← Chapters

Crazy stepping on landmine

Vol. 43 Ch. 595

Crazy stepping on landmine

Vol. 43 Ch. 595

" အပြင်ကမ္ဘာကလာတဲ့ သူခိုးက အဲ့ကောင်လား "

" အရှက်မရှိလိုက်တာကွာ...  နတ်ဆိုးဂူထဲကိုတောင် ခိုးဝင်ရဲတယ်လို့ ။ ဒီကောင်က အသတ်ခံရဖို့ ထိုက်တန်တယ် "

ထိုတခဏ၌ နတ်ဆိုးဂူအပြင်ဘက်ရှိ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများ၏ အော်ဟစ်သံမှာ ကောင်းကင်ကြီးကိုပင် တုန်ခါသွားစေတော့မယောင်..

ထိုစဉ်..  ဒဏ်ရာပြင်းထန်စွာ ရထားသည့် မိုယွမ်ရှောက်မှာကား မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်နေတော့၏။

ယခုမှသာလည်း လောထျန်းက အပြင်ကမ္ဘာမှ လာခဲ့သူတစ်ယောက်မှန်း သူ သိလိုက်ရခြင်းပင်..

တဖက်မှ လောထျန်းကလည်း ရှက်သွားသည့်

မျက်နှာဖြင့် ပြန်ပြောလာသည်။

" အားလုံး သိနေကြပြီလား "

သူကိုယ်တိုင်က ထိုသို့ဝန်ခံလာသည့်အတွက် လောထျန်းနောက်တွင် ရှိနေသော လူများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

အထူးသဖြင့် .. ဟူဒဟူမှာ လောထျန်း၏ နောက်ကျောကိုကြည့်ရင်း ကြောက်ရွံ့တုန်လှုပ်သွား၏။

" သူက နတ်ဆိုးခန္ဓာကိုယ်ကို ဘာမှန်းမသိတာ မဆန်းတော့ဘူး ။ လက်စသတ်တော့..  သူက ရှေးဟောင်းနတ်ဆိုးကမ္ဘာက မဟုတ်ဘူးကိုး..  "

သို့သော် တခဏအကြာမှာပင် ဟူဒဟူ အံကြိတ်ပြီး တွေးလိုက်မိသည်။

" သူက ရှေးဟောင်းနတ်ဆိုးကမ္ဘာက ဟုတ်ဟုတ်  မဟုတ်ဟုတ် ဂရုမစိုက်ဘူး ။ ဘယ်လိုနေနေ သူ့ရဲ့ကျေးဇူးကြွေးက ငါ့အပေါ် ရှိနေတာပဲ ။ သူက ရှေးဟောင်းနတ်ဆိုးကမ္ဘာက မဟုတ်ရင်တောင် ငါ့အတွက် အကိုကြီးပဲ "

သူ ထိုသို့တွေးကာ ခေါင်းယမ်းပြီး သူ့စိတ်သူတည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

ထိုစဉ် တဖက်မှ ကမ္ဘာသခင်ကြီးဘေးတွင် ရှိနေသော အဘိုးအိုမှာ လောထျန်းဖြစ်သွားသည့် မျက်နှာထားကိုကြည့်ရင်း လောထျန်းတစ်ယောက် ကြောက်နေသည်ဟု အထင်ရောက်သွားပါ၏။

ထို့ကြောင့် သူ လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" ကောင်လေး ၊ မင်း...  ဘယ်ကမ္ဘာကလဲ "

လောထျန်းမှာလည်း ဆက်ပြီး ဖုံးကွယ်မထားဘဲ အမှန်အတိုင်းသာ ပြန်ပြောလိုက်သည်။

" ကျုပ်လား...  ကျုပ်က ထျန်းယွမ်ကမ္ဘာကပါ "

သူ့စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။

သို့သော် တခဏအကြာမှာပင် နေရာအနှံ့မှ ဆူဆူညံညံအသံများ ပြန်ထွက်လာ၏။

" ဘယ်လို...  ထျန်းယွမ်ကမ္ဘာက တဲ့လား "

" ထျန်းယွမ်ကမ္ဘာက အမှိုက်ကောင်ကများ ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာကို လာရဲတယ်ပေါ့ ။ ဒီကောင် တော်တော်အတင့်ရဲတာပဲ "

" ရှက်စရာ ကောင်းလိုက်တာကွာ ။ ထျန်းမင်ကမ္ဘာက ဆိုရင်တောင် လက်ခံလို့ရပါသေးတယ် ။ အခုတော့ ဘာမဟုတ်တဲ့ ထျန်းယွမ်ကမ္ဘာကတဲ့..  "

" ဒီကောင်လေးကို ဒီနေ့ပဲ သတ်ပစ်ရမယ် "

" သတ်လိုက်တာက သူ့အတွက် သက်ညှာပေးရာ ကျသွားမယ် ။ ဒီကောင့်ကို အပိုင်းပိုင်းဖြတ်ပြီးတော့မှ ငါ့ရင်ထဲက အမုန်းတွေကျေမှာ "

နတ်ဆိုးဂူအပြင်ဘက်တွင် ရှိနေသော ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများစွာပင် အံကြိတ်၍ ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

သူတို့အမြင်တွင်လည်း လောထျန်းက စဉ့်နီတုံးပေါ်မှ အသားတုံးတစ်ခုလိုပါပင်  .

သို့သော်..  နတ်ဆိုးဂူအတွင်းထဲမှ လူများမှာကား ထိုသို့ မဟုတ်ကြပါချေ ။

သခင်မကြီးချင်းဆိုလျှင်လည်း မျက်နှာကြီး နီရဲနေ၏။

သူတို့ရှေ့မှ လောထျန်းက အခြားသူတစ်ယောက် အနိုင်ကျင့်သည်ကို လွယ်လွယ်ငြိမ်ခံမည့်သူတစ်ယောက် မဟုတ်မှန်း သူတို့ ကောင်းကောင်းကြီး သိထားရသည် မဟုတ်ပါလား ။

လက်ရှိ သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် အစွမ်းအထက်ဆုံးသူမှာ မြေကမ္ဘာနတ်ဆိုးအဆင့် ရောက်ထားသည့် သူတို့၏ ကမ္ဘာသခင်ကြီးပင်...

သို့သော် လောထျန်းကမူ..

သူတို့၏ မျက်စိရှေ့မှောက်မှာပင် မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်ခဲ့သူ ဖြစ်ပါ၏။

ထိုသူမှာ သေမင်းနတ်ဘုရားတစ်ပါးလိုပါပင်..

ထိုသို့သော သူတစ်ယောက်ကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး သတ်မည်ဟု ကြွေးကြော်နေသတဲ့လား.. 

ရှေးဟောင်းနတ်ဆိုးကမ္ဘာက ထိုသို့ လုပ်နိုင်စွမ်းရော ရှိပါရဲ့လား..

သခင်မကြီးချင်း ထိုသို့တွေးကာ ချက်ချင်း ရှေ့တိုးပြီး အသံကျယ်ဖြင့် အော်လိုက်သည်။

" ခဏလေး နေကြပါဦး ။ ကမ္ဘာသခင်ကြီး ၊ ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့ "

" ဟင်...  "

ကမ္ဘာသခင်ကြီးမှာ စစချင်းတွင် လောထျန်းအား စိုက်ကြည့်နေရာမှ...  သခင်မကြီးချင်း ရုတ်တရက် ပေါ်လာပြီး မတိုက်ခိုက်ရန် ပြောနေသဖြင့် မျက်မှောင်ကြုံ့သွားပါသည်။

" မင်းက ဒီလိုကောင်အတွက် ဘာလို့တောင်းပန်နေရတာလဲ ။ ကြည့်ရတာ မင်းက ရှေးဟောင်းနတ်ဆိုးကမ္ဘာကို သစ္စာဖောက်လိုက်ပြီနဲ့ တူတယ် "

ကမ္ဘာသခင်ကြီးက အေးစက်စက်ပြောလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် သူ့အနောက်ဘက်၌ မြေကမ္ဘာနတ်ဆိုးအရိပ်လည်း ပေါ်လာသည်။

ထို့နောက် သူ ခပ်လှမ်းလှမ်းတွင် ရှိနေသော သခင်မကြီးချင်းဆီသို့ လက်ညိုးဖြင့် ထိုးလိုက်၏။

ဝုန်း..

အသံကျယ် တစ်သံနှင့်အတူ သခင်မကြီးချင်း နောက်သို့ လွင့်ထွက်သွားတော့သည်။

သူမမှာ ယခင်တကည်းက ဒဏ်ရာရထားခဲ့ပြီး ယခုလည်း နောက်သို့လွင့်သွားရပြန်သဖြင့် ချက်ချင်းသွေးအန်ကာ နေရာ၌ပင် မေ့လဲကျသွားတော့၏။

ကမ္ဘာသခင်ကြီးမှာလည်း သူ့လုပ်ရပ်သူ အလွန်ကျေနပ်သွားဟန်ပင် ။

သူ ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ကာ အေးစက်စက် ဆက်ပြောလိုက်သည်။

" ဒါကို နမူနာကြည့်ထားကြ ။ ငါ့ကို သစ္စာဖောက်ရင် အဲ့လိုအဆုံးသတ်နဲ့ပဲ ကြုံရမယ် "

ထိုတခဏ၌ အားလုံး တိတ်သွားကြပြန်တော့သည်။

ထို့နောက်တွင် ကမ္ဘာသခင်ကြီးက လောထျန်းအား လှောင်ပြုံးဖြင့်ကြည့်ကာ ဆက်ပြော၏။

" ကောင်လေး..  အခု မင်းကို ထောက်ခံပေးမယ့်သူ မရှိတော့ဘူးဆိုတော့ ကြောက်သွားပြီလား "

လောထျန်းမှာ ထိုစကားကိုကြည့်ကာ အံ့အားသင့်သွားရပါသည်။

သူ မနေနိုင်ဘဲ ဟူဒဟူဘက်ကြည့်ကာ မေးလိုက်၏။

" မင်းတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးက နည်းနည်းများ ဦးနှောက်ချောင်နေသလား ။ ရောက်ရောက်ချင်း သူ့လူကို သူပြန်တိုက်ခိုက်ပြီးတော့ ငါ့ကို ကြောက်နေပြီလားလို့ ဘာလို့ လာမေးနေတာလဲ "

ဟူဒဟူမှာ ဆွံ့အနေကာ မည်သို့မှ ပြန်မပြောနိုင်ရှာပါ ။

သို့သော် ထိုစဉ်မှာပင်..  လောထျန်းနောက်မှ လူတစ်ယောက်က ရုတ်တရက် ပြောလာပြန်သည်။

" ကမ္ဘာသခင်ကြီး ၊ အထင်လွဲနေပါပြီဗျာ....  ။ သခင်မကြီးချင်းက သစ္စာဖောက်ခဲ့တာ မဟုတ်ပါဘူး ။ ဘယ်လိုပဲနေနေ..  ကျေးဇူးပြုပြီး သခင်လေး လောထျန်းကို မတိုက်ခိုက်ပါနဲ့ "

ထိုသူမှာလည်း နတ်ဆိုးစိတ်ဝိဉာဉ်တစ်ရာထဲမှ တစ်ယောက်ဖြစ်ပြီး..

သခင်မကြီးချင်း၏ ဆိုးရွားသော အခြေအနေကို မြင်သည့်တိုင် သတ္တိမွေး၍ ပြောလိုက်ခြင်းဖြစ်သည်။

အကယ်၍ ကမ္ဘာသခင်ကြီးသာ အမှန်တကယ် တိုက်ခိုက်လိုက်ပါက သူတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာအတွက် ဒုက္ခကြိးကြီး ဖြစ်သွားနိုင်သည် မဟုတ်ပါလား... 

" မင်း ဘာပြောလိုက်တယ် "

တဖက်မှ ကမ္ဘာသခင်ကြီးမှာ ထိုလူ၏ စကားကြောင့် ဒေါသူပုန် ထသွားတော့သည်။

ဝီ..

သူ့ကိုယ်ထဲမှ ဖိအားများ အားလုံးနီးပါးလည်း ထိုသူအပေါ် ကျသွား၏။

ဝုန်း...

ထိုသူမှာ ချက်ချင်း မြေကြီးပေါ် လဲကျသွားသည်အထိ ဖိနှိပ်ခံလိုက်ရကာ သူ့ကိုယ်ထဲမှ အရိုးပေါင်း မည်မျှကျိုးသွားသည်လည်း မပြောနိုင်ပါ...

သို့သော်..  သူ အံကြိတ်၍ ပြန်ပြောလိုက်ပါသည်။

" ကမ္ဘာသခင်ကြီး ... ဒီလူက...  အစွမ်းထက်လွန်း...  ကျုပ်...  မလုပ်. .. "

သူ့စကား မဆုံးခင်မှာပင် ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့သွား၏။

ထို့နောက် သူ ဒေါသတကြီး အော်ရယ်ကာ ဘေးတွင်

ရှိနေကြသော ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများဘက် လှည့်ကြည့်လိုက်သည်။

" မင်းတို့ရော ကြားလိုက်ကြလား..  ။ ဒီ ထျန်းယွမ်ကမ္ဘာက ကောင်က အစွမ်းထက်လွန်းတယ်တဲ့ "

စကားဆုံးသည်နှင့် တောင်ကြောတစ်ခုလုံး ရယ်သံများဖြင့် ပြည့်သွားသည်။

" ထျန်းယွမ်ကမ္ဘာကကောင်ကို အစွမ်းထက်လွန်းတယ်တဲ့ကွာ... ရယ်ရလို့ သေတော့မှာပဲ "

" ထျန်းယွမ်ကမ္ဘာမှာ ဘယ်လိုအစွမ်းထက်တဲ့သူမျိုး ရှိနိုင်မှာလဲကွာ "

နတ်ဆိုးဂူအပြင်ဘက်မှ လူများ ရယ်မော၍ ပြောလိုက်ကြသည်။

ကမ္ဘာသခင်ကြီးက လောထျန်းနောက်တွင် ရှိနေသော လူကို မျက်နှာသုန်မှုန်စွာကြည့်ကာ ပြောလာ၏။

" မင်း မသိတာ တစ်ခု ရှိသေးတယ် "

သူ ထိုသို့ပြောပြီး အသက်ပြင်းပြင်း ရှိုက်လိုက်

သည်။

ဝုန်း...

သူ့နောက်မှ မြေကမ္ဘာနတ်ဆိုးအရိပ်က တမဟုတ်ချင်း ပိုကြီးလာပြီး...

ကမ္ဘာသခင်ကြီး၏ ကိုယ်ပေါ်တွင်လည်း မရေမတွက်နိုင်သော တာအိုသံစဥ်များ စီးမျောလာကြသည်။

ထို့နောက်တွင် ကမ္ဘာသခင်ကြီးက အပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်ရင်း အေးစက်စက်ဆက်ပြော၏။

" မင်းရဲ့ ခွေးမျက်လုံးတွေကိုဖွင့်ပြီး သေချာကြည့်စမ်း ။ ငါက အခု မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ်ရဲ့ ထိပ်ဆုံးကို ရောက်ရုံတင်မကဘူး ၊ နောက်နှစ်တစ်သောင်းအတွင်းမှာ ကောင်းကင်ဘုံနတ်ဆိုး ဖြစ်လာတော့မယ့် အရိပ်အယောင်တွေတောင် ပြနေပြီ "

" အခု ငါ့ရှေ့မှာ ဘယ်ကောင့်ကို အစွမ်းထက်လွန်းတယ်လို့ ပြောရဲသေးလဲ "

ကမ္ဘာသခင်ကြီး မာထန်စွာပင် ဆိုလိုက်သည်။

နတ်ဆိုးဂူ အပြင်ဘက်မှ လူများမှာလည်း ချက်ချင်း စိတ်လှုပ်ရှားသွားကုန်ကြ၏။

သို့သော်... နတ်ဆိုးဂူအတွင်းထဲရှိ လောထျန်းနောက်တွင် ရှိနေသူများ ၊ အထူးသဖြင့် နံပါတ်တစ်နယ်မြေထဲမှ လူများမှာမူ တစ်ယောက်ကိုတစ်ယောက်သာ စိုးရိမ်မကင်း ကြည့်လိုက်ကြသည်။

အချို့ဆိုလျှင် ရှက်နေသည့် မျက်နှာထားများပင် ဖြစ်နေကြပါ၏။

သူတို့၏ ကမ္ဘာသခင်ကြီးအား စိတ်မနှံ့သူတစ်ယောက်ကဲ့သို့လည်း တွေးမိသွားကြသည်။

သူတို့၏ ကမ္ဘာသခင်ကြီးက မြေကမ္ဘာနတ်ဆိုးအဆင့် ထိပ်ဆုံးသို့ရောက်ထားပြီး.. နောက်နှစ်တစ်သောင်းအကြာတွင် ကောင်းကင်ဘုံနတ်ဆိုးအဆင့်သို့ ရောက်တော့မည် ဖြစ်သဖြင့် ယခုလို ပြုမူနေသတဲ့လား...

သူ့ရှေ့တွင် ရှိနေသောသူမှာ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ထားသူပင်...

ထိုစဥ်မှာပင် ကမ္ဘာသခင်ကြီးက လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ အေးစက်စက်ပြောလာ၏။

" မင်းလို ထျန်းယွမ်ကမ္ဘာက အမှိုက်ကောင်ကများ ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာထဲကို ဝင်ကျူးကျော်ရဲတယ်ပေါ့ ။ ဒီနေ့တော့ မင်းကိုငါ သေဒဏ်ချမှတ်လိုက်ပြီ ။ ဒါတင်မကသေးဘူး.. နောက်ရက်နည်းနည်းနေလို့ ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်တဲ့အခါကျရင်လဲ ငါက လူလွှတ်ပြီးတော့ မင်းရဲ့ မိသားစုတွေကို အပိုင်းပိုင်း ဖြတ်ပစ်ဦးမှာ "

" ဒါ.. ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာထဲကို ဝင်လာတဲ့အတွက် မင်းပြန်ပေးရမယ့် အဖိုးအခပဲ "

ကမ္ဘာသခင်ကြီးက ထိုသို့ပြောပြီးသည်နှင့် ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့ကို ထုတ်လွှတ်လိုက်သည်။

သူ့ မူလအစီအစဥ်မှာ လောထျန်းတစ်ယောက်

ကြောက်ရွံ့ပြီး ကူကယ်ရာမဲ့ ခံစားသွားရအောင် လုပ်ရန် ဖြစ်ပါသည်။

သို့သော်... မျှော်လင့်မထားစွာပင်... အစောက တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သော လောထျန်းက..

ထိုစကားကို ကြားပြီးသည်နှင့် အရောင်အဝါများ ချက်ချင်းပြောင်းသွား၏။

" ဟင်... ဒီကောင်လေးက.. "

ကမ္ဘာသခင်ကြီးက လောထျန်းအား မျက်မှောင်ကြုံ့၍ စိုက်ကြည့်လိုက်သည်။

ထိုစဥ်မှာပင် လောထျန်းက ခေါင်းမော့လာပြီး သူ့မျက်လုံးထဲတွင်လည်း အေးစက်စက် အငွေ့အသက်များ အထင်းသားပေါ်လာ၏။

" ဒါ.... "

ကမ္ဘာသခင်ကြီးမှာ အနောက်ဘက် ပေထောင်ချီအကွာအဝေးထိ ချက်ချင်း ဆုတ်လိုက်ပြီး.. ထိုအချိန်ကျမှ အသက်ကို အနိုင်နိုင်ရှူလိုက်ရသည်။

" ဘာတွေ ဖြစ်နေတာလဲ ၊ တစ်ချက်လေး အကြည့်ခံရရုံနဲ့ ငါက ဘာလို့အဲ့လို ဖြစ်သွားရတာလဲ "

ကမ္ဘာသခင်ကြီးက ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

All Chapters