အကြောင်းပြချက်
Vol. 2 Ch. 87
ရုတ်တရက်ပြောင်းလဲသွားသည့်အခြေအနေကြောင့် ရှောင်ယောင်မှာ ထိုင်မရထမရဖြစ်သွားပြီး သူတို့အနီးသို့ရောက်ရှိနေသည့်အဆိပ်ဒေဝီကိုသာ မအီမလည်ဖြင့်ကြည့်လိုက်ရသည်။
သူ၏စိတ်ထဲတွင်လည်း စီးတုယွမ်ချင်းဆိုသည့် အရှုပ်ထုပ်မကို ပြဿနာ၏သံလိုက်တုံးဟုပင်တွေးလိုက်မိသည်။
အကြောင်းကား ထိုမိန်းကလေးကြောင့် စန့်ချီကသူ့ကို ရန်ငြိုးထားခဲ့ပြီးဖြစ်သလို ယခုလည်းအဆိပ်ဒေဝီက သူမဆီသို့ဦးတည်လာခြင်းကြောင့်ဖြစ်သည်။
“ အဆိပ်ဒေဝီ ရှင်နဲ့ ကျမဘာမှ ရန်ငြိုးမရှိဘူးထင်တာပဲ....”
စီးတုယွမ်ချင်းက သူမ၏ဓားကိုဆုပ်ကိုင်ထားရင်း အဆိပ်ဒေဝီကို အေးစက်စက်အသံဖြင့်မေးလိုက်သည်။
သူမ၏စကားကြောင့်အဆိပ်ဒေဝီ၏မျက်နှာထက်တွင် သနားသဖွယ်အမူအယာတစ်ခုပေါ်လာပြီး စီးတုယွမ်ချင်းကိုပြန်မေးလိုက်သည်။
“ ငါက မင်းကိုစကားပဲ ပြောချင်တာပါ ဒီလောက်အထိ တင်းမာစရာမလိုပါဘူး....”
ထိုမိန်းမလှ၏ပုံပန်းသွင်ပြင်က မြင်တွေ့သူတိုင်းကို သနားကြင်နာစိတ်များယိုဖိတ်လာစေပေမည်။
သို့သော်သူမ၏အစောပိုင်းကရက်စက်မှုကို ကိုယ်တိုင်မြင်တွေ့ထားကြသည့်လူများအနေဖြင့် ယခုလိုအပြောင်းအလဲမြန်သည့်ပုံစံကြောင့် ပို၍တုန်လှုပ်မိသည်။
သူမ၏စကားကိုကြားသော်လည်း စီးတုယွမ်ချင်း၏အေးစက်စက်အမူအယာကပြောင်းလံခြင်းမရှိ၍ အဆိပ်ဒေဝီက သက်ပြင်းတစ်ချက်ချလိုက်သည်။
“ ထားပါတော့ ငါဒီကို တူမလေးအပူကပ်တာကြောင့်သာဒီက်ုလိုက်လာရတာ မမျှော်လင့်ပဲ မင်းပါရှိနေတာတွေ့လို့ ဝင်နှုတ်ဆက်တာ ။မင်းအဖေရော နေကောင်းရဲ့လား။ သူ့ကိုသိုင်းလောကထဲမှာ မတွေ့တာကြာပြီ ....”
အဆိပ်ဒေဝီ၏စကားက စီးတုယွမ်ချင်း၏ဖခင်စီးတုမင်ကိုကောင်းကောင်းကြီးသိရှိနေဟန်တူသည်။
ဤသည်ကလည်းများစွာထူးဆန်းခြင်းမရှိပေ ။ သူတို့နှစ်ယောက်လုံးကဒုတိယမျိုးဆက်၏ထိပ်တန်းလူငယ်များဖြစ်ခဲ့၍အချင်းချင်းသိကျွမ်းသည်မှာ သဘာဝပင်ဖြစ်သည်။
သူ့ဖခင်၏စကားအရ အဆိပ်ဒေဝီမှာ စိတ်သဘောထားမဆိုးသော်လည်း ရက်စက်ကြမ်းကြုတ်ပြီးမထင်လျှင် မထင်သလိုသတ်ဖြတ်တတ်သည်ဟုသိရသည်။
ယခုပင် သူတို့၏မျက်စေ့ရှေ့၌ လူနှစ်ယောက်ကို အသာအသာသတ်ဖြတ်သွားသည့် ထိုမိန်းမလှကြောင့်စီးတုယွမ်ချင်းလည်း သတိမလွတ်ဝံ့ဘဲ ခေါင်းညိမ့်၍ပြန်ဖြေလိုက်သည် ။
“ ဖေဖေက ခုံတုံဂိုဏ်းမှာပဲရှိနေပါတယ် ။သူအလုပ်တွေများနေလို့သိုင်းလောကထဲမဆင်းဖြစ်တာ....”
ထိုစကားကိုပြောဆိုရာ၌ စီးတုယွမ်ချင်း၏မျက်ဝန်းထဲတွင်ဝမ်းနည်းရိပ်တစ်ချက်ဖြတ်ပြေးသွားပြီးမည်သူမှသတိမထားမိခင်မှာပင်ပြန်၍ပျောက်ကွယ်သွားသည် ။
သူမ၏စကားအဆုံး၌ အဆိပ်ဒေဝီကတစ်စုံတစ်ရာထပ်မံပြောဆိုခြင်းမပြုတော့ဘဲ ဘေးဘက်တွင် အေးဆေးစွာထိုင်နေသည့်ရှောင်ယောင့်ကို စိတ်ဝင်စားသည့်ဟန်ဖြင့်ကြည့်လိုက်သည်။
အဆိပ်ဒေဝီမှာ အဖြူမကျအနက်မကျသိုင်းသမားတစ်ဦးဖြစိသော်လည်း အနက်ရောင်သိုင်းလောက၏နံပါတ်တစ်ဂိုဏ်းကြီးဖြစ်သည့် အဆိပ်ငါးပါးဂိုဏ်းချုပ်၏ညီမအရင်းအချာဖြစ်ရာ သူမကိုအနက်ရောင်သိုင်းလောကသားဟုပင်လူအများပသတ်မှတ်ထားကြသည်။
ထို့အပြင် စိတ်မထင်လျှင် မထင်သလိုတုန့်ပြန်တတ်သည့်သူမ၏ရက်စက်မှုများကြောင့် အဆင့်လွန်ထိပ်သီးများပင်သူမနှင့်မျက်နှာချင်းမဆိုင်ဘဲဝေးဝေးရှောင်လေ့ရှိသည်။
ထိုအခြေအနေတွင် လူငယ်မျိုးဆက်မှရှောင်ယောင်က သူမကိုအကြောက်အရွံ့ကင်းစွာဖြင့် အကဲခပ်နေသည်ကိုမြင်လိုက်၍ သူမ၏မျက်နှာထက်၌အပြုံးတစ်ခုပေါ်လာပြီးမေးလိုက်သည်။
“ ဒီက မောင်လေးက....မင်းရဲ့ချစ်သူလား....”
အဆိပ်ဒေဝီ၏စကားကြောင့် စားသောက်ပြီး၍ ရေနွေးကြမ်းသောက်မည်ပြုနေသည့်ရှောင်ယောင်၏လက်များပင်တုန်ယင်သွားသည်။
မည်သည်အတွက် လူတိုင်းက သူတို့နှစ်ယောက်က ချစ်သူများဟု တွေးထင်ကြသနည်း ။
ဤသည်မှာလည်းများစွာထူးဆန်းခြင်းမရှိပေ။
အကြောင်းကား စီးတုယွမ်ချင်းလို ရေခဲနတ်သမီးဟုကျော်ကြားသည့်မိန်းမလှလေးတစ်ယောက်က ယောင်္ကျားလေးတစ်ယောက်နှင့် ပထမဆုံးအကြိမ်အဖြစ်တွဲသွားတွဲလာလုပ်နေရာ အခြားလူများ၏အမြင်တွင်သူတို့ကိုချစ်ကြိုက်နေသည်ဟုတွေးမိကြခြင်းဖြစ်သည်။
အဆိပ်ဒေဝီ၏မေးခွန်းကြောင့် စီးတုယွမ်ချင်း၏မျက်နှာကလည်းအနည်းငယ်အေးစက်သွားပြီး ရှေ့သို့တက်ကာပြောလိုက်သည်။
“ ဒါက ကျမရဲ့ကိစ္စပါ ...”
သူမ၏အသံက အနိမ့်အမြင့်မရှိသော်လည်း ကြည်လင်အေးစက်သည့်မျက်လုံးများက အဆိပ်ဒေဝီကိုစူးစိုက်ကြည့်နေသည် ။
အကယ်၍ အဆိပ်ဒေဝီသာရှောင်ယောင့်ကိုတစ်စုံတစ်ခုဒုက္ခပေးပါက သူချက်ခြင်းတိုက်ခိုက်မည်ဖြစ်ပြီး ထိုအချက်ကိုရိပ်စားမိ၍ အဆိပ်ဒေဝီက သူမ၏နှုတ်ခမ်းကိုအသာအုပ်ရင်း ဖြေးညင်းစွာရယ်မောလိုက်သည်။
“ ဟင်း ဟင်း... မင်းကို ယောင်္ကျားလေးတွေကိုသဘောမကျဘူးလိူ့တောင် သိုင်းလောကထဲမှာသတင်းထွက်တော့တာ အခုကျ ဒီသတင်းက မှားနေတဲ့ပုံပဲ။
လာစမ်းပါဦး ဒီကမောင်လေးကို သေချာကြည့်ရအောင်....”
အဆိပ်ဒေဝီက ပြောပြောဆိုဆိုဖြင့်လက်လှမ်းလိုက်စဉ် ရှောင်ယောင်၏ခန္တာကိုယ်ကလျှင်မြန်စွာရွေ့လျားသွားပြီး နောက်စားပွဲတစ်လုံးအနားသို့ရောက်နေပြီး လက်သီးတစ်ဖက်ဆုပ်အရိုအသေပေး၍ပြောလိုက်သည် ။
“ အစ်မတို့ လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင် ကျုပ် ရှောင်ပေးပါ့မယ်...”
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့်ဆိုင်အောက်ထပ်သို့ရိပ်ခနဲခုန်ဆင်းလိုက်ပြီး စားပွဲတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။
လျှင်မြန်သွက်လက်လှသည့်ရှောင်ယောင်၏လှုပ်ရှားမှုနှင့် သူမထက်မနိမ့်ကျသည့်ကိုယ်ဖော့ပညာတို့ကြောင့် အဆိပ်ဒေဝီ၏မျက်ခုံးများပင့်တက်သွားပြီး ရှောင်ယောင်ထိုင်ခဲ့သည့်နေရာတွင်ဝင်ထိုင်၍ လှပစွာပြုံးကာပြောလိုက်သည်။
“ ငါတော့ မင်းရဲ့လူကိုပိုပြီးစိတ်ဝင်စားလာပြီ....”
သူမ၏စကားကြောင့် စီးတုယွမ်ချင်းက ဓားကိုပြန်သိမ်းလိုက်ရင်း သူမ၏နေရာတွင်ပြန်ထိုက်ကာ အေးစက်စက်ပုံစံဖြင့် ပြောလိုက်သည်။
“ ကျမတို့က ဘာမှမပတ်သတ်ဘူး ဒီအတိုင်း မိတ်ဆွေတွေပဲ....”
ထိုအခိုက် ဆိုင်အောက်ထပ်တွင် လဲကျသေဆုံးနေသည့်လူငယ်နှစ်ယောက်က အလန့်တကြားအော်ဟစ်၍ ငေါက်ခနဲထထိုင်လိုက်ကြပြီး ပတ်ဝန်းကျင်ကို ပြူးကြောင်ကြောင်ကြည့်ရှုနေကြသည်။
အစောပိုင်းကပင် အဆိပ်ဒေဝီ၏လက်ချက်ကြောင့် သေဆုံးသွားခဲ့သည့်နှစ်ယောက်က ထူးဆန်းစွာဖြင့်အသက်ပြန်ရှင်လာပြီး သူတို့၏မျက်နှာအသားအရေက မည်းနက်နေရာမှပုံမှန်ပြန်ဖြစ်နေသည်ကိုတွေ့လိုက်ကြရသည်။
သူတို့၏အနီးတွင် လူတစ်ယောက်မှမရှိတော့သော်လည်း ထိုအဖြစ်ကြောင့် အောက်ထပ်ရှိလူများအားလုံးဝရုန်းသုန်းကားဖြစ်သွားစဉ် အဆိပ်ဒေဝီက ချိုလွင်သည့်အသံဖြင့်လှမ်းပြောလိုက်သည် ။
“ ဟိုကောင်လေးတွေ....နှာဘူးကျတာကကိစ္စမရှိပေမယ့် လူမှားပြီးရှုပ်မိရင် သေတတ်တယ်နော်.. နောက်တစ်ခါဆိုငါလည်းညှာတာပေးမှုမဟုတ်တော့ဘူး .. “
သူမ၏စကားကြောင့် ထိုလူငယ်နှစ်ယောက်မှာ အမှန်တကယ်မသေဆုံးဘဲ သတိလစ်မေ့မျောနေခြင်းဖြစ်သည်ကို အားလုံးရိပ်စားမိလိုက်ကြသည်။
ထိုနည်းတူ သေရာမှပြန်ရှင်လာသလိုခံစားနေကြမိသည့်လူငယ်နှစ်ယောက်လည်း မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ပြန်သတိရသွားကာ အဆိပ်ဒေဝီကိုမော့ပင်မကြည့်ဝံ့ဘဲ ဆိုင်ပြင်သို့ဒရောသောပါးပြေးထွက်သွားကြတော့သည်။
ထိုအဖြစ်ကိုအစအဆုံးတွေ့မြင်နေ၍ စီးတုယွမ်ချင်းလည်း ကျန်လူများနည်းတူအံ့အားသငိ့မိပြီး သူမ၏ရှေ့တွင်ထိုင်နေသညိ့အဆိပ်ဒေဝီကိုမေးလိုက်သည်။
“ ရှင်ကျမဆီလာတာ ဘာကိစ္စရှိလို့လဲ...”
စီးတုယွမ်ချင်း၏လေသံက အေးစက်စက်ဖြစ်နေသော်လည်း အစောပိုင်းကလောက်တင်းမာခြင်းမရှိတော့ပေ။
အကြောင်းကား အဆိပ်ဒေဝီ၏အပြုအမူကိုကြည့်ခြင်းဖြင့် သူနှင့်ဆန့်ကျင်ဘက်တွင်ရပ်ရန်လာရောက်ခြင်းမဟုတ်သည်ကိုသိနိုင်သလို လူငယ်နှစ်ယောက်ကိုအမှန်တကယ်သတိဖြတ်ခြင်းမရှိသည့်အတွက်ကြောင့်လည်း သူမ၏ရက်စက်သည့်ဂုဏ်သတင်းက ပိုပိုသာသာပြောဆိုနေကြကေကာင်းသိဟာစေသည် ။။
သူမ၏မေးခွန်းကြောင့် အဆိပ်ဒေဝီက သဘောကျသည့်ဟန်ဖြင့်ပြုံးလိုက်ရင်း ပြန်ပြောလိုက်သည်။
“ အခု ဒီနေရာကို ပေတစ်ရာတိုက်ပွဲကွင်းပြင်းလို့အနီးအနားကလူတွေကခေါ်ကြတာ။
ဘာလို့လည်းဆိုတော့ အခုဆိုင်ဘေးကသစ်ပင်ကြီးက ပေတစ်ရာအကျယ်အဝန်းလောက်ရှိအောင်ရိပ်ပေးနိုင်တဲ့အပြင် အဲဒိအောက်မှာ စိန်ခေါ်တိုက်ပွဲတွေ အများကြီးဖြစ်ဖူးလို့ပဲ ။
ဒီနေ့လည်း ငါ့တူမလေးနဲ့လူတစ်ယောက်တိုက်ခိုက်မယ့်အတွက် ဒီကိုငါအဖော်လိုက်လာတာပေးတာပဲ....”
ထိုစကားကြောင့် စီးတုယွမ်ချင်းလည်းအနည်းငယ်အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။
“ အဆိပ်ကဝေ ရှန်ယုယုလား....”
သိုင်းလောက၏မိန်းမလှခုနစ်ယောက်စာရင်းတွင် အဆိပ်ကဝေပျိုလည်းအပါအဝင်ဖြစ်ပြီး သူမ၏အမည်က ရှန်ယုယုဖြစ်ကာ ရှေ့ရှိ အဆိပ်ဒေဝီ၏တူမအရင်းအချာလည်းဖြစ်သည်။
စီးတုယွမ်ချင်း၏စကားကို အဆိပ်ဒေဝီက ခေါင်းညိမ့်ပြလိုက်ပြီး သူမကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
“ ဟုတ်တယ် သူနဲ့တိုက်ခိုက်မယ့်လူက ပင့်ကူနီကဝေပျိုဆိုတဲ့မိန်းကလေးပဲ ...”
အဆိပ်ဒေဝီ၏စကားအဆုံး၌ စီးတုယွမ်ချင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။
“ သူတို့ဘာအကြောင်းတွေပြောနေကြလောက်လဲ....”
ဆိုင်အောက်ထပ်ရှိစားပွဲတစ်လုံးတွင်ဝင်ထိုင်ရင် အပေါ်ထပ်ကိုမျှော်ကြညိ့နေသည့်ရှောင်ယောင်က သူ၏မေးစေ့ကိုပွတ်ရင်းစဉ်းစားသည့်ဟန်ဖြင့်ပြောလိုက်သည်။
သူ၏စကားကြောင့် ဘေးနားရှိလူတစ်ယောက်က ချက်ခြင်းပြန်ဖြေလိုက်သည်။
“ မိတ်ဆွေက အဆိပ်ဒေဝီရောက်လာတဲ့ အကြောင်းကိုမသိဘူးလား....”
ထိုလူကား စန့်ချီနှင့်သူ၏စကားဝိုင်းထဲတွင်ဝင်ပြောခဲ့သည့် ဖူချိုဆိုသည့်ကိုရွှေခေါသာဖြစ်သည်။
အပေါ်ထပ်တွင် စကားလက်ဆုံကျနေဟန်တူသည့်အဆိပ်ဒေဝီနှင့် စီးတုယွမ်ချင်းမှလွဲ၍ တစ်ယောက်မှမရှိတော့ပေ။
မူလက ရှောင်ယောင်တို့အပါအဝင်စားသောက်နေသူဆယ်ယောက်ကျော်ကျော်ရှိခဲ့သော်လည်း အဆိပ်ဒေဝီအပေါ်ထပ်သို့ရောက်ရှိသွားသည်နှင့် အားလုံးကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပြီဖြစ်သည်။။
ဖုချိုဆိုသည့်လူ၏စကားကြောင့် ရှောင်ယောင်လည်းစိတ်ဝင်စားစွာဖြင့်မေးလိုက်သည်။
“ သူက အကြောင်းတစ်ခုခုကြောင့်ရောက်လာတာလား....”
ဆိုင်ထဲရှိသိုင်းသမားများ ၊ ဆိုင်အပြင်ဘက်သစ်ပင်အောက်ရှိများပြားသည့်သိုင်းလောကသားများကြောင့် ဤနေရာတွင်ထူးခြားဖြစ်စဉ်တစ်ခုခုဖြစ်ပွားတော့မည်ဖြစ်မှန်းရှောင်ယောင်လည်းရိပ်စားမိထားသည်။
&&&