← Chapters

အဆင့် ၁၀၈ နတ်ဆိုးခန္ဓာကိုယ်

Vol. 43 Ch. 589

အဆင့် ၁၀၈ နတ်ဆိုးခန္ဓာကိုယ်

Vol. 43 Ch. 589

လောထျန်းက ထိုသို့ ရေရွတ်ပြီးသည်နှင့် အသက်ပြင်းပြင်းရှိုက်၍ ​မြေပြင်ပေါ် တင်ပျင်ခွေထိုင်ချကာ သူ့နတ်ဆိုးခန္ဓာကိုယ်ကို စတင်ကျင့်ကြံလိုက်သည်။

ထိုအချိန် နံပါတ်တစ်နယ်မြေထဲမှ လူများမှာကား သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး အံ့သြမှင်သက်နေကြပါ၏။

" သူ.. ဘာတွေ လုပ်နေတာလဲ "

" မင်း ကန်းနေတာလားကွ ။ ဟိုမှာ ကျင့်ကြံနေတာ အသိသာကြီးပဲလေ "

" ကျင့်ကြံတယ်... တားမြစ်နယ်မြေထဲမှာ ကျင့်ကြံနေတာလား ။ ရူးများ နေသလားကွာ "

" တားမြစ်နယ်မြေထဲက နတ်ဆိုးအသက်အစွမ်းပိုကောင်းပြီး နတ်ဆိုးအစွမ်းတွေလဲ ပိုသိပ်သည်းတာ

မှန်ပါတယ် ။ ဒါပေမယ့် အဲ့အစွမ်းတွေက အားကောင်းလွန်းတယ်လေ ။ လူတစ်ယောက်ရဲ့ မာရီဒြာန်တွေက အဲ့လိုနေရာမျိုးမှာ ကျင့်ကြံတာကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိနေတာလဲ ။ ဒီကောင်က... လူ မဟုတ်ဘူးဆိုရင်တော့ တစ်မျိုး.... "

အားလုံး ထိုသို့ပြောနေရင်း လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။

ဟူဒဟူသည်ပင် လောထျန်းကိုကြည့်ကာ အံ့အားသင့်​နေရှာ၏။

တားမြစ်နယ်မြေထဲတွင် နေနိုင်သည်ကပင် အလွန်ကြောက်စရာကောင်းနေပြီ မဟုတ်ပါလား..

ယခု ထိုနေရာတွင် ကျင့်ကြံခြင်းမှာ....

သူတို့၏ ကမ္ဘာသခင်ကြီးပင် ထိုသို့ မလုပ်နိုင်ခဲ့ပါချေ။

သို့သော် ထိုစဥ်တွင်..

ဝီ...

လောထျန်းနောက်၌ နတ်ဆိုးအရိပ် နောက်တစ်ခု ထပ်စုစည်းလာပြန်သည်။

အားလုံးမှာလည်း ၎င်းကိုကြည့်ရင်း တုန်လှုပ်သွားကြပြန်၏။

" ဒါ.. ဆယ့်သုံးခုမြောက် နတ်ဆိုးအရိပ်လား ။ သူက တားမြစ်နယ်မြေထဲမှာ အောင်အောင်မြင်မြင်ကျင့်ကြံပြီး အဆင့်၁၃ နတ်ဆိုးခန္ဓာကိုယ်ကို ရသွားခဲ့တာလား "

အဆင့် ၁၃ နတ်ဆိုးခန္ဓာကိုယ်ရအောင် ကျင့်ကြံနိုင်သူမှာ ကြောက်စရာ ပါရမီရှင်တစ်ယောက် ဖြစ်နေလေပြီ ။

သို့သော်.. အားလုံး အသိပြန်မဝင်နိုင်ခင်မှာပင်..

ဝီ...

၁၄ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်သည်။

" ဒါ... အဆင့် ၁၄ နတ်ဆိုးခန္ဓာကိုယ်လား... "

အားလုံး တအံ့တသြ ရေရွတ်လိုက်ကြပြန်၏။

သို့သော်... ထို့ထက်ပို တုန်လှုပ်စရာကောင်းသော အရာများ ထပ်ဖြစ်လာပါသည်။

ဝီ...

ဝီ. ..

ဝီ...

အချိန်မည်မျှပင် မခြားဘဲ ရှေ့ဆက်နောက်ဆင့်ဆိုသလို.. လောထျန်းနောက်၌ နတ်ဆိုးအရိပ် သုံးခု ထပ်စုစည်းလာပြန်၏။

အဆင့် ၁၇ နတ်ဆိုးခန္ဓာကိုယ်...

အားလုံးမှာ ၎င်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

" သခင်မကြီးချင်း ၊ ကမ္ဘာသခင်ကြီးရဲ့ နတ်ဆိုးခန္ဓာကိုယ်က အဆင့်ဘယ်လောက် ရှိတာလဲ "

တစ်ယောက်က မေးလိုက်သည်။

" အဆင့် ၁၈ "

သခင်မကြီးချင်းက အသံအက်အက်ဖြင့် ပြန်ဖြေ၏။

အဆင့်၁၈ နတ်ဆိုးခန္ဓာကိုယ်မှာ ထိုစဥ်က အကောင်းဆုံးသော နတ်ဆိုးခန္ဓာကိုယ်ဖြစ်ကာ ကျင့်ကြံသူတစ်ယောက် ရနိုင်သော ထိပ်ဆုံးအဆင့်လည်း ဖြစ်ပါသည်။

ထို အဆင့် ၁၈ နတ်ဆိုးခန္ဓာကိုယ် ရှိထားသောကြောင့်လည်း သူတို့ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီးက အဆင့်တူ ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်ကာ ကမ္ဘာသခင်ကြီးတစ်ယောက် ဖြစ်လာခဲ့ခြင်းပင်။

ကမ္ဘာသခင်ကြီး နောက်ပိုင်းတွင်လည်း နှစ်ထောင်ပေါင်းများစွာ ကြာသည့်တိုင် ထိုအဆင့်မျိုးနှင့် နတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် ထပ်ပေါ်မလာခဲ့သေးပါ ။

ထိုအဆင့်နှင့် နီးနီးစပ်စပ်ပင် မရှိခဲ့ပါချေ။

" ဒီကောင်လေးက... ကမ္ဘာသခင်ကြီးလို ပါရမီရှင်တစ်ယောက်ထင်တယ်... "

တစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလိုက်သည်။

ဝီ...

သူ့စကား ဆုံးချိန်မှာပင် လောထျန်းနောက်၌ ၁၈ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်၏။

" ဒါ..... "

အားလုံး မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပြန်တော့သည်။

အဆင့်၁၈ နတ်ဆိုးခန္ဓာကိုယ် တဲ့လား...

၎င်းမှာ သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီး မြေကမ္ဘာနတ်ဆိုးအဆင့်သို့ မရောက်မီ ရခဲ့သော နတ်ဆိုးခန္ဓာကိုယ် အဆင့်နှင့် အတူတူပင်..

သူတို့ရှေ့မှ ကောင်လေးက ဤမျှ ကြောက်စရာကောင်းပါသလား..

သို့သော် ထို့ထက်ပို ကြောက်စရာကောင်းသည်မှာ ၎င်းက လောထျန်း လုပ်နိုင်သော ဂိတ်ဆုံးပမာဏ ဟုတ်ဟန်မတူခြင်းပါပင် ။

သူတို့ ထင်ထားသလိုပါပင်..

ဝီ...

၁၉ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်သည်။

" အဆင့် ၁၉ တောင်လား.... "

တစ်ယောက်က သွားကြားထဲမှ အတင်းညှစ်ထုတ်ထားရသော လေသံဖြင့် ပြောလာ၏။

အားလုံးလည်း လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။

သူတို့မှာ တစ်ခုခုကို လွတ်သွားမည်စိုး၍ မျက်တောင်ပင် မခတ်ရဲသလောက်နီးပါး ဖြစ်နေပါ၏။

" ကျုပ် ကြားဖူးတာတော့ အဆင့် ၂၈ နတ်ဆိုးခန္ဓာကိုယ်ကို ရရင် အနာဂါတ်မှာ ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက် ဖြစ်လာနိုင်တယ်တဲ့ ။ မဟုတ်မှလွဲရော... ဒီကောင်လေးက... "

ထိုတခဏ၌ အားလုံး၏ ခေါင်းထဲ ထိုအတွေး ဝင်လာတော့သည်။

ထိုစဥ်မှာပင် လောထျန်းက မျက်လုံးများ ပြန်ဖွင့်လာ၏။

" ဟင်.. သူ ကျင့်ကြံလို့ ပြီးသွားတာလား ။ ဒါဆို.. အဆင့် ၁၉ နတ်ဆိုးခန္ဓာကိုယ်က သူ လုပ်နိုင်တဲ့ အစွမ််းကုန်ပမာဏနဲ့ တူတယ် "

တစ်ယောက်က ပြောလိုက်သည်။

အားလုံးကလည်း ထိုလူစကားကို အသံတိတ် ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။ သူတို့စိတ်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားသလို ဖြစ်နေကာ.. အနည်းငယ်လည်း လမ်းပျောက်နေသလို ဖြစ်နေပါသည်။

ယနေ့တွင် အနာဂါတ်၏ နတ်ဆိုးတစ်ယောက် မွေးဖွားလာသည်ကို မြင်ရတော့မည်ဟု လူအချို့ တွေးထားခဲ့ကြသည် မဟုတ်ပါလား..

သို့သော်.. အဆင့် ၁၉ နတ်ဆိုးခန္ဓာကိုယ်ကို မြင်ရခြင်းကပင် အံ့ဖွယ်ရာကြီး တစ်ခုဟု ပြော၍ရနေလေပြီ ။

သို့သော်.. ထင်မှတ်မထားစွာပင် လောထျန်းက မျက်လုံးဖွင့်ဖွင့်ချင်း နောက်လှည့်ကြည့်ပြီး မျက်မှောင်ကြုံ့သွားပါ၏။

" ဟင်... အဲ့လောက်အကြာကြီး ကျင့်ကြံနေတာတောင် နတ်ဆိုးအရိပ် နည်းနည်းလေးပဲ ပေါ်လာတာလား ။ ဟူဒဟူ ပြောတာတော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အကန့်အသတ်က အဆင့် ၂၈ နတ်ဆိုးခန္ဓာကိုယ်တဲ့.. ။ အင်း .. ငါ ပိုကြိုးစားမှနဲ့တူတယ် "

လောထျန်း ထိုသို့ရေရွတ်ကာ မျက်လုံးများ ထပ်မှိတ်လိုက်သည်။

" ဟင်.. သူက ထပ်ပြီး ကျင့်ကြံဦးမလို့လား "

" သူ လုပ်နိုင်တဲ့ အဆုံးသတ်ကို ရောက်ပြီတောင် ထင်နေတာ "

အားလုံး အံ့အားသင့်သွားကြပြန်သည်။

အမှန်တွင်ကား.. လောထျန်းမှာ လုပ်နိုင်သည့် အဆုံးသတ်ပမာဏသို့ ရောက်သွားခြင်းမဟုတ်ဘဲ.. သိချင်စိတ်ကြောင့်သာ ခဏရပ်ပြီး နောက်လှည့်ကြည့်ခြင်း ဖြစ်သည်ကို မည်သူ သိနိုင်ပါမည်နည်း ။

ထို့အပြင်.. လောထျန်းက ဤတစ်ကြိမ် ကျင့်ကြံရာ၌ ယခင်ထက် ပိုအလေးနက်ထားဟန်လည်း တူပါ၏။

ဝီ...

လူအုပ်၏ တစ်ယောက်တစ်ပေါက် ပြောသံများကြားမှာပင် ၂၀ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်တော့သည်။

သို့သော်.. ယခင်နှင့် မတူဘဲ.. ယခုတစ်ကြိမ်တွင် လောထျန်းက လူများ အံ့သြတုန်လှုပ်ရန်ပင် အချိန်မပေးခဲ့ပါ....

ချက်ချင်းမှာပင် ၂၁ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်သည်။

ထို့နောက်.... နံပါတ် ၂၂ ၊ ၂၃....

နံပါတ်တစ်နယ်မြေထဲမှ လူများမှာ ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း အိမ်မက် မက်နေသလားဟုပင် တွေးမိလိုက်ကြပါ၏။

နောက်ဆုံးတွင်မူ..

" ၂၇.... ၂၈... ။ အစွန်ဆုံး အဆင့် ၂၈ နတ်ဆိုးခန္ဓာကိုယ်ကိုတောင် ရောက်သွားပြီ ။ သူက နတ်ဆိုးခန္ဓာကိုယ် ထိပ်ဆုံးအဆင့်ကို တကယ်ရောက်သွားခဲ့ပြီ "

တစ်ယောက်က လောထျန်းနောက်မှ နတ်ဆိုးအရိပ်များကို ကြည့်ရင်း တုန်လှုပ်စွာ အော်ပြောလိုက်သည်။

သို့သော် အချို့လူများ နားမလည်နိုင် ဖြစ်ကုန်ကြပါ၏။

" နေဦး.. သူက ဘာလို့ ဆက်ပြီးကျင့်ကြံနေသေးတာလဲ "

" ငါလဲ မပြောတတ်ဘူး ... ဒါပေမယ့် ဆက်ကျင့်ကြံနေလဲ ဘာထူးတော့မှာလဲကွာ ။ အဆင့် ၂၈ က နတ်ဆိုးခန္ဓာကိုယ်ရဲ့ အမြင့်ဆုံးအဆင့်ဆိုတာ အားလုံးသိတာပဲ ။ သူ အခုလုပ်သင့်တာက မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ပဲ "

ကျန်လူများလည်း ထိုစကားကို ခေါင်းညိတ်သဘောတူလိုက်ကြသည်။

သို့သော် ထိုစဥ်မှာပင်..

ဝီ...

နတ်ဆိုးအလင်းတန်း ထပ်လင်းသွားပြီး နောက်ထျန်းနောက်၌ ၂၉ ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်၏။

နံပါတ်တစ်နယ်မြေထဲတွင် ရှိနေသူများလုံး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားကုန်တော့သည်။

သူတို့ အစောကလည်း လောထျန်းကြောင့် အံ့သြတုန်လှုပ်ခဲ့ကြရသည့်တိုင်...

ထိုအရာများအားလုံးကို နားလည်၍ ရနိုင်ပါသေးသည်။

သို့သော်.. ယခု ၂၉ ခုမြောက် နတ်ဆိုးအရိပ်မှာကား သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်သွားလေပြီ။

" နတ်ဆိုးခန္ဓာကိုယ်ရဲ့ အမြင့်ဆုံးအဆင့်က ၂၈ မဟုတ်ဘူးလား... ။ အခု ဘယ်လိုလုပ်ပြီး အဆင့် ၂၉ ရောက်သွားတာလဲ... "

တစ်ယောက်က ရေရွတ်သည်။

သခင်မကြီးချင်းလည်း တုန်လှုပ်စွာ ဆိုလာ၏။

" စည်းမျဥ်းတွေဆိုတာ အစွမ်းထက်သူတွေရဲ့ ချိုးဖျက်တာကို ခံဖို့ အသင့်စောင့်နေကြတာလေ။ ဒီသခင်လေးက နတ်ဆိုးအလောင်းအလျာတစ်

ယောက် ဖြစ်ရုံတင်မကဘူး... အစွမ်းအထက်ဆုံး နတ်ဆိုးတစ်ယောက်ပါ ဖြစ်လာနိုင်တယ်။ နတ်ဆိုးခန္ဓာကိုယ်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်နိုင်တဲ့ နတ်ဆိုးတစ်ပါး ပေါ့... "

အားလုံးကလည်း သူမစကားကို နားထောင်ပြီး ခေါင်းအသာ ညိတ်လိုက်ကြသည်။

သို့သော် ထိုစဥ်မှာပင်..

ဝီ...

လောထျန်းနောက်၌ ၃၀ခုမြောက် နတ်ဆိုးအရိပ် ပေါ်လာပြန်သည်။

ထိုမျှနှင့် ပြီးမသွားသေးပါ..

ဝီ... ဝီ... ဝီ...

သူ့နောက်မှ နတ်ဆိုးအရိပ်များက ပိုပိုတိုးလာပါ၏။

ဤသို့ဖြင့် တခဏအတွင်းမှာပင် နတ်ဆိုးအရိပ် ၂၈

ခုမှနေ၍ တစ်ရာဝန်းကျင် ဖြစ်သွားတော့သည်။

" သခင်မကြီးချင်း... ဒါကိုရော စည်းမျဥ်းတွေကို ချိုးဖောက်တယ်လို့ ပြောလို့ရသေးလား "

တစ်ယောက်က မေးလိုက်သည်။

ထိုစဥ်တွင် သခင်မကြီးချင်းမှာ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေတော့၏။

သူမ အလွန်လည်း နားမလည်နိုင် ဖြစ်နေပါသည်။

လောထျန်း၏ နတ်ဆိုးခန္ဓာကိုယ်က နတ်ဆိုးခန္ဓာကိုယ်၏ ထိပ်ဆုံးအဆင့်ကို အနည်းငယ်ကျော်သည် ဆိုလျှင်ပင် သူမ နားလည်နိုင်ပါသေးသည်။

သို့သော်...ယခု အခြေအနေက အနည်းငယ်ကျော်ရုံ မဟုတ်တော့ပါ ။

၎င်းမှာ စည်းမျဥ်းများကို ချိုးဖောက်ရုံ မဟုတ်တော့ဘဲ... ကိုယ်ပိုင် ကမ္ဘာသစ်တစ်ခု တည်ထောင်သလို ဖြစ်နေလေပြီ ။

ဝီ....

ထိုစဥ်မှာပင် လောထျန်းနောက်၌ နတ်ဆိုးအရိပ်တစ်ခု ထပ်ပေါ်လာပြီး လောထျန်း၏ မျက်လုံးများလည်း ပြန်ဖွင့်လာသည်။

" အင်း... ကျင့်ကြံလို့ရတဲ့ နောက်ဆုံးအဆုံးသတ်ကိုတော့ ရောက်သွားပြီလို့ ခံစားရတယ် ။ ဒီတစ်ခေါက်တော့ ၂၈ ဖြစ်လောက်ပါပြီ "

လောထျန်း ရေရွတ်ကာ နောက်လှည့်ကြည့်လိုက်သည်။

ပြီးနောက်တွင်ကား သူ မှင်သက်သွားရပါ၏။

" ဘာလို့ အဲ့လောက်များနေတာလဲ "

သူ တအံ့တသြ ရေရွတ်လိုက်သည်။

သူ့အနောက်ဘက်တွင်ကား နတ်ဆိုးအရိပ်ပေါင်းများစွာ ပြွတ်သိပ်စွာ ရပ်နေကြပြီး အားလုံးပေါင်း ၂၈ ခု

ထက် များစွာကျော်မှန်း ရေတွက်စရာပင် မလိုပါ ။

" ၁၀၈ ခုတောင်ပါလား.... အဆင့် ၁၀၈ နတ်ဆိုးခန္ဓာကိုယ် ပေါ့... "

နံပါတ်တစ်နယ်မြေထဲမှ တစ်ယောက်က လောထျန်းကိုယ်စား ရေတွက်ပေးလိုက်ပါ၏။

All Chapters