နတ်ဆိုးဂူ၏ လျှို့ဝှက်ချက်များ
Vol. 43 Ch. 594
ကြားလိုက်ရသည့်စကားကြောင့် အားလုံး တုန်လှုပ်သွားပြန်၏။
ထိုအသွင်ပြောင်း ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားက အမှန်တကယ် ဒူးထောက်ပြီး အကြံဉာဏ်တောင်းခံနေသတဲ့လား ။
လောထျန်းက စောနလေးတင်ပင် သူမဆီမှ ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဉ်ကို တောင်းခဲ့သေးပါသည်။
သို့သော် အချိန်အနည်းငယ်လေး အတွင်းမှာပင် အခြေအနေက ပြောင်းပြန် ဖြစ်သွားသတဲ့လား ။
လောထျန်းသည်ပင် ၎င်းကိုကြည့်ကာ အံ့အားသင့်သွားရပါ၏။
" ငါတောင်... ဘယ်လိုရသွားလဲ မသိပါဘူးဆို ၊ မင်းက ငါပြောတာ မယုံဘူးလား "
လောထျန်း ပြန်ပြောလိုက်သည်။
အမှန်တွင်လည်း သူ လိမ်ပြောနေခြင်း မဟုတ်ပါ ။
လောထျန်းမှာ နတ်ဆိုးခန္ဓာကိုယ်ကို စကျင့်ကြံသည့် အချိန်မှစ၍ ကျင့်စဉ်သုံးခုကိုသာ ကျင့်ကြံခဲ့ပါ၏။
ပထမတစ်ခုမှာ ဟူဒဟူ ပေးခဲ့သော သာမာန် နတ်ဆိုးခန္ဓာကိုယ်ကို ကျင့်ကြံနည်းပင် ။
ဒုတိယတစ်ခုမှာ မြေကမ္ဘာနတ်ဆိုးလမ်းစဉ်ဖြစ်ပြီး..
တတိယတစ်ခုမှာကား ယခု ကောင်းကင်ဘုံနတ်ဆိုးလမ်းစဉ်ပင် ။
ထိုသုံးမျိုးထဲမှ နှစ်မျိုးကိုလည်း သူ နတ်ဆိုးဂူမှသာ ရခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့သော အခြေအနေမျိုးတွင် သူ အခြားသူများအား မည်သို့ သင်ပေးရပါမည်နည်း ။
" ဟင်... "
မိန်းမငယ်မှာလည်း ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ..
အစောက လောထျန်း ကျင့်ကြံသွားပုံကို ပြန်တွေးကြည့်လိုက်သည်။
အမှန်တွင်လည်း လောထျန်း ကျင့်ကြံသွားခဲ့သည့်နည်းက သူမပေးခဲ့သော ကောင်းကင်ဘုံနတ်ဆိုးလမ်းစဉ်ထဲမှ နည်းပါပင် ။
သို့သော်.. သူက ထိုနည်းကို ကျင့်ကြံရုံဖြင့် မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်တစ်ယောက် မည်သို့ ဖြစ်လာခဲ့ပါသနည်း ။
သူမ မမြင်နိုင်သည့် တစ်စုံတစ်ခု ရှိရပေမည် ။
မိန်းမငယ်က ထိုသို့တွေးပြီး ဆုံးဖြတ်ချက်ချကာ အသက်ပြင်းပြင်းရှိုက်၍ ပြောလိုက်သည်။
" သခင်လေး ၊ ကျွန်မ တောင်းဆိုချင်တာ ရှိပါတယ် "
" ဘာတွေ တောင်းဆိုမလို့လဲ "
လောထျန်း မေးလိုက်၏။
" ကျေးဇူးပြုပြီး ကျွန်မကို သခင်လေးရဲ့ဘေးမှာ နေခွင့်ပြုပါ ။ သခင်လေးက မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကိုရအောင် ဘယ်လိုကျင့်ကြံလိုက်လဲ ကျွန်မ မသိသေးပေမယ့်.. အချိန်သာပေးရင် အဲ့ဒီလျှို့ဝှက်ချက်ကို ကျွန်မ သေချာပေါက် နားလည်နိုင်မှာပါ "
သူမ ထိုသို့ပြောကာ လောထျန်းအား စိုက်ကြည့်လိုက်သည်။
သို့သော် လောထျန်းက သူမကိုပြန်ကြည့်ပြီး ခေါင်းယမ်း၍ ပြန်ပြော၏။
" ငါ လက်မခံနိုင်ဘူး "
" ဟင်... ဘာဖြစ်လို့လဲ "
မိန်းမငယ် အံ့အားသင့်သွားရသည်။
လောထျန်းက သူမ၏ တောင်းဆိုမှုကို ငြင်းလာလိမ့်မည်ဟု သူမအမှန်တကယ်ပင် ထင်မထားခဲ့ပါ ။
လောထျန်းက မျက်မှောင်ကြုံ့၍ ထပ်ပြော၏။
" မင်းက အရင်သဘောတူထားတဲ့ အပေးအယူကြောင့်သာ ငါ့ကို ကောင်းကင်ဘုံနတ်ဆိုးလမ်းစဉ် ပေးခဲ့တာလေ ။ အခု သဘောတူထားတာလဲ ပြီးသွားပြီဆိုတော့.. ငါက မင်းကိုဘာလို့ ဆက်ကူညီပေးရမှာလဲ "
အကယ်၍ ထို ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားက အစောတည်းကသာ ပုန်းမနေဘဲ သူ့ကို ကူညီပေးခဲ့ပါက သူသည်လည်း သူမကို ကူညီရန် တုန့်ဆိုင်းနေမည် မဟုတ်ပါချေ။
သူ့အား သာမာန်နတ်ဆိုးခန္ဓာကိုယ် ကျင့်ကြံနည်း ပေးခဲ့သည့် ဟူဒဟူကိုပင် လောထျန်းက မူလနတ်ဆိုးဆေးရည်များ ပြန်ပေးခဲ့သည် မဟုတ်ပါလား ။
ထိုသို့ပေးရခြင်းမှာလည်း ဟူဒဟူက သူ့အား မိတ်ဆွေတစ်ယောက်အဖြစ် စိတ်ရင်းနှင့် ဆက်ဆံခဲ့သောကြောင့်ပင် ။
သို့သော်.. ယခု ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားနှင့်မူ အပေးအယူတစ်ခုသာ လုပ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုစကားကို ကြားသောအခါ မိန်းမငယ် မျက်နှာအနည်းငယ် ပျက်သွားပြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" ဒါဆို... ကျွန်မကို ကူညီပေးတဲ့အတွက် ဘာပြန်လိုချင်လဲ "
လောထျန်းက သူမအား စိုက်ကြည့်ကာ ပြောသည်။
" မင်းသာ ငါ့အတွက် လျှို့ဝှက်ဒေသတစ်ခု ဖွင့်ပေးပြီး ငါ့လူတွေရဲ့ ခန္ဓာကိုယ်အစွမ်းကို တိုးတက်အောင် လုပ်ပေးမယ်ဆိုရင် ငါ့ဘက်ကလဲ မင်းကိုကူညီမယ် "
" ဒါက.... "
မိန်းမငယ် အနည်းငယ် တွန့်ဆုတ်သွားပါသည်။
ထိုစဥ် လောထျန်းက စကားဆက်၏။
" ပြီးတော့ မင်းရဲ့ မေးခွန်းတွေကို တစ်လတစ်ကြိမ်ဖြေပေးပြီးတော့ ငါသိတာတွေ အကုန်ပြောပြမယ် "
ထိုစကားကို ကြားသည့်အချိန်တွင်မူ မိန်းမငယ်၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" ကောင်းပါပြီ... ကျွန်မ သဘောတူတယ် "
ထိုစဥ် အနီးနားတွင် ရှိနေကြသူများအားလုံးမှာ အံ့သြတုန်လှုပ်ကုန်ကြ၏။
နတ်ဆိုးဂူတွင် နောက်ဆုံးကျန်ရှိနေသည့် နောက်ဆုံးနှင့် အရေးကြီးဆုံးသော ကောင်းကင်ဘုံ နတ်ဆိုးကျောက်ပြားကလည်း လောထျန်းလက်ထဲ ရောက်သွားပြန်သတဲ့လား..
သို့ဆိုလျှင်... နတ်ဆိုးဂူက ဖျက်ဆီးခံရသည်နှင့် ဘာခြားတော့မည်နည်း ။
ထိုတခဏ၌ အားလုံး စကားပင် မဟနိုင်ကြတော့ပါ ။
လောထျန်းမှာမူ တဖက်လူ သဘောတူလာသည်ကိုကြည့်ပြီး ပြုံးသွားပါ၏။
" ကောင်းတယ်.. ခုချိန်ကစပြီးတော့ ငါတို့က မိသားစုတွေ ဖြစ်သွားပြီ ။ ငါ့နာမည်က လောထျန်းပါ.. မင်းနာမည်ကရော "
လောထျန်း မေးလိုက်သည်။
မိန်းမငယ်က အနည်းငယ် မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ကျွန်မကို မိုယွိလို့ ခေါ်လို့ရပါတယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ။ မိုယွိ.. လောလောဆယ်တော့ ဒီမှာပဲ နားနားနေနေ နေလိုက်ဦး ။ နောက်နာရီနည်းနည်းကြာလို့ နတ်ဆိုးဂူ ပြန်ဖွင့်တဲ့အခါကျရင် ဒီကနေ ထွက်ကြမယ် "
မိုယွိက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးလာသည်။
" ဘာလို့ နာရီနဲ့ချီပြီး ကြာမှာလဲ "
လောထျန်း : " သူတို့ပြောတာတော့ နတ်ဆိုးဂူက နောက်ထပ်နာရီတွေအများကြီး ကြာပြီးမှ ပြန်ဖွင့်မှာဆို ။ အခုက ဘယ်သူမှ အပြင်ထွက်လို့မရဘူးတဲ့ "
မိုယွိ ခေါင်းယမ်းလိုက်၏။
" အဲ့ဒါက ပြဿနာမဟုတ်ပါဘူးရှင် "
သူမ ပြောပြောဆိုဆိုပင် လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင်... နတ်ဆိုးဂူ ထွက်ပေါက်ဘက်မှ မြည်သံကျယ်ကြီးတစ်ခု ပေါ်လာ၏။
" တံခါး ပွင့်သွားပြီ "
မိုယွိ ပြောလိုက်သည်။
လောထျန်းမှာ ခဏတာမျှ မှင်သက်နေပြီးမှ သဘောပေါက်သွားပါ၏။
" နတ်ဆိုးဂူ အဖွင့်အပိတ်ကို ထိန်းချုပ်တာ မင်းလား... "
မိုယွိက ခေါင်းညိတ်ပြ၍ ဆိုသည်။
" ဒါပေါ့ရှင်.. သခင်ကြီး ထွက်သွားပြီးကတည်းက ဒီနတ်ဆိုးဂူတစ်ခုလုံး ကျွန်မရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာ "
" မင်းရဲ့ သခင်ကြီးက ဘယ်သူလဲ "
လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်၏။
အခြားသူများလည်း အလွန်သိချင်စိတ် ဖြစ်သွားကာ အဖြေကို စိတ်ဝင်တစား နားထောင်နေကြသည်။
မိုယွိမှာမူ ထိုမေးခွန်းကြောင့် မျက်နှာသိသိသာသာပင် ပျက်သွား၏။
" ကျွန်မရဲ့ သခင်ကြီးက ရှေးဟောင်းနတ်ဆိုးကြီး မရှိတော့တဲ့နောက်မှာ ပထမဆုံးပေါ်လာတဲ့ ကောင်းကင်ဘုံနတ်ဆိုးပဲ "
ထိုအဖြေကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ထိုစဥ် သခင်မကြီးချင်းက အေးစက်စက်မေးလာ၏။
" သခင်မကြီး... သခင်မကြီးရဲ့ သခင်ကြီးက ဒီနတ်ဆိုးဂူကြောင့် ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက် ဖြစ်လာတယ်ဆိုတာ အမှန်ပဲလား "
မိုယွိ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
" အဲ့ဒါ ဒီတိုင်း ကောလဟာလတစ်ခုပဲ ။ ငါ့သခင်ကြီး
က နတ်ဆိုးဂူကြောင့် ကောင်းကင်ဘုံနတ်ဆိုး ဖြစ်လာတာ မဟုတ်ဘူး ။ တကယ်က... သူ ကောင်းကင်ဘုံနတ်ဆိုးတစ်ပါး ဖြစ်လာပြီးမှ နောက်မျိုးဆက်သစ်တွေအတွက် လမ်းပြပေးရအောင်လို့ နတ်ဆိုးဂူကို တည်ထောင်ခဲ့တာ ။ သူက ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြားတွေထဲမှာလဲ သူ့ဘဝတလျှောက် သင်ယူခဲ့ရတဲ့ အရာအားလုံးကို ရေးပြီး လူမှန်ကိုတွေ့တာနဲ့ ပေးဖို့စောင့်နေခဲ့တာ "
" ဒါပေမယ့်... နောက်လူတွေက သိပ်မသုံးမကျကြတော့ ကောင်းကင်ဘုံနတ်ဆိုးကျောက်ပြား တစ်ခုလုံးအပြည့်ကိုတောင် ဘယ်သူမှ မရခဲ့ကြဘူး "
ထိုစကားကြောင့် အားလုံး မျက်နှာများ နီသွားကြသည်။
" ဟို.. သခင်မကြီးမိုယွိ ၊ သခင်ကြီးက ခုထိ သက်ရှိထင်ရှား ရှိနေသေးလားဗျ "
တစ်ယောက်က မေး၏။
အားလုံးကလည်း မိုယွိအား စိတ်ဝင်တစား ကြည့်လိုက်ကြပြန်သည်။
သို့သော်... ထိုမေးခွန်းကို ကြားသည်နှင့် မိုယွိ၏ မျက်လုံးထဲတွင် အမုန်းတရား အငွေ့အသက်တို့ ပေါ်လာပါ၏။
" ငါ့ရဲ့ သခင်ကြီးက ဟိုရှေးဟောင်းနတ်ဆိုးကြီးရဲ့ သတ်တာကို ခံခဲ့ရတာ ။ ဒါပေမယ့် သိပ်မကြာခင်မှာ ငါ အဲ့ကောင်ကြီးကို အပိုင်းပိုင်းဖြစ်အောင် ပြန်လုပ်မှာပါ "
မိုယွိ အံကြိတ်ကာ ပြောလိုက်သည်။
အားလုံးမှာ ကြားလိုက်ရသည့်စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်ပြီး တစ်ခွန်းမှလည်း ထပ်မဟရဲတော့ချေ။
နတ်ဆိုးဂူ၏ သခင်ကြီးက ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် အစွမ်းအထက်ဆုံးသော ရှေးဟောင်းနတ်ဆိုးကြီး၏ လက်ချက်ဖြင့် သေသွားရသတဲ့လား.. ။
ထို့ထက်ပို အရေးကြီးသည်မှာ မိုယွိ၏ စကားအတိုင်းဆိုပါက... ထိုရှေးဟောင်းနတ်ဆိုးကြီး အသက်ရှင်နေသေးဟန်ပါပင်..
ထိုကိစ္စသာ အပြင်သို့ သတင်းရောက်သွားပါက သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာတစ်ခုလုံး အထက်အောက် ပြောင်းပြန်ပင် ဖြစ်သွားမည်လား မသိပေ ။
သခင်မကြီးချင်းမှာ တစ်ခုခုထပ်မေးရန် ပြင်လိုက်သေးသော်လည်း.. ထိုစဥ်မှာပင် လူများစွာက နတ်ဆိုးဂူ ထွက်ပေါက်နားလေးသို့ ရောက်သွားကြလေပြီ ။
သူတို့ ထွက်ရန် ပြင်လိုက်စဥ်မှာပင်... ရုတ်တရက် အစွမ်းထက်သော အရောင်အဝါတစ်ခုက ထွက်ပေါက်အား လွှမ်းခြုံလာ၏။
နတ်ဆိုးဂူထဲတွင် ရှိနေကြသော လူများထဲမှ အစွမ်းအနည်းငယ် နိမ့်သူများဆိုလျှင် ထိုဖိအားကြောင့် နောက်သို့ လွင့်ထွက်သွားကြတော့သည်။
" ဒါ.... ကမ္ဘာသခင်ကြီးရဲ့ ဖိအားလား "
သခင်မကြီးချင်းက ဦးစွာ အသိဝင်လာကာ နတ်ဆိုးဂူ အပြင်ဘက်သို့ ချက်ချင်း မော့ကြည့်လိုက်သည်။
ထိုစဥ်... . လူရိပ်များစွာပင် လေထဲမှ ဆင်းသက်လာကြပါ၏။
လူအုပ်၏ ရှေ့ဆုံးမှ ဖိအားများကို ထုတ်လွှတ်နေသူမှာကား... ကမ္ဘာသခင်ကြီးပင်...
ထိုစဥ်တွင် ကမ္ဘာသခင်ကြီးက လောထျန်းအား ကြည့်လာသည်။
" ဟားဟား.. အပြင်ကမ္ဘာက သူခိုးကောင် ၊ ဒီ နတ်ဆိုးဂူထဲကို ရအောင်ခိုးဝင်လာနိုင်ခဲ့တဲ့အတွက် ငါ မင်းကိုတော့ ချီးကျူးပါတယ်။ ဒါပေမယ့် မင်းရောက်နေတာကို ငါ သိနေမယ်ဆိုတာတော့ မင်း ထင်မထားဘူးမဟုတ်လား "
ကမ္ဘာသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။