အခန်း (၁၅၇)
Vol. 16 Ch. 157
ဧည့်ခန်းထဲ၌ ပျော်ရွှင်စွာ စကားပြောနေကြသည့် လူများနှင့် လင်းရန်အား သိပ်ဂရုမစိုက်ခဲ့သည့် စားဖိုမှူးများပင် ထိုအနံ့ကို ရပြီးသည့်နောက်၌
သူတို့၏ မျက်နှာအမူအရာများက
ပြောင်းလဲသွားခဲ့ကြသည်။
စားဖိုးမှူးတို့သည်ကား ဤချက်ပြုတ်ခြင်းလုပ်ငန်း၌ ကျွမ်း၀င်သည့်သူများဖြစ်သည့်အတွက် ထိုအရသာကို ပို၍ လိုလားတောင့်တကြသည်။
ထိုအနံ့ကို ရလိုက်သည်နှင့်တစ်ပြိုင်နက် လင်းရန်၌ အလွန်အစွမ်းထက်သော အချက်အပြုတ် စွမ်းရည်တချို့ရှိသည်ကို သူတို့
သိလိုက်ကြသည်။
ဧည့်ခန်းထဲ၌ စကားပြောနေကြသည့် ခေါင်းဆောင်ဟောင်း၏ မိသားစုဆွေမျိုးများသည်လည်း ထိုအနံ့ကို ရသည့်အခါ၌ မီးဖိုချောင်ဘက်သို့
စူးစမ်းစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
“ဒီကောင်မလေး ဘာချက်နေလဲဆိုတာ မသိပေမယ့် သူမ ချက်တဲ့ ဟင်းက တော်တော်လေး အရသာရှိမဲ့ပုံပဲ”
တုန်လိလိသည်ကတော့ ထိုကိစ္စအား သိပ်ပြီး မသိလိုပေ။
ယနေ့ သူမလာရသည့် ရည်ရွယ်ချက်မှာ ထိုစကားများ ပြောရန်အတွက် မဟုတ်ပါချေ။
ထို့ကြောင့် လူတိုင်းက စားဖိုမှူးမိန်းကလေးအကြောင်းကို ပြောနေကြသည်ကိုပင် သူမ သိပ်ပြီးဂရုမစိုက်ခဲ့ပေ။
သို့သော် သူမ၏အဘွားဖြစ်သူမှ
ထိုမိန်းကလေးစားဖိုမှူးအား
အလွန်စိတ်ဝင်စားနေသည်ကို မြင်သည့်အခါ၌ တုန်လိလိက အဘွားဖြစ်သူ၏ အာရုံကို သူမထံသို့ ပြန်၍ ဆွဲခေါ်ရန်အတွကာ ပြုံးပြကာ ပြောလိုက်သည်။
“အဘွား၊ ကျွန်မလည်း ချက်ပြုတ်တတ်တယ်၊ နောက်တစ်ခါကျရင် အဘွား ဘာစားချင်လဲဆိုတာ ပြောလိုက်၊ ကျွန်မ ချက်ပေးမယ်!”
“ဟုတ်ပါပြီ၊ နောက်တစ်ခါ မင်းချက်ကျွေးတာကို ငါစောင့်နေပါ့မယ်!”
အသားစဥ်းကော ကြော်ပြီးသည့်အခါ၌ လင်းရန်က အငွေ့တထောင်းထောင်းထနေသည့် အသားနွှာများကို ဘေး၌ ဆယ်ထားလိုက်ပြီး အိုးထဲ၌ ကျန်နေသည့် ဆီဖြင့် ကင်မ်ချီကိုထည့်ကာ
မွှေကြော်လိုက်ပြန်သည်။
ကင်မ်ချီ အချဉ်ဓာတ်ထွက်လာပြီးသည့်နောက်တွင် အိုးထဲသို့ ရေထည့်လိုက်သည်။
ထို့နောက် ရေဆူလာအောင် ခဏတာမျှ စောင့်ဆိုင်းကာ ကင်မ်ချီ၏ အချဉ်ဓာတ်များ ရေနှင့် အပြည့်အဝ ရောနှောသွားအောင် လုပ်ပြီးသည့်အခါမှ ဆန်ခေါက်ဆွဲထည့်လိုက်သည်။
ဆန်ခေါက်ဆွဲသည်ကား အစကတည်းက စိုစွတ်နေသည့် ခေါက်ဆွဲများဖြစ်သည့်အတွက်ရေနွေးထဲ၌ ခဏတာမျှ ပြုတ်ထည့်ပြီးလျှင်
ပြန်ဆယ်၍ ရနိုင်ပေပြီ။
ထို့ကြောင့် သူမက ဆန်ခေါက်ဆွဲအား ဆယ်ယူပြီးသည့်နောက်၌ အိုးထဲမှ ကင်မ်ချီနှင့်ကင်မ်ချီဟင်းရည်ကို ပန်းကန်လုံးထဲသို့ ထည့်ကာ အဆုံး၌ အသားစဥ်းကောကို ဇွန်းပြားတစ်ဇွန်းစာ ခပ်ထည့်လိုက်သည့်အခါတွင် မွှေးကြိုင်လှသည့် ကင်မ်ချီနှင့်အသားစဥ်းကောဆန်ခေါက်ဆွဲ တစ်ပွဲ အသင့်ဖြစ်သွားခဲ့လေ၏။
လင်းရန်သည်ကား အသားနွှာကို ခေါက်ဆွဲထဲသို့ များစွာ မထည့်ရဲခဲ့ပေ။
ဤသည်က တခြားအကြောင်းကြောင့် မဟုတ်ဘဲ ခေါင်းဆောင်ဟောင်းမှ
အဆီများသည်ဟု ထင်မည်စိုးသည့်အတွက်ကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် ကျန်ရှိနေသည့်အသားနွှာများကို ဘေးဘက်မှ ပန်းကန်လုံးထဲ
သို့ ထည့်ထားလိုက်သည်။
ဤသို့ဆိုပါက လိုအပ်လျှင်
ထပ်၍ ပေါင်းထည့်နိုင်ပေလိမ့်မည်။
လင်းရန်က ဤဟင်းလျာအား
၁၀ မိနစ်သာ အချန်ယူကာ ချက်ပြုတ်ခဲ့သည်။ သို့သော် အပြင်ဘက်မှ လူများအတွက်မူ တစ်နှစ်မျှကြာသည်ဟုပင် ထင်ရစေသည်။
မူလက အနံ့ကြောင့်သာ စပ်စုခဲ့သော်လည်း နောက်ပိုင်း၌ စားချင်စိတ်များ ဖြစ်လာကြသည်။
အနံ့နှင့်ပင် သူတို့အား သွားရေကျစေသည့်အတွက် မည်မျှ အရသာရှိသည်ကို ကိုယ်တိုင်မြည်းစမ်းကြည့်ချင်နေခဲ့ကြသည်။
“စားဖိုမှူး ရှောင်လင်းရဲ့ ဟင်းလည်း ရပြီဆိုတော့ အားလုံး စားလို့ရပြီ၊ လာကြ၊ လာကြ၊ အားလုံး ဝိုင်းစားကြရအောင်”
ခေါင်းဆောင်ဟောင်းဖြစ်သူက လူတိုင်းကို ထိုင်ရန် ဖိတ်ခေါ်ကာ
စားဖိုမှူးများအတွက်လည်း သီးသန့်စားပွဲတစ်ခုတွင် နေရာပေးလိုက်သည်။
သူတို့သည်ကား ဟင်းကို မြည်းစမ်းခိုင်းရန်လာရောက်ချက်ပြုတ်ခြင်း ဖြစ်သည့်အတွက် ခေါင်းဆောင်ဟောင်းမှာ တခြားသူချက်ပြုတ်ထားသည်ကို ထိုင်ကြည့်ခိုင်းထားကာ ဗိုက်ဆာဆာဖြင့် ပြန်လွှတ်ရမည်ကိုမူ ရှက်ရွံ့ခဲ့သည်။
လင်းရန်နှင့်လင်းကျန်းဖူတို့သည်လည်း စားဖိုမှူးများ၏ စားပွဲ၌ ထိုင်ရန် နေရာချခံခဲ့ရသည်။ လင်းရန်သည်ကား ကင်မ်ချီ၀က်သားဆန်ခေါက်ဆွဲကို များများစားစားမချက်ခဲ့ပေ။
သူမက ခေါင်းဆောင်ဟောင်း၏
စားပွဲပေါ်၌ တစ်ပန်းကန်သာ တင်ထားခဲ့လေ၏။ တခြားစားဖိုမှူးများက လင်းရန်၏ဟင်းလျာကို သူတို့စားပွဲပေါ်၌ မတွေ့ရသည့်အတွက် ပို၍ သိချင်လာခဲ့ကြသည်။
“ကလေးမ၊ မင်း မီးဖိုထဲမှာ ခုနတုန်းက ဘာတွေချက်နေတာလဲ၊ဘာလို့ မွှေးရနံ့က အဲလောက်တောင် မွှေးကြိုင်နေတာလဲ၊ အသားကြော်နံ့တွေလည်း ရတယ်”
လင်းရန်၏ဘေး၌ ထိုင်နေသည့် ဦးလေးတစ်ယောက်က နောက်ဆုံး၌ မနေနိုင်တော့ဘဲ လင်းရန်ကို မေးလိုက်သည်။
လင်းရန်အနေဖြင့် ထိုဦးလေးထံ၌ မကောင်းသည့် ရည်ရွယ်ချက်မရှိဘဲ သိချင်စိတ်သက်သက်ဖြင့်
မေးမြန်းသည်ကို သိသည့်အတွက် ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ကင်မ်ချီနှင့် ၀က်သားဆန်ခေါက်ဆွဲ ချက်တာပါ “
“အဲဒါလေးပဲ ချက်ထားတာလား”
ထိုဦးလေးက မယုံကြည်နိုင်စွာဖြင့် သူမကို ကြည့်လိုက်သည်။
ယနေ့ သူတို့ ဤအိမ်သို့ လာရသည့် ရည်ရွယ်ချက်ကို မည်သူက မသိဘဲ နေပါမည်နည်း။
ထိုရည်ရွယ်ချက်သည်ကား ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း၏ အိမ်အတွက် တစ်ဦးတည်းသော စားဖိုမှူးနေရာကို ရရန်ပင် မဟုတ်ပါလား။
ဤအိမ်သို့လာသည့် စားဖိုမှူးတိုင်းက သူတို့၏ အကောင်းဆုံးဟင်းလျာများကို ချက်ပြုတ်ကာ ပြိုင်ဆိုင်နေကြသော်လည်း ဤကောင်မလေးသည်က၀က်သားဆန်ခေါက်ဆွဲ တစ်ပန်းကန်သာ ချက်လာခဲ့သည်။
နားစွင့်နေကြသည့် အခြားစားဖိုမှူးများသည်လည်း ထိုစကားကို ကြားသည့်အခါ တိတ်ဆိတ်စွာဖြင့် သူတို့၏ အာရုံစိုက်သတိထားနေမှုကို လျှော့ချလိုက်ကြသည်။
သူတို့သည်က လင်းရန်အား ပြိုင်ဘက်ကြီးတစ်ဦးဟု ထင်ထားသော်လည်း တကယ်တမ်းတွင်ငယ်ရွယ်သည့် ကောင်မလေးတစ်ဦးသာ ဖြစ်နေသည်။
ခေါက်ဆွဲသည်က တခြားသောကြီးမားသည့် ငါး၊ အသားဟင်းများနှင့် လုံးလုံးလျားလျားပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
ဝက်ခေါင်းသား၊ ပဲကြာဆံနှင့်ပေါင်းထားသည့်ဝက်သား၊ နှစ်ပြန်ချက်ထားသည့်ဝက်သားဆီပြန်၊ ကြက်ကင်၊ ဘဲကင်ကဲ့သို့ သူတို့ချက်ထားသည့် အသားဟင်းအမျိုးမျိုးကို စဉ်းစားမိသည့်အခါ၌
စားဖိုမှူးများက လင်းရန်ချက်ထားသည့် ခေါက်ဆွဲက တန်ဖိုးနည်းလွန်းပြီး သူတို့၏ ဟင်းလျာများနှင့်ယှဉ်လျှင် နှိုင်းယှဥ်စရာပင် မရှိဟု ခံစားလိုက်ရသည်။
ထို့ကြောင့် ထိုစားဖိုမှူးအုပ်စုက လင်းရန်နှင့် စကားမပြောတော့ဘဲ
အစားအစာများစားရင်း တခြားစားဖိုမှူးများနှင့်အတူ အခြေအနေကို တိတ်ဆိတ်စွာ အကဲခတ်စူးစမ်းနေခဲ့ကြသည်။
လင်းရန်လည်း ဤသည်ကို မြင်သည့်အခါ၌ ပျော်ရွှင်ကာ စိတ်ပေါ့ပါးသွားသည်။ သူမက စားပွဲပေါ်မှ အသားဟင်းလျာများကို ကြည့်ကာ
သူမ၏ ဒေါ်လေး လင်းကျန်းဖူ၏ လက်ကို ကိုင်၍ တီးတိုး ပြောလိုက်သည်။
“ဒေါ်လေး စားလေ!”
ယနေ့ ထမင်းစားသည်မှာ အလုပ်ကိစ္စနှင့် သက်ဆိုင်သည့် ထမင်းစားပွဲဟု ယူဆနိုင်သည်။ ထို့ကြောင့် အခွင့်အရေးရခိုက်တွင်
ဗိုက်ပြည့်အောင် စားရပေမည်။ သို့မဟုတ်ပါက အလဟဿ ဖြစ်သွားပေလိမ့်မည်။
လင်းကျန်းဖူသည်က မူလတွင် အနည်းငယ် ရှက်နေခဲ့သော်လည်း လင်းရန်မှ တည်ငြိမ်စွာ
စားနေသည်ကို မြင်ရသည့်အခါ၌
စိတ်ကို ဖြေလျှော့လိုက်သည်။
သူတို့အိမ်တွင် တရုတ်နှစ်သစ်ကူး
ညစာစားလျှင်ပင် ဟင်းလျာများကို ဤမျှလောက် စုံလင်စွာ စားရမည် မဟုတ်ပေ။
လင်းရန် စားနေစဥ်တွင်
အခြားတစ်ဖက်မှ ဧည့်ခံစားပွဲရှိ
ခေါင်းဆောင်ဟောင်းက
ကြက်၊ ဘဲ၊ ငါးအသားများ ပြည့်နေသည့် စားပွဲကို ကြည့်ကာသူ၏မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားသည်။
ထိုဟင်းလျာများမှာ အခြားသူများအတွက် ကောင်းမွန်သည့် ဟင်းလျာများဟု ထင်ရသော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာနှင့် အစာအိမ် အူလမ်းကြောင်းအတွက်မူ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဟု ခံစားရသည်။
သူ အစာစားလိုစိတ်နည်းပါးသည်ကို
သူ၏ဇနီးဖြစ်သူမှလွဲ၍ အခြားသူများ သိလိမ့်မည် မဟုတ်ပေ။
သူသည်ကား အိမ်၌ အစာစားလိုစိတ်ကို လှုံ့ဆော်သည့် အစာများကိုသာ စားလေ့ရှိကာ စားသောက်ဆိုင်၌
စားသည့်အခါမျိုးတွင်လည်း သက်သတ်လွတ်ဟင်းများကိုသာ ရွေးချယ်စားသောက်လေ့ရှိသည်။
ထို့ကြောင့် သူသည်က ငွေကြေးချွေတာသည်ဟူသော အသံကို အပြင်၌ ကြားနေရခြင်း ဖြစ်နိုင်သည်။
ဤသည်မှာလည်း မှန်ပေသည်။
သူကိုယ်တိုင်ကလည်း ဖြုန်းတီးခြင်းမရှိဘဲ ခြိုးခြံချွေတာစွာ နေထိုင်သည်။ သို့သော် အသားကြီး ငါးကြီးဟင်းလျာများအား မစားရသည့် အဓိကအကြောင်းရင်းမှာကား သူ၏ ခန္ဓာကိုယ်ကြောင့်ပင် ဖြစ်သည်။
ထိုဟင်းလျာများအား စားလိုလျှင်ပင် စားသောက်ရန် ခွန်အားမရှိပေ။
အလွန်အဆီများသည့်အစားအစာများ စားလျှင် ခန္ဓာကိုယ် မသက်မသာဖြစ်လာတတ်သည်။
ထို့ကြောင့် အရောင်တောက်ကာ ဆီများရွဲနေသော အသားဟင်းများ ပြည့်နေသည့် စားပွဲကို ကြည့်ကာ အခြားသူများ၏ မျက်လုံးများမှာ စားသောက်လိုသည့် အလိုဆန္ဒများပြည့်နေသော်လည်း ခေါင်းဆောင်ဟောင်းမှာမူ ခေါင်းကိုက်နေလေပြီ။
ဟင်းလျာများစွာ ရှိသော်လည်း သူစား၍ အဆင်ပြေနိုင်မည့်ဟင်းလျာမှာ နည်းပါးလှပေသည်။
သူ့အနေဖြင့် အခြားသူများ
စားသောက်နေသည်ကိုသာ ကြည့်နေရပေတော့မည်။ သူ့အတွက် ပေါ့ပါးပြီး အဆင်ပြေနိုင်မည့် ဟင်းလျာရှိ၊ မရှိ ကြည့်ကာ ရွေးချယ်ရတော့မည်ဟု တွေးနေစဉ်တွင် ဘေးနားမှ ဇနီးဖြစ်သူက သူ့အား လက်တို့လိုက်ကာ အံ့သြသံဖြင့် ပြောလိုက်သည်။
“ကြည့်ပါဦး၊ ဒါကိုတော့ ရှင်စားရတာ သဘောကျမှာ သေချာတယ်!”
ခေါင်းဆောင်ဟောင်းက ဇနီးဖြစ်သူ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကာ အံ့သြတကြီးဖြင့် ပြုံးလိုက်သည်။
“ကင်မ်ချီနှင့် ၀က်သား ဆန်ခေါက်ဆွဲလား”
အမှန်တကယ်ပင် ကင်မ်ချီ၀က်သား ဆန်ခေါက်ဆွဲဖြစ်ပြီး ဝက်သား အသားလွှာတစ်ဇွန်းကိုလည်း အပေါ်၌ တင်ထားသည်။
သို့သော် အသားလွှာက မများသည့်အတွက် အဆီမပြန်နေပေ။ ဤသည်မှာ သူ့အား ပို၍
အစာစားချင်စိတ် ဖြစ်စေသည်။
ဤသို့ဖြင့် ခေါင်းဆောင်ဟောင်းသည်က စားပွဲပေါ်မှ တခြားအဆီပြန်သည့်ဟင်းလျာများကို လျစ်လျူရှုကာ ခေါက်ဆွဲပန်းကန်အား
သူ့ရှေ့သို့ ဆွဲယူလိုက်သည်။
သူ လူတိုင်းကို စားသောက်ကြရန်
ပြောပြီးသည့်နောက်၌ ခေါင်းကို ငုံ့ကာ ခေါက်ဆွဲတစ်ကို ယူစားလိုက်သည်။
တစ်လုပ်စားလိုက်သည့်နောက်တွင် သူ ကြောင်အမ်းသွားခဲ့ရကာ ဘေးနားမှ ဇနီးဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒီအရသာကို မစားရတာ နှစ်အတော်ကြာပြီ!”
စားပွဲရှိ ကျန်သည့်လူများသည် ခေါင်းဆောင်ဟောင်း၏ အံ့သြတကြီးအမူအရာကို ကြည့်ကာ သူ၏ရှေ့မှ သာမန်ခေါက်ဆွဲပန်းကန်အား ကြည့်လိုက်ကြသည်။
သူတို့သည်ကား ငါးနှင့်အသားဟင်းလျာ များစွာရှိနေသည့် စားပွဲတွင် ထိုသူက ၎င်းဟင်းလျာများကို မစားဘဲ အဘယ်ကြောင့်
ခေါက်ဆွဲအား ဦးစွာ ရွေး၍ စားသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။
ခေါက်ဆွဲသည်က အမှန်တကယ်ပင် အရသာကောင်းသည်လားဟု သူတို့ပို၍ သိချင်လာခဲ့ကြညသည်။
မည်ကဲ့သို့သော အရသာမျိုးက
တစ်လုပ်စားရုံမျှဖြင့် ခေါင်းဆောင်ဟောင်းအား ဤမျှလောက် စိတ်လှုပ်ရှားစေနိုင်သည်လည်းဆိုသည်ကိုလည်း သီချင်လာခဲ့ကြသည်။
လက်ရှိအချိန်၌ ခေါင်းဆောင်ဟောင်း၏ စိတ်ခံစားချက်အား နားလည်နိုင်ဆုံးသူမှာ သူ၏ဇနီးသာဖြစ်သည်။
ဇနီးဖြစ်သူမှာ တစ်ဖက်လူ၏ စကားကို ကြားသည့်အခါ၌ စိတ်ဝင်စားသွားကာ ခေါင်းဆောင်ဟောင်းအား ပြောလိုက်သည်။
“ကျွန်မလည်း မြည်းကြည့်မယ်!”
*