← Chapters

မျိုးဆက်တစ်ရာ နတ်ဆိုးခန္ဓာကိုယ်

Vol. 43 Ch. 593

မျိုးဆက်တစ်ရာ နတ်ဆိုးခန္ဓာကိုယ်

Vol. 43 Ch. 593

နတ်ဆိုးဂူထဲတွင် ထိုင်နေသော လောထျန်းမှာ အာကာသတွင်းနက်ကြီးတစ်ခုလိုပင် ဘေးပတ်လည်မှ နတ်ဆိုးစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေ၏။

ယခင် နတ်ဆိုးဂူထဲရှိ နတ်ဆိုးစွမ်းအင်များမှာ သိပ်သည်းလှသော်လည်း..

စက္ကန့်အနည်းငယ်မျှ အကြာမှာပင် ဂူတစ်ခုလုံး၏ နတ်ဆိုးစွမ်းအင် သိပ်သည်းမှုက တစ်ဝက်တိတိ လျော့ကျသွားတော့သည်။

ဟူဒဟူနှင့် အခြားသူများမှာလည်း အစောတည်းက စိတ်ကိုပြင်ဆင်ထားပြီး ဖြစ်သည့်တိုင်... ကြုံနေရသည့် အခြေအနေကို နားမလည်နိုင် ဖြစ်နေကြပါ၏။

ဤနတ်ဆိုးဂူထဲရှိ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားများအားလုံးမှာ လောထျန်းကြောင့် ပြောင်သွားခဲ့လေပြီ ။

ယခု ကျန်နေသေးသည့် အဖိုးတန်ရတနာမှာ ကြွယ်ဝသော နတ်ဆိုးစွမ်းအင်များသာ ဖြစ်သည်။

သို့သော် .. ယခုအတိုင်း ဆက်သွားနေပါက နတ်ဆိုးစွမ်းအင်များလည်း နောက် စက္ကန့်ပိုင်းလေးအနည်းငယ်အတွင်းပင် ကုန်ခမ်းသွားနိုင်ပါသည်။

သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ နတ်ဆိုးဂူက ယနေ့ ဖျက်ဆီးခံရတော့မည်လား..

ထိုတခဏ၌ အားလုံး၏ခေါင်းထဲ အတွေးဆိုးကြီး ရောက်လာတော့သည်။

ထို့နောက်တွင်မူ ...

" ရပ်... ရပ်လိုက်ပါတော့ "

အားနည်းနေသည့် အသံတစ်သံ ထွက်လာ၏။

" ဟင် "

လောထျန်းမှာလည်း အသံကိုကြားပြီး အံ့အားသင့်သွားကာ ကောင်းကင်ဘုံအသက်ရှုကျင့်စဥ်ကို

ချက်ချင်း ရပ်လိုက်သည်။

ထိုစဥ်မှာပင် ... တားမြစ်နယ်မြေထဲမှ အသက် ၁၂ ကျော် ၊ ၁၃ နှစ် အရွယ်ခန့်သာ ရှိဟန်တူသည့် မိန်းမငယ်တစ်ဦးက လောထျန်းအား မကျေမနပ် ကြည့်လာ၏။

" နင်က ဘာလို့ အဲ့လိုကြီး.... "

သူမအသွင်မှာ လောထျန်းအား ဆူပူလိုဟန်တူသော်လည်း ထိုသို့လုပ်ရဲဟန်မတူပါချေ။

ကျန်လူများအားလုံးလည်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။

ဘာတွေ ဖြစ်နေပါသနည်း..

တားမြစ်နယ်ထဲတွင် နေထိုင်သော သက်ရှိလူသားတစ်ဦး ရှိသတဲ့လား..

ထိုသတင်းသာ အပြင်ကို ပေါက်ကြားသွားလျှင် အားလုံး အံ့သြတုန်လှုပ်ကုန်ကြမည် မလွဲပေ ။

လောထျန်းက သူ့ရှေ့မှ မိန်းမငယ်ကိုကြည့်ပြီး မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

" မင်းက ဘယ်သူလဲ "

မိန်းမငယ်၏ နှုတ်ခမ်းများ အနည်းငယ်တုန်ယင်သွားကာ အချိန်အတန်ကြာ တိတ်နေပြီးမှ ပြန်ပြောသည်။

" ငါက နင်ရှာနေတဲ့သူပဲ "

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက်မှ သဘောပေါက်သွား၏။

" မင်းက ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား လား.. မင်းက အသွင်ပြောင်းနိုင်တယ်ပေါ့ "

​သူ့စကားကြောင့် ကျန်လူများအားလုံးလည်း တုန်လှုပ်သွားကုန်ကြသည်။

မိန်းမငယ်က နှာခေါင်းရှုံ့ပြီး ပြန်ပြော၏။

" အမှန်ပဲ "

လောထျန်းက သူမအား ခေါင်းစခြေဆုံး သေချာကြည့်လိုက်ပြီးမှ ပြောလိုက်သည်။

" ဒါဆို မင်းဆီမှာ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ် ရှိမှာပေါ့ "

မိန်းမငယ်မှာ လောထျန်းကိုကြည့်ရင်း တစ်ချက်တုန်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် အလိုလိုဆုတ်သွားသည်။

" နင်က ဘာလုပ်မလို့လဲ "

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" မကြောက်ပါနဲ့ ၊ ငါက ဒီတိုင်း ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်ကို ကြည့်ချင်လို့ပါ "

မိန်းမငယ် အံကြိတ်လိုက်သည်။

" ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ်ကို ကြည့်ချင်ရင် ကြည့်လို့ရတယ် ။ ဒါပေမယ့်.. ငါ့ကို ကတိတစ်ခုတော့ ပေးရမယ် "

" ဘာကတိလဲ "

လောထျန်း ပြန်မေးလိုက်၏။

" နင်... ခုနက ဟိုနည်းကို သုံးပြီး ဒီမှာကျင့်ကြံလို့ မရဘူး "

သူမ အံကြိတ်၍ ဖြေသည်။

သူမပြောသည့်နည်းမှာ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို ဆိုလိုခြင်းပင်..

လောထျန်းက နည်းနည်းလေးပင် တွန့်ဆုတ်မနေဘဲ ချက်ချင်း ခေါင်းညိတ်လိုက်၏။

" ကိစ္စမရှိဘူး.. ငါ့ကိုသာ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ် ပေးရင်ရတယ် "

မိန်းမငယ်မှာ ထိုစကားကိုကြားမှသာ စိတ်သက်သာရာ ရသွားဟန်တူကာ သက်ပြင်းချပြီး လက်တစ်ချက်ယမ်းလိုက်သည်။

ထို့နောက်တွင်ကား... လောထျန်းရှေ့၌ ရှုပ်ထွေးလှသည့် ထွင်းစာများ အစဥ်လိုက်ပေါ်လာ၏။

" ဒါ မင်းလိုချင်တဲ့ ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်ပဲ "

မိန်းမငယ် ပြောလိုက်သည်။

" ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ်တဲ့... "

ခပ်လှမ်းလှမ်းတွင် ရှိနေကြသူများမှာ ထိုမြင်ကွင်းကို

ကြည့်ကာ ဟန်ချက်ပျက်ကုန်ကြတော့၏။

ဤနတ်ဆိုးဂူထဲတွင် ဒဏ္ဍာရီကျော် အဖိုးတန်ရတနာကြီးဖြစ်သည့် ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ်က အမှန်တကယ် ရှိသတဲ့လား..

ယခု သူတို့မျက်စိရှေ့မှောက်တွင် မြင်နေရလေပြီ..

ထို့နောက်တွင်ကား... မည်သူက ဦးဆောင်လိုက်သည် မသိဘဲ သူတို့လူစု ရှေ့သို့ အသည်းအသန် ပြေးသွားလိုက်ကြတော့သည်။

သို့သော် အနားမကပ်နိုင်ခင်မှာပင် မိန်းမငယ်က သူတို့အား အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လာ၏။

ဝုန်း.. ဝုန်း.. ဝုန်း...

ချက်ချင်းမှာပင် လူများ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ လွင့်ထွက်ကုန်ကြတော့သည်။

" ဒါ... နတ်ဆိုးလမ်းစဥ်အစစ်လား... နတ်ဆိုးလမ်းစ

ဥ်အစစ်ကို သူက ထုတ်လွှတ်နေတာလား "

အားလုံး တုန်လှုပ်သွား၏။

ထိုစဥ် မိန်းမငယ်က အေးစက်စက်ပြောလာသည်။

" ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်ဆိုတာ နတ်ဆိုးဂူရဲ့ အဖိုးတန်ဆုံး ရတနာပဲ ။ ဒါကို ကြည့်ချင်တဲ့သူက ကိုယ့်အစွမ်း ဘယ်လောက်ရှိလဲ ပြရမယ် ။ ခုနက ငါ နင်တို့ကို နည်းနည်းလေးပဲ အပြစ်ပေးလိုက်တာ.. နောက်တစ်ခါဆိုရင်တော့ သနားညှာတာပေးနေတော့မှာ မဟုတ်ဘူးနော်။ ဒါကို ကြည့်ချင်ရင် ကိုယ့်မှာ ကြည့်နိုင်တဲ့အစွမ်း ရှိရဲ့လားဆိုတာ အရင်ဆုံးပြန်မေးကြ "

ထိုစကားတစ်ခွန်းဖြင့်ပင် မည်သူမှ ရှေ့ဆက်မတိုးရဲကြတော့ပါ...

ထိုအချိန်တွင် လောထျန်းက ခေါင်းအသာညိတ်ပြီး ပြောလာ၏။

" အဲ့လိုကိုး.... "

" ဟင်.. ဖတ်လို့ပြီးသွားပြီလား "

မိန်းမငယ်မှာ ထိုစဥ်မှ အသိဝင်လာကာ လောထျန်း

အား တအံ့တသြလှည့်ကြည့်လိုက်သည်။

" ဟုတ်တယ်.. ကျေးဇူးအများကြီး တင်ပါတယ် "

လောထျန်းက ထိုသို့ပြောပြီး မြေပြင်၌ တင်ပျင်ခွေ ထိုင်ချလိုက်သည်။

မိန်းမငယ်မှာ ၎င်းကိုမြင်သည်နှင့် ကြောက်ကြောက်လန့်လန့်ဖြင့် ခြေတစ်လှမ်း နောက်ဆုတ်ပြီး တုန်လှုပ်စွာ မေးလိုက်၏။

" နင်... ခုနကဟာကို ထပ်ပြီးကျင့်ကြံမလို့လား "

လောထျန်းက ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို ထပ်လေ့ကျင့်မည်ဟု သူမ ထင်လိုက်ခြင်းပင်..

သို့သော် လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။

" မဟုတ်ပါဘူး... ခုနက နည်းကိုသုံးပြီး နတ်ဆိုးစွမ်းအင်ကို မစုပ်ယူတော့ဘူးလို့ ပြောပြီးသားလေ ။ အခုက ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ကို ကျင့်ကြံမလို့ "

မိန်းမငယ်မှာ ထိုအချိန်မှ သက်ပြင်းချနိုင်သွားသော်လည်း မျက်မှောင်ကြုံ့၍ ထပ်ပြော၏။

" ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက် ဖြစ်လာဖို့ဆိုတာ တစ်ညလောက်နဲ့ ပြီးတဲ့ကိစ္စမဟုတ်ဘူး ။ နင် အရင်ဆုံး အနားယူပြီး အေးဆေးမှ တစ်ယောက်တည်း သွားကျင့်ကြံဖို့ ငါအကြံပေးချင်တယ်။ နောက် နှစ်တစ်ထောင်.. ဒါမှမဟုတ်လဲ နှစ်ရာပိုင်းလေးနဲ့ နင် မျိုးဆက်သစ် ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက် ဖြစ်လာနိုင်မှာ ... "

ဝုန်း....

သို့သော်.... သူမ စကားမဆုံးခင်မှာပင် လောထျန်းနောက်ရှိ မြေကမ္ဘာနတ်ဆိုးအရိပ်ဆီမှ အစွမ်းထက် အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။

ဤသို့ဖြင့် အားလုံး၏ အကြည့်အောက်မှာပင် မြေကမ္ဘာနတ်ဆိုးအရိပ်က စတင်အသွင်ပြောင်းလာ၏။

အခြားသူများမှာ ၎င်းကို ထွေထူးပြီး ဘာမှမပြောကြတော့သော်လည်း မိန်းမငယ်က အံ့သြတကြီးရေရွတ်လိုက်သည်။

"ကောင်းကင်ဘုံနတ်ဆိုး.... ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ပါလား.. "

သူမ ကိုယ့်မျက်လုံးကိုယ်လည်း မယုံနိုင်တော့ပါ။ လောထျန်းက ယခုလေးတင် ကောင်းကင်ဘုံနတ်ဆိုးလမ်းစဥ်ကို ဖတ်ပြီးစလေးသာ ရှိပါသေးသည်။ ယခု ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ကို ရတော့မယ်တဲ့လား...

ထို နတ်ဆိုးအရိပ်ကြီးက တဖြည်းဖြည်းချင်း အသွင်ပြောင်းလာပြီး ကောင်းကင်ဘုံနတ်ဆိုးအရိပ်အဖြစ် ပြောင်းနေသည်ကိုကြည့်ရင်း အားလုံးမှာလည်း အသက်ရှူရန်ပင် မေ့လျော့နေကြတော့သည်။

ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ်...

သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက် ပေါ်မလာသည်မှာ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့ပြီနည်း..

သူတို့၏ ကမ္ဘာသခင်ကြီးသည်ပင် ထိုအဆင့်သို့ မရောက်နိုင်သေးပါချေ

ယခုတွင်ကား..

သူတို့မျက်စိရှေ့တွင်ပင် ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ် မွေးဖွားလာခဲ့လေပြီ.. ။

သူတို့ မတုန်လှုပ်ဘဲ မည်သို့နေနိုင်ပါမည်နည်း ။

သို့သော်.. ကြည့်ရသည်မှာ ဤမျှနှင့် ပြီးသွားမည့်ဟန် မတူပါ ။

ဝုန်း...

လောထျန်းနောက်မှ နတ်ဆိုးအရိပ် အသွင်ပြောင်းခြင်းက မပြီးသေးပါချေ။

ဝုန်း...

ယခင်ထက်ပင် ပိုအားကောင်းသော အစွမ်းတစ်ခုက လောထျန်းဆီမှရော ၊ နတ်ဆိုးအရိပ်ဆီမှပါ တစ်ပြိုင်နက်တည်း ထွက်လာပြန်သည်။

လောထျန်း၏ ဘေးပတ်လည်တွင်လည်း မဟာတာအိုအစွမ်းထွင်းစာများ စီးမျောလာပြီး လောထျန်းနှင့် နတ်ဆိုးအရိပ်၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားကြ၏။

ထို့နောက်တွင်ကား.. နတ်ဆိုးအရိပ်ဆီမှ သန့်စင်လှသော အလင်းတန်းတစ်ခု ထွက်လာပြီး...

၎င်းက နောက်ထပ် အသွင်ပြောင်းသွားပြန်တော့သည်။

" ဒါ.... "

အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြမှင်သက်ကုန်ကြ၏။

လောထျန်း၏ နတ်ဆိုးခန္ဓာကိုယ်က အမြင့်ဆုံးအဆင့်သို့ ရောက်သွားခဲ့ပြီ မဟုတ်ဘူးလား..

ယခု အဘယ့်ကြောင့် ထပ်ပြီး အသွင်ပြောင်းနေရပါသနည်း ။

မိန်းမငယ်မှာလည်း လောထျန်းနောက်မှ နတ်ဆိုးအရိပ်ကြီးကို မော့ကြည့်ရင်း အချိန်အတန်ကြာသည်အထိ အူကြောင်ကြောင် ဖြစ်နေရှာတော့သည်။

ထို့နောက်မှ.. သူမ တအံ့တသြ ရေရွတ်လိုက်သည်။

" မျိုးဆက်.... မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်လား.. "

ထိုစကားတစ်ခွန်းဖြင့်ပင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်က ဘာပါနည်း...

ထိုစဥ် မိန်းမငယ်က တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။

" ကာင်းကင်ဘုံနတ်ဆိုးထက် အဆတစ်ရာ အစွမ်းပိုထက်တဲ့ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ..... နင်က အဲ့ခန္ဓာကိုယ်ရအောင် တကယ်ကြီး ကျင့်ကြံနိုင်ခဲ့တာလား ။ သခင်ကြီးကတောင် ဒီခန္ဓာကိုယ်ကိုရအောင် သူ့ဘဝတလျှောက်လုံး ကြိုးစားခဲ့ပေမယ့်.. လုံးဝမရခဲ့ဘူး "

သူမမှာ အသံကိုထိန်းမထားခဲ့သဖြင့် ပြောလိုက်သည့်စကားကို အားလုံး သေချာပင် ကြားလိုက်ကြပါသည်။

သူတို့၏ စိတ်ထဲတွင်.. ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်ကိုပင် အစွမ်းအထက်ဆုံးဟု မှတ်ယူထားခဲ့ကြပါ၏။

သို့သော်.. ယခု လောထျန်း၏ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်က ကောင်းကင်ဘုံနတ်ဆိုးထက်ပင် အဆတစ်ရာ ပိုအစွမ်းထက်သတဲ့လား..

မည်သို့သော အစွမ်းမျိုးပါနည်း...

ကြောက်စရာ ကောင်းလွန်းလှပေသည် ။

ဝီ..

ထိုစဥ်တွင် လောထျန်းနောက်မှ နတ်ဆိုးအရိပ်မှာလည်း တဖြည်းဖြည်း ပြန်တည်ငြိမ်သွား၏။

၎င်း၏ အသွင်မှာလည်း သာမာန် နတ်ဆိုးအရိပ်များနှင့် အမှန်တကယ်ပင် ကွဲပါသည်။

လောထျန်းကိုယ်တိုင်သည်ပင် သူ့နောက်မှ နတ်ဆိုးအရိပ်ကိုကြည့်ပြီး စိတ်ဝင်တစား ဖြစ်နေ၏။

" မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်.. နတ်ဆိုးသခင်ကြီးတောင် သေတဲ့အထိ ရမသွားခဲ့ဘူးတဲ့လား.. ။ ငါက ဘယ်လိုလုပ်ပြီး ရသွားတာလဲ "

လောထျန်း တအံ့တသြ ပြောလိုက်သည်။

ထိုတခဏ၌ သူ အနည်းငယ် ရှက်သလိုလည်း ဖြစ်နေပါ၏။

ထိုစဥ်မှာပင် ...

ဘုတ်...

ရှေ့မှ မိန်းမငယ်က လောထျန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။

" ဟင်.. မင်း ဘာလုပ်နေတာလဲ "

၎င်းကိုကြည့်ကာ လောထျန်း တအံ့တသြ မေးလိုက်သည်။

" သခင်လေး ၊ ကျေးဇူးပြုပြီးတော့ မျိုးဆက်တစ်ရာနတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကို ဘယ်လိုကျင့်ကြံရလဲဆိုတာ ကျွန်မကို သင်ပေးပါရှင် "

သူမ၏ အသံမှာလည်း တုန်ယင်လျက်...

All Chapters