အခန်း (၁၅၃)
Vol. 16 Ch. 153
အိပ်မက်မှ နိုးထလာပြီးသည့်နောက်
ပြန်၍ အိပ်လိုက်သည့်အခါ ယခင်အိပ်မက်ကို ဆက်၍ မက်နိုင်သည်မှာ အလွန်အမင်း ထူးဆန်းနေလေပြီ။
ပို၍ အရေးကြီးသည်မှာ လက်တွေ့ဘဝမှ အသိတစ်ယောက်ကို အိပ်မက်ထဲ၌ မြင်ခဲ့ရခြင်းဖြစ်ပြီး ထိုသူမှာကားလင်းရန်သာ ဖြစ်သည်။
အိပ်မက်ထဲ၌ လင်းရန်က
စုန့်စစ်ယွီ၏ ညီမဖြစ်နေခဲ့သည်။
ထို့အပြင် သူသည်လည်း တပ်မဟာရှိ
အခြားလူများထံမှတဆင့် လင်းရန်တွင် အမှန်တကယ်ပင် အစ်မတစ်ယောက်ရှိကြောင်းကို
သိခဲ့ရသည်။ ထို့ပြင် လင်းရန်၏ ပထွေးဖြစ်သူ စုန့်ဝေ့ကို သူ မြင်ဖူးသည်။
စုန့်ဝေ့မှာ သူ၏ အိပ်မက်ထဲမှ စုန့်စစ်ယွီ၏ဖခင်ဖြစ်သူနှင့် ရုပ်ချင်းဆင်တူနေခဲ့သည်။
ဤသို့ဆိုလျှင် သူ မက်ခဲ့သည့် အိပ်မက်မှာ သာမန်အိပ်မက်မဟုတ်ဘဲ ကြိုတင်နိမိတ်ပြသည့် အိပ်မက်များဖြစ်နေလောက်သည်လား။
အဘယ်ကြောင့်ဆိုသော် အိပ်မက်ထဲမှ ကိစ္စအတော်များများသည်က လက်တွေ့ဘဝနှင့် ထပ်တူကျနေကာ
လက်တွေ့ဘဝ၌ သူ မသိသေးသည့်
ကိစ္စအချို့ကိုပင် သိခဲ့ရသည်။
ထိုအရာများထဲမှ တစ်ခုကိုသာ အပြင်၌ အတည်ပြုနိုင်ခဲ့ပါက သူ မက်ခဲ့သည့် အိပ်မက်က ကြိုတင်နိမိတ်ပြသည့် အိပ်မက်ဖြစ်ကြောင်းကို သက်သေပြနိုင်ပေလိမ့်မည်။
သို့သော် သူက အဘယ်ကြောင့်
ဂိုဘီသို့ မရောက်ဘဲ ဤနေရာသို့ ရောက်လာသည်ကို မသိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဤအိပ်မက်က သူ့အား လွန်စွာ စိတ်လှုပ်ရှားသွားစေခဲ့သည်။ အိပ်မက်ထဲမှ အရာအားလုံးသာ အမှန်တကယ်ဆိုပါက သူ့အနေဖြင့် အဘယ်ကြောင့် လင်းရန်ကို လက်ထပ်ရမည်နည်း။
စုန့်စစ်ယွီ၏ အနာဂတ်အောင်မြင်မှုများနှင့် အလားအလာများမှာ လင်းရန်ထက် များစွာ ပို၍ ကောင်းသည်မဟုတ်ပါလား။
လင်းရန်သည်က ငယ်ငယ်ရွယ်ရွယ်ဖြင့် အဆုံးသတ်သွားမည်ဖြစ်ကာ
စုန့်စစ်ယွီကတော့ နောင်အခါ၌ အလွန်ပင် ချမ်းသာကြွယ်ဝလာပေလိမ့်မည်။
သူသာ စုန့်စစ်ယွီနှင့် လက်တွဲလိုက်ပါက အဆုံးမရှိသည့် နေ့ရက်ကောင်းများစွာကို ပိုင်ဆိုင်ရပေလိမ့်မည်။
ထိုအကြောင်းကို စဥ်းစားမိသည့်အခါ၌ ချန်ကျားယန်မှာ အခြားမည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် မနက်မိုးလင်းရန်သာ စောင့်နေတော့သည်။
ဤတစ်ကြိမ်တွင်မူ မည်သို့ပင်ဖြစ်စေ လင်းရန်ထံသို့ သွားကာ စုန့်စစ်ယွီဟု ခေါ်သည့် အစ်မတစ်ယောက် ရှိ၊မရှိ ဆိုသည်ကို မေးရပေလိမ့်မည်။
*
ဤနေ့သည်ကား လင်းရန်နှင့်သူမ၏ ဒေါ်လေး လင်းကျန်းဖူတို့နှစ်ဦး ခရိုင်သို့သွားရမည့် နေ့ဖြစ်ပေသည်။
သူတို့နှစ်ယောက် မနက်စောစောကတည်းက ပစ္စည်းများကို
ထုပ်ပိုးထားကာ ထွက်ခွာရန်
အသင့်ပြင်ဆင်ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်က ချန်ဝမ်မှ လင်းရန်အား ခရိုင်သို့သွားပြီး ခေါင်းဆောင်များအတွက် ချက်ပြုတ်ရမည့်အချိန်ကို အကြောင်းကြားခဲ့သည်။
လင်းရန်သည်လည်း အချိန်ကို သိပြီးသည့်နောက်၌ သူမ၏ စတုတ္ထဒေါ်လေးနှင့်အတူ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဒေါ်လေးဖြစ်သူအတွက် ရိုးရှင်းသည့်ဟင်းပွဲအချို့ကို ကြိုတင်ချက်ပြုတ်တတ်ရန် လေ့ကျင့်မှုအချို့ကိုလည်း လုပ်ပေးခဲ့သည်။
နောက်ဆုံး၌ သူမ ပြင်ဆင်ထားသည့် ပါဝင်ပစ္စည်းအချို့နှင့် ချက်ပြုတ်ရန်အတွက် အဆင်ပြေပြေသုံးစွဲနိုင်သောကိရိယာများကို ယူဆောင်သွားခဲ့သည်။
လင်းရန်မှ သူမ၏ဒေါ်လေးအား ခရိုင်၌ အလုပ်လုပ်ရန် ခေါ်သွားမည့်အကြောင်းကို အဘွားလင်း သိလိုက်ရချိန်တွင် သူမသည်လည်း အလွန် စိတ်သက်သာရာရသွားခဲ့သည်။
အဘွားလင်းသည်ကား သူမ၏သမီးဖြစ်သူထံတွင့ ဖြစ်ပျက်သွားခဲ့သော
အဖြစ်အပျက်များအတွက် အလွန် စိတ်မကောင်းဖြစ်မိသော်လည်း
သူမသည်ကား ငယ်ရွယ်သည့်အချိန်မှစ၍ တစ်သက်တာလုံး လယ်ယာလုပ်ငန်းသာ လုပ်ကိုင်ခဲ့ဖူးသည်။ ထို့ အတွက် လယ်ယာလုပ်ငန်းမှလွဲလျှင်
သမီးဖြစ်သူ၏ လက်ရှိပြဿနာကို မည်သို့ ကူညီရမည်ကို အမှန်တကယ်ပင် မသိခဲ့ပေ။
ကံကောင်းစွာဖြင့် ယခုအချိန်တွင် သူမ၏သမီးဖြစ်သူအတွက် အဖြေရှာပေးရာတွင် ကူညီပေးမည့်
လိမ္မာသိတတ်သောမြေးမလေးတစ်ယောက် ရှိနေလေပြီ။
အဘွားလင်းအနေဖြင့် သူမ၏ သားသမီးများ အချင်းချင်း ရိုင်းပင်းကူညီကြပြီး ချစ်ခင်စွာနေကြသည်ကို မြင်သည့်အခါ မည်သို့ပင် စိတ်ကျေနပ်မှုမရှိဘဲ နေနိုင်ပါမည်နည်း။
တတိယချွေးမဖြစ်သူ၏
လောဘအရောင်တောက်နေသည့် မျက်လုံးများကိုမူ အဘွားလင်း မမြင်ချင်ယောင်ဆောင်နေလိုက်သည်။
လင်းရန်၏ အလုပ်၌ တစ်ဦးသာ လိုအပ်သည့်အတွက် အဘွားလင်းက သူမ၏ သမီးဖြစ်သူအတွက် ပို၍ လိုချင်ပေသည်။
ထို့အပြင် တတိယချွေးမမှာ
တပ်မဟာ၌ အလုပ်ကောင်းတစ်ခု ရထားသည့်အတွက် ယခုအချိန်တွင် အလုပ်အခွင့်အရေးအတွက် ပြဿနာဖြစ်ရန် မလိုအပ်ပေ။
နောင်အခါ၌ အခြားအခွင့်အရေးများ ရှိလာမည်ဆိုလျှင် သူမအနေဖြင့် သူတို့အား သေချာပေါက် တားဆီးလိမ့်မည် မဟုတ်ပါချေ။
“အဘွား၊ ကျွန်မတို့ အရင်သွားနှင့်တော့မယ်နော်၊ အိမ်မှာ အဘွား တစ်ယောက်တည်း နားနားနေနေ
နေခဲ့ပါဦး”
သူမ၏ ဖခင်နှင့် အခြားသူများမှာ
ယမန်နေ့က ညသန်းခေါင်ယံတွင်
ပြန်ရောက်လာခဲ့ကြသည်။
သူတို့က တောင်ပေါ်၌
ရက်အနည်းငယ်ကြာအောင်
အလုပ်များနေခဲ့ကြရသည့်အတွက် ယနေ့ မနက်တွင် နောက်ကျသည်အထိ အနားယူနေခဲ့ကြလေ၏။
ထို့အပြင် လင်းမိသားစုမှ
ကျန်သည့်သူများမှာလည်း
မနက်အစောကြီးကတည်းက အလုပ်သွားကြပေပြီ။ ထို့ကြောင့် နေ့ဘက်တွင် အိမ်၌ သတိရှိနေသည့် တစ်ဦးတည်းသောသူမှာ အဘွားလင်းသာ ရှိနေပေသည်။
ထို့ကြောင့် လင်းရန် အနည်းငယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် အဘွားလင်း၏ ခန္ဓာကိုယ်မှာ ကျန်းမာနေဆဲ ဖြစ်သည့်အတွက် မည်သည့်အရာမှ ဖြစ်စရာအကြောင်းမရှိပေ။
“ငါ့အတွက် စိတ်မပူကြနဲ့၊ မင်းတို့နှစ်ယောက်သာ လမ်းမှာ သတိထားကြပါ၊ မသိတဲ့သူတွေနဲ့ တွေ့ရင် ပိုဂရုစိုက်ကြဦး၊ နောက်ပြီး အတတ်နိုင်ဆုံး မသိတဲ့သူတွေဆီကနေ လမ်းမမေးမိအောင် သတိထားရမယ်”
သူမ၏ သမီးနှင့်မြေးဖြစ်သူ နှစ်ဦးလုံးမှာ ရုပ်ရည် ချောမော လှပကြသည်။
အထူးသဖြင့် သူမ၏ မြေးမလေး လင်းရန်မှာ ပို၍ ချောမောလှပပေသည်။
ထို့ကြောင့် သူမတို့ အပြင်ကို ထွက်သည့်အချိန် မကောင်းကြံချင်သည့် တစ်စုံတစ်ဦးက မြင်သွားလျှင် ပြဿနာဖြစ်စေမည်ကို စိုးရိမ်ရသည်။
“ကောင်းပါပြီ၊ ကျွန်မလည်း အတူသွားမှာပဲလေ? အမ စိတ်ချပါ အမေရဲ့”
လင်းကျန်းဖူသည်ကား ဤအိမ်၌
အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီဖြစ်သည့်အတွက် အဘွားလင်းမှ မြေးမလေးဖြစ်သူ လင်းရန်အား မည်မျှတန်ဖိုးထားသည်ကို နားလည်နေခဲ့ပြီးဖြစ်ပေသည်။
သို့သော်လည်း လင်းရန်သည်က မြို့အနှံ့ လျှောက်သွားဖူးသည့်သူ ဖြစ်သည့်အတွက် ယခုကဲ့သို့ ခရိုင်မြို့လေးသို့ သွားသည့်ခရီးတွင် စိုးရိမ်နေရန်
မလိုအပ်ပေ။
အဘွားလင်းမှ လင်းရန်အား အလွန် စိုးရိမ်ပြီး ဂရုစိုက်နေသည့်အတွက်ကြောင့်သာ ဤကဲ့သို့ပြောဆိုနေခြင်း ဖြစ်သည်။
လင်းရန်နှင့် လင်းကျန်းဖူတို့
နောက်ဆုံး၌ လင်းမိသားစုအိမ်မှ ထွက်ခွာခဲ့ကြသည်။
သူတို့နှစ်ဦး အိမ်ထဲမှ ထွက်လာပြီးသည့်နောက်တွင် တခြားတစ့ဖက်မှ စူးစမ်းချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ဘဲ အမှန်တရားကို ရှာဖွေရန်ရောက်လာသည့် ချန်ကျားယန်နှင့် လမ်း၌ ဆုံတွေ့မိကြသည်။
မူလက စိတ်ကြည်လင်နေသည့် လင်းရန်မှာ ချန်ကျားယန်အား မြင်သည့်အခါ၌ သက်ပြင်းကိုသာ ချချင်စိတ် ဖြစ်သွားခဲ့ရသည်။
“ရဲဘော်လင်း!”
လင်းရန်မှ သူ့အား မမြင်ချင်သည်ကိုပင် ချန်ကျားယန် အလေးအနက်မထားတော့ပေ။
မည်သို့ပင်ဖြစ်စေ သူသည်က
လင်းရန်အား သူ၏ ပစ်မှတ်ပန်းတိုင်အဖြစ် မသတ်မှတ်တော့သည့်အတွက် သူ၏ စိတ်ခံစားချက်မှာလည်း လုံးဝပင် ကွဲပြားသွားခဲ့သည်။
“ရဲဘော်လင်း၊ ကျေးဇူးပြုပြီး ခဏရပ်ပေးပါလား၊ ကျွန်တော် ခင်ဗျားကို တစ်ခုမေးစရာရှိလို့ပါ၊ နှစ်မိနစ်လောက်ပါပဲ”
ချန်ကျားယန်မှ ထိုသို့ပြောရင်းဖြင့်
လင်းရန်ထံသို့ ရောက်လာကာ
လင်းရန်နှင့်လင်းကျန်းဖူတို့၏ လမ်းကို ကာဆီးလိုက်သည်။
သူ မေးလိုသည်ကို မမေးရလျှင်
သူမတို့အား ထွက်ခွာခွင့်ပေးမည်မဟုတ်သည်ကို မြင်သည့်အတွက် လင်းရန်တစ်ယောက် ချန်ကျားယန်အား မျက်နှာသေဖြင့် ကြည့်ကာ ပြောလိုက်လေသည်။
“ဒီက ချန်ကျစ်ချင်း၊ ရှင် အလျင်လိုနေသလို ကျွန်မလည်း အလျင်လိုနေတယ်၊ ကျွန်မမှာ အရေးကြီးကိစ္စတွေ လုပ်စရာရှိတယ် ၊ ဒါကြောင့် ရှင် အရင်ဆုံး ဖယ်ပေးလို့ ရမလား?”
ချန်ကျားယန်မှာ လင်းရန်ဘက်မှ ထိုမျှလောက် မယဥ်ကျေးစွာ ပြောနေသည်ကို မြင်သည့်အခါ၌
သူ၏ အပြုံးကလည်း ရပ်တန့်သွားခဲ့သည်။
သို့သော် သူသည်က မျက်နှာပြောင်တိုက်ကာ လင်းရန်ကို ဆက်မေးလိုက်ပေသည်။
“ကျွန်တော် တစ်ခုပဲ မေးချင်လို့ပါ ၊ ရဲဘော်လင်း၊ ရဲဘော်လင်းမှာ စုန့်စစ်ယွီလို့ ခေါ်တဲ့ အစ်မတစ်ယောက် ရှိလား?”
လင်းရန် တုန်လှုပ်သွားခဲ့သည်။
ချန်ကျားယန်သဘက်မှ ထိုမေးခွန်းကို မေးလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“ရှင် ဘယ်လိုသိတာလဲ?”
တကယ်ကြီးလား။
ချန်ကျားယန်တစ်ယောက် စိတ်လှုပ်ရှား တုန်လှုပ်သွားခဲ့ပြီး
ထိုနေရာ၌ ကြက်သေ သေသွားကာ
အသိပြန်ဝင်လာရန် စက္ကန့်အတော်ကြာခဲ့သည်။
သူအသိပြန်၀င်လာသည့်အခါ၌
သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုများက
ဝုန်းခနဲ တောက်လောင်ကာ ပေါ်ထွက်လာခဲ့သည်။
ဒါဆို သူ မက်ခဲ့တဲ့ အိပ်မက်က တကယ့်အစ်အမှန်တွေပဲလား?
သူက အမှန်တကယ်ကို ကြိုတင်နိမိတ်ပြတဲ့အိပ်မက်ကို မက်ခဲ့တာပဲ!
“ချန်ကျစ်ချင်း”
လင်းရန်အနေဖြင့် ချန်ကျားယန်မှာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရသည်။
ယခုအချိန်တွင် ချန်ကျားယန်က
အချို့သောအချက်အလက်များကို အတည်ပြုပြီးဖြစ်သည့်အတွက် လင်းရန်အား ကြည့်လိုက်သည့်အခိုက်တွင် သူ့အနေဖြင့် လင်းရန်ကို မကြိုက်တော့ဟု ပြောနိုင်ပေသည်။
လင်းရန်သည်က စုန့်စစ်ယွီထက်
ပိုလှသည်မှလွဲ၍ အခြားမည်သည့်အရာတွင်မှ စုန့်စစ်ယွီနှင့် မနှိုင်းယှဥ်နိုင်ပေ။
ထို့ကြောင့် လင်းရန်အပေါ် သူ၏သဘောထားမှာ
ယခင်ကလောက် နှိမ့်ချခြင်းမျိုး မရှိတော့ပေ။ ထို့အစား မသိစိတ်မှတဆင့် လင်းရန်အပေါ် အထင်အမြင်သေးမှုအချို့ပင် ရှိလာခဲ့သည်။
“ဘာဖြစ်တာလဲ၊ ရဲဘော်ရှောင်လင်း”
လင်းရန် မျက်မှောင်ကြုတ်မိသည်။
သူမကသာ သူ့အား ထိုမေးခွန်းကို မေးသင့်သည်မဟုတ်ပါလား။
ချန်ကျားယန်က ပုံမှန်အတိုင်းရှိနေရာမှ ရုတ်တရက် သူမတွင် စုန့်စစ်ယွီ ဟူသည့် အစ်မရှိ၊မရှိမေးလာခဲ့သည်။
သူက စုန့်စစ်ယွီကို သိနေတာများလား။
လင်းရန် စိတ်ထဲမှ တွေးနေရင်းဖြင့် ချန်ကျားယန်အား မေးလိုက်လေသည်။
ချန်ကျားယန်က လင်းရန်အား ပြန်၍ ဖြေလာခဲ့သည်။
“ကျွန်တော် သူမကို မသိပါဘူး၊
အဲဒီနေ့တုန်းက လင်းကျစ်ချင်းတို့ရဲ့အိမ်ရှေ့မှာ အဲဒီနာမည်ကို ကြားမိခဲ့တယ်လေ၊ အဲဒီတုန်းက နည်းနည်းလောက် ရင်းနှီးသလို ဖြစ်နေတာကို ရုတ်တရက် ပြန်သတိရမိသွားလို့ပါ၊ အဲဒီနာမည်က အရင်က သိခဲ့တဲ့သူတစ်ယောက်နဲ့ ဆင်တူနေလို့လေ၊ ဒါကြောင့် ကျွန်တော် မေးမိတာပါ”
ထိုရှင်းပြချက်သည်က အဓိပ္ပာယ်ရှိသော်လည်း လင်းရန်မှာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲပင် ဖြစ်ပေသည်။
သို့သော်လည်း ဤအချိန်တွင် သူမ အနေဖြင့် ချန်ကျားယန်နှင့် အချိန်ဖြုန်းနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် ချန်ကျားယန်အား
အေးဆေးတည်ငြိမ်သော အကြည့်တစ်ချက်ဖြင့်တစ်ချက်ကြည့်ကာ လင်းကျန်းဖူနှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူမ ထွက်သွားသည့်နောက်တွင်
ချန်ကျားယန်လည်း အလျင်အမြန် ထွက်သွားခဲ့သည်။
ပညာတတ်လူငယ်စခန်းသို့ အပြန်လမ်းတွင် လူတစ်ဦးမှ မရှိနေသည်ကို တွေ့သောအခါတွင် သူ၏စိတ်ထဲမှ ပျော်ရွှင်မှုနှင့် ဝမ်းသာကြည်နူးမှုကို ထိန်းမထားနိုင်တော့ဘဲ ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ်ရယ်မောလိုက်တော့သည်။
ဘုရားသခင်က သူ့ကို တကယ်ကြီး ကူညီပေးနေတာပဲ။
*