ပြင်းထန်သည့်တိုက်ပွဲ
Vol. 2 Ch. 91
“ ရှန်ယုယု နင့်ရဲ့သိုင်းပညာက ဒီလောက်ပဲလား ။ ဒီအဆင့်လောက်နဲ့ နှင်းကကြိုးနတ်သမီးကိုအနိုင်ယူနိုင်ဖို့ဝေးသေးတယ်...”
ပင့်ကူနီကဝေပျိုက တိုက်ခိုက်နေရင်း တစ်ဖက်လူမခံချင်အောင်လှမ်းစလိုက်သည် ။
သူမ၏စကားကြောင့် အဆိပ်အဝေပျို၏ချောမောသည့်မျက်နှာက အေးစက်သွားပြီး သူမ၏တိုက်ကွက်များက ပို၍ကြောက်စရာကောင်းလာသည် ။
ထိုအချိန်တွင် ဘေးဘက်ရှိကြည့်ရှုနေသူများလည်း ပင့်ကူနီကဝေပျို၏ ရန်စမှု အဆိပ်ကဝေပျို၏တုန့်ပြန်မှုတို့ကိုကြည့်၍ သူတို့ကြားထားသည့်သတင်းများမှန်ကန်နေသည်ကို ရိပ်စားမိလိုက်ကြသည်။
လူငယ်ထိပ်သီးစာရင်းတွင်နံပါတ်တစ်ဖြစ်သည့် နေမိုးကြိုးဓားဝိဇ္ဇာက ဒုတိယမျိူးဆက်မှသိုင်းထိပ်သီးအများစုထက်ပင်သာလွန်နေသလို ရုပ်ရည်ခန့်ညားပြီး ယောင်္ကျားပီသလေသည်။
တစ်ရက်တွင် သိုင်းမဟာမိတ်မှလူများ၏ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အဆိပ်အဝေပျိုဒုက္ခရောက်တော့မည်ပြုစဉ် အမြင်မတော်သည့် နေမိုးကြိူးဓားဝိဇ္ဇာက ဝင်ရောက်ကယ်တင်ပေးခဲ့သည် ။
ထိုကိစ္စနှင့်ပတ်သတ်၍ သိုင်းမဟာမိတ်က နေမိုးကြိုးဓားဝိဇ္ဇာကို အမြင်မကြည်တော့သလို အဆိပ်ကဝေပျိုကလည်း နေမိုးကြိုးဓားဝိဇ္ဇာကိုစွဲလမ်းသွားကာ နောက်မှတကောက်ကောက်လိုက်ခဲ့သည်ဟုသိရသည်။
ပုံမှန်ဆိုလျှင် အဖြူရောင်သိုင်းလောကမှ သူရဲကောင်းနှင့် အနက်ရောင်သိုင်းလောကမှမိန်းမလှလေးတို့၏ဇာတ်လမ်းက အားကျကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးအဖြစ် ရှေ့ဆက်ရမည်ဖြစ်သော်လည်း လက်တွေ့ကားထင်သလောက်မလှပခဲ့ပေ။
အကြောင်းကား နေမိုးကြိုးဓားဝိဇ္ဇာနှင့် သူ၏ဆရာတူညီမ နှင်းကကြိုးနတ်သမီးတို့က ချစ်သူများဖြစ်နေကြ၍ဖြစ်ပြီး အဆိပ်ကဝေပျို၏ကြားဝင်မှုက သူတို့၏ဆက်ဆံရေးကိုအက်ကြောင်းများဖြစ်ပေါ်စေခဲ့သည်။
နေမိုးကြိုးဓားဝိဇ္ဇာကိုယ်တိုင်က အဆိပ်ကဝေပျိုကို မိတ်ဆွေတစ်ဦးအဖြစ်သာသက်မှတ်ပြီး သစ္စာစောင့်သိခဲ့သော်လည်း သံသယကြီးမားသည့်နှင်းကကြိုးနတ်သမီးကား သူရှင်းပြသည်ကိုပင်လက်မခံဘဲ သိုင်းလောကမှထွက်ခွာသွားခဲ့သည် ။
ထို့ကြောင့် လူငယ်ထိပ်သီးစာရင်းတွင်နံပါတ်တစ်ဖြစ်သည့် နေမိုးကြိုးဓားဝိဇ္ဇာက ကြေကွဲလူငယ်တစ်ဦးဖြစ်သွားပြီး သူ၏ချစ်သူနှင်းကြိုးနတ်သမီးကို နေရာအနှံ့လိုက်လံရှာဖွေနေသည်မှာ တစ်နှစ်ကျော်ခန့်ပင်ရှိပြီဖြစ်သည်။
သုံးပွင့်ဆိုင်ဇာတ်လမ်းတွင်မည်သူကမှန်သည် မှားသည်ကို ပြောရခက်လှသော်လည်း ပင့်ကူကဝေပျို၏ရန်စစကားကြောင့် အဆိပ်ကဝေပျို ဒေါသတကြီးဖြစ်လာသည်က အမှန်ပင်ဖြစ်၏။
“ သေစမ်း....”
အဆိပ်ကဝေပျိုက တင်းမာသည့်အသံဖြင့်ကြုံးဝါးလိုက်ပြီး သူမ၏တိုက်ကွက်ကိုပြောင်းလဲလိုက်သည် ။
မူလက လျှင်မြန်သွက်လက်ပြီး ပြင်းထန်သည့်တိုက်ကွက်များဖြင့်တိုက်ခိုက်နေသော်လည်း ယခုအခါ သူမ၏လက်ချောင်းများကို ခပ်ကွေးကွေးသဏ္ဍာန်လုပ်ဆောင်လိုက်ပြီး လက်သည်းတိုက်ကွက်များဖြင့်စတင်တိုက်ခိုက်လာတော့သည်။
“ ရွှီး... “
“ ဝှစ်....”
အဆိပ်ကဝေပျို၏လက်သည်းများက လေထုကိုပင်ဆုတ်ဖြဲပစ်နိုင်သည်ဟုထင်ရကာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် ပင့်ကူနီကဝေပျိုထံသို့တိုးဝင်နေသည်။
သူမ၏လက်သည်းတိုက်ကွက်က အစောပိုင်းလက်ဝါးသိုင်းထက်များစွာအစွမ်းထက်ရုံသာမက ပြိုင်ဘက်၏သေကွင်းသေကွက်နေရာများကိုသာဦးတည်တိုက်ခိုက်သည့်ရက်စက်ကြမ်းကြုတ်သည့်သိုင်းပညာတစ်ခုဖြစ်ပေသည်။
“ ကြည့်ထား...ဒါက အဆိပ်ကဝေပျိုရဲ့နာမည်ကျော် လေကွဲလက်သည်းသိုင်းပဲ...လက်သည်းမှာ အဆိပ်ပါပြီး သွေးလေးနည်းနည်းစို့အောင်ခြစ်မိရင်တောင် ထိပ်တန်းအဆငိပသိုင်းသမားတစ်ယောက်ကို တုံးခနဲလဲသေစေနိုင်တယ်....”
သိုင်းလောကဗဟုသုတတွင်သူ့ထက်အပြက်သာလွန်နေသည့် စီးတုယွမ်ချင်း၏ရှင်းပြမှုကြောင့် ရှောင်ယောင်လည်း ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။
သူမပြောသလိုပင် အဆိပ်ကဝေပျို၏လက်သည်းထိပ်များမှာ အနည်းငယ်မည်းနက်နေပြီးပြင်းထန်သည့်အဆိပ်များပါဝင်နေသည်ကိုသိရှိနိုင်သည် ။
“ ဒီပုံစံအတိုင်းဆို ဝှက်ဖဲတွေမရှိရင် ဟိုမိန်းကလေးရှုံးတော့မှာပဲ....’
ရှောင်ယောင်ကမှတ်ချက်ပြုလိုက်သည်။
မိန်းမလှလေးနှစ်ယောက်၏သိုင်းအဆင့်ကမတိမ်းမယိမ်းသာဖြစ်ရာ သိုင်းပညာကိုအစွမ်းထက်သည့်လူက အသာရပေမည်။
ထို့ကြောင့် ကိုယ့်အားကိုကိုးရသည့်တစ်ကိုယ်တော်သိုင်းသမားများထက် ဂိုဏ်းအဖွဲ့အစည်းရှိသည့်သိုင်းသမားများက ပို၍အားသာချက်ရှိကာ အဆင့်တူချင်းတိုက်ခိုက်လျှင် ပိုအစွမ်းထက်သည့်သိုင်းပညာရှိသူက အနိုင်ရပေမည်။
“ မဟုတ်ဘူး....ရှောင်ရှာဆိုတဲ့မိန်းမဆီမှာ ဝှက်ဖဲတွေကျန်သေးတယ်။။
သူတို့အဖွဲ့ရဲ့ပင်မသိုင်းပညာဖြစ်တဲ့ပင့်ကူလက်ညိုးကိုထုတ်မသူံးရင်တောင် သွေးစုပ်လိပ်ပြာဆိုတဲ့လက်ဝါးသိုင်းက ရှန်ယုယုရဲ့ လေကွဲလက်သည်ထက်မနိမ့်ကျဘူး ..”
စီးတုယွမ်ချင်း၏စကားကြောင့်ရှောင်ယောင်လည်း အံ့အားသင့်သွားမိသည်။
ထိပ်တန်းအင်အားစုမှ ပါရမီရှင်များပီသစွာ မိန်းမလှလေးနှစ်ယောက်လုံးက ထိပ်တန်းသိုင်းပညာကိုယ်စီတတ်မြောက်ထားကြသည့်အပြင် အနက်ရောင်သိုင်းသမားများပီပီ သူတို့၏သိုင်းပညာများက ရက်စက်ကြမ်းကြုတ်ကြသာ်။။
လက်ရှိအခြေအနေက အဆိပ်ကဝေပျိုအသာစီးရနေပြီး သူမ၏လေကွဲလက်သည်းချက်များအောက်တွင် ပင့်ကူနီကဝေမှာ နောက်သို့ဆုတ်ရင်းရှောင်တိမ်းနေရသည်။
လေထုကိုပင်ဆုတ်ဖြဲနိုင်သည်ဟုထင်ရသည့် လက်သည်းရိပ်များက တရွှီးရွှီးမည်လျက်ရှိပြီး ခပ်လှမ်းလှမ်းမှကြည့်ရှုနေသူများပင်တုန်လှုပ်မှုကိုခံစားမိကြသည် ။
ထိုမိန်းမလှလေးများမှာ လူငယ်မျိူးဆက်၏ကျော်ကြားသူများဖြစ်သည်ကမထူးဆန်းဘဲ အသက်နှစ်ဆယ်ဝန်းကျင်သာရှိကြသည့်တိုင်သူတို့၏သိုင်းပညာက ဒုတိယမျိုးဆက်မှထိပ်သီးများနှင့်ပင်ယှဉ်နိုင်စွမ်းရှိသည်။။
“ ဗြိ....”
ပင့်ကူနီကဝေပျို၏ပခုံးကိုဖမ်းကုတ်လိုက်သည့်အဆိပ်ကဝေပျို၏လက်သည်းကုတ်ချက်က အနည်းငယ်လွဲချော်သွားသော်လည်း လက်မောင်းတစ်လျှောက်ပွတ်ဆွဲမိသွားသည်။
ထိုအဖြစ်ကြောင့် ကြည့်ရှုနေကြသူများမှာ အံ့ဩထိတ်လန့်သွားသလိုပင့်ကူနီကဝေပျို၏မျက်နှာကလည်းအနည်းငယ်ပြောင်းလဲသွားပြီးနောက်သို့အမြန်ခုန်ဆုတ်လိုက်သည်။
သူမ၏အင်္ကျီလက်စတစ်ဖက်က အစိတ်စိတ်အမွာမွာဆုတ်ပြဲသွားပြီး ဖြူဖွေးလှပသည့်လက်မောင်းသွယ်သွယ်လေးထွက်ပေါ်နေသည် ။
သို့သော် အဆိပ်ကဝေပျို၏လက်သည်းကုတ်ချက်ထိမိသွားသည့်နေရာတွင် တစ်ထွာကျော်ကျော်ခန့််ရှိမည့်ကုတ်ဆွဲရာများပေါ်နေကာ ထိုနေရာတစ်ဝိုက်က ချက်ခြင်းမဲနက်လယသည်။
ထိုအဖြစ်ကိုကောင်းစွာမြင်တွေ့နေရ၍ ကြည့်ရှုနေကြသူများမှာ အလန့်တကြားဖြစ်သွားပြီး အဆိပ်ကဝေပျိုကို ထိတ်လန့်စွာကြည့်လိုက်ကြသည်။
သူမ၏လက်သည်းတွင်ပြင်းထန်သည့်အဆိပ်များပါဝင်သည်ကို သံသယဖြစ်စရာမလိုဘဲ ပင့်ကူနီကဝေပျို၏နောက်လိုက်မိန်းကလေးများပင် စိုးရိမ်ပူပန်လာကြဟန်တူသည်။
အလားတူ ခေါင်မိုးထက်တွင်ရှိသော်လည်း ထိုအဖြစ်ကို ရှင်းလင်းစွာမြင်နေရသည့်ရှောင်ယောင်လည်း ခေါင်းယမ်း၍ပြောလိုက်သည်။
“ အဆိပ်ကဝေပျိုက အတော်လေးရက်စက်တာပဲ....”
သူ၏တီးတိုးစကားကြောင့်စီးတုယွမ်ချင်းက ပြောလိုက်သည်။
“ အနက်ရောင်သိုင်းသမားတွေတိုက်ခိုက်ရင် ဒီလောက်တိုက်ကွက်မျိုးကပုံမှန်ပါပဲ။ ရှောင်ရှာရဲ့ သွေးစုပ်လိပ်ပြာလက်ဝါးသိုင်းဆိုရင် တစ်ချက်ရိုက်မိတာနဲ့ အဲဒီနေရာတစ်ဝိုက်မှာ အဖြူရောင်အမှတ်ကြီးထင်သွားပြီး သွေးကြောတွေကြေမွကုန်တာ ။
အချိန်မီမကုစားနိုင်ရင် တခြားနေရာတွေက သွေးလည်ပတ်မှုကိုပါထိခိုက်ပြီး အတွင်းအားနိမ့်တဲ့လူတွေဆိုတစ်ကိုယ်လုံးကသွေးတွေခမ်းခြောက်ပြီးသေသွားရမှာ။ ဒါကြောင့်လည်း သွေးစုပ်လိပ်ပြာလက်ဝါးလို့ခေါ်တာ....။
ငါနဲ့တိုက်ခိုက်တုန်းကတောင် သူ့လက်ဝါးတစ်ချက်
ရှပ်ထိတာ သုံးရက်လောက်ပြန်ပြီးကုသလိုက်ရတယ်....”
သူမ၏စကားကြောင့် ရှောင်ယောင်ပင်အနည်းငယ်ကြက်သီးထသွားကာ ထိုမျှရက်စက်သည့်သိုင်းပညာတစ်ခုကိုတတ်မြောက်ထားသည့်အနီရောင်ဝတ်စုံဝတ်မိန်းမလှလေးကိုနောက်တစ်ကြိမ်ကြည့်လိုက်မိသည်။
စီးတုယွမ်ချင်းက တစ်စုံတစ်ခုကိုနားမလည်ဟန်ဖြင့်ဆက်ပြောလိုက်သည်။
“ ဘာလို့ဆက်မတိုက်ဘဲရပ်ထားကကြာလဲမသိဘူး... ပြီးတော့ ရှောင်ရှာကလည်း သူ့ရဲ့အစွမ်းအထက်ဆုံးသိုင်းကိုထုတ်မသုံးသေးဘူး....”
တိုက်ပွဲကိုကြည့်ရှုနေကြသူများလည်း စီးတုယွမ်ချင်းလိုစဉ်းစားမရဖြစ်နေပြီး ထိုအကြောင်းကိုရိပ်စားမိသူက လက်ငါးချောင်းပင်မပြည့်ပေ။
ရှောင်ယောင်က ပြူံး၍ရှင်းပြလိုက်သည် ။
“ တကယ်တမ်းကျတော့ အဆိပ်ကဝေပျိုက ဆက်ပြီးမတိုက်ဘဲ ရပ်စကားပြောနေတယ်ဆိုတာ ပင့်ကူနီကဝေပျိုအဆိပ်တက်မယ့်အချိန်ကိုစောင့်နေလို့ပဲ...”
ရှောင်ယောင်၏စကားကြောင့် စီးတုယွမ်ချင်းမှာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဉာဏ်ရည်ထက်မြက်သူပီပီချက်ခြင်းသဘောပေါက်သွားကာ အံ့အားသင့်သည့်ပုံစံဖြင့်ရေရွတ်လိုက်သည်။
“ ဒါဆို သူ့လက်သည်းကုတ်ချက်ထဲမှာ ပါတဲ့အဆိပ်က ရှောင်ရှာ့ကို ဒုက္ခပေးအောင်စောင့်နေဝာာပေါ့ ... “
“ အတိအကျပဲ ။ ပြီးတော့ ပင့်ကူနီကဝေပျိုကဒီအချက်ကိုသတိမထားမိဘူးဆိုတာမဖြစ်နိုင်ဘူး ။ ဒီတော့ သူ့မှာလည်းဝှက်ဖဲတစ်ခုခုရှိနိုင်တယ်။
ပြီးတော့ မင်းပြောသလို သူ့ရဲ့အစွမ်းအထက်ဆုံးသိုင်းပညာကို ထုတ်သုံးရသေးပုံမရဘူး....”
ရှောင်ယောင်၏ရှင်းပြစကားအဆုံး၌ စီးတုယွမ်ချင်းလည်း ထိုမိန်းကလေးများ၏ဉာဏ်နီဉာဏ်နက်ကို ကောင်းစွာ သဘောပေါက်သွားကာ ရင်ထဲတွင်အေးစိမ့်သွားမိ၏။
အဆိပ်ကဝေပျိုက ပြိုင်ဘက်၏နောက်ကိသလိုက်လံတိုက်ခိုက်ခြင်းမရှိဘဲ သူမ၏လက်ထဲတွင်ပါလာသည့်အနီရောင်အဝတ်စများကိုခါထုတ်လိုက်ရင်း အေးစက်တင်းမာသည့်ပုံစံဖြင့်ပြောလိုက်သည်။။
“ နောက်တစ်ခါ နင့်ရဲ့မျက်နှာလှလှလေးကိုရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ကုတ်ဆွဲပစ်မယ်...”
အဆိပ်ကဝေပျို၏စကားက အေးစက်နေပြီး ရုပ်ကလေးနှင့်မလိုက်အောင်ကြောက်မက်ဖွယ်ကောင်းလှသည်။
သူမ၏အဆိုးရွားဆုံးနာကျင်မှုကိုလှောင်ပြောင်ဝံ့သည့် ပင့်ကူနီကဝေပျိုကို အပိုင်းပိုင်းဆုတ်ပစ်ရန်တွေးတောထားခြင်းမှာ ဟာသမဟုတ်ပေ။
အဆိပ်ကဝေပျို၏ပုံစံက ကြောက်မက်ဖွယ်ကောင်းသော်လည်း နောက်နားရှိအဆိပ်ဒေဝီကားသူ့တူမကိုလက်ခုပ်လက်ဝါးတီး၍ပင်အားပေးလိုက်သေးသည်။
“ ကောင်းတယ်တူမလေး ဒီကလေးမကိုသေလုမျောပါးဖြစ်အောင်လုပ်လိုက်ရင် အလှဒေဝီဆိုတဲ့ မိန်းမအိုကြီးဘယ်လိုဖြစ်လဲစောင့်ကြည့်ကြတာပေါ့....”
ပင့်ကူနက်အဖွဲ့၏ခေါင်းဆောင်ကို ထိုသို့ပြောဝံ့သူက အနက်ရောင်သိုင်းလောကတွင်များများစားစားမရှိပါချေ။
သို့သော် အဆိပ်ဒေဝီက ထိုအထဲမှတစ်ယောက်ဖြစ်ပြီး နောက်ခံအင်အားတွင်လည်းမနိမ့်ကျ၍ မီးလျှံထောင်ချောက်ဟုနာမည်ကျော်သည့် ပင့်ကူနက်အဖွဲ့ခေါင်းဆောင်ကို လုံးဝကြောက်ရွံ့ဟန်မတူပေ။
ရုပ်ရည်လွန်စွာချောမောကြသော်လည်း ရက်စက်ရာတွင်လိုက်ဖက်ညီသည့် တူဝရီးနှစ်ယောက်ကိုကြည့်၍ ယောင်္ကျားသားများမှာ လိုချင်တပ်မက်သည့်စိတ်များပင်ပျောက်ဆုံးကုန်ကြသည်။
လက်ရှိအခြေအထားအရ လေကွဲလက်သည်းချက်ကြောင့်းဒဏ်ရာအနည်းငယ်ရရှိထားပြီး သူမ၏အခြေအနေက များစွာကောင်းမွန်ဟန်မတူပေ။
တခြားလူများစိုးရိမ်နေကြသည့်တိုင် ပင့်ကူနီကဝေပျိုက မျက်နှာတစ်ချက်မပျက်ဘဲ မဲ့ပြုံးပြုံး၍ပြောလိုက်သည်။
&&&&