ကမ္ဘာတစ်ခုလုံး၏အစွမ်း
Vol. 43 Ch. 596
" ဒီကောင်လေးက တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး "
ကမ္ဘာသခင်ကြီးမှာ လောထျန်းအား ခပ်ဝေးဝေးမှ ကြည့်ရင်း နှလုံးခုန် မြန်လာသည်။
ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက်မှ သူ အသံကျယ်ဖြင့် အော်ပြောလိုက်၏။
" ရှေးဟောင်းနတ်ဆိုးကမ္ဘာသားတို့... အဲ့သူခိုးကောင်ကို အစွမ်းကုန်သုံးပြီး သတ်ကြ ။ သူ့ကို ဒီနေ့သတ်နိုင်တဲ့သူကို ငါ့ရဲ့ မွေးစားသားအဖြစ် သတ်မှတ်မယ် "
အမှန်တွင်ကား .. သူ ဘာမှမလုပ်ခင် သူ့လူများကို အသုံးချ၍ စမ်းသပ်လိုက်ခြင်းပင်...
နတ်ဆိုးဂူအပြင်ဘက်တွင်တွင် ရှိနေကြသော ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူများမှာ မည်သို့ ဖြစ်သွားသည်ကို နားမလည်လိုက်ကြပါ။
အဘယ့်ကြောင့်ဆိုသော သူတို့၏ ကမ္ဘာသခင်ကြီး လှုပ်ရှားသွားသည်က မြန်လွန်းသောကြောင့်ဖြစ်၏။
ထို့ကြောင့်လည်း ကမ္ဘာသခင်ကြီးက သူတို့၏ စွမ်းဆောင်နိုင်ရည်ကို ပြသရန် တမင်သက်သက် အခွင့်အရေးပေးလိုက်သည်ဟုသာ ထင်လိုက်ကြသည်။
အထူးသဖြင့် သူ ပြောသွားခဲ့သော နောက်ဆုံးစကားကြောင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
ကမ္ဘာသခင်ကြီး၏ မွေးစားသားအဖြစ် သတ်မှတ်ခံရခြင်းမှာ...
ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ဒုတိယမြောက် သြဇာအကြီးဆုံးသူ ဖြစ်လာတော့မည်ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား..
" သတ်ကြဟေ့ "
ခပ်တောင့်တောင့် လူထွားကြီးတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။
" အဲ့ကောင်ရဲ့ ခေါင်းက ငါ့အပိုင်ကွ ။ ဘယ်ကောင်မှ လာမလုနဲ့ "
တစ်ကိုယ်လုံး နတ်ဆိုးအစွမ်းများ လွှမ်းခြုံနေသည့် လူကြီးတစ်ယောက်ကလည်း အော်ပြောလာ၏။
" ရှေ့က ဖယ်စမ်းကွာ.. ။ ကမ္ဘာသခင်ကြီးရဲ့.. အဟွတ် အဟွတ်... မွေးစားသားနေရာက ငါ့အတွက်ပဲ.. အဟွတ်.. "
ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်ကလည်း တောင်ဝှေးတစ်ချောင်းကို အားပြု၍ လောထျန်းဆီသို့ တုန်တုန်ယင်ယင် လျှောက်သွားသည်။
ထိုစဥ် နတ်ဆိုးဂူအပြင်ဘက်မှ လူများအားလုံးမှာ အရူးများလိုပါပင်..
တစ်ချိန်တည်းမှာပင်... နတ်ဆိုးဂူအတွင်း ရှိနေကြသူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါ၏။
" နောက်ဆုတ်ကြဟေ့... ဝေးဝေးနေကြ "
" ထွက်ပြေးဖို့က နောက်ကျလွန်းသွားပြီ ၊
အကာအကွယ်အစီအမံတွေ မြန်မြန်လုပ်ကြ ။ နတ်ဆိုးကိုးသွယ် အကာအကွယ်အစီအမံ.. "
" နတ်ဘုရားလိပ် အစီအမံ "
" ကောင်းကင်ဘုံချုပ်နှောင် အစီအမံ "
သူတို့လူစုမှာ မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် အကာအကွယ်အစီအမံ ရှစ်ခုကျော် လုပ်ပြီးသွားကြကာ လက်ထဲတွင်လည်း အနည်းဆုံး မှော်လက်နက်နှစ်ခုစီ ကိုင်ထားလိုက်ကြသည်။
ထိုစဥ်တွင် နတ်ဆိုးဂူအပြင်ဘက်မှ လူများက လောထျန်းအား သတ်ဖြတ်ရန် အသည်းအသန် ပြေးဝင်လာကြနေသော်လည်း..
လောထျန်းကမူ သူတို့အား ဖုတ်လေသည့်ငါးပိ ရှိဟန်ပင် သဘောမထားပါချေ။
သူ့မျက်လုံးများက ခပ်ဝေးဝေး လေထဲတွင် ရှိနေသော ကမ္ဘာသခင်ကြီးအပေါ်တွင်သာ ရှိနေပါ၏။
" ကျုပ်က ကျုပ်ကို ခြိမ်းခြောက်လာတဲ့သူတွေကို သိပ်မုန်းတာ ။ အထူးသဖြင့် ကျုပ်မိသားစုနဲ့ လာခြိမ်းခြောက်ရင် ပိုတောင် မုန်းသေးတယ် "
လောထျန်း အေးစက်စက်ပြောလိုက်သည်။
ထို့နောက်တွင်ကား..
ဝုန်း..
သူ့အနောက်ဘက်တွင် နတ်ဆိုးအရိပ်တစ်ခု ပေါ်လာ၏။
ထိုနတ်ဆိုးအရိပ် ပေါ်လာသည်နှင့် မရေမတွက်နိုင်သော နတ်ဆိုးလမ်းစဥ်ထွင်းစာများလည်း သူ့ကိုယ်ကို ရစ်ပတ်လာပြီးနောက်.... ၎င်းထွင်းစာများက အမည်းရောင် မိုးကြိုးလျှပ်စီးများလို အရပ်မျက်နှာစုံသို့ ပေါက်ကွဲထွက်သွားသည်။
လောထျန်းဆီ ပြေးဝင်လာကြသည့် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ အစွမ်းထက် ကျင့်ကြံသူများအားလုံး ချက်ချင်း ပြာအဖြစ် ပြောင်းသွားကြတော့၏။
ထိုသူများမှာ ဤကမ္ဘာပေါ်၌ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို.... အစအနလေးပင် မကျန်ခဲ့တော့ပါ ။
နတ်ဆိုးဂူအတွင်းထဲတွင် ရှိနေသူများနှင့် လောထျန်းကို သတ်ရန် မကြိုးစားခဲ့ကြသည့် လူလေးအနည်းငယ်ကသာ ခဲခဲယဥ်းယဥ်း လွတ်မြောက်သွားခဲ့ကြပါသည်။
အားလုံးမှာလည်း ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်ခြောက်ခြားကုန်ကြ၏။
အစွမ်းထက်လှပါတကား..
အစောက တိုက်ခိုက်ရန် ကြိုးစားခဲ့သူများထဲတွင် နတ်ဆိုးစိတ်ဝိဥာဥ်တစ်ရာ စာရင်းထဲမှ အစွမ်းထက်နတ်ဆိုးများ ငါးဆယ်ကျော်ပင် ပါဝင်ပါသည်။
ထိုသူများမှာ ကမ္ဘာသခင်ကြီး၏ အောက်မှ ထိပ်ဆုံးတိုက်ခိုက်ရေးသမားများဟုလည်း ပြော၍ ရပါ၏။
သို့သော်... မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူများအားလုံး ပျောက်ကွယ်သွားရလေပြီ ။
" မင်း... "
လေထဲတွင် ရှိနေသော ကမ္ဘာသခင်ကြီးမှာလည်း ၎င်းကိုကြည့်ကာ ရင်တစ်ခုလုံး ဗြောင်းဆန်သွားတော့သည်။
သခင်မကြီးချင်းနှင့် ကျန်လူကြီးတစ်ယောက်က သူ့အား မတိုက်ခိုက်ရန် အဘယ့်ကြောင့် တားခဲ့ရသည်ကိုလည်း ယခုနားလည်လိုက်ရလေပြီ ။
တဖက်လူက.. သာမာန် လူသားတစ်ယောက်မဟုတ်ဘဲ ...
ဘီလူးတစ်ယောက် ဖြစ်နေသောကြောင့်ပင်...
သို့သော် ထိုဖြစ်နိုင်ချေကို မတွေးခဲ့မိသည့်အတွက် သူ့အား အပြစ်တင်၍လည်း မရပါချေ။
ထျန်းယွမ်ကမ္ဘာတွင် ထိုသို့သော အစွမ်းထက်လူတစ်ယောက် ရှိနေမည်ဟု မည်သူက ထင်ပါမည်နည်း ..
သူ ယနေ့ သေရတော့မည်လား..
မဟုတ်သေးပါ... သူ့လက်ထဲတွင် ဝှက်ဖဲကြီးတစ်ချပ် ရှိနေပါသေးသည်။
" ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ် "
ကမ္ဘာသခင်ကြီး ကျယ်လောင်စွာ အော်လိုက်သည်။
ဝုန်း..
ချက်ချင်းမှာပင် သူ့ကိုယ်ပေါ်၌ သံချပ်ဝတ်တစ်ခု ပေါ်လာ၏။
ဝုန်း..
တစ်ချိန်တည်းမှာပင် သူ့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း ထွက်လာသည်။
ထို့နောက်တွင် ကမ္ဘာသခင်ကြီးက တိုက်ခိုက်လိုသည့် မျက်လုံးအစုံဖြင့် လောထျန်းကို လှမ်းကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
" ကောင်လေး ၊ မင်းက တကယ်လဲ အရမ်းအစွမ်းထက်ပါတယ် ။ တကယ်လို့ တခြားတနေရာမှာသာ တိုက်ခိုက်ကြရင် ငါ မင်းအတွက် ပြိုင်ဘက်လုံးဝ မဟုတ်တာ အသေချာပဲ "
" ဒါပေမယ့်... ငါ့ကို ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ တိုက်ခိုက်ဖို့ မင်း မရွေးခဲ့သင့်ဘူး။ ဒီကမ္ဘာရဲ့ ကမ္ဘာသခင်ကြီးဖြစ်တဲ့ ငါ့ဆီမှာက အစောင့်အကြပ် မသေမျိုးလက်နက် ရှိတယ်ကွ "
" ပြီးတော့ အဲ့ဒီ မသေမျိုးလက်နက်က ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံးရဲ့ အစွမ်းကို ထုတ်လွှတ်နိုင်တယ်။ မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ ကမ္ဘာတစ်ခုလုံးရဲ့ အစွမ်းကိုတော့ ယှဥ်နိုင်ပါ့မလား "
သူ ထိုသို့ပြောပြီး မှော်လက်နက်များအားလုံးကို အသုံးပြုကာ နတ်ဆိုးနတ်ဘုရားကြီး တစ်ပါးအဖြစ် အသွင်ပြောင်းလိုက်တော့သည်။
" ဒီအစွမ်းက... "
ကမ္ဘာသခင်ကြီးကိုယ်တိုင်သည်ပင် ထို သံချပ်ဝတ်၏ အစွမ်းကြောင့် တုန်လှုပ်သွားရပါ၏။
ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်အား သူကိုယ်တိုင် သန့်စင်ခဲ့သည့်တိုင်... အစောင့်အကြပ် မှော်လက်နက်ကိုသုံးပြီး ကမ္ဘာတစ်ခုလုံး၏ အစွမ်းကို ထုတ်သုံးဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ။
ထိုတခဏ၌ သူ့ကိုယ်သူ အလွန်အမင်း အစွမ်းထက်သူ တစ်ယောက်အဖြစ်လည်း ခံစားလိုက်ရသည်။
ထိုစဥ်မှာပင် လောထျန်းကလည်း လေထဲသို့ ပျံတက်လာပါ၏။
" ဟား ဟား.. မင်းက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ မသိဘူးပဲကွ။ အဲ့လိုဆိုမှတော့လဲ မင်းဆန္ဒကို ဖြည့်ပေးရတော့မှာပေါ့ "
ကမ္ဘာသခင်ကြီးက ဆုံးဖြတ်ချက် ချပြီးသွားဟန်ဖြင့် လောထျန်းဆီသို့ ပြေးဝင်သွားလိုက်သည်။
" ဒီကောင်ရဲ့ အရောင်အဝါက အစွမ်းထက်တာ မှန်ပေမယ့်.. အခု ငါ့မှာ ကမ္ဘာတစ်ခုလုံးရဲ့ အစွမ်းရှိနေပြီဆိုတော့ သူ့ထက်အစွမ်းပိုသာတာ သေချာတယ် "
သူ့ကိုယ်သူလည်း ယုံကြည်ချက် အပြည့်ရှိနေပြီး ယခင်လို ကြောက်နေဟန်လည်း မရှိတော့ပါ ။
ယခုအတိုင်း ဆိုပါက.. သူ အနိုင်ရပေတော့မည်..
သို့သော်.. ထိုစဥ်မှာပင်..
ဝုန်း..
လောထျန်းကိုယ်မှ အရှုပ်အထွေးစွမ်းအင်များ ထွက်လာ၏။
မဟာတာအို စိတ်ဝိဥာဥ်အစစ်၏ ပုံရိပ်ယောင်လည်း ပေါ်လာကာ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် အရိပ်ကြီးနှင့်အတူ လောထျန်းအား ဘယ် ညာ နှစ်ဖက်လုံးမှ အကာအကွယ် ပေးလာသည်။
လောထျန်းကိုယ်မှ အရောင်အဝါလည်း ချက်ချင်းတိုးသွား၏။
သူ့အစွမ်းက တခဏအတွင်းမှာပင် ကမ္ဘာသခင်ကြီးနှင့် တန်းတူ ဖြစ်သွားတော့သည်။
ကမ္ဘာသခင်ကြီးမှာလည်း ၎င်းကိုကြည့်ကာ မှင်သက်မိနေတော့၏။
သူ့ထံတွင် ရှေးဟောင်းနတ်ဆိုးကမ္ဘာတစ်ခုလုံး၏ အစွမ်းများ ရှိနေပါရက်...
တဖက်မှ လောထျန်း၏ အစွမ်းက သူနှင့် တန်းတူဖြစ်နေသတဲ့လား ။
သို့ဆိုလျှင် လောထျန်းတစ်ယောက်တည်း၏ အစွမ်းက ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံးနှင့် ယှဥ်နိုင်နေသည်ဆိုသည့် အဓိပ္ပါယ်လား...
" ဒီကောင့်ကို အရှင်ဆက်ထားလို့ လုံးဝမဖြစ်ဘူး "
ကမ္ဘာသခင်ကြီး အံကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ယနေ့.. သူ့အသက်ကို စွန့်ရလျှင်ပင်.. လောထျန်းအား မဖြစ်မနေ သတ်ရပေလိမ့်မည်။
" အစွမ်းချင်း တူတော့ရော ဘာဖြစ်သေးလဲ ။ အစွမ်းတူရင်တောင် တိုက်ခိုက်ရေးအတွေ့အကြံမှာ ငါက
အများကြီး ပိုသာတာပဲ "
သူ့စိတ်ထဲမှလည်း ကြိတ်ရယ်လိုက်၏။
သို့သော် ထိုစဥ်မှာပင်..
ဝုန်း..
လောထျန်းနောက်၌ ကြယ်ပင်လယ်ကြီးတစ်ခု ပေါိလာသည်။
ချက်ချင်းမှာပင်... သူ့ကိုယ်မှ အရောင်အဝါလည်း ပိုတိုးသွားပါ၏။
ကမ္ဘာသခင်ကြီးမှာ အချိန်များ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ဘာတွေဖြစ်နေပါသနည်း..
သူ အစွမ်းတူသည်ဟု ထင်နေချိန်၌ ... တဖက်လူ၏ အစွမ်းက ရုတ်တရက် သူ့ထက် အဆတစ်ရာ ပိုအစွမ်းထက်သွားသတဲ့လား..
မဟုတ်သေးပါ... သူ အဆတစ်ရာထိသာ ခံစားနိုင်သည်ဟု ပြောလျှင် ပိုမှန်ပါမည်။
အမှန်တကယ် ကွာဟချက်က ထို့ထက် ပိုများပါ၏။
သူ ဆက်တိုက်ခိုက်နိုင်ပါသေးရဲ့လား..
ဖြောင်း..
ထိုစဥ်မှာပင် သူ့ကိုယ်မှ သံချပ်ဝတ်က ရုတ်တရက် ပျောက်ကွယ်ထွက်ပြေးသွားတော့သည်။
သံချပ်ဝတ် မရှိတော့သည်နှင့် ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ အစွမ်းလည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။
" ဟင်... ကောင်းကင်ဘုံနတ်ဆိုး သံချပ်ဝတ်... မင်းက ကိုယ့်သခင်ကိုယ် ပြန်ပြီးသစ္စာဖောက်သွားတာလား ။ ငါ မင်းကို သန့်စင်ပြီးသားလေ... အခု ဘယ်လိုလုပ် ထွက်ပြေးနိုင်တာလဲ ။ မဟုတ်မှလွဲရော... သန့်စင်ပြီးပြီလို့ ငါ အထင်မှားခဲ့တာလား.. ။ ဒါပေမယ့် ရှေးဟောင်းနတ်ဆိုးမှတ်တမ်းထဲက နည်း
လမ်းအတိုင်း သန့်စင်ခဲ့တာလေကွာ။ ရှေးဟောင်းနတ်ဆိုး ဘိုးဘေးကြီးက ငါ့ကို လှည့်စားခဲ့တာများလား.. "
ကမ္ဘာသခင်ကြီး လဲကျသွားတော့သည်။
သူမည်မျှပင် အော်နေစေကာမူ... ကောင်းကင်ဘုံနတ်ဆိုးသံချပ်ဝတ်မှာကား... သူ့ကိုလျစ်လျူရှုထားပြီး အသက်ဘေးမှလွတ်အောင် အသည်းအသန် ပြေးသွားခဲ့လေပြီ ။
ထိုစဥ်မှာပင် လောထျန်း ရောက်လာ၏။
" သေစမ်းကွာ "
လောထျန်း အော်ကာ လက်သီးဖြင့် ထိုးလိုက်သည်။
" မင်း....... "
....
လောထျန်း၏ လက်သီးချက်အောက်တွင် ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ကမ္ဘာသခင်ကြီး အငွေ့ပျံ ပျောက်ကွယ်သွားရတော့သည်။