သိုင်းဝိဇ္ဇာခုနစ်ယောက်
Vol. 2 Ch. 97
“ နဂါးခုနစ်ကောင်ထဲမှာ အစွမ်းအထက်ဆုံးကဘယ်သူလဲ....”
ရှောင်ယောင်၏မေးခွန်းကြောင့် စီးတုယွမ်ချင်းက သူ့ကိုအထင်သေးဟန်ဖြင့်ကြည့်လာသည်။
မီးပုံ၏တစ်ဖက်ခြမ်းတွင်ထိုင်နေသည့် ထိုမိန်းမလှလေး၏ကိုယ်ဟန်မှ လှပသွယ်လျလှပြီး လေနှင့်အပြိုင်ယိမ်းထိုးနေသည့်မီးတောက်မီးညွန့်များကိုဖြတ်၍မြင်ရသည်မှာ လွန်စွာ မျက်စိပဒဿရှိလှသည်။
သူတို့နှစ်ယောက်ပေတစ်ရာတိုက်ပွဲကွင်းပြင်းမှထွက်လာကြသည်မှာ နှစ်ရက်မြောက်နေ့ဖြစ်ပြီး ခရီးဆက်ရင်းညဉ့်နက်သွား၍ တောထဲတွင်သာ အနားယူခြင်းဖြစ်ပေသည် ။
သူတို့ရောက်ရှိနေသညိ့တောအုပ်က အအတော်ပင်နက်ရှိုင်းလှပြီး ဟွာရှန်းတောင်သို့ရောက်ရှိရန်အနီးဆုံး ဖြတ်လမ်းလည်းဖြစ်သည်။။
သစ်ပင်ခြုံနွယ်များထူထပ်ပြီးခရီးလမ်းကြမ်းတမ်းသည့်တောအုပ်ထဲတွင်မြင်းဖြင့်သွားလာ၍မရ၍ သူတိူ့၏မြင်းများကိုပင် တောအုပ်ထဲသို့မဝင်မီက မြို့ကြီးတစ်မြို့ရှိသိုင်းမဟာမိတ်ဌာနခွဲတွင်အပ်နှံခဲ့ပြီးဖြစ်သည်။
ပုံမှန်ဆိုလျှင် ဖြေးဖြေးအေးအေးသွားလျှင်ပင် ဟွာရှန်းတောင်သို့ရောက်ရှိရန်ရက်အနည်းငယ်သာသွားရမည်ဖြစ်သော်လည်း ထိုမိန်းကလေးက လေးရက်အတွင်းအရောက်သွားမည်ဟုဆိုလာ၍ တောအုပ်များ၊လမ်းကြမ်းများကိုဖြတ်ကျော်သွားရင်း ညဉ့်နက်ကာ တောထဲတွင်ပင်အိပ်ရခြင်းဖြစ်၏။
ရှောင်ယောင်ရော စီးတုယွမ်ချင်းရောပါ သိုင်းလောကသားများဖြစ် ယခုလိုဒုက္ခအနည်းငယ်ကိုစိတ်ထဲမထားဘဲ ဖြစ်သလိုအနားယူနေကြခြင်းဖြစ်သည်။
“ နင်လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး ဘာတွေများလုပ်နေတာလဲ ဒီလိုသာမန်သတင်းလေးတွေကိုတောင်မသိရအောင်....”
စီးတုယွမ်ချင်း၏အံ့အားသင့်သည့်ပုံစံကြောင့် ရှောင်ယောင်လည်း ပြုံးလိုက်မိသည်။
ရှောင်လင်ကျောင်းတော်တွင် ဖြတ်သန်းခဲ့ရသည့် သူ၏ဆယ်နှစ်တာဘဝမှာ လွန်စွာရိုးရှင်းလှသည်ဟုဆိုရမည်ဖြစ်ပြီး အအိပ်၊ အစားနှင့် သိုင်းပညာလေ့ကျင့်ခြင်းများသာရှိကာအားလပ်ချိန်များတွင်လည်း ကြွယ်ယန် ၊ ကြွယ်စင်းတို့နှစ်ယောက်နှင့်အချိန်ဖြုန်းခဲ့သည် ။
ထို့ကြောင့် သိုင်းလောကနှင့်ပတ်သတ်သည်များကို တစ်လုံးတစ်ပါဒမှမသိခဲ့ရဘဲ သူ့လို သိုင်းလောကအတွင်းဝင်ရောက်သည်မှာမကြာသေးသည့် အူတူတူကောင်လေးဟောင်ရန်နှင့်ခင်မင်ရင်းနှီးကာ ပွဲဦးထွက်တွင် ချူးကုနန်လို နာမည်ကျော်အနက်ရောင်သိုင်းသမားတစ်ယောက်နှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်၏ ။
လက်ရှိသိုင်းလောက၏သတင်းများနှင့်ပတ်သတ်ပါက အရက်ချိုးထိချုံးနှင့် ကဗျာဆရာဖုန်းရန်၊ စုထင်းတို့ စာပေသမားသုံးယောက်စသည့် သူတို့နှင့်ရင်းနှီးသူပြောသလောက်သာသိရှိမှတ်သားရခြင်းဖြစ်ပြီးအချိန်တိုအတွင်းအကုန်အစင်သိရှိရန်တော့မဖြစ်နိုင်ပါချေ။
သူမမေးခွန်းကိုမဖြေဘဲ တစ်ကိုယ်တည်းတွေးတောရင်းပြုံးနေသည့် ရှောင်ယောင်၏ပုံစံကြောင့် စီးတုယွမ်ချင်းလည်း မျက်စောင်းတစ်ချက်ထိုး၍ပြန်ဖြေပေးလိုက်သည်။
“ နဂါးခုနစ်ကောင်လို့လူသိများတဲ့ ဒုတိယမျိုးဆက်သိုင်းဝိဇ္ဇာခုနစ်ယောက်ထဲမှာ နံပါတ်တစ်က လက်ကိုးချောင်းဘုရင်ဆိုတဲ့ လက်ကိုးချောင်ရသေ့ပဲ။ သူက အရင်တုန်းက ခွန်လွန်ဂိုဏ်းက ရသေ့လက်ဝါးဆိုပြီးနာမည်ကျော်ခဲ့တယ်။
ဒါပေမယ့် ကျုံဟွာတောင်တိုက်ပွဲမှာ သူ့ရဲ့ထူးခြားဆန်းကြယ်တဲ့ဝိညာဉ်နုတ်လက်ဝါးသိုင်းနဲ့ ခရမ်းရောင်သွေးလဂိုဏ်းကသိုင်းထိပ်သီးအတော်များများကိုသုတ်သင်ခဲ့တယ်။
ပြီးတော့ အဲဒီအချိန်ထဲက သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ကိုရောက်နေပြီ ။ အခု သူက သိုင်းဝိဇ္ဇာခုနစ်ယောက်ထဲမှာ နံပါတ်တစ်နေရာကို ရထားတယ်။ သူ့ကို လက်ကိုးချောင်းဘုရင်လို့ခေါ်ကြတာ ။
စီးတုယွမ်ချင်း၏စကားကို ရှောင်ယောင်က အာရုံစိုက်၍နားထောင်နေလိုက်သည်။
သိုင်းဝိဇ္ဇာခုနစ်ယောက်၏အကြောင်းကို သူကြားဖူးသော်လည်း ယခုလိုတစ်ယောက်ချင်း၏သိုင်းပညာများကို အတိအကျမသိပေ။
စီးတုယွမ်ချင်းက သူမ၏စကားကိုဆက်လိုက်သည်။
“ နံပါတ်နှစ်က အရင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာပါတဲ့ အရိပ်တစ္ဆေဝူယွမ်ပဲ ။ သူ့ကိုလေဘုရင်လို့ခေါ်ကြပြီးတော့ နဂါးခုနစ်ကောင်ထဲမှာ ကိုယ်ဖော့ပညာအကောင်းဆုံး။
ပြီးတော့ ကောလဟာလတွေအရ သူက ရှောင်လင်ကျောင်းတော်ကလျို့ဝှက်သိုင်းပညာတွေကို တတ်မြောက်ထားတယ်လိုလည်းသိရတယ်....”
ထိုနေရာအရောက်တွင် စီးတုယွမ်ချင်းက ရှောင်ယောင်၏မျက်နှာကိုတစ်ချက်ကြည့်လိုက်သည် ။
ရှောင်ယောင်က ရှောင်လင်ကျောင်းတော်မှလူဝတ်ကြောင်တပည့်တစ်ဦးဖြစ်၍ထိုအကြောင်းအရာများကို သူမထက်ပိုသိနိုင်မည်ဖြစ်သလို ရှောင်ယောင်လည်း လွန်ခဲ့သည့်ဆယ်နှစ်ကသူတို့တွေ့ခဲ့ဖူးသည့် အရိပ်တစ္ဆေဝူယွမ်က သိုင်းလောကတွင်ယခုလို ပြောင်ပြောင်တင်းတင်းနေထိုင်ဝံ့ပြီး နာမည်ကျော်ကြားနေမည်ဟုထင်မထားမိပေ။
“ ဟုတ်တယ်...သူက ကျုံဟွာတောင်တိုက်ပွဲမတိုင်ခင်လေးငါးနှစ်လောက်က ရှောင်လင်ကသိုင်းကျမ်းတွေကိုခိုးယူထွက်ပြေးနိုင်ခဲ့တယ် ။
ဒီကိစ္စကြောင့် ဆရာနဲ့ ကြေးရုပ်လူဆယ့်ရှစ်ယောက်သိုင်းလောကထဲဆင်းပြီးသူ့ကိုလိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဖူး။
ကျုံဟွာတောင်တိုက်ပွဲပြီးလို့ နှစ်တွေကြာမှသူကသိုင်းလောကထဲပြန်ပေါ်လာတာပဲ။ ငါတို့ဝူတန်းတောင်ကနေထွက်လာပြီးရှောင်လင်ကိုသွားတုန်းက သူနဲ့တစ်ကြိမ်ဆုံဖူးတယ်...”
ရှောင်ယောင်၏ရှင်းပြစကားကြောင့် စီးတုယွမ်ချင်းလည်း ခေါင်းတညိမ်ညိမ့်ဖြစ်သွားပြီး တစ်စုံတစ်ခုကိုသတိထားမိကာ အံ့ဩဟန်ဖြင့်ပြန်မေးလိုက်သည် ။
“ ဒါဆိုရင် နင့်ရဲ့ဆရာက....”
“ ဟုတ်တယ် ငါဆရာက ဗုဒ္ဓလက်ဝါးကိုယ်တော်လို့နာမည်ကျော်တဲ့ဆရာတော်ရွှမ်းမင်ပဲ ...”
ရှောင်ယောင်၏ဝန်ခံမှုကြောင့် စီးတုယွမ်ချင်းလည်း အံ့အားသင့်သွားပြီးအချိန်အနည်းငယ်တိတ်ဆိတ်သွားသည်။
ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ ဒုတိယမျိုးဆကိတွင်အစွမ်းအထက်ဆုံးဟုနာမည်ကျော်ခဲ့ပြီး ကျုံဟွာတောင်တိုက်ပွဲပြီးနောက်သိုင်းလောကသို့တစ်ကြိမ်မှမဆင်းတော့၍ သိုင်းလောကကိုလွှမ်းမိုးသူများစာရင်းတွင်ထည့်သွင်းမထားခြင်းဖြစ်ပေသည်။
သို့သော် သူ၏သိုင်းပညာမြင့်မားမှုကိုသိုင်းလောကသားတိုင်းသိကြပြီး နဂါးခုနစ်ကောင်မှ နံပါတ်တစ်ဖြစ်သည့် လက်ကိုးချောင်းရသေ့ပင် ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ သူ့ထက်မနိမ့်ကျဟု ဝန်ခံထားခဲ့ပေသည်။
ထိုသို့သော် သိုင်းပညာရှင်တစ်ယောက်ကရှောင်ယောင်၏ဆရာဖြစ်နေပြီး ရှောင်ယောင်ကလည်း ထိုအဖြစ်ကိုတစ်ကြိမ်မှထုတ်ဖော်ပြောဆိုခြင်းမပြုဖူးပေ။
စီးတုယွမ်ချင်းကတိတ်ဆိတ်သွား၍ ရှောင်ယောင်က သူမကိုတစ်ချက်ကြည့်ရင်း စနောက်လိုက်သည်။
“ ဘာလဲ ငါ့ဆရာအကြောင်းကိုသိလို့လန့်သွားတာလား....စိတ်မပူပါနဲ့. ငါနင့်ကိုနောက်ခံသုံးပြီးအနိုင်မကျင့်ပါဘူး...”
ရှောင်ယောင်၏နောက်ပြောင်မှုကြောင့် စီးတုယွမ်ျင်းက မျက်စောင်းတစ်ချက်ထိုးလိုက်ပြီးဆက်ပြောလိုက်သည်။
“ တတိယနေရာက နင့်ရဲ့ဦးလေး ထိုက်ကျိဓား စန်းဟုန်းလျန်ပဲ။ သူက အခုဓားကျိုးဘုရင်ဆိုတဲ့နာမည်နဲ့ နာမည်ကြီးနေပြီ....”
စီးတုယွမ်ချင်းလည်း စကားပြောရင်းမှ ထိုအကောင်ပြောသလို သူ၏နောက်ခံကလည်းတောင့်တင်းလှသည်ကိုသတိပြုမိလိုက်သည်။
လက်ရှိသိုင်းလောကထဲမှပါရမီရှင်ဆိုသည့်လူငယ်အများစုမှာ ထိပ်တန်းအင်အားစုမှဆင်းသက်လာသူများဖြစ်၍ မောက်မာဝံ့ကြွားပြီး ဖင်ခေါင်းကျယ်နေကြသူများဖြစ်သည်။
ဗုဒ္ဓလက်ဝါး၏တပည့်ဖြစ်ပြီး ဓားကျိုးဘုရင်၏တူတစ်ယောက်လိုဖြစ်သည့် ရှောင်ယောင်က နောက်ခံချင်းယှဉ်လျှင် ထိုလူငယ်များထက်များစွာသာလွန်မှုရှိပေသည်။။
သို့သော် ရှောင်ယောင်က ထိုအကြောင်းကိုတစ်ကြိမ်မှကြွားဝါဖူးခြင်းမရှိဘဲ ဗုဒ္ဓလက်ဝါးကိုယ်တော်၏တပည့်ဖြစ်ကြောင်းကိုပင် စကားစပ်မိမှသိရခြင်းဖြစ်၏ ။
ထို့ကြောင့် စီးတုယွမ်ချင်းလည်း ထိုလူငယ်၏နှိမ့်ချမှုကို လေးစားသွားမိသလို ရှောင်ယောင်ကလည်း စန်းဟုန်းလျန်တစ်ယောင် မသိသူမရှိနာမည်ကျော်သည့် သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်နေ၍ များစွာအံ့ဩပီတိဖြစ်ရသည်။
“ ဒီတစ်ခါတော့..ဦးလေးစန်းကနံပါတ်တစ်မဟုတ်ရင်တောင် နံပါတ်နှစ်လောက်ရမှာပဲ။ ကျန်တဲ့လူတွေက သူ့ကိုဘယ်လိုယှဉ်နိုင်မှာလဲ ....”
ရှောင်ယောင်က တစ်ကိုယ်တည်းရေရွတ်လိုက်သညိ။
သူ၏ယုံကြည်မှုလွန်ကဲသည့်စကားကြောင့် စီးတုယွမ်ချင်းလည်း ထိုကောင့်အပေါ်လေးစားစိတ်ကလေးများပင်ပျောက်ကွယ်သွားပြီး သူမ၏စကားကိုဆက်လိုက်သည် ။
“ နံပါတ်လေးနေရာက ငါ့ဖေဖေ ခုံတုံဂိုဏ်းချုပ်စီးတုမင်ပဲ။ ပုံမှန်ဆိုရင် ထိပ်တန်းအငိအားစုကခေါင်းဆောင်တွေကို အခုလိုစာရင်းမျိုးမှာ မထည့်တတ်ပေမယ့် ဖေဖေက အသက်လေးဆယ်ကျော်ပဲရှိပြီး ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်လို့ နဂါးခုနစ်ကောင်စာရင်းမှုပါနေတာ ။
သူက သိုင်းဝိဇ္ဇာခုနစ်ယောက်ထဲမှာ အသက်အငယ်ဆုံးပဲ ..”
ရှောင်ယောင်လည်း ဝူတန်းတောင်တွင်ဆုံဖူးသည့် စိတ်သဘောထားပြည့်ဝကာ တည်ငြိမ်ပြီးခန့်ညားသည့်လူကြီးကိုပြန်တွေးမိလိုက်ပြီး ခေါင်းညိမ့်လိုက်မိသည် ။
ထို့နောက် စီးတုယွမ်ချင်းက ဓားရူးသူတော်ရိဟန် ၊ နံပါတ်ခြောက်နေရာရှိ နဂါးဖြူဓားသမားဝမ်ယန်နှင့် နံပါတ်ခုနစ်နေရာရှိလျှို့ဝှက်ဘုရင်တို့အကြောင်းကိုဆက်၍ရှင်းပြလိုက်သည်။
အံ့သြဖွယ်ကောင်းစွာဖြင့် နဂါးခုနစ်ကောင်သိုင်းဝိဇ္ဇာခုနစ်ယောက်စာရင်းမှအများစုကို သူတွေ့ဆုံဖူးပြီး လက်ကိုးချောင်းရသေ့နှင့် လျှို့ဝှက်ဘုရင်ဆိုသူနှစ်ဦးသာမတွေ့ဖူးခြင်းဖြစ်သည်။
စူးဟိုင်မှမထွက်ခွာမီ စန်းဟုန်းလျန်နှင့်တိုက်ခိုက်ဖူးသည့် ဝါဆန်းဂိုဏ်းမှလူက ဓားရူးဘုရင်ဟုနာမည်ကျော်သည့် ဓားရူးသူတော်ဖြစ်နေသည်ဟုသိရသည် ။
ထိုလူက သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့ပြီးဖြစ်ကာ
နဂါးခုနစ်ကောင်တွင်ပင်နံပါတ်ငါးနေရာတွင်ရှိနေပေသည်။
အေးတိအေးစက်ဟုထင်ရသော်လည်း စိတ်ရှည်သည့် ထိုမိန်းကလေး၏ရှင်းပြမှုကြောင့်ရှောင်ယောင်လည်း နဂါးခုနစ်ကောင်နှင့်ပတ်သတ်သည့်အကြောင်းအရာများကိုအတော်လေးနှံ့နှံ့စရ်စပ်သိရှိသွားပြီး ထပ်မေးလိုက်သည်။
“ ဒါဆိုရင် မိစ္ဆာဝိညာဉ်ရဲ့ ခေါင်းဆောင်ရှစ်ယောက်ကရော သူတို့ထဲက လက်ရှစ်ဖက်လှံနတ်ဆိုးကို ငါနဲ့ဟောင်ရန်တို့တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီ ။
ဒါပေမယ့် တိုက်ပွဲပြီးတော့ငါတန်းပြီးသတိမေ့သွားသလို ကံကောင်းလို့ရင်ပွင့်ပြီးမသေတာ ...”
ရှောင်ယောင်၏ရိုးသားသည့်စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်တွင်သဘောကျသည့်အမူအယာတစ်ခုပေါ်လာပြီး ခေါင်းညိမ့်ကာဆက်ပြောလိုက်သည်။
“ ဟုတ်တယ် လက်ရှစ်ဖက်လှံနတ်ဆိုးလို့ခေါ်တဲ့ချူးကုနန်က ကြောက်စရာကောင်းတဲ့သိုင်းထိပ်သီးတစ်ယောက်ဆိုပေမယ့် မိစ္ဆာဝိညာဉ်ရဲ့ခေါင်းဆောင်ရှစ်ယောက်ထဲမှာ နံပါတ်ခြောက် ဒါမှမဟုတ် နံပါတ်ခုနစ်နေရာလောက်ပဲရှိမယ်။
သူနဲ့မတိမ်းမယိမ်းဖြစ်တဲ့သရဲနတ်ဆိုး ကုန်းယို့ဟန်၊ဓားပျံနတ်ဆိုး လီစဲ့ဟိုင် ၊ အဆိပ်နတ်ဆိုး ချောင်တင်းနဲ့ လောဘနတ်ဆိုး အန်းဒူတို့လိုလူတွေလည်းရှိသေးတယ် ။သူတို့အားလုံးက အနက်ရောင်သိုင်းလောကမှာ လျှမ်းလျှမ်းတောက်ကျော်ကြားတဲ့လူတွေဖြစ်ပြီးတော့ ကြောက်စရာကောင်းတဲ့အဆင့်လွန်ထိပ်သီးတွေပဲ ....”
စီးတုယွမ်ချင်း၏စကားကြောင့် ရှောင်ယောင်လည်း လျှာကိုက်မိတော့မတတ်ဖြစ်သွားပြီး သူနှင့်ဟောင်ရန်တို့အသေအလဲရင်ဆိုင်ခဲ့ရပြီး ကံကောင်းထောက်မ၍အနိုင်ယူခဲ့သည့်ရန်သူကြီးမှာ ကျန်လူများထက်ပင်ပို၍နိမ့်ကျနေဟန်တူသည်။
စီးတုယွမ်ချင်းက ရှောင်ယောင်၏အတွေးကိုရိပ်စားမိဟန်ဖြင့် ပြုံးစေ့စေ့အမူအယာဖြင့်ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ မိစ္ဆာဝိညာဉ်က တည်ထောင်တာမကြာသေးပေမယ့် သူတို့က အနက်ရောင်သိုင်းလောကက သိုင်းသမားတွေအများစုပါတော့ လူအင်အားများပြားပြီး ခေါင်းဆောင်တွေက အစွမ်းထက်ကြတယ် ။
ခေါင်းဆောင်ရှစ်ယောက်ထဲက ထိပ်ဆုံးသုံးယောက်ဆိုရင် ဦးလေးချောင်ဖေးဟုန်တို့လို သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်တွေပဲ...။
ပြီးတော့ သူတို့နောက်မှာ အနက်ရောင်သိုင်းလောကက ဂိုဏ်းကြီးငါးဂိုဏ်းလည်းရှိနေသေးတယ် ။
ကံဆိုးတာပဲ ချူးကုနန်ကိုနင်တို့သတ်လိုက်တော့ မိစ္ဆာဝိညာဉ်အဖွဲ့က နင်တို့နှစ်ယောက်ကိုအသေရရ အရှင်ရရသတ်မယ်လို့ ကြေငြာပြီးသွားပြီ....”
စီးတုယွမ်ချင်း၏စကားအဆုံး၌ ရှောင်ယောင်လည်း ခေါင်းကိုစိတ်ပျက်စွာယမ်းလိုက်မိပြီး တီးတိုးရေရွတ်လိုက်မိသည် ။
“ ဟူး....ဘယ်တတ်နိုင်မပါ့မလဲ အဲဒီတုန်းက ငါတို့က သူ့ကိုမသတ်ရင် သူ့ကငါတို့ကိုသတ်တော့မှာကိုး....”
&&&&