အခန်း (၁၅၁)
Vol. 16 Ch. 151
ချန်ကျားယန်သည်ကား ကျောက်ရှီလဲ့ထံမှ သူ ကြားလိုသည့်စကားများကို မကြားရသည့်အချိန်တွင်ပင်
မျက်နှာ၌ နူးညံ့သည့် အပြုံးတစ်ပွင့် ရှိနေဆဲပင် ဖြစ်သည်။
သို့သော် အတွင်းစိတ်ထဲတွင်မူ သူကြားချင်သည်ကို မကြားရသည့်အတွက် အနည်းငယ်ဒေါသထွက်သွားခဲ့သည်။
ဤနှစ်ရက်အတွင်း ကျောက်ရှီလဲ့က လင်းမိသားစုထံသို့ လုံးဝမသွားသည်ကို သူ သတိထားမိခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ကျောက်ရှီလဲ့က သူမလည်း မသိကြောင်း ပြောကာ လင်းရန်၏အိမ်သို့ သွားလည်ရန်ပြောလာလိမ့်မည်ဟု ထင်ထားခဲ့သည်။
ထိုသို့ဖြစ်လာခဲ့ပါက သူသည်လည်း ကျောက်ရှီလဲ့၏ အနောက်မှ လင်းမိသားစုအိမ်သို့ လိုက်သွားနိုင်ပေလိမ့်မည်မဟုတ်ပါလား။
သို့သော် ကျောက်ရှီလဲ့မှ”အဆင်ပြေပါတယ်” ဟုသာ ပြောလာလိမ့်မည်ဟု ချန်ကျားယန် မမျှော်လင့်ထားခဲ့ပေ။
သူမက လင်းရန်ကိုပင် မမေးမြန်းရသေးဘဲ သူတို့အဆင်ပြေကြောင်းကို အဘယ်ကြောင့် သေချာပေါက်တပ်အပ် ပြောနိုင်မည်နည်း။
ထိုအကြောင်းကို စဥ်းစားမိသည့်အခါ ချန်ကျားယန်၏ စိတ်ထဲ၌ မနေနိုင်ဘဲ ညည်းညူလိုက်သည်။
သို့သော် ကျောက်ရှီလဲ့မှာ ဤသည်ကို သတိမထားမိခဲ့ပေ။ ချန်ကျားယန်၏မေးခွန်းများကို ဖြေပြီးသည့်နောက်၌ သူမ၏ အလုပ်ကိုသာ ဆက်၍ လုပ်နေခဲ့သည်။
ဤသည်မှာ ချန်ကျားယန်အား ဒေါသထွက်လုနီးပါး ဖြစ်စေခဲ့သည်။
ဒီလိုမျိုး တုံ့ပြန်မှုနှေးကွေးတဲ့ အမျိုးသမီးမျိုးက ဒီကမ္ဘာမှာ တကယ်ကြီး ရှိနေသေးတာလား?
သို့သော် ချန်ကျားယန် မသိလိုက်သည်မှာ ကျောက်ရှီလဲ့သည်က လင်းမိသားစုကိစ္စများအား သူ့ထံတွင်ဆက်၍ ပြောချင်ပုံမရသော်လည်း ညစာစားပြီးသည်နှင့်တစ်ပြိုင်နက် သူမက လင်းရန်၏အိမ်သို့ အပြေးသွားခဲ့သည်ကိုပင်။
သူငယ်ချင်းတစ်ယောက်အနေဖြင့် သူမက ဤအတောအတွင်း၌ လင်းရန်မိသားစု၏ အခြေအနေကို အမှန်တကယ်ပင် ဂရုမစိုက်မိခဲ့ချေ။
ထို့အပြင် သူမက သူမ၏ မိသားစုထံမှ စာတစ်စောင်ကို ရခဲ့ပြီး ထိုစာထဲတွင်ပါဝင်သည့် စုန့်မိသားစု၏ နောက်ဆုံးအခြေအနေအား လင်းရန်နှင့် ပြောရန် သွားခဲ့ခြင်းဖြစ်သည်။
သူမ ရောက်သွားသည့်အချိန်၌ လင်းရန်တို့မိသားစုသည်က ထမင်းစားနေကြလေသည်။ ကျောက်ရှီလဲ့ ရောက် လာသည်ကို အဘွားလင်း မြင်သည့်အခါ၌ ထမင်းအတူစားရန် ဖိတ်ခေါ်ခဲ့သည်။
ကျောက်ရှီလဲ့တစ်ယောက် တံထွေး မျိုချလိုက်မိကာ စားပွဲပေါ်မှ ဟင်းပွဲများကို ကြည့်လိုက်သည်။
ထို့နောက် သူမ၏ဗိုက်အား ခါးသက်စွာ ပွတ်သပ်လိုက်လေသည်။
“အဘွား၊ ကျွန်မလည်း စားချင်ပါတယ်၊ ဒါပေမဲ့ ကျွန်မဗိုက်က တကယ် မဆန့်တော့ဘူး၊ ဗိုက်အရမ်းပြည့်နေပြီ”
သူမ၏ သနားစရာမျက်နှာအမူအရာကြောင့် အဘွားလင်းက ရယ်မောလိုက်သည်။
“ဒါဆိုလည်း နောက်တစ်ခါကျရင် နည်းနည်းပဲ စားလာဖို့ မမေ့နဲ့နော်၊ ငါတို့မိသားစုက နင့်ကိုတော့ ကျွေးနိုင်ပါသေးတယ်!”
အဘွားလင်းမှာ ကျောက်ရှီလဲ့အား
အမြဲတစေ သဘောကျခဲ့သည်။ကျောက်ရှီလဲ့က လင်းရန်၏ သူငယ်ချင်းဖြစ်ရုံသာမက ပျော်ပျော်ရွှင်ရွှင်နေတတ်သော သဘောထားရှိပြီး ချစ်စရာကောင်းသည့်ကိုယ်ကျင့်စရိုက်လည်း ရှိနေသည်ပင်။
ကျောက်ရှီလဲ့ ရယ်မောလိုက်ကာ အဘွားလင်းအား ပြုံးပြ၍ သဘောတူလိုက်ပြီးသည့်နောက် လင်းရန်အား ကြည့်လိုက်သည်။
သူမတို့နှစ်ဦးသည်ကား တစ်ဦး၏ အချက်ပြမှုကို တစ်ဦးမှအပြန်အလှန် နားလည်မှုရှိကြသည်။
ကျောက်ရှီလဲ့ ဤအချိန်၌ သူတို့ဒအိမ်သို့ ရောက်လာသည်မှာ သူမအား ပြောစရာ ကိစ္စရှိ၍သာ ဖြစ်မည်ကို လင်းရန် သဘောပေါက်လိုက်သည်။
ထို့ကြောင့် လင်းရန်က ထမင်းကိုအလျင်အမြန် စားပြီးသည့်နောက်၌ ကျောက်ရှီလဲ့ကို သူမ၏ အိမ်ခန်းသို့ ခေါ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ?”
ခြံထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လင်းရန်က ကျောက်ရှီလဲ့လာရသည့် အကြောင်းရင်းကို လျင်မြန်စွာ မေးမြန်းခဲ့သည်။
သူမအနေဖြင့် ကျောက်ရှီလဲ့ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေမိသည်။
သို့သော်လည်း တကယ်တမ်းတွင် ကျောက်ရှီလဲ့တွင် အကြောင်းကိစ္စရှိနေသည်မဟုတ်ဘဲ ယနေ့ လာရသည့် အကြောင်းရင်းမှာလည်း သူမကြောင့်သာ ဖြစ်နေခဲ့သည်။
ကျောက်ရှီလဲ့က ပညာတတ်လူငယ်စခန်းမှ လူများမှ ဤနှစ်ရက်အတွင်း သူမအား မေးမြန်းခဲ့သည်များကို လင်းရန်ထံတွင် ပြန်လည်ပြောပြခဲ့သည်။
“သူတို့တွေက တခြားလူတွေရဲ့မိသားစုကိစ္စကို ဘာလို့ ဒီလောက်တောင် စိတ်ဝင်စားနေကြလဲဆိုတာ ငါ နားမလည်တော့ဘူး၊ နင်တို့မိသားစုရဲ့ဘဝက သူတို့အပေါ် ဘာသက်ရောက်မှုမှ ရှိတာမှ မဟုတ်တာကို”
ကျောက်ရှီလဲ့က ထိုသို့ ပြောပြီးနောက် ညည်းညူလိုက်ပြန်သည်။
“အော်၊ ဒါနဲ့ ချန်ကျားယန်ရောပဲ၊
သူလည်း ငါ့ကို လာမေးတယ်၊ သူက နင့်ကို စိတ်ပူလို့ဆိုပြီး ပြောတာပဲ၊ တကယ် ဟုတ်လား မဟုတ်လားဆိုတာတော့ ငါလည်းမသိဘူး”
လင်းရန် ထိုစကားသည်ကို ကြားသည့်အခါ၌ မည်သည်များ ဖြစ်ပျက်နေသည်ကို ချက်ချင်းပင်သိလိုက်ရသည်။
အခြားသူများမှာ စူးစမ်းချင်စိတ်သက်သက်ဖြင့် မေးမြန်းခြင်း ဖြစ်နိုင်သော်လည်း ချန်ကျားယန်ထံတွင်တော့ သေချာပေါက် ကောင်းမွန်သည့် ရည်ရွယ်ချက်မရှိသည်ကို သူမ သိသည်။
လင်းရန် စဥ်းစားပြီးသည့်နောက်၌ ကျောက်ရှီလဲ့အား မပြောဘဲမနေနိုင်ခဲ့ပေ။
“နောက်တစ်ခါ သူတို့ ဒီလိုမျိုး လာမေးကြရင် နင်မသိဘူး၊ သိချင်ရင် လင်းမိသားစုဆီကိုသာ
သွားမေးကြလို့ ပြောလိုက်တော့”
ထိုသို့ မကြာခဏအမေးခံရပါက
ကျောက်ရှီလဲ့ထံ၌ တခြားအတွေးများမရှိလျှင်ပင် နောက်ဆုံးတွင် စိတ်မရှည်ဖြစ်လာမည်ကို
စိုးရိမ်ရသည်။
သို့သော် ကံကောင်းစွာဖြင့် ကျောက်ရှီလဲ့မှာ အတော်လေးပင် စိတ်ရှည်သည့်သူတစ်ဦးဖြစ်နေခဲ့သည်။
လင်းရန် ထိုသို့ပြောလိုက်သည့်အခါ
ကျောက်ရှီလဲ့လည်း သိပ်ပြီးမစဥ်းစားတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ထို့အစား ကျောက်ရှီလဲ့မှ
လင်းရန်ကို နောက်ထပ်မေးခွန်းတစ်ခုကို မေးလာခဲ့သည်။
“ဦးလေးလင်းရဲ့အခြေအနေက ဘယ်လိုရှိလဲ၊ ဒီစီးပွားရေးက ရေရှည် တည်ငြိမ်နိုင်ပါ့မလား?”
သူမ၏မေးခွန်းကို ပြမ်ဖြေလာသည့်အချိန်တွင် လင်းရန်၏လေသံမှာ များစွာ ပို၍ ပေါ့ပါးလာခဲ့သည်။
“တခြား ဘာကိစ္စမှ အထွေအထူး မဖြစ်လာခဲ့ရင် ပြဿနာမရှိပါဘူး၊
အဲဒီနေ့က ဆေးရုံကနေ ဆရာဝန်တစ်ယောက်ကို ငါတို့ဆီ လွှတ်ပေးလိုက်ပြီး ကွင်းဆင်းလေ့လာတာတွေ လုပ်ခဲ့တယ်လေ၊
အဲဒီဆရာ၀န်က ငါတို့ရဲ့ သာယာလှပတဲ့တောင်တန်းတွေနဲ့ မြစ်တွေကနေ ဆေးဝါးအတွက် အသုံးပြုဖို့ ကောင်းမွန်တဲ့ဆေးဖက်ဝင်အပင်တွေ ထွက်လာနိုင်တယ်လို့ ယုံကြည်ထားတယ်၊
အခု သူတို့က ငါ့ရဲ့အဖေဆီကနေ ဆေးဖက်၀င်အပင်တွေ ပထမဆုံးအသုတ် ပို့ပေးစောင့်နေကြတာ”
“ဝိုး.... ဒါဆို အရမ်းကောင်းတာပဲမဟုတ်ဘူးလား၊ ဦးလေးလင်းက သူ့ရဲ့စီးပွားရေးကို ပိုကြီးပြီး ပိုတည်ငြိမ်အောင် လုပ်နိုင်မှာ သေချာတယ်၊ နောက်ကျရင် ပိုက်ဆံအများကြီး ရှာနိုင်တော့မှာပါ”
“နင့် ရဲ့ မင်္ဂလာရှိတဲ့ အဲဒီစကားလုံးတွေကို ငါ ငှားရမ်းဦးမယ်”
လင်းရန် ထိုသို့ပြောကာ
ကျောက်ရှီလဲ့နှင့်အတူ ရယ်မောလိုက်လေသည်။
လင်းမိသားစု၏အကြောင်းကိစ္စကို ပြောပြီးသည့်နောက်၌ ကျောက်ရှီလဲ့က လင်းရန်ထံတွင် စုန့်မိသားစုအကြောင်းကို လျင်မြန်စွာ ပြောပြခဲ့သည်။
“ရန်ရန်၊ နင့်ရဲ့အစ်မက မကြာခင်
လက်ထပ်တော့မယ်လို့ ပြီးခဲ့တဲ့တစ်ခေါက်က ငါ နင့်ကို ပြောပြခဲ့တာကို မှတ်မိတယ်မလား၊ ဒါပေမဲ့ မနေ့က ငါ့အမေ စာရေးပြီး ပို့ခဲ့တဲ့အထဲမှာ
နင့်အစ်မရဲ့လက်ထပ်ပွဲက မသေချာသေးဘူးတဲ့”
စုန့်စစ်ယွီ၏ လက်ရှိလက်တွဲဖော်မှာ
ရှုကျစ်၀မ်ဖြစ်ပြီး စုန့်ဝေ့မှ လင်းရန်အား ကြင်ဖက်ချိန်းတွေ့စေခဲ့သည့် သူမှာလည်း ရှုကျစ်၀မ်ဖြစ်ကြောင်းကို လင်းရန်ထံမှ သိလိုက်ရသည့်အချိန်တုန်းက ကျောက်ရှီလဲ့မှာ
လွန်စွာ ဒေါသထွက်ခဲ့သည်။
သူမသည်ကား စုန့်ဝေ့၊ စုန့်စစ်ယွီ သို့မဟုတ် ရှုမိသားစုကဲ့သို့ မျက်နှာပြောင်တိုက်သည့်သူမျိုး တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးဟု ခံစားခဲ့ရသည်။
ကျောက်ရှီလဲ့အနေဖြင့် အလွန် ဒေါသထွက်နေခဲ့သော်လည်း ထိုကိစ္စအား သူမ၏မိဘများကို ပြောပြရန်ကိုမူ မမေ့ခဲ့ပေ။
သို့မှသာ သူမ၏မိဘများက စုန့်ဝေ့နှင့် သူ၏သမီး စုန့်စစ်ယွီတို့ အကြောင်းကို သတင်းဖြန့်နိုင်ပေလိမ့်မည်။
သူတို့အနေဖြင့် လင်းရန်ခံစားခဲ့ရသည့် ဒုက္ခများအား အလဟဿ ဖြစ်စေမည် မဟုတ်ချေ။
ကျောက်ရှီလဲ့၏ မိဘများမှာလည်း
အလွန်ပင် ကူညီခဲ့ကြသည်။
သူမ၏စာကို ရပြီးသည့်နောက်၌ သူမ၏ မိဘများကထိုအကြောင်းကို စတင်၍ သတင်းဖြန့်ခဲ့ကြသည်။
ထို့ကြောင့် စုန့်စစ်ယွီနှင့်
ရှုကျစ်ဝမ်တို့၏ လက်ထပ်ပွဲ ဖြစ်မလာနိုင်သေးသည်မှာ သူမ၏ မိဘများ ပါ၀င်မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု ကျောက်ရှီလဲ့ တွေးထင်ခဲ့သည်။
“ငါ့မိဘတွေက အခြေအနေအတိကျကိုတော့ မသိပါဘူး၊ ဒါပေမဲ့ ရှုမိသားစုနဲ့ စုန့်မိသားစုတို့ အပြင်မှာ အတူတူစားသောက်နေတာကို လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က သူတို့မြင်ခဲ့တယ်လို့ ပြောတယ်၊
ခမည်းခမက်တွေ အတူတူ စားသောက်နေတယ်ဆိုပေမဲ့ သာမန် မိသားစုနှစ်စု အတူတူစားနေတာနဲ့ပဲ တူတယ်တဲ့၊ အဲဒီမိသားစုတွေကြားမှာ
တခြားပြဿနာတစ်ခုခုရှိလို့ထင်ရတယ်၊ ညစာစားပွဲက သိပ်အဆင်မပြေတဲ့ပုံပဲတဲ့”
ညစာစားပွဲပြီးသည့်နောက်၌ ရှုမိသားစုနှင့် စုန့်မိသားစု၏ လူကြီးများမှာ နောက်ရက်အနည်းငယ်အတွင်း လှုပ်ရှားမှု သိပ်မရှိသည်နှင့်
ပေါင်းစပ်ကြည့်လိုက်သည့်အခါ စုန့်စစ်ယွီ နှင့် ရှုကျစ်၀မ်တို့ထံတွင် ပြဿနာတစ်ခုခု ဖြစ်ခဲ့ကြလိမ့်မည်ဟု လူတိုင်းက ထင်ကြေးပေးခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ထိုအချိန်တုန်းက သူတို့ကြား၌ ပြဿနာမဖြစ်ခဲ့လျှင်ပင် အဆင်မပြေခဲ့သည်ကတော့ သေချာလောက်ပေသည်။
ထို့ကြောင့် သူမ၏ အိမ်မှစာကိုရပြီးသည့်နောက်တွင် ကျောက်ရှီလဲ့သည် လင်းရန်အား ထိုသတင်းကိုပြောပြရန် ချက်ချင်းပင် ရောက်လာခဲ့ခြင်းဖြစ်သည်။
လင်းရန်အနေဖြင့် စုန့်စစ်ယွီတို့မိသားစု၏ အခြေအနေကို အချိန်တိုင်း ဂရုမစိုက်လိုသော်လည်း
ထိုမိသားစုတွက် ပြဿနာရှိသည်ကို
ကြားရခြင်းအတွက်တော့ စိတ်ကျေနပ်မိသည်ပင်။
သူမ၏ ဖခင်ဖြစ်သူ လင်းကျန်းအန်းက လွန်ခဲ့သည့် ရက်အနည်းခန့်က မြို့ဆေးရုံသို့ သွားခဲ့သည်။ မြို့ဆေးရုံက စုန့်မိသားစုနေထိုင်သည့် စက်မှုအိမ်ရာနှင့် သိပ်ပြီးမဝေးလှပေ။
သူမ၏ ဖခင်က စုန့်မိသားစုနှင့်
တွေ့ခဲ့သည်လောက်သည်လားဟုသည်ကိုတော့သူမ မသိချေ။
သို့သော် သူမ၏ ဖခင်နှင့် စုန့်ရှီးယန်တို့ ပြန်လာကြသည့်အခါ၌ တစ်ခွန်းမျှ မပြောခဲ့သည်ကို စဉ်းစားကြည့်လျှင် သူတို့ မြို့ကိုသွားစဥ်က စုန့်မိသားစုနှင့် တွေ့ခဲ့ခြင်းမရှိဟူ၍သာ သူမ ထင်မှတ်ခဲ့သည်။
ကျောက်ရှီလဲ့က စုန့်မိသားစု၏
နောက်ဆုံးရ အခြေအနေများကို လင်းရန်အား ပြောပြပြီးသည့်နောက်၌ စိတ်ကျေနပ်စွာဖြင့်
ထွက်သွားခဲ့လေသည်။
သို့သော် ကျောက်ရှီလဲ့ မထွက်သွားမီအချိန်၌ လင်းရန်က သူမအား နောင်အခါ၌ လင်းမိသားစုအကြောင်းကို မေးမြန်းလာသည့် ခြားသူများကို လျစ်လျူရှုထားနိုင်ကြောင်း
ပြောခဲ့သည်။
သို့သော် ချန်ကျားယန်သာ
သူမ သို့မဟုတ် သူမတို့လင်းမိသားစုနှင့် ပတ်သက်သည့် မေးခွန်းတစ်စုံတရာ မေးမြန်းလာပါက လုံးဝမဖြေရန်နှင့် လိုအပ်ပါက လိမ်ညာပြောကာ ချန်ကျားယန်အား ပထုတ်ရမည်ဖြစ်ကြောင်း ကျောက်ရှီလဲ့အား ပြောခဲ့လေသည်။