောက်ကိုတစ်ယောက် အနိုင်ယူလှောင်ပြောင်နေခြင်းသာဖြစ်တော့သည်။

သို့သော် ဘေးလူများ၏အမြင်တွင်သူတို့နှစ်‌ယောက်က တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်နေခြင်းဖြစ်ပြီး သူတို့၏ဒေါသတကြီးအကြည့်များကြောင့် ရှောင်ယောင်ပင် ကျောချမ်းလာမိသည်။

ယခုအချိန်ထိ ဆိုင်ထဲတွင် သူတို့ကိုစောင့်ကြည့်နေသည့်မျက်လုံးများစွာရှိနေပြီး ‌များမကြာမီရက်များအတွက် မဟူရာနတ်သမီးစီးတုယွမ်ချင်းတစ်ယောက် အမည်မသိလူငယ်တစ်ယောက်နှင့်ချစ်ကြိုက်နေသည်ဆိုသည့်အတင်းအဖျင်းများထွက်ပေါ်လာတော့မည်ကတော့ မြေကြီးလက်ခတ်မလွဲသေချာလှသည်။။

အထူးသဖြင့် သန့်ရှင်းသော်လည်း ဟောင်းနွမ်းနေသည့် အပြာရောင်ဖျင်ကြမ်းဝတ်စုံနှင့်ရှောင်ယောင်၏သွင်ပြင်က ယောင်္ကျားပီသချောမောခန့်ညားသော်လည်း စီးတုယွမ်ချင်းနှင့်ယှဉ်လိုက်လျှင် စုတ်ချာသည်ဟုထင်ရသည် ။

ထို့ကြောင့် သူတို့နှစ်ယောက်၏ပုံစံက ကျန်လူများ၏မျက်ဝန်းထဲတွင် ရွှေမင်းသမီးနှင့်အညတရလိုဖြစ်နေပေသည် ။

ထိုစဉ် သူတို့အနီးသို့ချဉ်းကပ်လာသည့်လူရိပ်တစ်ခုကြောင့် စကားစစ်ထိုးပွဲကရပ်တန့်သွားပြီး ရှောင်ယောင်လည်း ထိုလူ့ကိုမော့ကြည့်လိုက်မိသည်။

သူတို့ဝိုင်းအနီးသို့ချဥ်းကပ်လာသူက အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်ရှိပြီး အဖြူရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားကာ ချောမောခန့်ညားပေသည်။

နောက်ကျောတွင်လည်း အကောင်းစားဓားရှည်တစ်လည်ကိုသိုင်းလွယ်ထားပြီး အထင်ကြီးစကာကောင်းသည့်သွင်ပြင်ရှိသည့်ထိုလူငယ်က ရှောင်ယောင့်ကိုဂရုမစိုက်ဘဲစီးတုယွမ်ချင်းကိုကြည့်၍ နွေးထွေးစွာပြုံးကာပြောလိုက်သည်။

“ နတ်သမီးစီးတု ကျုပ်က ကောင်းယွဲ့ဂိုဏ်းက လေပွေဓားသမားစန့်ချီ ပါ ။ သိုင်းမဟာမိတ်ရဲ့ သခင်ဆယ်ယောက်ထဲက စန့်ထင်းက ကျုပ်ရဲ့ဦးလေးပဲ။ ဒီဝိုင်းမှာ ကျုပ် ထိုင်ခွင့်ရမလားမသိဘူး ...”

အဖြူရောင်ဝတ်စုံဝတ်လူငယ်က သိုင်းလောကထဲတွင်ကျော်ကြားမှုရှိပြီး ထိပ်တန်းအင်အားစုတစ်ခုမှပါရမီရှင်လည်းဖြစ်ပေသည်။

ထို့ကြောငိ့ သူ၏အနေအထားက ဟောင်ရန်၏ရန်ဘက်ဖြစ်သည့် ဝေ့တုတို့လိုပင်ဖြစ်ပြီး သူ၏သိုင်းပညာကလည်း အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်ရာ မည်သည့်နေရာသို့သွားပါစေ အရေးပေးဆက်ဆံခံရမည်မလွဲပေ။

အရေးအကြီးဆုံးအချက်က သူ၏ချောမောသည့် ရုပ်ရည်ကို ယုံကြည်မှုရှိသူပီပီ စီးတုယွမ်ချင်း၏အလှကိုမြင်ပြီး သူမ၏အကြောင်းကိုလည်း ကြားသိခဲ့ရပြီးနောက် လာရောက်ခဲ့သည့်သူ၏ရည်ရွယ်ချက်က ရှင်းလင်းလှသည် ။

သူ၏မိသားစုနောက်ခံ ၊ ကျော်ကြားမှု ၊ သိုင်းပညာ၊ ရုပ်ရည် စသည်တို့ဖြင့်များပြားလှသည့်မိန်းကလေးများကိုဆွဲဆောင်နိုင်စွမ်းရှိရာ ဘာမဟုတ်သည့်သာမန်လူတစ်ယောက်နှင့်ပင်တွဲလာသည့်စီးတုယွမ်ချင်းကို ရနိုင်မည်ဟု ထင်မှတ်နေခြင်းဖြစ်၏ ။

သို့သော်ငြား သူပစ်မှတ်ထားသည့်လူက စီးတုယွမ်ချင်းဖြစ်နေသည်မှာ စန့်ချီတစ်ယောက်ကံဆိုးသွားခြင်းဖြစ်သည် ။

“ ထွက်သွားစမ်း....”

စီးတုယွမ်ချင်း၏အေးစက်စက်စကားကြောင့် စန့်ချီ၏မျက်နှာထက်ရှိအပြူံးက အေးခဲသွားသလို ကျန်လူများ၏အမူအယာကလည်း အံ့ဩတုန်လှုပ်သွားကြသည်။

စန့်ချီကား ထိုမိန်းမလှလေး၏စကားကို သူနားကြားမှားသွားသည်ဟုထင်လိုက်မိ၍ ထပ်ပြောလိုက်သည်။

“ နတ်သမီးစီးတု ကျုပ်က ....”

“ ထွက်သွားစမ်းလို့....”

ယခုတစ်ကြိမ်၌ သူ့ကို စူးစိုက်ကြည့်လာပြီးအနည်းငယ်တင်းမာသည့်လေသံဖြင့်ပြောလိုက်သည့် စီးတုယွမ်ချင်းကြောင့် စန့်ချီ၏မျက်နှာကမည်းမှောင်သွားလေသည်။

‌

သူမ၏အသံက အေးစက်နေပြီး တင်းမာသည့်အရိပ်အယောင်များပင်ပါဝင်နေကာ စူးရဲသည့်အကြည့်က စန့်ချီကိုမလိုလားကြောင်းအသိသာကြီးဖြစ်နေသည် ။

တစ်ဖက်တွင် ထိုမိန်းကလေး၏အေးစက်ပြက်သားမှုကို ရှောင်ယောင်ပင်အနည်းငယ်အံ့အားသင့်နေပြီး ကြည့်ရှုနေသူများလည်း အဓိကပြပွဲမရောက်မီ ပွဲကြိုတစ်ပွဲကြည့်ရပြီဟုသဘောပိုက်၍ စိတ်ဝင်စားစွာစောင့်ကြည့်နေကြသည်။

“ အစ်ကိုလေးတို့ မှာ ...”

ရုတ်တရက် စားသောက်ဖွယ်ရာများကိုထည့်၍သူတို့အနီးသို့ရောက်ရှိလာသည့်ဆိုင်လင်လေးလည်း တင်းမာသည့်အခြေအနေကြောင့်အချိန်မှား၍ရောက်လာပြီဖြစ်မှန်းသိလိုက်ကာ အနည်းငယ်တုန်လှုပ်ဟန်ဖြင့်ဆက်ပြောလိုက်သည်။

“ မှာထားတာတွေရပါပြီ....”

&&&&

All Chapters