အခန်း (၁၆၄)
Vol. 17 Ch. 164
လင်းကျန်းဖူတစ်ယောက် တုန်လိလိ၏အမေမှ
သူမအား စူးစူးဝါးဝါး ကြည့်နေရင်း
တုန်လိလိအား ဆူပူကာ ဆက်လက်မအော်တော့ရန် အသည်းအသန် တားဆီးနေသည်ကို သတိထားမိလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
အမေတုန်သည်က သူမ၏ အထောက်အထားကို သိနေပုံရသော်လည်း လူများစွာ၏ရှေ့၌ သူမ၏အထောက်အထားကို ဖော်ထုတ်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။
ဤကိစ္စသည် တွေးကြည့်လျှင် ရိုးရှင်းပေသည်။
အမေတုန်၏ သမက်လောင်းက
ယခင်က အိမ်ထောင်ပြုထားခဲ့ဖူးသည့်သူ ဖြစ်သည်။ ယောက္ခမလောင်း ဖြစ်သည့် သူမသည်လည်း ဆွေမျိုးများ၏ရှေ့၌ ထိုကိစ္စပေါ်သွားလျှင် ရှက်ရွံ့နေမည်မှာ သေချာသည်။
လော်ပင်းက တုန်လိလိကြောင့် အခန်းထဲသို့ ဝင်လာကာ မိသားစုစားပွဲ၌ ထိုင်ရန် အစီအစဉ်ရှိခဲ့သော်လည်း သူတို့နှစ်ဦးက
ရုတ်တရက် အပြင်ဘက်သို့ အလျင်အမြန် ထွက်သွားပြီး လော်ပင်း ပြန်မဝင်လာတော့သည်မှာ မထူးဆန်တော့ပေ။
ထိုကိစ္စကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးလိုက်ပြီးသည့်နောက်၌
လင်းကျန်းဖူတစ်ယောက် မနေနိုင်တော့ဘဲ ရယ်မောလိုက်မိသည်။
လင်းကျန်းဖူ ရယ်လိုက်သည်ကို မြင်သည့်အခါ၌ တုန်လိလိ၏ ထိလွယ်ရှလွယ်ဖြစ်နေသည့် စိတ်မှာ ထပ်မံ၍ လှုံ့ဆော်ခံလိုက်ရပြီး သူမသည် လင်းကျန်းဖူအား ထပ်၍ပြောလိုက်သည်။
“နင် ဘာလို့ ရယ်နေတာလဲ! နင် ဘာကို အဲဒီလောက်ဂုဏ်ယူနေတာလဲ၊
လော်ပင်းက နင့်ကို စွန့်ပစ်ခဲ့ပြီးတာတောင် အခုလို ရယ်နေနိုင်သေးတယ်ပေါ့၊
နင့်လောက် မျက်နှာပြောင်တိုက်တဲ့ မိန်းမမျိုးကို ငါ တကယ်မမြင်ဖူးသေးဘူး!”
“လော်ပင်း” ဟူသည့် စကားလုံးကို
ကြားလိုက်သည့်အခါ
အနှီးနားမှ ဆွေမျိုးများသည်လည်း
တဖြည်းဖြည်းချင်း ပိုမိုကာ စိတ်၀င်စားလာကြသည်။
ဤနာမည်သည် ယခင်က တုန်လိလိ ပြောခဲ့သည့် သူမ၏ချစ်သူနာမည် မဟုတ်ပါလား။
အဘယ်ကြောင့် လင်းကျန်းဖူနှင့် ပတ်သက်နေရသနည်း။
သူတို့နှစ်ဦးက ယခင်က စကားပြောဖူးသည်များလား။
လူတိုင်း ဤကိစ္စအား
ထူးဆန်းသည်ဟု ထင်ခဲ့ကြသော်လည်း တုန်လိလိမှာ အသက်မငယ်တော့သည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူမ၏ချစ်သူသည်လည်း သူမနှင့် အသက်ရွယ်တူခန့်ရှိသင့်သည်။
ဤအသက်အရွယ်တွင် ချစ်သူမရှိခဲ့ဖူးမှသာ ထူးဆန်းပေသည်။
ထိုသို့တွေးကြည့်လိုက်သည့်အခါ နားလည်ပေးနိုင်ပေသည်။
ယနေ့ခေတ်တွင် ချစ်သူများ လမ်းခွဲကြသည်မှာ အနည်းငယ်သာ ရှိသည်။
ဤမြို့သည်က အလွန်မကြီးမားသည့်အတွက်ကြောင့် သူတို့က အနာဂတ်၌ မလွဲမသွေ တွေ့ဆုံကြရမည်ဖြစ်ပြီး ပြန်တွေ့ကြလျှင် ရှက်စရာကောင်းမည်ဖြစ်သည်။
ဥပမာအားဖြင့် ယခုကဲ့သို့
လော်ပင်း၏ ချစ်သူဟောင်း လင်းကျန်းဖူနှင့် လက်ရှိချစ်သူ တုန်လိလိတို့ ထိပ်တိုက်တွေ့ဆုံကြပြီး စကားများကြသကဲ့သို့ပင် မဟုတ်ပါလား။
လူတိုင်း၏ စိတ်ထဲတွင် လော်ပင်းအား မိန်းမကျမ်းကျေသည့်
ယောက်ျားလေးတစ်ဦးဟုသာ
ရေရွတ်နေကြသည်။
သူတို့အနေဖြင့် ယခုဖြစ်နေသည့်ကိစ္စများအား နားလည်သွားပြီဟု တွေးလိုက်ကြသည်။
“အိုး လိလိ၊ နင် ပြောနေတာတွေက
အတိတ်က ကိစ္စတွေပဲလေ၊
ဘာကြောင့် ပြောနေသေးတာလဲ၊
အခုလိုခေတ်မှာ တစ်ချိန်တုန်းကကိစ္စတွေကို ဖက်တွယ်မနေသင့်တော့ပါဘူး၊
လင်းကျန်းဖူကလည်း ဖက်တွယ်နေတော့မှာ မဟုတ်ပါဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊
နင် အနာဂတ်ကိုပဲ ကြည့်ရမယ်၊
ဒါက ဘာမှ အရေးကြီးတဲ့ကိစ္စမှ မဟုတ်တာ၊
အသက်ငယ်တုန်းက တခြားသူတွေနဲ့
မတွဲဖူးတဲ့သူ ဘယ်သူရှိလို့လဲ၊
ပြီးတော့ သူတို့က အခု လမ်းခွဲပြီးပြီပဲ၊
နင် ဘာလို့ အတိတ်အကြောင်းတွေကို တွေးနေသေးတာလဲ”
လူတိုင်းက တုန်လိလိအား နှစ်သိမ့်ရန် ကြိုးစားကြပြီး သူမဘေးမှ
အမေတုန်က ဤသည်ကို ကြားရသည့်အခါ၌ အနည်းငယ် စိတ်သက်သာရာရသွားသည်။
မည်သို့ပင်ဖြစ်စေ ကွာရှင်းခဲ့သည့်ကိစ္စအား တွဲခဲ့ခြင်းသာဖြစ်သည်ဟု ဖော်ထုတ်လိုက်လျှင် ပို၍ အဆင်ပြေသည် မဟုတ်ပါလား။
သို့သော် လိမ်ညာခြင်းသည် တစ်နေ့ကျလျှင် အမှန်တရား ပေါ်လာတတ်စမြဲ ဖြစ်သည့်အတွက်
သူမအနေဖြင့် လော်ပင်း၏ အိမ်ထောင်ရေးကိစ္စ မပေါက်ကြားစေရန် တုန်လိလိအား အလျင်မြန်ဆုံး ခေါ်သွားရမည်။
သို့မဟုတ်ပါက အမှန်တကယ်ပင်
အခြားနည်းလမ်းမရှိတော့ပေ။
အမေတုန်မှာ တုန်လိလိအား ခေါ်ကာ ထွက်သွားလိုခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။
သူမသည် တုန်လိလိနှင့်အတူ ထွက်သွားရန် ပြောတော့မည့်အချိန်၌
သူမ၏ မျက်နှာချင်းဆိုင်မှ လင်းကျန်းဖူသည် ရုတ်တရက် အဓိပ္ပာယ်မသိရသည့် ပုံစံမျိုးဖြင့် ရယ်မောလိုက်တော့သည်။
လင်းကျန်းဖူ တုန်လိလိအား ကြည့်ကာ အလွန်အံ့အားသင့်သကဲ့သို့ ဟန်ဆောင်ပြီး မေးလိုက်သည်။
“ချစ်သူ ဟုတ်လား၊ လော်ပင်းက သူနဲ့ကျွန်မတို့ လက်ထပ်ခဲ့ဖူးတယ်ဆိုတာ ရှင့်တို့ကို မပြောပြခဲ့ဘူးလား”
ဘာလဲ?
လက်ထပ်ခဲ့တယ်လို့ ပြောလိုက်တာလား!
အဲဒီ လော်ပင်းက တကယ်တော့
အရင်တုန်းက အိမ်ထောင်ကျဖူးတဲ့လူလား?
တုန်လိလိက ဘယ်လိုလုပ်ပြီး အဲဒီလိုလူမျိုးကို ရှာတွေ့ခဲ့တာလဲ!
တစ်ခဏတာမျှ အနီးနားမှ ဆွေမျိုးများနှင့် သူငယ်ချင်းများအားလုံးက အံ့အားသင့်သွားကြကာ တစ်ဦးက ပြောလိုက်သည်။
“အဲဒီ လော်ပင်းက တကယ်ကို လက်ထပ်ခဲ့ဖူးတာလား? လိလိ၊ ဒီလိုအရေးကြီးတဲ့ကိစ္စကို သူ ဘယ်လိုလုပ်ပြီး နင့်ဆီကို ဖုံးကွယ်ထားရတာလဲ နင်အလအမ်ခံလိုက်ရတာပဲ!”
နောက်တစ်ဦးကလည်း ပြောလိုက်သည်။
“အိုး၊ သူက တကယ်တော့ ကွာရှင်းထားတာလား? လိလိ၊ နင်လို မိန်းကလေးငယ်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုလူမျိုးကို ရှာတွေ့ရတာလဲ”
အခြားတစ်ဦးကလည်း ထပ်လောင်း၍ ပြောလိုက်သည်။
“လိလိက သေချာပေါက် လိမ်လည်လှည့်ဖြားခံရတာပဲ၊ လော်ပင်းက တကယ် ပါးစပ်လုံတဲ့သူပဲ ဖြစ်ရမယ်၊
ဒီလိုကိစ္စကြီးကိုတောင် ဘာမှမပြောဘူး၊
ဒါ တခြားသူကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး တမင်သက်သက်လိမ်ညာလှည့်ဖြားထားတာ မဟုတ်ဘူးလား”
ယနေ့ခေတ်၌ ကွာရှင်းပြတ်စဲသည့်သူက အရေအတွက် အင်မတန် နည်းပါးသည်။
ပထမဆုံးအကြိမ် လက်ထပ်ရမည့်
မိန်းကလေးတစ်ဦးက အိမ်ထောင်ကျပြီးသား ယောက်ျားလေးတစ်ဦးအား
လက်ထပ်ရန် ရှာဖွေခဲ့သည်မှာ ပို၍ပင် ရှားပါးလွန်းပေသည်။
အများအားဖြင့် မိသားစုအခြေအနေ အမှန်တကယ်ပင် ဆိုးရွားသည့်အတွက်ကြောင့်သာ တစ်ဖက်မှ ထိုကဲ့သို့ အိမ်ထောင်ပြုဖူးသူကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြရခြင်းဖြစ်သည်။
တုန်မိသားစု၏ အခြေအနေမှာ ထိုကဲ့သို့ မဆိုးရွားသည့်အပြင်
တုန်လိလိသည်လည်း ပထမဆုံးအကြိမ် လက်ထပ်မည့်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။
သူမက မည်သို့ဖြစ်ပြီး
အိမ်ထောင်ပြုဖူးသူကို ရွေးချယ်ထားရမည်နည်း။
တစ်ခဏတာအတွင်း၌ လူတိုင်းက ပေါက်ကွဲထွက်လာကြပြီး မှတ်ချက်အမျိုးမျိုးနှင့် ထူးဆန်းသောအကြည့်များက တုန်လိလိထံသို့ ဦးတည်လာသည်။
တုန်လိလိမှာ ရေခဲတိုက်ထဲသို့ ကျသွားသကဲ့သို့ တောင့်တင်းစွာ ရပ်နေမိသည်။ လင်းကျန်းဖူက သူမနှင့် လော်ပင်းတို့၏ ဆက်ဆံရေးကို သတိပေးခြင်းမရှိဘဲ ဖွင့်ချလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။
သူမက အဘယ်ကြောင့် ဤမျှလောက် မျက်နှာပြောင်တိုက်ကာ သူမ၏ ကွာရှင်းပြတ်စဲမှုအကြောင်းကို ယခုကဲ့သို့ လူကြားထဲတွင် ပြောနိုင်ရသနည်း။
သူမ၏ အရှက်သိက္ခာကိုပင် ထည့်မတွက်တော့သည်များလား။
တုန်လိလိမှာ အနီးနားမှ
ဆွေမျိုးများ၏ အံ့အားသင့်မှုကို မည်သို့ ကိုင်တွယ်ရမည်မှန်းမသိဖြစ်နေစဉ်၌ တံခါးအပြင်ဘက်မှ လော်ပင်းမှာ နောက်ဆုံး၌ မနေနိုင်တော့ဘဲ အလျင်အမြန် ဝင်လာခဲ့သည်။
“လင်းကျန်းဖူ!”
လော်ပင်းသည်ကား အစကတည်းက အပြင်ဘက်တွင် စောင့်နေခဲ့သည်။ မူလက သူ့အနေဖြင့်လင်းကျန်းဖူနှင့် အခြားသူများ ထွက်သွားပြီးမှသာ တုန်လိလိနှင့်အတူ ဝင်လာပြီး အခြားသူများနှင့် တွေ့ဆုံရန် ရည်ရွယ်ခဲ့သည်။
အထူးသဖြင့် ယခုတစ်ကြိမ် သူပစ်မှတ်ထားသည့် ခေါင်းဆောင်ဟောင်းနှင့် တွေ့ဆုံရန် ရည်ရွယ်ခဲ့သည်။
သူသည်ကား အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီးနောက်တွင် လင်းကျန်းဖူတို့ မထွက်ခွာမီ၌ တုန်လိလိ၏ နားမလည်နိုင်သည့် အော်ဟစ်သံကို ကြားလိုက်ရသည်။
တုန်လိလိမှ လင်းကျန်းဖူအား
စတင်အော်ဟစ်သည်ကို ကြားလိုက်ရသည့်အခါ၌ လော်ပင်၏ ရင်ထဲမှ နှလုံးသားမှာ လည်ချောင်းထဲသို့ ရောက်လာသည်ဟု ပြောလျှင် လွန်မည်မထင်ပေ။
သူသည်ကား ပြဿနာများကို
ထပ်၍ မဖြစ်စေလိုသည့်အတွက်
အမှန်တကယ်ပင် အထဲသို့ လျင်မြန်စွာဝင်ကာ တုန်လိလိ၏ ပါးစပ်ကို ပိတ်ချင်ခဲ့သည်။
တုန်လိလိက လက်ရှိအခြေအနေအား
မတင်းမာသေးဟု ထင်နေသည်များလား။
လော်ပင်းတစ်ယောက် အပြင်ဘက်၌
သေလုမတတ်ပင် စိုးရိမ်ပူပန်နေခဲ့သည်။
သို့သော် ဤအချိန်တွင် သူ၀င်သွားပါက ပဋိပက္ခများမှာ ပိုမို၍ နက်ရှိုင်းသွားမည်ကို သူ သိထားသည်။
ထို့ကြောင့် သူ့အနေဖြင့် အပြင်ဘက်တွင်သာ ရပ်နေနိုင်ခဲ့ပြီး
တုန်လိလိမှ ဆက်၍ စကားမပြောတော့ရန်သာ ဆုတောင်းနေခဲ့သည်။
သို့သော် နောက်ဆုံး၌ တုန်လိလိက
ဤကိစ္စကို မဖော်ထုတ်ဘဲ လင်းကျန်းဖူသည်သာ ဖော်ထုတ်ခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လင်းကျန်းဖူသည်က သူတို့၏
ဆက်ဆံရေးအကြောင်းကို မပြောဘဲ ဤမျှလောက်ကြာကြာ ထိန်းထားခဲ့သည်ကို အဘယ်ကြောင့် ဤအချိန်တွင် ဖွင်းဖောက်ချလိုက့ရသည်နည်း။
သူမက အဘယ်ကြောင့် နောက်ဆုံးအခြေအနေတွင်သူ့အား ပြဿနာရှာရသနည်း။
ဧည့်ခန်းထဲမှ အခြေအနေမှာ
တားဆီး၍ မရတော့သည်ကို မြင်သည့်အခါ၌ လော်ပင်းသည် အလျင်အမြန်ပင် ၀င်လာခဲ့သည်။
သူသာ ၀င်မလာပါက
တုန်မိသားစု၏ ဆွေမျိုးများက သူ့အား မကောင်းသည့်လူတစ်ယောက်အဖြစ် ဆဲဆိုကြိမ်းမောင်းကြမည်ကို သူ စိုးရိမ်ခဲ့သည်။
“မင်း ဘာတွေ လာပြောနေတာလဲ?
ငါတို့ကြားမှာ ရှင်းရှင်းလင်းလင်း လုပ်ထားပြီးသားပဲ၊ ဘာဆက်ဆံရေးမှ မရှိတော့ဘူး၊
မင်းက ငါ့ရဲ့လက်ရှိဘဝကို ဖျက်ဆီးလိုက်ရမှ ကျေနပ်မှာလား”
လော်ပင်းသည်ကား စိတ်ပျက်အားငယ်ဟန်နှင့် ပြစ်တင်ရှုတ်ချသည့် မျက်လုံးများဖြင့် လင်းကျန်းဖူအား ကြည့်လိုက်သည်။
“မင်း ဒီလို ပြောထွက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...”
သူ့၏ အမူအရာများက လင်းကျန်းဖူက သူ့အား နာကျင်စေသည့် အလွန်ဆိုးရွားသည့် အရာများ လုပ်ခဲ့သည့်ပုံ ပေါ်နေသည်။
သူကသာ ဤကမ္ဘာပေါ်၌ အပြစ်မဲ့ဆုံးနှင့် သနားစရာအကောင်းဆုံးလူကဲ့သို့ ဖြစ်နေပုံရသည်။
လင်းရန်တစ်ယောက် ဘေးမှ ကြည့်နေကာ မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
မူလက အခန်းထဲမှ အခြေအနေတစ်ခုလုံးမှာ အလွန်လေးနက်ပြီး တင်းမာနေခဲ့သည်။
သို့သော် လင်းရန်၏ ရုတ်တရက်ရယ်မော လိုက်ခြင်းသည်က ဤအခြေအနေကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်ပြီး လူတိုင်းအား သူမ၏ဘက်သို့ မသိစိတ်မှတဆင့် ကြည့်မိစေခဲ့သည်။
လင်းရန်၏ ရုတ်တရက်ရယ်မောလိုက်ခြင်းသည် လော်ပင်း၏ စကားများကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်ဟု ပြောရလိမ့်မည်။
အခြားသူများအားလုံးလည်း ဤကဲ့သို့ပင် တွေးခဲ့ကြသည်။
လော်ပင်းကိုယ်တိုင်လည်း ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။
သို့သော် သူသည်ကား ဤအချိန်၌ ကောင်းမွန်သည့် ပုံရိပ်အား ထိန်းထားရမည်ကို သိသည်။ သို့မဟုတ်ပါက သူ့အနေဖြင့် တုန်လိလိ၏ ဆွေမျိုးများကြား၌ မည်သည့်အားသာချက်မှရှိတော့မည်မဟုတ်ပေ။
ဤသည်မှာ အမှန်တကယ်ပင် ပြဿနာ ဖြစ်စေလိမ့်မည်။
သူသည် အသက်ပြင်းပြင်းရှူကာ ဒေါသအား ထိန်းချုပ်၍ လင်းရန်ကို
ပြောလိုက်သည်။
“မင်း ဘာကြောင့် ရယ်နေလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ မင်းက လင်းကျန်းဖူနဲ့အတူ လာခဲ့တာမို့ သူမရဲ့ အခြေအနေကို သိမှာပါ၊
ငါတို့ အတူရှိခဲ့တဲ့ နှစ်တွေတစ်လျှောက် ငါ သူမကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာကို သူမကို ပြောခိုင်းလိုက်ပါဦး၊
ငါဆိုတဲ့ လော်ပင်းက အဲဒီအိမ်ထောင်ရေးမှာ သူမကို နာကျင်အောင် ဘာမှမလုပ်ခဲ့ဘူးဆိုတာ ပြောရဲတယ်”
လော်ပင်းသည် စကားလုံးများကို ပါးနပ်ကျွမ်းကျင်စွာ ပြောဆိုလိုက်သည်။
သူ၏အမူအရာမှာလည်း အလွန်လေးနက်ပုံ ပေါ်နေသည့်အတွက်ကြောင့် မည်သူမှ သူ့စကားများ၏ စစ်မှန်မှုကို သံသယ၀င်တော့မည်မဟုတ်ပေ။
*