အခန်း (၁၅၄)
Vol. 16 Ch. 154
ချမ်ကျားယန်အနေဖြင့် မူလတုန်းက သူ့ဘဝ၏ အကောင်းဆုံး အခြေအနေတွင်လင်းရန်အား လက်ထပ်ကာ လင်းမိသားစု၏ အကူအညီဖြင့် တည်ငြိမ်သည့်ဘဝကို နေထိုင်မည်ဟု တွေးထားခဲ့သည်။
အနည်းဆုံး ယခုကဲ့သို့ ပင်ပန်းသည့် လယ်ယာအလုပ်များကို ဆက်၍ လုပ်ရန် မလိုအပ်တော့ပေ။
သို့သော် မမျှော်လင့်ဘဲ ဘုရားသခင်က သူ့အား ဤကဲ့သို့သော
လက်ဆောင်ကြီးတစ်ခု ပို့ပေးကာ
စုန့်စစ်ယွီအကြောင်းကို သိစေခဲ့သည်။
စုန့်စစ်ယွီသည်က တောက်ပသည့်
အနာဂတ်ရှိရုံသာမက အရေးအကြီးဆုံးမှာ စုန်စစ်ယွီမှ သူ့အား အလွန်အမင်း သဘောကျနှစ်သက်နေခြင်းပင်ဖြစ်သည်။
အိပ်မက်ထဲတွင် သူတို့ ကွာရှင်းခဲ့သော်လည်း ဤသည်မှာ ကလေးပျက်ကျသွားသည့်အတွက်ကြောင့်သာ မဟုတ်ပါလား။
ထိုအရာများသည်က အိပ်မက်ထဲတွင်သာ ဖြစ်ခဲ့ခြင်းဖြစ်သောကြောင့် အပြင်လောကတွင် မဖြစ်လာစေရန်အတွက် ဂရုတစိုက်ရှောင်ရှားကာ
စုန့်စစ်ယွီအား ပိုမိုကောင်းမွန်စွာ
ဆက်ဆံနိုင်ပါက သူမက သူ့ကို
ပထမတစ်ကြိအ် ချစ်ဖူးသည့်အတွက်ကြောင့် ဒုတိယအကြိမ်၌လည်း သေချာပေါက် ပြန်၍ ချစ်လာလိမ့်မည်။
ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့်
ပစ်မှတ်ပြောင်းကာ စုန့်စစ်ယွီနှင့်ရင်းနှီးအောင် နည်းလမ်းရှာရပေတော့မည်။
သို့သော်လည်း ယခုအချိန်၌ သူနှင့် စုန့်စစ်ယွီတို့၏ကြားတွင် ဆက်နွယ်မှုများ သိပ်မရှိသေးပေ။
ထို့ကြောင့် သူ့အနေဖြင့် လင်းရန်ကိုသာ မှီခိုအားကိုးရဦးမည် ဖြစ်သည်။
ချန်ကျားယန်တစ်ယောက် သူ့ထံ၌
ငွေအချို့ ကျန်ရှိသေးသည်ကို တွေးလိုက်ကာ ထိုငွေများကို သုံးရန် ဆုံးဖြတ်လိုက်သည်။
ကလေးကို မစတေးနိုင်ပါက ဝံပုလွေအား ထောင်ချောက်ဆင်၍ မရနိုင်ပေ။
စုန့်စစ်ယွီအား အောင်မြင်စွာ ချဉ်းကပ်နိုင်ပါက သူ သုံးလိုက်သည့် ငွေအနည်းငယ်အတွက် နောင်တရနေရန် မလိုတော့ပေ။
လင်းရန်နှင့် လင်းကျန်းဖူတို့ဘက်တွင်တော့ အတော်အတန် လမ်းလျှောက်ပြီးသည့်နောက်၌ လင်းကျန်းဖူက လင်းရန်ထံတွင် ချန်ကျားယန်၏အကြောင်းကို မေးမြန်းခဲ့သည်။
ရှင်းလင်းစွာ ပြောရလျှင် သူမက လင်းရန်နှင့်ချန်ကျားယန်ကြားတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့၍ ချန်းကျားယန်အား ဤမျှလောက် မုန်းတီးနေရသနည်းဟူသည်ကို မေးခဲ့ခြင်းဖြစ်သည်။
လင်းရန်သည် ပြန်လည် ရှင်းပြလိုက်သည်။
“သူ့မှာ မကောင်းတဲ့စိတ်တွေ ရှိတယ်၊ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့လူတော့ မဟုတ်ဘူး “
ကျန်သည့်ကိစ္စများမှာ ပြောရခက်သည်။
သို့သော် ထိုစကားတစ်ခွန်းတည်းနှင့်ပင် လင်းကျန်းဖူ နားလည်သွားပေပြီ။
သူမလည်း ယခုအချိန်မှစ၍ ချန်ကျားယန်နှင့် ဝေးဝေးရန်ဆုံးဖြတ်လိုက်သည်။
မကြာမီမှာပင် သူတို့တူဝရီးနှစ်ယောက်က မြို့ထဲသို့ ရောက်လာခဲ့ကာ ချန်ဝမ်နှင့် ချန်ဝမ်၏ အကိုကြီး(ယောက်ဖ)ဖြစ်သူ လီကျင်ခမ်း တို့နှင့်အတူ ခရိုင်သို့ စတင်ထွက်ခွာခဲ့ကြသည်။
ချန်ဝမ်၏ အကိုကြီး လီကျင်းခမ်းမှာ လင်းရန်အား အဘိုးလီ၏ မွေးနေ့ပွဲကျင်းပစဥ်က တွေ့ဖူးပြီးသားဖြစ်သည့်အတွက် သိပ်ပြီး မစိမ်းသက်နေခဲ့ပေ။
လင်းကျန်းဖူအတွက်ဆိုလည်း သူမကို စျေးကွက်ရှာဖွေရေးနှင့် သမဝါယမ၌ မကြာခဏတွေ့ဖူးသည့်
ပို၍ပင် သိနေသေးသည်။
သို့သော် ထိုအချိန်တုန်းက လင်းကျန်းဖူမှာ လော်ရှင်းဝမ်၏ ချွေးမဖြစ်ကြောင်းကို သူ မသိခဲ့ပေ။
ယခု လူချင်းတွေ့သည့်အချိန်မှသာ
ထိုအချိန်တုန်းက လင်းကျန်းဖူနှင့် ခဏတာ တွေ့ဆုံမှုများကို ပြန်၍ အမှတ်ရမိသည်။
သူ မှတ်မိသလောက်ဆိုလျှင် ဤအမျိုးသမီးသည်က ဆက်ဆံရေးကောင်းမွန်သည့် သူတစ်ဦးပင်ဖြစ်သည်။ တစ်ခါက သူ ကုန်တိုက်၌
ပစ္စည်းမေ့ကျန်ခဲ့သည့်အချိန်တွင်
သူမက လိုက်ပို့ပေးခဲ့ဖူးသည်။
ဤသို့ဆိုလျှင် လော်ရှင်းဝမ်သည်က သူမ အကြောင်းကို သူတို့အား မည်မျှလောက်အထိပင် လိမ်လည်လှည့်ဖြားကာ ပြောဆိုထားခဲ့သနည်း။
လင်းကျန်းဖူသည်လည်း လီကျင်းခမ်းကို မှတ်မိသည်။ နှစ်ယောက်သား တွေ့ကြသည့်အခါ ခဏတာမျှ နှုတ်ဆက်စကားများ ပြောပြီးသည့်နောက် ခရိုင်သို့သွားသည့် ဘတ်စ်ကားပေါ်သို့ အတူတက်ခဲ့ကြသည်။
ကားပေါ်၌ လီကျင်းခမ်းမှ လင်းရန်အား သူ၏ခေါင်းဆောင် ကြိုက်နှစ်သက်မှုများနှင့်အခြားအရာများအကြောင်းကို ပြောပြခဲ့သည်။
လီကျင်းခမ်းသည်က ယခုနှစ်တွင်
အသက် လေးဆယ်ရှိပြီ ဖြစ်သည်။
သူ၏ခေါင်းဆောင်ဖြစ်သူမှာကား
အသက်ခြောက်ဆယ်နီးပါးရှိပြီဖြစ်ပြီး အငြိမ်းစားယူတော့မည်ဖြစ်သည်။
သူ၏ အလုပ်သက်တမ်းတစ်လျှောက်လုံး၌
ခေါင်းဆောင်ဖြစ်သူမှာ နာမည်ကောင်းရှိပြီး အလွန်ရိုးသားခဲ့ကာ လေးစားချစ်ခင်ထိုက်သည့် ရဲဘော်ဟောင်းတစ်ယောက်ပင်ဖြစ်သည်။
ထို့ကြောင့် ဤတစ်ကြိမ် ကျင်းပသည့် ပွဲက သူ၏မူရင်းရည်ရွယ်ချက်မှာ မွေးနေ့ပွဲ၌စားသောက်ပျော်ပါးရန် မဟုတ်ပေ။
သို့သော် ယုံကြည်အားကိုးရသည့် ရဲဘော်အချို့နှင့် တပည့်များ၏ တောင်းဆိုချက်ကြောင့် လုပ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
လူတိုင်းက ခေါင်းဆောင်အငြိမ်းစား မယူမီတွင် ပွဲကို သေချာစွာ ကျင်းပပေးလိုခဲ့ကြသည်။ တိုက်ဆိုင်စွာဖြင့် ခေါင်းဆောင်၏ အသက်ခြောက်ဆယ်ပြည့် မွေးနေ့လည်း ရောက်ပေတော့မည်။
ထို့အပြင် အငြိမ်းစားလည်း ယူတော့မည် ဖြစ်၍ လူတိုင်းက ထိုနှစ်ခုကို တစ်ပြိုင်တည်းလုပ်ချင်ခဲ့ကြသည်။
ထို့ကြောင့် ညစာစားပွဲမှာ ပို၍ အရေးကြီးပေသည်။
“ဒီနေ့ ကျွန်တော်တို့အပြင် တခြားစားဖိုမှူးတွေလည်း ရှိနေလောက်တယ်၊ ဒါကြောင့် စားဖိုမှူး လင်းရန်၊
အဲဒီအတွက် စိတ်မရှိပါနဲ့နော်”
လင်းရန် ခေါင်းညိတ်လိုက်သည်။
သူမ နားလည်ပေသည်။
ခရိုင်ဝန်ကဲ့သို့ ခေါင်းဆောင်ကြီးတစ်ယောက်အတွက် ချက်ပြုတ်ပေးရန်
အခွင့်အရေးကို မည်သူမှ လက်လွတ်ခံကြမည် မဟုတ်ပေ။
ချန်ဝမ်နှင့်လီကျင်းခမ်းတို့က သူမအား ပြိုင်ဆိုင်ခိုင်းခြင်းမလုပ်ဘဲ စားဖိုမှူးအဖြစ် ခန့်အပ်လိုက်လျှင်သာ သူမ အံ့သြမိပေမည်။
ထို့ကြောင့် ပြိုင်ဆိုင်မှုရှိသည်မှာ ပို၍
ဆီလျော်ပေသည်။
ထို့အပြင် ဤသည်မှာ သူမအား ပို၍ အရည်အချင်းရှိကြောင်း ပြသရာ ရောက်သည့်အပြင် ငွေကြေးအားဖြင့်လည်း တန်ဖိုးရှိစေသည်။
နောက်ဆုံး၌ သူတို့လေးဦးသည် မြို့မှ ခရိုင်သို့ ရောက်လာခဲ့ကြသည်။ ဤသည်က လင်းရန်အနေဖြင့် ခရိုင်သို့ ဒုတိယအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။
သူမ ရင်းနှီးနေသည့် ဘူတာရုံနှင့် ဘူတာရုံဘေးမှ ဧည့်ရိပ်သာကို ကြည့်ရင်း သူမ၏ ဖခင်လင်းနှင့်ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် မြင်ကွင်းကို ပြန်လည်သတိရမိသည်။
အချိန်ကို သေချာတွက်ကြည့်လျှင်
တစ်လမျှသာ ရှိသေးသော်လည်း
အချိန်များစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားနေခဲ့ရပေသည်။
ယခင်ကစုန့်မိသားစု၌ ဖြတ်သန်းခဲ့သည့် နေ့ရက်များမှာလည်း အခြားမှတ်ဉာဏ်တစ်ခုကဲ့သို့ ဖြစ်သွားလေပြီ။
“ဧည့်ရိပ်သာနဲ့ မလှမ်းမကမ်းမှာ ခရိုင်ရုံးအဆောက်အအုံ ရှိတယ်၊ ခေါင်းဆောင်ရဲ့ အိမ်က အဲဒီအနောက်က မိသားစုဝင်းထဲမှာလေ”
သူတို့ ကားပေါ်မှ ဆင်းပြီးသည့်အခါ
အနီးဆုံး ဟင်းသီးဟင်းရွက်ဈေးသို့ သွားကာ ချက်ပြုတ်စရာဟင်းသီးဟင်းရွက်များ ဝယ်ခဲ့ကြသည်။
ထို့နောက် ခေါင်းဆောင်ဟောင်း၏ နေအိမ်သို့ လမ်းလျှောက်သွားခဲ့ကြသည်။
ထိုသို့ လမ်းလျှောက်နေစဉ်တွင် လီကျင်းခမ်းက ပတ်ဝန်းကျင် အခြေအနေကို လင်းရန်နှင့်
လင်းကျန်းဖူတို့ကို မိတ်ဆက်ပေးခဲ့ပြန်သည်။
ခရိုင်မြို့သည်ကား မြို့ကြီးနှင့် နှိုင်းယှဉ်၍ မရသော်လည်း မြို့ငယ်လေးထက် များစွာ ပို၍ ကောင်းသည်။
ဤခရိုင်ထဲ၌ သူတို့မြို့ကဲ့သို့ မြို့ငယ်လေးများ များစွာရှိသည့်အတွက် ခရိုင်မြို့သည်က ပို၍ ကြီးမားသည့် စုဝေးရာနေရာတစ်ခုဟု
ပြော၍ ရပေသည်။
လမ်းမပေါ်၌ ဆိုင်များစွာ ရှိကာ နှစ်ထပ်၊ သုံးထပ် အဆောက်အအုံများလည်း ရှိသည်။
အဆောက်အအုံများနှင့် စက်ရုံအများအပြားလည်း ရှိပြီး လူသွားလူလာလည်း အတော်များသည့်အတွက်ကြောင့် အတော်ပင်
စည်ကားလှပေသည်။
လင်းရန်သည်က မူလက ခရိုင်ပါတီကော်မတီ၏ မိသားစုဝင်းလေးကို လမ်းလျှောက်သွားရန် စဉ်းစားနေခဲ့သည်။ သို့သော် လမ်းလျှောက်နေရင်း ဘေးနားမှ ဒေါ်လေး စိတ်မကြည်လင်သကဲ့သို့ ဖြစ်နေသည်ကို ရုတ်တရက် သတိထားမိသွားပြီးစိတ်ပူသွားခဲ့သည်။
သူမ လင်းကျန်းဖူ၏ အနားကို ပို၍ ကပ်သွားကာ တိုးတိုးလေး မေးလိုက်သည်။
“ဒေါ်လေး၊ ဘာဖြစ်လို့လဲ၊နေမကောင်းလို့လားဟင်”
လင်းကျန်းဖူ ဤသည်ကိုကြားသည့်အခါ အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး”
သူမ ထိုသို့ ပြောလိုက်သော်လည်း သူမ၏မျက်နှာမှာ အနည်းငယ် ပုံပျက်နေဆဲပင် ဖြစ်သည်။
လင်းရန် မည်သို့ ယုံနိုင်ပါမည်နည်း။
ထို့ကြောင့် ဒေါ်လေးဖြစ်သူအား စိတ်ပူစွာ ဆက်၍ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဤသည်ကိုမြင်သည့်အခါ လင်းကျန်းဖူလည်း ပြုံးပြကာ လင်းရန်အား ပြောလိုက်သည်။
“လော်ပင်းကို သတိရမိလို့ပါ၊ သူ့အလုပ်နေရာကလည်း ဒီနားလေးမှာပဲ”
သူမက လော်ပင်းအပေါ်၌ မည်သည့်ခံစားချက်မှ မရှိတော့သော်ငြားလည်း သူတို့ ကွာရှင်းထားသည်မှာ မကြာသေးသည့်အတွက် ယခုအချိန်၌ တွေ့မိပါက အနည်းငယ် အနေခက်ပေလိမ့်မည်။
အရေးအကြီးဆုံးမှာ လော်ပင်းကိစ္စကြောင့် လင်းရန်၏ အလုပ်ကိစ္စ နှောင့်နှေးသွားမည်ကို သူမ စိုးရိမ်မိသည်။
လင်းရန်လည်း လော်ပင်းအကြောင်းကို ကြားလိုက်သည်နှင့် နားလည်သွားခဲ့ရသည်။
“ခရိုင်က တော်တော်ကြီးတယ်၊ ပြီးတော့ သူက အခုချိန်လောက်ကို အလုပ်မှာ ရှိနေလောက်တယ်၊ ဒီတော့ ဒေါ်လေး သူ့ကို မတွေ့ရလောက်ပါဘူး၊ တွေ့ခဲ့ရင်တောင်မှ သူ့ကို လျစ်လျူရှူပြီး ကိုယ့်လမ်းကိုယ်ပဲ သွားကြတာပေါ့ “
လော်ပင်းသာ သူမတို့အား
ပြဿနာလာရှာဝံ့ပါက သူမသည်လည်း သူ့အား အေးအေးဆေးဆေး နေခွင့်ပေးမည် မဟုတ်ပေ။
လင်းရန်၏စကားကို ကြားပြီးသည့်နောက်၌ လင်းကျန်းဖူသည် များစွာ စိတ်သက်သာရာ ရသွားသည်။
ထို့ပြင် သူတို့ မိသားစုဝင်းကို လမ်းလျှောက်သွားသည့်အခါ၌လည်း ထူးဆန်းသည့်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရသည့်အတွက် လင်းကျန်းဖူမှာ လုံးဝပင် စိတ်အေးသွားသည်။
သူတို့အုပ်စု ဝင်းထဲသို့ ရောက်သည့်အခါ၌ မွန်းတည့်ချိန် နီးနေလေပြီ။
လီကျင်းခမ်းသည်က အလျင်အမြန် အရှိန်တင်ပြီး ခေါင်းဆောင်ဟောင်း၏ အိမ်သို့ အပြေးအလွှားသွားခဲ့သည်။
ယနေ့သည်ကား ပိတ်ရက်ဖြစ်သည့်အတွက် လူတိုင်း အလုပ်သွားကြမည်မဟုတ်ဘဲ ခေါင်းဆောင်ဟောင်း၏အိမ်၌ လူများစွာ
ရှိပေလိမ့်မည်။
ဤအချိန်၌ မီးဖိုကို သုံး၍ရဦးမည်လားဆိုသည်ကို သူ မသိပေ။ မည်သူမှ မသုံးစွဲလျှင် လင်းရန်အနေဖြင့် ဤနေ့လယ်စာကို ချက်၍ပြုတ်၍ ရပေသည်။
ခေါင်းဆောင်ဟောင်းနှင့်သူ၏မိသားစုကို
မြည်းစမ်းခွင့် ပေးနိုင်ခဲ့ပါက အကောင်းဆုံးပင် ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ လီကျင်းခမ်းမှ လင်းရန်အား ခေါ်သွားသည့်အခါ၌ အခန်းထဲတွင် လူအတော်များများ ရှိနေသည်ကို တွေ့လိုက်ရသည်။
ပထမတစ်ချက်ကြည့်လိုက်သည်နှင့် သူရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်များ ၊ ခေါင်းဆောင်ဟောင်း၏ ကလေးများအပြင် သူတို့ခေါ်လာသည့် စားဖိုမှူးများလည်း ရှိနေသည်
ကို တွေ့လိုက်ရသည်။
သူတို့သည်က ဤနေရာနှင့်
နေရာချင်းနီးသည့်အတွက် စော၍
ရောက်နေကြခြင်း ဖြစ်နိုင်သည်။
ဤကိစ္စတွင်မူ သူလည်း မည်သို့မှ ကူညီ၍ မရပေ။
အဘယ်ကြောင့်ဆိုသော် သူတို့မြို့သည်က ခရိုင်မြို့မှ အဝေးဆုံးမြို့ဖြစ်နေသည့်အတွက်ကြောင့်ပင် မဟုတ်ပါလား။
သို့သော် အရသာကောင်းမွန်သည့်အစားအစာအတွက် အချိန်နောက်ကျသည်ကို စိုးရိမ်နေရန်မလိုပေ။
သူသည်က လင်းရန်၏ အရည်အချင်းကို ယုံကြည်ထားသည်။
လင်းရန် ချက်ထားသည့် အစားအစာကို စားပြီးသွားပါက အခြားသူများလည်း လင်းရန်အပေါ် ယုံကြည်သွားလိမ့်မည်ဟု သူယုံကြည်သည်။
“လောင်လီ၊ ဘာလို့ ခုမှ ရောက်ခဲ့တာလဲ၊ ငါတို့က ဟင်းတွေတောင် ပြင်ဆင်ပြီးပြီ၊ စားဖို့ပဲ ကျန်တော့တယ်”
လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဤသည်ကို မြင်သည့်အခါ လီကျင်းခမ်းအား မနေနိုင်တော့ဘဲ စနောက်လိုက်သည်။
ထို့နောက် လီကျင်းခမ်း ခေါ်လာသည့်များကို မြင်သည့်အခါ ထိုလုပ်ဖော်ကိုင်ဖက်၏ အကြည့်က ချန်ဝမ်ထံသို့ ရောက်သွားသည်။
“ခင်ဗျား စားဖိုမှူးတစ်ယောက်ကိုပဲ ခေါ်လာရမှာလေ၊ ဘာလို့ အမျိုးသမီးနှစ်ယောက်ကိုပါ ခေါ်လာတာလဲ၊ လူနည်းနိုင်သမျှ နည်းရမယ်လို့ မပြောထားဘူးလား”
သေချာပေသည်။ ထိုလုပ်ဖော်ကိုင်ဖက်သည်ကား
ချန်ဝမ်ကို စားဖိုမှူးအဖြစ် ထင်မှတ်သွားခြင်းဖြစ်ပေလိမ့်မည်။
*