အခန်း (၁၅၆)
Vol. 16 Ch. 156
လက်ရှိစက်ရုံတွင် လော်ပင်း၏အလုပ်က အခြေအနေမကောင်းသည့်အပြင်
တက်လမ်းလည်း သိပ်မရှိပေ။
လော်ပင်းက ခရိုင်ကော်မတီသို့
ဝင်လိုသည်။ သူမ၏အဘွားမှာ
ခရိုင်ကော်မတီမှ ဖြစ်နေသည့်အတွက် လော်ပင်းကဲ့သို့ အရာရှိငယ်လေးတစ်ဦး ဝင်ရောက်နိုင်ရေးအတွက် ကူညီပေးရန်မှာ အသေးအဖွဲပင်ဖြစ်သည်။
သူမတို့၏မိသားစုနှင့် သူမ အဘွားဖြစ်သူ၏ ဆက်ဆံရေးကို ထည့်တွက်လျှင် သူမ၏အဘွားသည် ဤကဲ့သို့သော ကိစ္စအသေးအဖွဲကို သေချာပေါက် ငြင်းဆန်မည်
မဟုတ်ပေ။
မူလက တုန်လိလိအနေဖြင့် သူမ ထိုအကြောင်းကို ပြောလိုက်သည်နှင့် ဤကိစ္စ အဆင်ပြေပြီဟု ထင်ခဲ့သည်။
သို့သော် သူမသည်က မိမိကိုယ်ကို မထိန်းနိုင်ဘဲ အဘွားဖြစ်သူအား စိတ်ဆိုးမိစေလိမ့်မည်ဟု
မထင်မှတ်ထားခဲ့ပေ။
တုန်လိလိမှာ စဉ်းစားလေလေ၊ နောင်တရလေလေ၊ စိုးရိမ်လေလေ ဖြစ်လာခဲ့သည်။
ဤအသေးအမွှား ကိစ္စလေးကြောင့် လော်ပင်း၏အလုပ်ကိစ္စ အဆင်မပြေခဲ့ပါက မည်သို့လုပ်ရပါမည်နည်း။
ထိုသို့တွေးမိသည့်အခါ သူမသည်က သူမ၏ အဘွားအား ဆက်၍ စိတ်မဆိုးဝံ့တော့ပေ။
သူမက လျင်မြန်စွာဖြင့် အလွန်ဖော်ရွေသည့် အပြုံးဖြင့် ပြုံးကာ အဘွားဖြစ်သူ၏
ဘေးသို့ တိုးဝင်လိုက်သည်။
“အဘွား၊ ကျွန်မ စဉ်းစားကြည့်တော့ အဘွား ခုနကပြောတာတွေက အမှန်ပဲဆိုတာ သိလာရတယ်၊ နောက်ဆိာရင် အဘွားပြောတာတွေကို သေသေချာချာနားထောင်ပါ့မယ်!”
အဘွားဖြစ်သူမှာ အစကတည်းက သိပ်ပြီးစိတ်မဆိုးနေခဲ့ပါချေ။
သူမသည်ကား အသက်ကြီးသူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ငယ်ရွယ်သူများအား ယှဥ်ကာစိတ်ဆိုးနေချင်စိတ်လည်း မရှိတော့သည်မဟုတ်ပါလား။
ထို့ကြောင့် တုန်လိလိ၏ ဟန်ဆောင် ရယ်မောသံများကြား၌
သူမ ပြန်လည်၍ ရယ်မောကာ တုံ့ပြန်လိုက်သည်။
ဤကဲ့သို့ဖြင့် သူတို့၏မိသားစုသည်က တခြားကိစ္စများကိုသာ ပျော်ရွှင်စွာ ပြန်လည်၍ ပြောခဲ့ကြသည်။
သို့သော် ထောင့်၌ ငြိမ်သက်စွာ ထိုင်နေသည့် ချန်ဝမ်သည်ကား တုန်လိလိတို့ သားအမိပြောသည့် စကားများအား ရှင်းလင်းစွာ ကြားလိုက်သည်ကို မည်သူမှ သတိမထားမိကြပေ။
ချန်၀မ်တစ်ယောက် အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်တစ်ခုအား မတော်တဆ ကြားလိုက်ရသည်။
သူ့အနေဖြင့် အလွန်ထိတ်လန့်နေသကဲ့သို့ တစ်ချိန်တည်းမှာပင် စိတ်မကောင်းဖြစ်မိသည်။
သူတို့၏ မြို့ငယ်လေး၌သာ ဤကဲ့သို့ ရှုပ်ထွေးပွေလီသည့် ကိစ္စများ များစွာ ရှိသည်ဟု သူ ထင်ထားခဲ့သည်။
တခြားနေရာများတွင်လည်း အလားတူ ကိစ္စများ များစွာ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ၏ယောက္ခမသည်က ခေါင်းဆောင်ဟောင်းကဲ့သို့ အရည်အချင်းမရှိသော်လည်း
သူတို့နှစ်ဦး၏ အခြေအနေများမှာ ဆင်တူလှသည်။
ပတ်ဝန်းကျင်မှ လူတိုင်းက သူ၏
ယောက္ခမအား အလွန်ကြင်နာတတ်သည့်အတွက် မည်သည့်အချိန်တွင်မဆိုအကူအညီတောင်းနိုင်သည်ဟု ထင်မှတ်ထားကြသည်။
သို့သော် မည်သူက စိတ်ရင်းမှန်မှန်ဖြင့် ဆက်ဆံပြီး မည်သူသည်က အကြံအစည်ဖြင့် ဆက်ဆံနေကြကြောင်းကို သူတို့မသိနိုင်ပေ။
အထူးသဖြင့် သူ မတိုင်ခင်က မြင်ခဲ့ရသည်မှာ ခေါင်းဆောင်ဟောင်း၏ဇနီးဖြစ်သူသည်က မြေးဖြစ်သူ တုန်လိလိအား သတိပေးစကားပြောသည့်အခါ၌ စိတ်ရင်းမှန်ဖြင့် စိုးရိမ်ပူပန်ကာ ပြောခဲ့ခြင်းဖြစ်ကြောင်း
သူ သိမြင်ရသည်။
သို့သော် တုန်လိလိသည်ကား
ကျေးဇူးတင်ရမည့်အစား သူမ၏
ကိုယ်ကျိုးအတွက်သာ ဟန်ဆောင်ပြုံးပြကာ အဘွားဖြစ်သူအား ချစ်ခင်ဟန်ဆောင်နေခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင်
စိတ်ထဲ၌ အေးစက်ကာ စိတ်သတီစရာကောင်းလွန်းပေသည်။
သို့သော် သူသည်ကား အပြင်လူတစ်ယောက်အနေဖြင့်လည်းကောင်း၊သူ၏အစ်ကိုနှင့်အတူ လိုက်ပါလာသည့်သူ တစ်ဦးအနေဖြင့်လည်းကောင်း ဤကိစ္စ၌ ၀င်ပါကာ စကားပြော၍ မရပေ။
ဧည့်ခန်းထဲ၌ စကားပြောဆိုမှုများ
အရှိန်ရနေချိန်တွင် လင်းရန်သည်လည်း မီးဖိုချောင်ထဲ၌ အလုပ်များနေသည်။
ဤနေရာမှ စားဖိုမှူးများသည်က တစ်ယောက်ကို တစ်မျိုးစီ ချက်ပြုတ်ကြသည့်အတွက်ကြောင့်
လင်းရန်သည်လည်း ထိုစည်းမျဉ်းများကို မချိုးဖျက်လိုပေ။
သူမက အခြားစားဖိုမှူးများ
ချက်ပြုတ်ထားသည့် စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီး လူတိုင်းက သူတို့၏ ကျွမ်းကျင်မှုကို ပြသရန် မာကြောသောအသားဟင်းများကိုသာ ချက်ပြုတ်ထားကြောင်းကို တွေ့မြင်ခဲ့ရသည်။
လင်းရန်တစ်ယောက် သူမ ယခုလေးတင် ဝင်လာစဉ်က မြင်ခဲ့ရသည့် ခေါင်းဆောင်ဟောင်း၏ ပုံစံကို
ပြန်၍ တွေးကြည့်လိုက်သည်။
ခေါင်းဆောင်ဟောင်းသည်ကား အဘိုးလီနှင့်အသက်အရွယ် တူသော်လည်း အဘိုးလီထက် ပို၍ ပိန်ကာ မျက်နှာအသားအရေလည်း မကောင်းလှပေ။
သူ၏အစာစားချင်စိတ်မှာလည်း အဘိုးလီကဲ့သို့ မကောင်းလောက်သည်က သိသာပေသည်။
ဤအခြေအနေအရ အသက်ကြီးသူများမှာ အစာအိမ်နှင့်အူလမ်းကြောင်း ပြဿနာရှိ၍ဖြစ်စေ၊ သို့မဟုတ် အစားအသောက်ကို မကြိုက်၍ဖြစ်စေ ဖြစ်နိုင်ပေသည်။
သို့သော် လင်းရန်က
ပထမအချက်ကို ပို၍ အလေးထားသည်။
ဤခေတ်ကာလတွင် ၊ အထူးသဖြင့် ယခင်က ခက်ခဲသည့်ကာလများကို ဖြတ်သန်းခဲ့သည့် အသက်ကြီးသူများအနေဖြင့် အစားအသောက်ကို
မကြိုက်နှစ်သက်သည်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဖြစ်နိုင်ခြေအများဆုံးမှာ ခေါင်းဆောင်ဟောင်း၏ အစာအိမ်နှင့် အူလမ်းကြောင်း အခြေအနေက အနည်းငယ်မကောင်းခြင်းသာ ဖြစ်နိုင်ပေသည်။
အစာအိမ်အားနည်းသည့်သူများအနေဖြင့်စားပွဲပေါ်ရှိ အသားအပြည့်ရှိသည့် ဟင်းလျာများကို တွေ့မြင်၍ စားချင်စိတ်ရှိလျှင်ပင် စားသောက်ရန် အင်အားမရှိတော့ပေ။
သူတို့အနေဖြင့် စိတ်ရှိသလောက်များစွာစားသောက်နိုင်ရန်က ပို၍ပင် မဖြစ်နိုင်ပါချေ။
ထို့ကြောင့် လင်းရန်တစ်ယောက်စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ သူမ ချက်ပြုတ်လိုသည့် ဟင်းလျာအား လျင်မြန်စွာ တွေးတောလိုက်သည်။ တွေးပြီးသည့်နောက်တွင် သူမက ကင်မ်ချီနှင့်ဝက်သားဆန်ခေါက်ဆွဲ တစ်ပွဲကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကင်မ်ချီသည်က အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပြီး၊ ဝက်သားသည်လည်း ကင်ချီနဲ့ဆိုလျှင် အဆီမပြန်သည့်အတွက် အသက်ကြီးသူများအတွက် လိုအပ်သည့် အာဟာရကို ဖြည့်တင်းပေးနိုင်ကာ ဆန်ခေါက်ဆွဲသည်လည်း အစာကြေလွယ်သည်။
ထို့အပြင် အရေးကြီးဆုံးမှာ လင်းရန်သည် ယခုခရိုင်ကို လာသည့်လမ်း၌ ခေါင်းဆောင်ဟောင်း၏ဇာတိမြို့အားမေးမြန်းခဲ့သည်။
ခေါင်းဆောင်ဟောင်းသည်ကား
ဤဒေသခံမဟုတ်ဘဲ ပြည်နယ်ထဲရှိ
တခြားမြို့တစ်မြို့မှ ဖြစ်ကြောင်းကို
သူမ သိခဲ့ရသည်။
သူမမှတ်မိသလောက်ဆိုလျှင်
ထိုမြို့၌ အတော်လေးပင် နာမည်ကြီးသည့် ဒေသထွက်အစားအစာများရှိသည်။
ထိုအစားအစာများသည်ကား ဆန်ခေါက်ဆွဲ နှင့် အမျိုးမျိုးသော ခေါက်ဆွဲများပင် ဖြစ်ပေသည်။
ထို့ကြောင့် လင်းရန်က ကင်မ်ချီနှင့်
ဝက်သားဆန်ခေါက်ဆွဲ တစ်ပွဲ
ပြုလုပ်ခြင်းက ကောင်းမွန်သည့်
ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။
၀က်သားကို သူတို့ ဘတ်စ်ကားပေါ်မှဆင်းချိန်၌ ဟင်းသီးဟင်းရွက်ဈေးသို့ သွားစဉ်က ဝယ်ယူခဲ့သည်။
ဆန်ခေါက်ဆွဲကိုမူ သူမ ယခုလေးတင် မီးဖိုချောင်ကို စစ်ဆေးကြည့်လိုက်သည့်အခါတွင် တွေ့ခဲ့ခြင်း ဖြစ်ပေသည်။
ကင်မ်ချီကိုမူ လင်းရန်အိမ်မှ
ကြိုတင်ယူလာခဲ့ခြင်းဖြစ်ပြီး ဟင်းခတ်အိတ်ထဲ၌ ထည့်လာခဲ့ခြင်းဖြစ်သည်။
သူမအနေဖြင့် ကင်မ်ချီကို သုံးရလောက်မည် မဟုတ်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တမ်းတွင်
မထင်မှတ်စွာဖြင့် သုံးစွဲရန် အခွင့်အရေးရှိလာခဲ့လေသည်။
လင်းရန်က သူမ ချက်ပြုတ်လိုသည့် ဟင်းလျာကို ရွေးချယ်
ဆုံးဖြတ်ပြီးသည်နဲ့ အလုပ်စလုပ်တော့သည်။
လင်းရန်က ပထမဦးစွာ
လင်းကျန်းဖူအား ကင်မ်ချီကို ပါးပါးလှီးခိုင်းပြီး သူမက ဘေးမှနေ၍ အသားကို စဥ်းခဲ့သည်။
လင်းကျန်းဖူ၏ ဟင်းချက်စွမ်းရည်မှာ သိပ်မကောင်းသော်လည်း အိမ်၌
အလုပ်လုပ်ရင်း ကြီးပြင်းလာသည့်အတွက်ကြောင့် ကင်မ်ချီလှီးရသည့်အလုပ်ကဲ့သို့ အသေးအမွှား အလုပ်များမှာ သူမအတွက် ပြဿနာမရှိပေ။
သူမအနေဖြင့် ကင်မ်ချီအား အလွန်လျင်မြန်စွာ လှီးနေသည်ဟု မူလက ထင်ခဲ့သော်လည်း ဘေးမှ သူမ၏တူမဖြစ်သူ လင်းရန် အသားစဥ်းသည်မှာ သူမထက်ပင် ပို၍ လျင်မြန်နေသည်ကို တွေ့လိုက်ရသည့်အတွက် လင်းကျန်းဖူးတစ်ယောက် အံ့အားသင့်သွားရသည်။
လင်းရန်၏ လက်အရှိန်မှာ အလွန်လျင်မြန်သည့်အတွက်ကြောင့် လက်၏အရိပ်ကိုသာ မြင်ရသလောက် ဖြစ်နေခဲ့သည်။
လင်းရန်၏ သေးကွေးလှသောခန္ဓာကိုယ်လေးသည်ကဤမျှလောက်သန်မာကာ အသားများကို အားပါးတရ စဥ်းနိုင်လိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။
ခဏအကြာ၌ လင်းကျန်းဖူတစ်ယောက်လင်းရန်၏ အနာဂတ်ခင်ပွန်းလောင်းအတွက် စိုးရိမ်လာမိသည်။ လင်းရန်၏ ဓားကိုင်ကျွမ်းကျင်သည့် အနေအထားနှင့်ဆိုလျှင် သူမအား ပြဿနာရှာဝံ့သည့်သူ များများစားစား မရှိလောက်ဟူ၍ပင် ထင်ရပေသည်။
လင်းရန်သည်ကား ဤအချိန်၌ လင်းကျန်းဖူ၏ အကြည့်များကို အာရုံစိုက်ရန် အချိန်မရှိပေ။
အသားစဥ်းသည်မှာ ရိုးရှင်းကာ အဆက်မပြတ် လှီးနေရန်သာ လိုအပ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဂရုစိုက်ရမည့်
အသေးစိတ်အချက်အလက် များစွာရှိသည်။
ဥပမာအားဖြင့် အသားလုံးလုပ်လိုသည်ဆိုပါက တတ်နိုင်သမျှ ပျော့ကာ လုံးမည့်အနေအထားကို ခံနိုင်ရည်ရှိအောင် လုပ်ရန် လိုအပ်သည်။
သို့မှသာ အသားလုံးများကို စားသည့်အချိန်၌ ညစ်အားရှိပြီး အရသာများကန်ထွက်လာပေလိမ့်မည်။
သို့သော် အသားစဥ်းကောအနှစ်လုပ်မည်ဆိုပါက ပါးပါးလှီးရသော်လည်း သိပ်ပြီးလည်း မပါးလွှာဘဲ အကောင်းဆုံးအနေအထားကို ရှာတတ်ရမည်ဖြစ်သည်။
အသားကို အလွန်ပါးလွှာစွာ စဥ်းလိုက်မိပါက ဟင်းရည်ထဲသို့ ထည့်လိုက်သည့်အခါတွင် ချက်ချင်းကြေမွှသွားကာ ရှာ၍ တွေ့နိုင်တော့မည် မဟုတ်တော့ပေ။
ဝါးစား၍လည်းမရတော့သည့်အတွက် စားသုံးသူက စိတ်ကျေနပ်မှုလည်း ရရှိမည်မဟုတ်ပေ။
ယနေ့ သူမ လုပ်မည့်အရာမှာ အသားစဥ်းကောအနှစ်ဖြစ်သည်။
အသားအား အလွန်ပါးလွှာစွာ လှီးရန် မလိုအပ်ပေ။ အစေ့အဆံပမာဏမျှ လှီးလျှင် လုံလောက်ပေသည်။
အသားကို စဥ်းပြီးသည့်နောက်၌
သူမက ကြက်သွန်နီနှင့် ဂျင်းအရည်ထည့်ကာ အညှီနံ့ကိုဖယ်ရှားပြီး ဆားနှင့်ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးဖြင့် ပျစ်လာသည်အထိရောမွှေကာ မကြာခင် သုံးရန်အတွက် ဘေး၌ ဖယ်ထားလိုက်သည်။
ထိုအချိန်အတွင်း၌ လင်းရန်က
တခြားသော ပါဝင်ပစ္စည်းများကို ပြင်ဆင်နေခဲ့သည်။
လင်းကျန်းဖူဘက်တွင် ကင်မ်ချီလှီးသည်မှာ ပြီးလုနီးပြီဖြစ်သည့်အတွက်ကြောင့် လင်းရန်လည်း စတင်ချက်ပြုတ်ရန် စတင်ပြင်ဆင်လိုက်သည်။
သူမသည်ကား ယခင်က စီချွမ်နှင့် ချုံချင်းဒေသများသို့သွားကာ အသားစဥ်းကောလုပ်နည်းကို ဆရာတစ်ဦးထံမှ သင်ယူခဲ့ဖူးသည်။
ထိုဆရာ၏ အသားများမှာ အလွန်ကောင်းမွန်သည်။
လူတိုင်း၏အရသာခံမှုမှာ မတူကွဲပြားသည့်အတွက် မှန်ကန်စစ်မှန်သည့် စံနှုန်းဟူ၍ မရှိပေ။
သို့သော် အားလုံးကို စည်းလုံးညီညွတ်အောင် လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ “အရသာရှိတယ်”ဟူသော စကားလုံးနှစ်လုံးသာ
ဖြစ်နိုင်သည်။
ဒယ်အိုးထဲ၌ ဆီကိုအပူပေးလိုက်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ရောမွှေထားသည့် အသားစဥ်းကောကို အိုးထဲသို့ အလျင်အမြန်ထည့်ကာ မွှေကြော်လိုက်သည်။
ဤနေရာ၌ ပဲငံပြာရည်မရှိသည့်အတွက်ကြောင့် လင်းရန်က အလားတူ ဟင်းခတ်အမွှေးအကြိုင်များကို ပဲငံပြာရည် နေရာ၌ အစားထိုးရန် နည်းလမ်းရှာခဲ့သည်။
ဥပမာအားဖြင့် သူမယူလာသည့် ငရုတ်ဆီအနှစ်ပင်။
သူမ၏ ငရုတ်ဆီမှာ အနံ့အရသာ ကောင်းမွန်ပြီး အသားစဥ်းကော၏ အသားနံ့နှင့် နှစ်ခုပေါင်းစပ်လိုက်သည့်အခါ၌ မွှေးရနံ့မှာ ပြင်းစွာ ထွက်ပေါ်လာသည်။
*