← Chapters

အခန်း (၁၆၉)

Vol. 17 Ch. 169

အခန်း (၁၆၉)

Vol. 17 Ch. 169

စုန့်စစ်ယွီနှင့် ရှုကျစ်၀မ်တို့သည် ယခုလေးတင် ရုပ်ရှင်ကြည့်ပြီးခြင်း ဖြစ်ပြီး နှစ်ဦးလုံး၏ ပတ်ဝန်းကျင်နှင့် စိတ်နေစိတ်ထားမှာ အလွန်သဟဇာတဖြစ်ကာ အဆင်ပြေနေခဲ့လေသည်။

စုန့်စစ်ယွီလည်း ဤအခြေအနေကို အခွင့်ကောင်းယူကာ ရှုကျစ်၀မ်အား အသာ မေးမြန်းလိုက်သည်။

“ကျစ်ဝမ်၊ ဦးလေးနဲ့ အဒေါ်တို့ ဘယ်လိုလဲ၊ သူတို့တွေ နေကောင်းကြရဲ့လား” “

သူမအနေဖြင့် သတင်း အချက်အလက်များကို စုံစမ်းချင်ခဲ့သော်လည်း စကားစသည်နှင့် ချက်ချင်းမေး၍ မဖြစ်သောကြောင့် အလွန်သတိထားကာ ဒါရိုက်တာ ရှုနှင့် သူ့ဇနီး၏ ကျန်းမာရေးကို ဂရုစိုက်သည့်အကြောင်းပြချက်ဖြင့် စတင်၍ စကားပြောလိုက်လေသည်။

ရှုကျစ်၀မ်ကတော့ သူမ၏ ဤစကားကို ကြားရသည့်အခါတွင် စိတ်ထဲ၌ နွေးထွေးမှုကို ခံစားခဲ့ရသည်။

စုန့်စစ်ယွီသည်က သူ၏မိဘများအပေါ် ဤမျှလောက်အထိ ကြင်နာပြီး ဂရုစိုက်သည်ဟု သူ ခံစားလိုက်ရသည်။

“ကိုယ့်ရဲ့မိဘတွေ နေကောင်းပါတယ်၊  အန်ကယ်စုန့်နဲ့ အန်တီလီတို့ရော နေကောင်းကြလား”

သူမအတွက် အသုံးဝင်သည့်အဖြေကို မကြားရသည့်အခါ စုန့်စစ်ယွီ၏ မျက်နှာပေါ်မှ အပြုံးမှာ ခဏတာမျှ ရပ်တန့်သွားခဲ့သော်လည်း လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။

“သူတို့လည်း နေကောင်းပါတယ်၊

စိတ်မပူပါနဲ့”

ထိုသို့ပြောပြီးသည့်နောက် စုန့်စစ်ယွီသည် လက်မလျှော့သေးဘဲ အခြားအကြောင်းပြချက်တစ်ခုကို ဖန်တီးပြောဆိုလိုက်ပြန်သည်။

“တကယ်တော့ ကျွန်မရဲ့အန်တီပေါ့၊

သူမက ကျွန်မတို့ မိသားစု နှစ်စု

အဲဒီနေ့တုန်းက စားသောက်ဆိုင်မှာ ကောင်းကောင်း မစားခဲ့ရဘူးလို့ ဒီရက်တွေအတွင်း အိမ်မှာ ပြောနေခဲ့တာ၊

ဒါကြောင့် ကျွန်မက မိသားစုနှစ်စု အတူတူ စားသောက်ပြီး ကျွန်မတို့ရဲ့ကိစ္စတွေကို ဆွေးနွေးဖို့ တခြားအခွင့်အရေးတစ်ခုကို ရှာချင်တာလေ၊

ကျွန်မ သူမကို ဒီလောက်အထိ စိတ်မစောဖို့  ပြောခဲ့သေးတယ်၊ ဒါပေမဲ့ သူမက မိန်းကလေးတစ်ယောက်ရဲ့ အကောင်းဆုံးနှစ်တွေက နှစ်အနည်းငယ်ပဲရှိပြီး  သူမအနေနဲ့ အဲဒီလို မပြောလို့ မရဘူးလို့ ပြောခဲ့တယ်…”

ထိုသို့ပြောပြီးသည့်နောက်၌

စုန့်စစ်ယွီက ရှက်ရွံ့ဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။

ဤသို့ပြုမူလုက်မှာ အမှန်တကယ်တွင် သူမ၏မျက်လုံးများထဲမှ ရွံမုန်းမှုကို ဖုံးကွယ်ထားလိုက်ခြင်းသာဖြစ်ပေသည်။

သူမ ပြောခဲ့သည့်စကားမှာလည်း

ဖန်တီး၍ လုပ်ကြံပြောဆိုထားခြင်းသာဖြစ်သည်။

သူမအနေဖြင့် လီရှို့လီအား

လုံးလုံးလျားလျားပင် ဂရုမစိုက်ပေ။

လီရှို့လီ၏  လက်ရှိအနေအထားအရ  စုန့်စစ်ယွီ၏ကိစ္စများကို လက်ညှိုးထိုးပြောဆိုဝံ့သည့် သတ္တိလည်း မရှိပါချေ။

ထို့ကြောင့် ဤစကားများမှာ

လီရှို့လီ၏ နာမည်ကို အသုံးပြုကာ

ရှုကျစ်၀မ်အား နားထောင်စေရန်သက်သက်သာ ဖြစ်သည်။

သူမအနေဖြင့်

ဤမျှလောက်ရှင်းရှင်းလင်းလင်း ပြောခဲ့သည့်အတွက် ရှုကျစ်၀မ်မှာ မည်မျှပင်  ထုံထိုင်းစေကာမူ သူမ၏အဓိပ္ပာယ်ကို နားလည်နိုင်ခဲ့သည်။

“အဟမ်း၊ တကယ်တော့ အန်တီလီက အရမ်းအတွေးလွန်နေတာပဲ၊

ကိုယ် မင်းအပေါ် ဘယ်လိုခံစားချက်ရှိလည်းဆိုတာ မင်းလည်း သိမှာပါ၊

ကိုယ် မင်းကို ကောင်းကောင်းမဆက်ဆံဘဲ ထားခဲ့မှာလည်းမဟုတ်ဘူး၊ အန်တီ့ကို စိတ်လျှော့ဖို့ ပြောပြပေးပါဦး၊ ကိုယ့်မိဘတွေနဲ့ပတ်သက်လို့တော့…”

ရှုကျစ်၀မ်သည် ခဏတာမျှ စဉ်းစားလိုက်ပြီး သူ၏အမူအရာမှာ ရုတ်တရက် စကားပြောရန် တွန့်ဆုတ်နေသကဲ့သို့ ဖြစ်သွားသည်။

ဤသည်ကိုမြင်သည့်အခါ၌ စုန့်စစ်ယွီ၏ နှလုံးခုန်နှုန်းမှာ  ရပ်တန့်သွားခဲ့သည်။

“ရှင့်ရဲ့မိဘတွေက ဘာဖြစ်လို့လဲဟင်”

“ကိုယ့်ရဲ့မိဘတွေက…”

ရှုကျစ်၀မ်၏အမူအရာမှာ ပို၍

စိတ်ပျက်အားငယ်ဟန် ပေါ်လာသည်။

ထို့နောက် သူက စုန့်စစ်ယွီ၏ စိုးရိမ်တကြီးအမူအရာကို မြင်သည့်အခါ၌ ရုတ်တရက် ရယ်မောလိုက်သည်။

“ကိုယ့်ရဲ့မိဘတွေက အခု ကိုယ်တို့ရဲ့ဆက်ဆံရေးကို အတော်လေး ထောက်ခံကြတယ်လို့ ပြောမလို့ပါကွာ၊ သူတို့က ကိုယ်တို့ကို လုံးဝ သဘောတူလိုက်ကြပြီ!”

သူ့အနေဖြင့် ထိုမနက်က

စုန့်စစ်ယွီအား ထိုအကြောင်းကို

အသိပေးခဲ့ပြီးဖြစ်သော်လည်း

သူ၏မိဘများမှ ဤကိစ္စအား နောက်ပြောင်ခြင်းဖြစ်နေမည်ကိုလည်း

စိုးရိမ်နေခဲ့သည်။

သို့သော်လည်း ရက်အတော်ကြာပြီးသည့်နောက်၌  သူ၏မိဘများသည်က ယခင်ကဲ့သို့ မဟုတ်တော့သည်ကို တွေ့ခဲ့ရသည်။

သူ၏မိဘများသည် စုန့်စစ်ယွီနှင့် လမ်းခွဲရန်အတွက် သူကို နေ့တိုင်း  တိုက်တွန်းနေခဲ့ခြင်းမရှိတော့ဘဲ

မိသားစုအတွင်း လေထုကသဟဇာတဖြစ်နေခဲ့သည်။

စုန့်စစ်ယွီအကြောင်း မနှစ်မြို့ဖွယ်ရာ ဟူ၍လည်း တစ်ခုမျှ မပြောတော့ပေ။

ထို့ကြောင့် ရှုကျစ်၀မ်မှာ နောက်ဆုံး၌

စိတ်သက်သာရာရသွားပြီး လုံးလုံးလျားလျားပင် စိတ်ချသွားခဲ့သည်။

ရှုကျစ်၀မ်က ပျော်ရွှင်စွာ ပြုံးနေခဲ့သော်လည်း စုန့်စစ်ယွီမှာ  သူ ပြောသည်ကို ကြားပြီးသည့်နောက်၌

သူမ၏ခေါင်းကို ရိုက်ချလိုက်သကဲ့သို့ တုန်လှုပ်သွားခဲ့သည်။

သူမသည်က အနည်းငယ် ပြူးနေကျယ်သည့်မျက်လုံးများဖြင့် ရှုကျစ်၀မ်အား စိုက်ကြည့်လိုက်သည်။

ဤခဏတွင် သူမသည် ရှုကျစ်၀မ်၏ခေါင်းကို ဖြုတ်ကာ

သူ့ဦးနှောက်ထဲ၌ မည်သည်များရှိသည်ကို ကြည့်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။

ဒါရိုက်တာ ရှုနှင့် သူ၏ဇနီးသည်က

မည်သည့်အကြောင်းကြောင့် သူမအား လုံးဝလက်ခံသွားနိုင်ပါမည်နည်း။

သူတို့က သူမအား

လျစ်လျူရှုရန်အတွက်သာ

ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိနိုင်ပေသည်။

သူတို့အနေဖြင့် သူမအား အမှန်တကယ်ပင် လက်ခံရန် ရွေးချယ်ခဲ့ကြသည် ဆိုပါက သူတို့က သူမအား အိမ်သို့ ထပ်မံဖိတ်ခေါ်ကာ စားသောက်ပြီး စကားပြောကြမည်မှာ သေချာသည်။

ယခုကဲ့သို့ အရာအားလုံးကို လျစ်လျူရှုကာ သူမအကြောင်းကို ထပ်၍ မပြောတော့ဘဲ နေမည် မဟုတ်ပေ။

သူတို့၏လက်ရှိအပြုအမူအရ သူတို့သည်ကား သူမအား ရှုကျစ်၀မ်နှင့်

ဤကဲ့သို့သာ အချိန်ကုန်ဆုံးစေချင်သည်မှာ သေချာပေသည်။

အမှန်တကယ်ပင် သူမ၏အချိန်က တန်ဖိုးမရှိဘဲအလဟဿသာ ဖြစ်သည်ဟု သူတို့ တွေးနေကြသည်များလား။

ဒါရိုက်တာရှူတို့၏ အကြံအစည်ကို တွေးမိလိုက်သောအခါ စုန့်စစ်ယွီသည် အလွန်အမင်းပင် ဒေါသထွက်သွားခဲ့သည်။

“စစ်ယွီ၊ စစ်ယွီ”

ရှုကျစ်၀မ်သည်  မူလက စုန့်စစ်ယွီအား သူနှင့်အတူ ပျော်ရွှင်နေမည်ကို စောင့်ကြည့်နေခဲ့သော်လည်း မမျှော်လင့်ဘဲ  စုန့်စစ်ယွီမှာ အတွေးထဲနစ်မြောနေပြီး အမူအရာမကောင်းသည့်ပုံစံကို  မြင်ခဲ့ရသည့်အတွက်ကြောင့် လျင်မြန်စွာ ခေါ်လိုက်ရုံသာတတ်နိုင်တော့သည်။

စုန့်စစ်ယွီလည်း သတိပြန်ဝင်လာခဲ့ပြီး သူမ၏အပြုံးက ရပ်တန့်တော့မလို ဖြစ်သွားခဲ့သည်။

သူမ၏အမူအရာ သိပ်မကောင်းသည်ကို မြင်သည့်အခါ၌

ရှုကျစ်၀မ်က လျင်မြန်စွာစိုးရိမ်တကြီးဖြင့်မေးလိုက်သည်။

“ဘာဖြစ်တာလဲ စစ်ယွီ၊ နေမကောင်းဘူးလား”

“ဘာမှမဖြစ်ပါဘူး”

စုန့်စစ်ယွီသည် ခေါင်းခါပြလိုက်သည်။ အထူးသဖြင့် ရှုကျစ်၀မ်၏ ရှုပ်ထွေးသည့်အကြည့်ကို မြင်သည့်အခါ၌ သူမ၏စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဤသည်မှာ အမှန်တကယ်ပင် အချိန်နှောင်းသွားသည်လား။

သို့မဟုတ် သူမက လင်းရန် မဟုတ်သည့်အတွက်ကြောင့် ယခင် ဒါရိုက်တာရှုဆက်ဆံသည့် ဆက်ဆံပုံမျိုး မရနိုင်တော့သည်များလား။

သို့မဟုတ် သူမအနေဖြင့် သူမ၏အဖေ စုန့်ဝေ့၏စကားကို နားထောင်ကာ အခြားနည်းလမ်းတစ်ခုဖြင့်သာ ကြိုးစားသင့်သည်လား။

ဒါရိုက်တာ ရှုနှင့် သူ့ဇနီး၏ အတွေးများကို ခန့်မှန်းပြီးသည့်နောက်၌ စုန့်စစ်ယွီသည်  စိတ်ရှည်သည်းခံမှု ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ရှုကျစ်၀မ်နှင့် ဆက်၍ အတူရှိနေရန် လုံးဝစိတ်မဝင်စားတော့ပေ။

“ဒီနေ့ အပြင်မှာ အချိန်ကြာသွားပြီး

နည်းနည်း ပင်ပန်းသွားတာမလို့ ကျွန်မ အိမ်ပြန်ပြီး နားချင်တယ်၊ နောက်တစ်ခါမှ တွေ့ကြတာပေါ့”

ထိုသို့ပြောပြီးသည့်နောက်၌

စုန့်စစ်ယွီက လှည့်ကာ အိမ်သို့ လမ်းလျှောက်ပြန်သွားခဲ့သည်။

ထိုနေရာ၌ ကျန်ရစ်ခဲ့သည့် ရှုကျစ်၀မ်မှာ ရှုပ်ထွေးသွားပြီး တစ်ခုခုဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

“ စစ်ယွီ၊ ကိုယ် မင်းကို ပြန်လိုက်ပို့ပေးပါ့မယ်!”

 ရုပ်ရှင်ရုံထဲ၌ ရှိနေစဉ်က

သူတို့နှစ်ယောက်  ထမင်းအတူသွားစားရန် ပြောနေခဲ့ကြသည်။

သို့ဖြစ်၍  သူစားချင်သည်ကို စဉ်းစားပြီးဖြစ်သော်လည်း စုန့်စစ်ယွီက ရုတ်တရက်  မစားလိုတော့ပေ။

အဘယ်ကြောင့် ဤမိန်းကလေးက ဤမျှလောက်အထိ စိတ်ပြောင်းလွယ်ရသနည်း။

သူ၏စိတ်ထဲ၌ ရေရွတ်နေရင်းဖြင့်ပင်

ရှုပ်ကျစ်၀မ်လည်း လျင်မြန်စွာ လိုက်သွားခဲ့သည်။

သို့သော်လည်း စုန့်စစ်ယွီမှာ ထိုအချိန်၌ ဒေါသထွက်နေခဲ့ပြီး

သူ့အပေါ် စိတ်ဝင်စားမှုမရှိသည့်အတွက်ကြောင့် ရှုကျစ်၀မ်မှာ  ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

နောက်ဆုံး၌ သူ စုန့်စစ်ယွီအား

အိမ်သို့ရောက်သည်အထိ လိုက်ပို့ပေးခဲ့သည်။

ထို့နောက် သူသည်လည်း အပြင်၌ ဆက်၍ နေရန် စိတ်ကူးမရှိတော့သည့်အတွက်ကြောင့် အိမ်သို့ ပြန်သွားခဲ့လေသည်။

သူ အိမ်သို့ပြန်ရောက်သွားသည့်အချိန်၌ ဒါရိုက်တာရှုသည်လည်း အလုပ်မှ ပြန်၍ ရောက်လာခဲ့သည်။

ရှုကျစ်၀မ် မပျော်ရွှင်နေသည်ကို မြင်သည့်အတွက်ကြောင့် ဒါရိုက်တာရှုက လှမ်းမေးလာသည်။

“ဘာဖြစ်လို့လဲ၊ အပြင်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား”

သို့သော်လည်း ရှုကျစ်၀မ်၏

ရှင်းပြချက်ကို ကြားပြီးသည့်နောက်၌ သူမေးခဲ့မိသည်ကို  ရုတ်တရက် နောင်တရသွားခဲ့သည်။

ရှုကျစ်၀မ်က ပြောလာသည်။

“အဖေ၊ အဖေ ဘာလို့ အချိန်နည်းနည်းလောက် ယူပြီး စစ်ယွီနဲ့ သူမရဲ့မိသားစုကို ကျွန်တော်တို့ အိမ်မှာ ထမင်းစားဖို့ မဖိတ်တာလဲ၊

တခြားသူတွေက ယောက်ျားလေးရဲ့အိမ်မှာ ညစာစားဖို့ သွားစရာ မလိုဘူးလို့ ပြောတယ်၊

ဒါပေမဲ့ ကျွန်တော်တို့မိသားစုက စည်းကမ်းတွေကို လိုက်နာရမယ်လေ၊

ဘယ်လိုပဲဖြစ်ဖြစ် အမေက နေ့တိုင်း အိမ်မှာ ဘာမှ လုပ်စရာရှိတာမှ မဟုတ်တာ ၊ထမင်းတစ်နပ် ချက်ပြုတ်ရလို့လည်း အမေ့အတွက် ဘာမှ မဖြစ်သွားပါဘူး”

ရှုကျစ်၀မ်က နောက်ဆုံးစကားကို

အသံတိုးတိုးဖြင့် ရေရွတ်ခဲ့ခြင်းဖြစ်သော်လည်း  အမေရှုက ကြားလိုက်လေသည်။

သို့သော်လည်း သူမအနေဖြင့် စုန့်စစ်ယွီ၏နာမည်ကို ကြားလျှင် စိတ်ဆိုးဒေါသထွက်နေရမည့် အချိန်ကို ကျော်လွန်ခဲ့ပြီးဖြစ်သည်။

သူမ၏သားက သူ၏အကျိုးကို လျစ်လျူရှုလိုက်သည်ကို မြင်ရသည့်အခါတွင် သူမက အေးစက်စက် အသံပေးရုံသာ ပြုလုပ်ခဲ့ပြီး သူမ၏စိတ်ထဲ၌သာ တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

စုန့်စစ်ယွီနှင့် သူမရဲ့မိသားစုကို ငါတို့အိမ်မှာ ထမင်းစားခွင့်ပေးရမယ်ပေါ့။

နောက်ဘဝအထိ စောင့်နေလိုက်!

ဒါရိုက်တာရှုလည်း ရှုကျစ်၀မ်၏စကားများကြောင့် အံ့အားသင့်သွားသည်။

သူက သူ၏ဇနီးကို တစ်ချက်ကြည့်လိုက်ရုံသာတတ်နိုင်တော့ပြီး

သူမသည်လည်း မျက်လုံးလှန်နေသည်ကို မြင်သည့်အခါ၌ သူ၏ဇနီးသည်လည်းသူ့ကဲ့သို့ပင် အတွေးမျိုးရှိပြီး စုန့်စစ်ယွီအား

အိမ်သို့၀င်ခွင့်ပေးရန် ရည်ရွယ်ချက်မရှိသည်ကို ချက်ချင်းပင် သိလိုက်သည်

သူတို့အနေဖြင့် သူတို့၏သားကို တည်ငြိမ်စေရန်အတွက်အတော်လေးပင် ခက်ခဲစွာ လုပ်ခဲ့ရသည်။ ဤအချိန်၌ သူတို့၏ ရည်ရွယ်ချက်အမှန်ကို သားဖြစ်သူအား ပြောပြရန် မဖြစ်နိုင်ပေ။

ရှုကျစ်၀မ်သာ သူတို့၏ ရည်ရွယ်ချက်ကို သိသွားပါက မိသားစုတွင်း၌ သေချာပေါက်ပင်  ပြဿနာဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဒါရိုက်တာရှုမှာ

ရယ်မောကာ စကားလွဲ၍ပြောရုံသာ တတ်နိုင်တော့သည်။

“ကောင်းပြီ၊ စည်းမျဥ်းအရတော့ သူတို့မိသားစုတစ်ခုလုံးကို ဖိတ်သင့်တာပေါ့၊ ဒါပေမဲ့ ကျစ်၀မ်၊ အဖေ မင်းကို ဖုံးကွယ်မထားချင်ပါဘူး၊

မင်းအန်ကယ်စုန့်က မကြာခင်ကမှ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်၊ အခု စက်ရုံထဲမှာ သူ့ရဲ့ဂုဏ်သတင်းက သိပ်မကောင်းဘူး၊

အဖေကလည်း လက်တလောမှာ ရာထူးတိုးဖို့ အခွင့်အလမ်းရှိနေတယ်လေ ၊ ဒါကြောင့် အဖေ သူနဲ့  ရင်းရင်းနှီးနှီး ဆက်ဆံနေတာကို လူတွေ မြင်သွားကြရင် အဖေ့ရဲ့ဂုဏ်သတင်းလည်း ထိခိုက်သွားနိုင်တယ်၊ အဲဒီအချိန်ကျရင်…”

*

All Chapters