စိန်ခေါ်ခြင်း
Vol. 2 Ch. 85
စားသောက်ဖွယ်ရာများမှာယူထားသည်မှာ အချိန်များစွာမကြာသေးသော်လည်း ရောက်ရှိလာပြီဖြစ်သည့် ဆိုင်ငယ်လေး၏ဝန်ဆောင်မှုကို ရှောင်ယောင်၏စိတ်ထဲတွင် အမှတ်ပြည့်ပေးလိုက်မိသည်။
ထို့နောက် ဆိုင်လုလင်လေးကို သူ၏ဘက်သို့လက်ပြ၍ခေါ်လိုက်သည် ။
စီးတုယွမ်ချင်းနှင့်စန့်ချီတို့၏တင်းမာသည့်အခြေအနေကြားထဲတွင် ကြောင်အမ်းအမ်းဖြစ်နေသည့်ဆိုင်လုလင်လေးမှာ ကယ်တင်ရှင်တွေ့လိုက်သလိုရှောင်ယောင်၏အနီးသို့အလျှင်အမြန်ရောက်ရှိလာသည် ။
ရှောင်ယောင်လည်း ဆိုင်လုလင်လေး၏စားစရာထည့်ထားသည့် သစ်သားလင်ဗန်းကိုယူ၍ စားစရာပန်းကန်များကို ခုံပေါ်တွင်စီတင်လိုက်သည်
ဆိုင်လုလင်လေးကား သိုင်းလောကသားများလာနေကြနေရာတွင်အလုပ်လုပ်နေသူဖြစ်၍ တိုက်ပွဲတစ်ခုခုမဖြစ်မီဦးစွာကြိုတင်ရှောင်တိမ်းလေ့ရှိ၍ ယခုလည်း စားသောက်ဖွယ်ရာများချပြီးနောက် အမှီးတန်းနေအောင်ပြေးထွက်သွားတော့သည် ။
ဆိုင်လုလင်လေးရောက်ရှိလာခြင်းက ထိုနှစ်ယောက်ကြားရှိတင်းမာမှုကိုအနည်းငယ်လျော့ကျစေကာ စီးတုယွမ်ချင်းကား စန့်ချီကိုမကြည့်တော့ဘဲ သူမမှာထားသည့်သားသက်လွတ်ခေါက်ဆွဲပန်းကန်ကို ဆွဲယူလိုက်သည်။
သူမ၏ရှေ့ရှိ ရှောင်ယောင်ကလည်း အငွေ့တထောင်းထောင်းထကာ ပူပူလောလောဖြစ်သည့်ဟင်းပွဲများကို ပြုံး၍ကြည့်နေရင်း ပြောလိုက်သည်။
“ မဆိုးဘူးပဲ... စားကြည့်ရအောင်.... “
ရှောင်ယောင်က စားပွဲပေါ်တွင်အသင့်ထားရှိပေးသည့်တူတစ်စုံကိုပွတ်၍ခွာလိုက်ရင်း စိတ်ဝင်တစားပုံစံဖြင့်ပြောလိုက်သည်။။
တစ်ချိန်ထဲမှာပင် လက်ရာလွန်စွာကောင်းမွန်သော်လည်း ဟင်းတစ်ပွဲရရှိရန်အချိန်ကြာမြင့်စွာစောင့်ရသည့်စားသောက်ဆိုင်မှ လူထူးဆန်းညီအစ်ကိုနှစ်ယောက်ကိုသိရသွားမိသည်။
စီးတုယွမ်ချင်းကလည်းမည်သည့်အရာမှမဖြစ်သည့်အလား သူမ၏ခေါက်ဆွဲပန်းကန်ကို အာရုံစိုက်၍ ဖြေးညင်းစွာစားသောက်နေသည် ။
သူတို့နှစ်ယောက်၏ပုံစံက ဘေးဘီကိုဂရုမစိုက်ဘဲ လွန်စွာမှအေးအေးလူလူရှိလှပြီး ထိုအဖြစ်ကြောင့် ဆိုင်ထဲရှိအခြားလူများမှာ မျက်လုံးပြူးသွားကြသည် ။
အကြောင်းကား သူတို့၏စားပွဲဘေးတွင် တင်းမာခတ်ထန်သည့်အမူအယာဖြင့်စန့်ချီတစ်ယောက်ရှိနေသေး၍ဖြစ်ပြီး စန့်ချီကား အရှက်မရှိစွာဆက်နေရမည်လား ပြန်သွားရမည်လားကိုပင် ဝေခွဲမရဖြစ်နေသည် ။
ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့က သူ့ကိုလုံးဝလျစ်လျူရှုထားခြင်းဖြစ်ပြီး အချိန်အနည်းငယ်ကြာသည်အထိ ထိုပုံစံအတိုင်းရှိနေပြီးနောက် စန့်ချီ၏မျက်နှာကြီးက နီရဲနေရာမှ မည်းမှောင်လာကာ အံကြိတ်၍ပြောလိုက်သည်။
“ မင်းရဲ့နာမည်ကဘယ်လိုခေါ်လဲ....”
သူ၏ပစ်မှတ်ကား ဟင်းပွဲများကိုပါးဖြဲနှစ်ဖြဲစားသောက်နေသည့်ရှောင်ယောင်မှလွဲ၍အခြားမဟုတ်ပေ။
စီးတုယွမ်ချင်း၏ အပြုအမူက သူ၏သည်းခံနိူင်စွမ်းကိုကုန်ဆုံးသွားစေပြီး ချက်ခြင်းပင်ဓားထုတ်၍တိုက်ခိုက်လိုစိတ်များဖြစ်ပေါ်နေသော်လည်း လူအများ၏မျက်စေ့အောက်တွင်ဖြစ်၍ စိတ်ကိုမနည်းထိမ်းချုပ်ထားရသည် ။
အကြောင်းကား စီးတုယွမ်ချင်း၏တုန့်ပြန်မှုက မယဉ်ကျေးသော်လည်း ထိုမိန်းကလေးကိုသူကဦးစွာသွားပြောခဲ့သည်မဟုတ်ပါလား ။
ထို့ကြောင့် စန့်ချီ၏ပေါက်ကွဲတော့မည့် ဒေါသများက စီးတုယွမ်ချင်းနှင့်အတူထိုင်နေသည့်ရှောင်ယောင့်ပေါ်သို့ကျရောက်လာခြင်းဖြစ်ပြီး အကြည့်များကသာ လူသတ်နိုင်သည်ဆိုလျှင် ရှောင်ယောင်၏ခန္တာကိုယ်အပိုင်းပိုင်းဖြစ်နေလောက်ချေပြီ။
ဆိုင်ထဲရှိလူများသည်လည်း စန့်ချီလိုလူငယ်မျိုးဆက်မှကျော်ကြားသူတစ်ဦးကိုပင် လုံးဝမမှုဟန်တူသည့်ရှောင်ယောင့်ကို အံ့ဩစွာကြည့်ရှုနေမိကြသည်။
မူလက ထိုလူငယ်လေးမှာ စီးတုယွမ်ချင်းနှင့်အတူတွဲလာ၍သူတို့အားလုံးအံ့အားသင့်ခဲ့ရပြီး ယခု စန့်ချီလိုသိုင်းထိပ်သီးတစ်ယောက်ကိုပင် ဂရုစိုက်ဟန်မပြသည့်ရှောင်ယောင်၏သတ္တိကို လေးစားသွားမိကြသည်။
နံနက်စာမစားခဲ့ရသေး၍ ဗိုက်ဟောင်းလောင်းဖြစ်နေသည့်ရှောင်ယောင်ကား စားသောက်ဖွယ်ရာများရောက်ရှိလာပြီးနောက် စန့်ချီကိုအမှန်ပင်ဂရုမစိုက်နိုင်ခြင်းဖြစ်သည်။။
ယခု အယးရပါးရစားသောက်နေစဉ် စန့်ချီ၏အသံဆိုးကြီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသလို သူ၏ရှေ့တွင် ခေါက်ဆွဲကို အိန္ဒြေရရစားသောက်နေသည့်မိန်းကလေးကလည်း အားကိုးရမည်မဟုတ်သည်ကိုရိပ်စားမိလိုက်သည်။
ထို့ကြောင့် ရှောင်ယောင်လည်း အဆီပြန်နေသည့်ပါးစပ်ထောင့်စွန်းကိုအသာသုတ်လိုက်ကာ ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်သည် ။
ထို့နောက် သူ့ကို ဒေါသတကြီးကြည့်နေသည့်စန့်ချီကိုမော့ကြည့်ရင်း တည်ကြည်လေးနက်သည့်အမူယာဖြင့်တုန့်ပြန်လိုက်သည် ။
“ ကျုပ်ရဲ့နာမည်က ဟောင်ရန် သိုင်းလောကသားတွေက ဝတ်ရုံပြာစာပေဓားသမားလို့ခေါ်ကြတယ်။ ယန်စီသူရဲကောင်းညီနောင်နှစ်ယောက်ထဲကပဲ....ပြဿနာတစ်ခုခုရှိလို့လား....”
ဟောင်ရန်၏တည်ကြည်သည့်ရုပ်သွင်၊ အကြောက်အရွံ့ကင်းမဲ့သည့် ခန့်ညားသည့်ဟန်ပန်တို့က ကြည့်ရှုနေကြသူများကိုပင် သဘောကျသွားစေခဲ့သည် ။
သို့သော် ရှောင်ယောင်၏စကားအဆုံး၌ သူ့ကိုအကဲခပ်နေသည့် စီးတုယွမ်ချင်း၏မျက်လုံးများကပြူးကျယ်သွားသလို စန့်ချီကလည်းမျက်မှောင်ကြုတ်၍ရေရွတ်လိုက်မိသည်။
“ ဝတ်စုံပြာစာပေဓားသမား ဟောင်ရန်...ဒီနာမည်ကို တစ်ခါမှမကြားဖူးဘူး....”
သို့သော် ဆိုင်ထဲရှိအခြားလူများက ထိုနာမည်ကို တစ်နေရာရာတွင်ရင်းရင်းနှီးနှီးကြားဖူးသည်ဟုထင်မှတ်ပြီးအပြင်းအထန်စဉ်းစားနေမိကြသည် ။
ထိုစဉ် ဆိုင်အောက်ထပ်မှဓားနှစ်လက်ကို ကြက်ခြေခတ်သိုင်းလွယ်ထားပြီး အသက်သုံးဆယ်ကျော်ခန့်ရှိမည့်သိုင်းသမားတစ်ယောက်က အသံကျယ်ကျယ်ဖြင့်ထရပ်၍ပြောလိုက်သည်။
“ လက်စသက်တော့ မိတ်ဆွေက နတ်ဆိုးရှစ်ကောင်ထဲက လက်ရှစ်ဖက်လှံနတ်ဆိူးကိုသတ်ဖြတ်ပြီး ယန်စီနဂါးအဖွဲ့ကိုဖြိုခွင်းခဲ့တဲ့ ယန်စီသူရဲကောင်းညီနောင်နှစ်ယောက်ထဲကိုး ။
မိတ်ဆွေတို့ရဲ့အကြောင်းကိုကြားပြီးထဲက လေးစားနေတာကြာပါပြီ... ကျုပ်က ဟူပေနယ်က ဓားနှစ်လက်ဖုချိုပါ ... “
သိသာထင်ရှားစွာဖြင့် ရှေ့သွားနှစ်ချောင်းနှုတ်ခမ်းအပြင်ထွက်နေသည့် ထိုလူက အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်ပြီး ဆိုင်ထဲရှိလူများလည်းသူ့ကိူသိရှိကြဟန်တူသည် ။
သူ၏စကားကြောင့် ကျန်လူများလည်းလက်တလောသိုင်းလောကတွင်နာမည်ကျော်လာသည့် ယန်စီသူရဲကောင်းညီနောင်၏နာမည်ကိုပြန်မှတ်မိသွားကာ ရှောင်ယောင့်ကိူ အံ့သြလေးစားစွာကြည့်လိုက်မိကြသည် ။
မူလက စီးတုယွမ်ချင်းတစ်ယောက် နာမည်မရှိငည့်သာမန်လူတစ်ယောက်နှင့်တွဲလာသည်ဟုထင်လိုက်မိကြသော်လည်း ထိုလူငယ်ကား လက်တလောသိုင်းလောကတွင်နာမည်ကျော်ကြားနေသည့်လူငယ်တစ်ယောက်ဖြစ်နေသည် ။
ဤသည်က ဟန်ကျန်းမှသတင်းများမပျံ့နှံ့သေး၍ဖြစ်ပြီး နာမည်ကြားရုံနှင့် သိုင်းလောကသားတိုင်းကိုကြောက်ဒူးတုန်စေသည့် သွေးနီတံခါးမှလူသတ်သမားကို သူကိုယ်တိုင်အနိုင်ယူသည်ကို ထိုလူများကြားသိပါကမည်သို့ဖြစ်သွားမည်ကိုမှန်းဆ၍ပင်မရပေ။
ရုတ်တရက် ထပြောလိုက်ပြီး သူ့ကိုအရိုအသေပေးနေသည့်ထိုလူ၏အပြုအမူကြောင့် ရှောင်ယောင်ကိုယ်တိုင်ပငရေနွေးကြမ်းသီးတော့မည်ကဲ့သို့ဖြစ်သွားသော်လည်း အမူအယာပြန်ထိမ်း၍ ပြန်၍အရိုအသေပေးကာပြောလိုက်သည်။
“ အော်...မိတ်ဆွေက ဟူပေနယ့်က ကျော်ကြားတဲ့ဓားနှစ်လက်သိုင်းသမားကိုး....တွေ့ရပါဝမ်းသာပါတယ်....”
စင်စစ် ရှောင်ယောင်မှာ ဓားနှစ်လက်ဖုချိုဆိုသည့် ကိုရွှေခေါ၏နာမည်ကို တစ်ကြိမ်မှ မကြားဖူးသော်လည်း ဟန်မပျက်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
သူ၏ယဉ်ကျေးသည့်အပြုအမူကြောင့် ဖုချိုဆိုသည့်လူက ကျေနပ်သွားဟန်တူပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းကိုတစ်ချက်ကြည့်ကာဆက်ပြောလိုက်သည်။
“ သူရဲကောင်းနဲ့မိန်းမလှဆိုတာ တကယ်ပဲလိုက်ဖက်ညီတာပဲ.... တစ်ချို့မာန်တက်နေတဲ့ကောင်တွေနဲ့အတော်ကွာပါ့...
မိတ်ဆွေတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်လက်တွဲသွားပါစေလို့ တုတောင်းပေးလိုကိပါတယ်....”
ဖုချို၏စကားကြောင့် ရှောင်ယောင်၏မျက်လုံးများပြူးကျယ်သွားသလို အေးအေးဆေးဆေးစောင့်ကြည့်နေသည့် စီးတုယွမ်ချင်း၏ မျက်နှာက တင်းမာသွားသည်။
သို့သော် စန့်ချီ၏အမူအယာကား မြင်မကောင်းတော့ဘဲ သူ၏ချောမောသည့်မျက်နှာကြီးမှာ ဒေါသဖြင့်ကြောက်မက်ဖွယ်ကောင်းနေသည်။။
စင်စစ်ဖုချိုဆိုသည့် ကိုရွှေခေါက စန့်ချီကိုအမြင်ကပ်နေပြီး အခွင့်အရေးရခိုက် ဝင်တွယ်လိုက်ခြင်းသာဖြစ်သည်။။
“ မင်းက မနေ့တစ်နေ့ကမှ သိုင်းလောကထဲမှာ နာမည်ကြီးလာတဲ့လူတစ်ယောက်ကိုး....ငါနဲ့တစ်ပွဲတစ်လမ်းလောက် အကဲစမ်းချင်သလား....”
စန့်ချီက ရှောင်ယောင့်ကိုတင်းမာခတ်ထန်သည့်အကြည့်ဖြင့်ကြည့်ရင်းမေးလိုက်သည်။
သူ၏စကားကြောင့် ဆိုင်ထဲရှိလူများလည်း ပွဲကောင်းတစ်ခုရောက်ရှိလာတော့မည်ဟုတွေးလိုက်မိကာ တက်ကြွစွာစောင့်ကြည့်လျက်ရှိသည်
စန့်ချီ၏ကျော်ကြားမှုက လူငယ်ထိပ်သီးဆယ်ယောက်ကိုမမှီသော်လည်း လူငယ်မျိုးဆက်ထဲတွင် ထိပ်တန်းနေရာ၌ရှိဆဲပင်။
တစ်ဖက်တွင်ရှောင်ယောင်က ထိပ်တန်းအဆင့်သာရှိသော်လည်း သူလုပ်ပြထားခဲ့သည့်ကိစ္စများက အစွမ်းထပ်သည့်အဆင့်လွန်ထိပ်သီးများပင်မတတ်နိုင်သည့်အရာဖြစ်သည်။
ထို့ကြောင့် အပြင်ပန်းကြည့်ရုံဖြင့်မည်သူအနိုင်ရမည်ကိုမခန့်မှန်းနိုင်ဘဲ စီးတုယွမ်ချင်းနှင့် ရှောင်ယောင်၏ရင်းနှီးမှုကြောင့်သူ့ကိုရှုံးနိမ့်စေလိုသူများရှိသလို စန့်ချီ၏မောက်မာဝံ့ကြွားမှုကိုကြည့်မရဘဲ ရှောင်ယောင့်ကိုအနိုင်ရစေလိုသည့် ဖုချိုလိုလူများလည်းရှိနေသည်။။
စီးတုယွမ်ချင်းပင် ရှောင်ယောင်မည်သို့ဆုံးဖြတ်မည်ကိုစိတ်ဝင်တစားအကဲခပ်လျက်ရှိသည်။
စိန်ခေါ်လာသူရှိလျှင်ရှောင်မပြေးတတ်သည့်ထုံးစံအတိုင်း ရှောင်ယောင်လည်း စန့်ချီကိုစူးစိုက်ကြည့်၍ ခေါင်းညိမ့်ပြလိုက်သည်။
“ ကောင်းပြီ ကျုပ်စားပြီးရင်ဆင်းလာခဲ့မယ် ....ဆိုင်အပြင်မှာစောင့်နေ....”
သူ၏စိန်ခေါ်မှုကိုလက်ခံသည့်ရှောင်ယောင်၏စကားကြောင့် စန့်ချီ၏မျက်လုံးများကအနည်းငယ်ကျဉ်းမြောင်းသွားပြီး အန္တရာယ်ရှိသည့်ဟန်ဖြင့်ရယ်မောလိုက်သည်။
“ ပြီးရင် တွေ့ကြတာပေါ့.... “
ပြောပြောဆိုဆိုဖြင့် စန့်ချီ၏ခန္တာကိုယ်ကဒုတိယထပ်မှပေါ့ပါးစွာပျံဝဲသွားပြီး မြေပြင်တွင်ခြေတစ်ချက်ထောက်၍ ဆိုင်ပြင်သို့လျှင်မြန်စွာပြေးထွက်သွားတော့သည်။
စန့်ချီ၏ရည်ရွယ်ချက်က ပွဲမစမီ ရှောင်ယောင့်ကိုအနည်းနှင့်အနျားတုန်လှုပ်စေလို၍ လူအများ၏ရှေ့တွင် ကိုယ်ဖော့ပညာစွမ်းရည်ပြသခြင်းဖြစ်သလို သူ၏ထက်မြက်သည့်ကိုယ်ဖော့ပညာကို ဆိုင်ထဲရှိလူများလည်းချီးကျူးလိုက်မိကြသည်။
သို့သော် ရှောင်ယောင်ကား စန့်ချီကိုအထင်မကြီးဘဲ ခေါင်းယမ်း၍တီးတိုးရေရွတ်လိုက်သည်။
“ သောက်ရူးပဲ...ဒီလောက်လေးနဲ့ဖြဲခြောက်ချင်နေတယ်....”
ရှောင်ယောင်မှာ အလကားနေရင်းဘဝင်မြင့်မောက်မာပြီး ယုံကြည်မှုလွန်ကဲနေဟန်တူသည့်စန့်ချီကိုအမှန်ပင်ကြည့်မရပါချေ။
ရှောင်ယောင်က သူ၏အစားအသောက်များကိုပြန်၍အာရုံစိုက်လိုက်သော်လည်း စီးတုယွမ်ချင်းရ ဆက်လက်စားသောက်ခြင်းမရှိတော့ဘဲ ရှောင်ယောင့်ကိုကြည့်၍ပြောလိုက်သည်။
“ စန့်ချီက နင်တွေ့ခဲ့ဖူးတဲ့ ဝေ့တုထက်သာလွန်ပြီး သူက ထန်ရှန်းနဲ့အဆင့်တူတယ် သူတို့နှစ်ယောက်လုံးက အစွမ်းထက်တဲ့အဆင့်လွန်ထိပ်သီးတွေပဲ။
ပြီးတော့ ကောင်းယွဲ့ဂိုဏ်းရဲ့မူပိုင်ဓားသိုင်းဖြစ်တဲ့ခုနစ်လွှာလေပွေဓားသိုင်းက အလွန်ရှုပ်ထွေးတဲ့ထိပ်တန်းအဆင့်ဓားသိုင်းတစ်ခုဖြစ်သလို သူတို့ရဲ့လျှို့ဝှက်သိုင်းပညာဖြစ်တဲ့ခုနစ်လှည့်ခြေလှမ်းကလည်း အရမ်းအစွမ်းထက်တယ်လို့ဖေဖေပြောဖူးတယ် နင်သူ့ကိုယှဉ်နိုင်ပါ့မလား....”
စီးတုယွမ်ချင်း၏မေးခွန်းကြောင့် ရှောင်ယောင်လည်း စားလက်စ ဘဲကင်အသားပိုင်းကို ပါးစပ်အတွင်းထိုးသိပ်ထည့်ရင်းမော့ကြည့်လိုက်သည်။
&&&&