အဆိပ်ဒေဝီ
Vol. 2 Ch. 86
“ နင်က ဒီလိုကျ အသိစိတ်နည်းနည်းရှိသလိုပါလား ဘာလို့ဒီပြဿနာကြီးကို ငါ့ဆီတွန်းပို့လိုက်သေးလဲ ...”
စန့်ချီယခုလိုမျိုးဒေါသတကြီးဖြစ်သွားသည်က စီးတုယွမ်ချင်း၏ခါးခါးသီးသီးငြင်းပယ်မှုအပြင် သူအငြင်းခံနေရစဉ် သူမနှင့်အတူရှိနေနိုင်သည့်ရှောင်ယောင့်ကိုမနာလိုဖြစ်သွားခြင်းလည်းဖြစ်သည်။
စင်စစ် သူမနှင့်ရှောင်ယောင်တို့မည်သို့မှပတ်သတ်ခြင်းမရှိပါဟုပြောဆိုလိုက်ပါက စန့်ချီက ယခုလိုစိန်ခေါ်လာဖွယ်မရှိသော်လည်း ထိုမိန်းကလေးကား ခပ်တည်တည်ဖြင့် ရေငုံနှုတ်ပိတ်နေခဲ့သည်။
ရှောင်ယောင်လည်း ထိုအကြောင်းကိုရှင်းပြလျှင်ရသော်ငြား မည်သည့်အတွက် လေကုန်ခံနေရမည်နည်း ။
ရှောင်ယောင်၏ မေးခွန်းကြောင့် စီးတုယွမ်ချင်း၏အေးစက်စက်မျက်နှာထက်တွင် အပြုံးရိပ်ကလေးထွက်ပေါ်လာပြီးဤသည်က သူမအသာစီးရခဲ့၍ ဝမ်းမြောက်နေသည့်သဘောပင်ဖြစ်သည်။
“ ငါနင့်ရဲ့သိုင်းပညာကို အတိအကျသိချင်လို့....နင်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတင် သိုင်းပညာလုံးဝတတ်မထားခဲ့ပေမယ့် အခုဆိုထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်တောင်ဖြစ်နေပြီ။
ပြီးတော့ ငါကအဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်ပြီးနေပေမယ့် နင့်ကိုအခုမြင်ရတာထက်ပိုပြီးအစွမ်းထက်မယ်လိုခံစားမိနေတယ်....”
စီးတုယွမ်ချင်း၏စကားကြောင့် ရှောင်ယောင်၏မျက်နှာထက်တွင်ပင်လေးနက်သည့်အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားပြီး ထိုမိန်းပလေး၏ထက်မြက်သည့်အာရုံခံနိုင်စွမ်းကိုလည်းလေးစားသွားမိသည်။။
အကြောင်းကား ရှောင်ယောင်၏သိုင်းပညာက အတွင်းအားလမ်းစဉ်တွင် ထိပ်တန်းအဆင့်သာရှိသေးသော်လည်း အပြင်အားလမ်းစဉ်တွင်လည်း ထို့ထက်နိမ့်ကျခြင်းမရှိရာသူ၏တိုက်ပွဲစွမ်းအားက ကြောက်ခမန်းလိလိပင်ဖြစ်သည်။
အဆင့်တူထဲတွင်ရှောင်ယောင့်ကိုယှဉ်နိုင်သူလုံးဝမရှိသလို အစွမ်းထက်သည့်အဆင့်လွန်ထိပ်သီးတစ်ဦးကိုပင်ယှဉ်နိုင်သည်ဟုဆိုရပေမည်။
ထို့ကြောင့် ရှောင်ယောင်က အများအမြင်တွင်ထိပ်တန်းအဆင့်သာရှိသော်လည်း သူ၏တိုက်ပွဲစွမ်းအားက အဆင့်လွန်ထိပ်သီးအဆင့်ထက်လုံးဝအားမနည်းဘဲ အပြင်အားလမ်းစဉ်လျှောက်သူတစ်ယောက်ဖြစ်၍ တိုက်ပွဲကြာလေလေ ပို၍အားသာချက်များလေလေဖြစ်သည်။
သို့သော် ထိူအကြောင်းအရာများကို သူမကိုအစအဆုံးရှင်းပြနေမည်မဟုတ်ဘဲ ပြုံး၍ပြောလိုက်သည်။
“ ငါကသူနဲ့တိုက်ခိုက်ပါ့မယ်လို့ ကတိပေးလိုက်လို့လား... သူ့ကိုဆိုင်အပြင်မှာသွားစောင့် ပြီးရင် ငါလိုက်ခဲ့မယ်လို့ပဲပြောတာလေ။
သူဘာသာ ငတုံးတစ်ယောက်လိုငါပြောတဲ့အတိုင်းလိုက်လုပ်တာကို....”
ထိုစကားကို ရှောင်ယောင်ကခပ်တိုးတိုးသာပြောလိုက်ခြင်းဖြစ်သည်။
အကြောင်းကား အပေါ်ထပ်အောက်ထပ်ရှိလူအားလုံးက သူတို့ကိုအာရုံစိုက်နေကြ၍ဖြစ်သလို အချို့ဆိုလျှင် ပွဲကြည့်ရန်အတွက်နေရာရစေရန် စန့်ချီ၏နောက်မှလိုက်၍ ထွက်ခွာသွားကြပေသည်။
ရှောင်ယောင်၏ရှင်းပြစကားကြောင့် စီးတုယွမ်ချင်း၏ လှပသည်ဘမျက်လုံးလေးများက ဝိုင်းစက်သွားပြီး အနည်းငယ်အူကြောင်ကြောင်ဖြစ်နေပြီးမှ သဘောပေါက်သွားကာ အံ့သြတကြီး ရေရွတ်လိုက်သည်။
“ နင် ကလိမ်ကျတာပဲ...ဘယ်တုန်းက ဒီလောက်ကောက်ကျစ်တတ်သွားတာလဲ...”
စီးတုယွမ်ချင်း၏အပြစ်တင်စကားကိုရှောင်ယောင်က အပြုံးမပျက်ဘဲ စားလက်စဘဲကင်တစ်ခြမ်းကိုလက်စသက်နေရင်းမှ ရယ်မောလိုက်သည်။
“ ဟားဟား... ဒီစကားက ငါ့ကိုချီးကျူးတယ်လို့ပဲမှတ်လိုက်မယ် ။ ဟောင်ရန်က ငါ့ကိုဘယ်လိုနာမည်ပြောင်ပေးထားလဲသိလား မြေခွေးအိုကြီးတဲ့....”
ထိုအခါမှ စီးတုယွမ်ချင်းလည်းအစောပိုင်းကရှောင်ယောင်ကသူ့ကိုယ်သူ ဟောင်ရန်ဟုမိတ်ဆက်လိုက်သည်ကိုပြန်သတိရသွားမိသည်။။
ထို့နောက် သူမ၏မျက်နှာထက်တွင် ထူးဆန်းသည့်အမူအယာတစ်ခုပေါ်လာပြီး ရှောင်ယောင့်ကိုထပ်မေးလိုက်သည်။
“ အဲဒီဟောင်ရန်ဆိုတဲ့လူနဲ့ နင်နဲ့ အတော်လေးရင်းနှီးတာပဲ။ ပြီးတော့ သူ့ကိုကြည့်ရတာ ငါ့စိတ်ထဲမှာတစ်ခုခုထူးဆန်းနေသလိုပဲ....”
စီးတုယွမ်ချင်းမှာ ထိုအကြောင်းကိုပြောနေရင်း သူနှင့်ရှောင်ယောင်တို့အတူရှိလျှင် တစ်မျိူးတစ်ဖုံထူးဆန်းသွားတတ်သည့်ဟောင်ရန်၏အကြည့်များကိုပြန်တွေးလိုက်မိသည်။
“ အစ်မယွမ်ချင်း သူတို့က ယောင်္ကျားချင်းကြိုက်နေတာလားမသိဘူး ....”
စီးတုယွမ်ချင်း၏စိတ်ထဲတွင် ချောင်ရှန်းရှန်းပြောခဲ့ဖူးသည့်စကားအချို့ကိုအလိုလိုပြန်ကြားယောင်လိုက်မိပြီး အလျှင်အမြန်ပင်ခေါင်းယမ်းလိုက်မိသည်။
ရှောင်ယောင်ကား သူမ၏အတွေးများထူးဆန်းနေသည်ကိုသတိမထားမိဘဲ ထိုမိန်းကလေးကိုတစ်ချက်ကြည့်ရင်းပြန်ပြောလိုက်သည် ။
“ နင်က တခြားလူတွေနဲ့ဆိုအေးစက်စက်ပုံစံ မာနတခွဲသားနဲ့နေပေမယ့် ရင်းနှီးတဲ့လူတွေအပေါ် ဘယ်လောက်ချီးထုပ်ကျတယ်ဆိုတာ သူတို့မသိကြဘူး။ ပြီးတော့ အမေးအမြန်းကလည်းထူသေးတယ်....”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်း၏အမူအယာက မကျေမနပ်ဖြစ်သွားပြီး တစ်စုံတစ်ခုပြောမည်ပြုလိုက်စဉ် ဆိုင်ထဲမှအခြားလူများတိတ်ဆိတ်သွားသည်ကိုသတိပြုလိုက်မိပြီး ထိုလူများက ဆိုင်ဝင်ပေါက်ကိုဝိုင်းဝန်းကြည့်ရှုနေကြပေသည် ။
ဆိုင်ဝင်ပေါက်တွင် အနီရဲရဲသိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းကလေးတစ်ဦးရှိနေပြီးသူမ၏အသက်အရွယ်က သုံးဆယ်ခန့်ဟုထင်ရပေသည်။
ဖြူဖွေးချောမွတ်သည့်အသားအရေ ၊ ပန်းပုဆရာ၏လက်ရာမြောက် မိုးနတ်သူဇာရုပ်လို အချိုးအစားကျလှသည့်ခန္တာကိုယ်ကောက်ကြောင်းများနှင့် တစ်ခါမြင်ရုံဖြင့်အားမရဘဲ နှစ်ခါပြန်ငေးကြည့်စရာကောင်းသည့်မျက်နှာပုံစံတို့က လွန်စွာဆွဲဆောင်မှုပြည့်ဝလျက်ရှိသည်။။
စီးတုယွမ်ချင်းကို နှင်းတောင်ထပ်မှသန့်စင်သည့်ကြာပန်းနှင့်နှိုင်းယှဉ်ရလျှင် ထိုမိန်းမလှမှာ ပြီးပြည့်စုံစွာပွင့်လန်းနေသည့်နှင်းဆီပန်းတစ်ပွင့်အလားပင်။
အလှတရားတို့နှင့်ပြည့်စုံနေပြီဖြစ်သလို လွန်စွာမှလည်းဆွဲဆောင်အားကောင်းလွန်းနေသည်။
ထိုနှင်းဆီပန်းတွင် ဆူးရှိမရှိကိုတော့မည်သူမှသိရှိနိုင်မည်မဟုတ်ပေ။
“ တော်တော်လေး လှတဲ့မိန်းမပျိုပါလား.....”
ရှောင်ယောင်က အနီရောင်ဝတ်စုံဝတ်မိန်းမလှကို ကြည့်ရင်းမှတ်ချက်ပြုလိုက်သည်။
ရုတ်တရက် သူ၏ဘေးရှိစီးတုယွမ်ချင်း၏အမူအယာက အေးစက်နေသည်ကိုသတိပြုလိုက်မိပြီး သူမက ရှောင်ယောင့်ကို ခပ်တိုးတိုးပြောလိုက်သည်။
“ သတိထား သူက စောစောက စန့်ချီထက်အများကြီးပိုပြီးကြောက်ဖို့ကောင်းတယ်။။သူနဲ့သွားပြီးပတ်သတ်မိရင်ဘယ်လိုသေလို့သေသွားမယ်ဆိုတာ သိမှာမဟုတ်ဘူး...”
သူမ၏လေးနက်သည့်စကားကြောင့် ရှောင်ယောင်တစ်ယောက်အံ့အားသင့်သွားသလို ဆိုင်ထဲရှိလူအများစုကလည်း ထိုမိန်းမလှကိုသိရှိကြဟန်တူပြီး အလျှင်အမြန်မျက်နှာလွှဲသွားကြသည်ကိုမြင်လိုက်ရသည် ။
ထိုစဉ် အနီရောင်ဝတ်စုံဝတ်မိန်းမလှက သူ့ကို လိုချင်တပ်မက်သည့်မျက်ဝန်းများဖြင့်စူးစိုက်ကြည့်နေကြသည့် လူငယ်နှစ်ယောက်ရှိရာ အနီးရှိစားပွဲဆီသို့ ကနွဲ့ကလျ ပုံစံဖြင့်လျှောက်သွားရင်းမေးလိုက်သည် ။
“ ကျမနဲ့အတူ ပျော်ချင်လား....”
ထိုမိန်းမလှ၏ အသံက ချိုအီနေပြီး အသံသက်သက်ဖြင့်လူတစ်ယောက်ကိုဆွဲဆောင်နိူင်စွမ်းရှိပေမည်။
ထို့အပြင် လွန်စွာလှပသည့်ရုပ်ရည်၊ ဆွဲဆောင်မှုရှိလှသည့်ခန္တာကိုယ်နှငိ့ သူမ၏ရမ္မက်ကြွဖွယ်ပုံစံတို့ကြောင့် ထိုဝိုင်းရှိလူငယ်နှစ်ယောက်မှာ အာချောင်များခြောက်ကပ်သွားကြပြီး တံတွေးတစ်ချက်မြိုချ၍ပြောလိုက်ကြသည်။
“ ပျော်...ပျော်ချင်ပါတယ်...”
“ အင်း....”
လူငယ်နှစ်ယောက်၏အဖြေက သူတို့၏ဘဝကိုအဆုံးသတ်မည်ဖြစ်မှန်း သူတို့ကိုယ်တိုင်သိရှိကြဟန်မတူပေ။
အနီရောင်ဝတ်စုံဝတ်မိန်းမလှ၏အကြောင်းကို ကောင်းစွာသိနေကြဟန်တူသညိ့လူအချို့ကတော့ လူငယ်များအတွက်စိတ်မကောင်းဖြစ်စွာခေါင်းယမ်းလိုက်မိကြသည်။
ထိုနှစ်ယောက်၏အဖြေကြောင့် မိန်းမလှ၏မျက်နှာထကတွင် ထူးဆန်းသည့်အပြုံးတစ်ခုပေါ်လာပြီး သူမ၏လက်ကိုဝေ့ယမ်း၍ ဖိတ်ခေါ်သည့်ဟန်ပြုကာ ချိုသာသည့်ဟန်ဖြင့်ပြန်ပြောလိုက်သည်။
“ ကောင်းပြီလေ...ပျော်ကြတာပေါ့.... “
မိန်းမလှ၏ဖိတ်ခေါ်မှုကြောင့် ကိုယ့်ကိုယ်ကို ထိမ်းချုပ်နိုင်စွမ်းမရှိသည့်လူငယ်နှစ်ယောက်မှာ ပတ်ဝန်းကျင်ကိုပင် ဂရုမစိုက်နိုင်ကြဘဲ အလျှင်အမြန်ထရပ်လိုက်ကြပြီး သူတိူ့ကိုညှို့ငင်ဟန်ဖြင့်ကကြည့်နေသညိ့ မိန်းမလှဆီသို့ တစ်လှမ်းချင်းလျှောက်လာကြသည်။
သို့သော် တစ်ယောက်လျှင် ခြေသုံးလှမ်းစီသာလှမ်းရသေးသော်လည်းသူတို့၏ခန္တာကိုယ်များက တဆက်တက်တုန်ယင်လာကြပြီး ရှုံ့မဲ့နေသည့်မျက်နှာများဖြင့် ဆိုင်ကြမ်းပြင်ပေါ်သို့ဝုန်းခနဲလဲကျသွားကြသည်။
လူငယ်နှစ်ယောက်မှာ တစ်ပြိုင်နက်ထဲလဲကျသွားခြင်းဖြစ်သလို ကျယ်လောင်စွာ အော်ဟစ်ခြင်းပင်မပြုနိုင်ဘဲ တဂစ်ဂစ်အတိတိအသံများပြု၍လဲကျသွားကြခြင်းဖြစ်သည်။
အသက်ရှူချိန်အနည်းငယ်အတွင်း လူငယ်နှစ်ယောက်၏လှုပ်ရှားမှုများကငြိမ်သက်သွားကြပြီး မီးသွေးလိုမည်းနက်နေသည့်မျက်နှာများဖြင့် အသက်ကင်းမဲ့သွားပြီဖြစ်သည်။
“ ခြေ...ခြေသူံးလှမ်းမရဏအဆိပ်...”
မည်သူကစတင်ပြောဆိုလိုက်သည်မသိရသည့်ထိုအသံကြောင့် ဆိုင်ထဲရှိလူအားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး မိန်းမလှကိုစိုက်ကြည့်နေမိကြသည့်လူအားလုံး အံ့ဩတုန်လှုပ်သွားကြသည် ။
ထိုနည်းျူ ထိုနေရာတစ်ဝိုက်ရှိအခြားသိုင်းသမားများမှာ ဒရောသောပါးနောက်ဆုတ်သွားကြကာ မိန်းမလှ၏အလှကိုလိုချင်တပ်မက်သူများပင် ခြေဖျားလက်ဖျားများအေးစက်သည်အထိ ကြောက်လန့်ကုန်ကြသည် ။
ထိုမြင်ကွင်းကြောင့် ရှောင်ယောင်ပင် များစွာအံ့အားသင့်သွားရသလို သူ၏ဘေးရှိစီးတုယွမ်ချင်း၏အေးစက်စက်အသံကထွက်ပေါ်လာပြန်သည်။
“ အဲဒါက အဆိပ်ငါးမျိုးဂိုဏ်းက အဆိပ်ဒေဝီပဲ....”
ထိုစကားကြောင့် ရှောင်ယောင်လည်း စုထင်းတို့ပြောခဲ့ဖသည့် သိုင်းလောကတွင် ဝေးဝေးရှောင်သူများစာရင်းတွင်ပါရှိသည့်နာမည်တစ်ခုကို ပြန်သတိရမိသွားသည်။
စင်စစ် စုထင်းတို့သုံးယောက်လည်း အလားတူပင်ဖြစ်သော်လည်း ထိုအကြောင်းကိုတော့ပြောမည်မဟုတ်ပေ။
အဆိပ်ဒေဝီမှာ အဆိပ်ငါးမျိုးဂိုဏ်းချုပ်၏ညီမဖြစ်သလို ယခင်မျိုးဆက်မှ အလှမယ်တစ်ဦးလည်းဖြစ်သည် ။
သူမ၏အသက်ကလေးဆယ်ကျော်နေပြီဖြစ်သော်လည်း သုံးဆယ်ဝန်းကျင်ဟုသာထင်ရပြီး အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဖြစ်သည့်အပြင် သူမ၏အဆိပ်ပညာက လက်ရှိသိုင်းလောက၏အစွမ်းအထက်ဆုံးအဆိပ်ပညာရှင် အဆိပ်ငါးမျိူးဂိုဏ်းချုပ်ထက် တစ်ဆင့်သာနိမ့်ကျသည် ။
ထို့ကြောင့် အဆိပ်ဒေဝီမှာ လွန်စွာဆွဲဆောင်အားကောင်းလှသလို ဆူးများဖြင့်ပြည့်နှက်နေသည့် နှင်းဆီတစ်ပွင့်လည်းဖြစ်ပေသည်။
“ ဟင်း.... ဒီလိုလူတွေနဲ့ပဲတွေ့နေရတာ ပျင်းစရာကောင်းလိုက်တာ....”
အဆိပ်ဒေဝီက တစ်ဦးထဲမှတ်ချက်ပြုလိုက်သည် ။
ထိုမိန်းမလှ၏အသံက ချိုသာသော်လည်း သူတို့၏မျကိစေ့ရှေ့တွင် လူနှစ်ယောက်ကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ထား၍ ကြားမိသူတိုင်းမှာထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်မိကြသည်။
အဆိပ်ဒေဝီကလည်း ထိုလူများကိူအရေးမလုပ်ဘဲ ဆိုင်အပေါ်ထပ်ရှိစားပွဲဝိုင်းတစ်ခုဆီသို့အကြည့်ရောက်သွားကာ လှပစွာပြုံးလိုက်သည်။
“ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သမီးက ဒီကိုရောက်နေတယ်ကြားတယ်....”
အဆိပ်ဒေဝီက ပြောပြောဆိုဆိုဖြင့် ဆိုင်အပေါ်ထက်သို့ ပေါ့ပါးစွာရောက်ရှိသွားလေသည်။
သူမ၏ဦးတည်ရာက ရှောင်ယောင်တို့ရှိနေသည့်စားပွဲမှလွဲ၍အခြားမဟုတ်ဘဲ စီးတုယွမ်ချင်းက သူမ၏နောက်ကျောမှဓားကိုရွှမ်းခနဲဆွဲထုတ်၍ထရပ်လိုက်သည် ။
&&&&