အခန်း (၁၅၀၀-၁၅၀၃)
Vol. 101 Ch. 1501-1503
အဆတစ်ရာစနစ် စာစဥ်(၁၀၁)
အခန်း(၁၅၀၁)
ဥပဒေသများဖြင့် အလွန်အစွမ်းထက်သော ဓားတစ်လက်ကို ဖန်တီးလိုက်သည်။
ဤသည်က ဥပဒေသ ၇မျိုးကို ကျွမ်းကျင်ထားပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင် မွန်းစတား တစ်ကောင် ထုတ်ဖော်ထားသော မှော်စွမ်းအားတစ်ခုလည်း ဖြစ်သည်။
ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် ထိုအကွက်သည် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူကို ယှဥ်ပြိုင်ရန် လုံလောက်၏။
ရှင်းလင်းစွာဆိုရလျှင် သူမှလွဲ၍ သွေးဝိညာဥ်မျိုးနွယ်စု တစ်ခုလုံးတွင် ကျန်းချန်ကို မည်သူမှ မယှဥ်နိုင်ပေ။
သို့သော်လည်း ယခုအခါ လူသားမျိုးနွယ်စု၏ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ ကျီဝူရွှမ်သည် သူ့ကို ဟန့်တားထားသည်ဖြစ်ရာ ရွှယ်ဟောင်ကန်းကို ကူညီရန်အတွက် အခွင့်အရေး မရှိခဲ့ပေ။
ဤတစ်ကြိမ်တွင် သူတို့ သွေးဝိညာဥ် မျိုးနွယ်စုသည် အမှန်တကယ်ကို အန္တရာယ်ရှိနေခဲ့ပြီ ဖြစ်၏။
ကျန်းချန်က ရွှယ်ဟောင်ကန်း ဖော်ထုတ်ထားသည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအား ပါဝင်နေသော အကာအကွယ်ကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"မင်းက သွေးဝိညာဥ်မျိုးနွယ်စုရဲ့ သွေးအင်ပါယာ ဆိုတော့ လက်ထဲမှာ ဝှက်ဖဲတွေအများကြီး ရှိနေတဲ့ပုံပဲ.. ဒါပေမဲ့ မင်းရဲ့အကာအကွယ်က ငါ့ရဲ့ ဓားချက်ကို ပိတ်ဆို့နိုင်မလား ဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီးနောက်တွင် ဓားကွက် ထုတ်ဖော်ရန်အတွက် သူ၏လက်ကို ပင့်မြှောက်လိုက်သည်။
"လူသားဧကရာဇ်ကျန်းချန်.. ဒီတိုက်ပွဲမှာ မင်းတို့ လူသားမျိုးနွယ်စုက အနိုင်ရတာမှန်ပါတယ်.. ဒါပေမဲ့ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက မင်းတို့ လူသားမျိုးနွယ်စု စိတ်ကြိုက် ဖျက်ဆီးလို့ရတဲ့ မျိုးနွယ်စု မဟုတ်ဘူး.. မင်းသာ စစ်ပွဲကို ရပ်တန့်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါက လူသားမျိုးနွယ်စုနဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ဖို့ ဆန္ဒရှိတယ်.. ဒါ့အပြင် ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက မင်းတို့ လူသားမျိုးနွယ်စုရဲ့ နယ်မြေတွေကို ဘယ်တော့မှ မကျူးကျော်တော့ဘူး ဆိုတာကိုလည်း အာမခံတယ်"
ကျန်းချန်က ဓားကွက် ထပ်မံ ထုတ်ဖော်တော့မည်ကို မြင်လျှင် ရွှယ်ဟောင်ကန်း၏ မျက်နှာအမူအရာသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ခပ်သွက်သွက် ပြောလိုက်သည်။
ဤအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးအင်ပါယာအသစ် ဖြစ်သည့် ရွှယ်ဟောင်ကန်းသည် ကျန်းချန်၏ ရှေ့တွင် ခေါင်းငုံ့နေခဲ့ရသည်။
လူသားဧကရာဇ် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
လူသားဧကရာဇ်၏ အစောပိုင်းက ဓားချက်ကြောင့် သူ၏ အကာအကွယ်သည် စွမ်းအားထက်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
အကယ်၍ လူသားဧကရာဇ်သာ ဆက်လက် တိုက်ခိုက်မည်ဆိုလျှင် သူ့အနေဖြင့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ၈ယောက် ကဲ့သို့ပင် လူသားဧကရာဇ်၏ အလွယ်တကူ သတ်ဖြတ်ခံရမည်ကို စိုးရိမ်နေမိသည်။
သူသေဆုံးသွားသည်နှင့် တစ်ပြိုင်နက် သွေးဝိညာဥ် မျိုးနွယ်စုတစ်ခုလုံး၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများသည် ကျန်းချန်၏ လက်ကနေ မည်သူမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်သို့ ရောက်လျှင် သူတို့ သွေးဝိညာဥ် မျိုးနွယ်စုသည် ရွှယ်လင်ကုန်းမြေတိုက်တွင် လုံးဝ ပျက်စီးသွားပေလိမ့်မည်။
သူက ငြိမ်းချမ်းရေး ကမ်းလှမ်းရန်နှင့် အချို့သော အဖိုးအခများကို ပေးဆောင်ရန် ခေါင်းငုံ့လိုက်သောအခါမှသာ သူတို့သွေးဝိညာဥ်မျိုးနွယ်စု အတွက် ထွက်ပေါက်တစ်ခုကို ရှာတွေ့နိုင်မည် မဟုတ်လော။
"ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်မယ် ဟုတ်လား"
ကျန်းချန်က ရွှယ်ဟောင်ကန်းကို မထီတရီ ပြုံး၍ ကြည့်လိုက်သည်။
"မင်းရဲ့ကမ်းလှမ်းချက်က မဆိုးပါဘူး.. ဒါပေမဲ့ ဒီဧကရာဇ်က မင်းကို ဒီအခွင့်အရေး ပေးမှာမဟုတ်ဘူး"
သွေးဝိညာဥ်မျိုးနွယ်စုသည် သွေးလမ်းစဥ်ကို ကျင့်ကြံရာတွင် လူသားမျိုးနွယ်စုထက် ကောင်းချီး ခံစားရရုံသာမက ဘိုးဘွားပိုင် အမွေအနှစ် သွေးရေကန် ကဲ့သို့သော ရတနာကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ထို့ကြောင့် သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများ မွေးဖွားနှုန်းသည် လူသားမျိုးနွယ်စုထက်ပင် များစွာပို၍ မြန်ဆန်၏။
သို့ဖြစ်ရာ သွေးဝိညာဥ် မျိုးနွယ်စုကို နာလန်ထူနိုင်မည့်အခွင့်အရေးအား ကျန်းချန်သည် အဘယ်ကြောင့် ပေးရပါမည်နည်း။
ပြောနေစရာ မလိုလောက်အောင်ပင် ဤတစ်ခါတွင် သူသည် သွေးဝိညာဥ်မျိုးနွယ်စုကို နှိမ်နင်း၍ အောက်နယ်မြေမှ ဒုက္ခများကို ဖြေရှင်းပြီးမှသာလျှင် စိတ်ချလက်ချဖြင့် နတ်ဘုရားနယ်မြေသို့ သွားလာနိုင်မည် ဟူသော အဓိက ရည်ရွယ်ချက်ဖြင့် ရွှယ်လင်ကုန်းမြေတိုက်ကို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်က သွေးဝိညာဥ် မျိုးနွယ်စုကို ရှင်းလင်းရန်အတွက် အကောင်းဆုံး အချိန်အခါ ဖြစ်ရာ ကျန်းချန်သည် မည်ကဲ့သို့ အလွယ်တကူ လက်လွှတ်နိုင်ပါမည်နည်း။
ကျန်းချန်၏ စကားကိုကြားလျှင် ရွှယ်ဟောင်ကန်းသည် မျက်စိမျက်နှာပျက်သွားခဲ့ပြီး ဒေါသအကြီးအကျယ် ထွက်လာခဲ့သည်။
"လူသားဧကရာဇ်ကျန်းချန်.. မင်းအနေနဲ့ သွေးဝိညာဥ်မျိုးနွယ်စုကို အတင်းအကျပ် ဖျက်ဆီးမယ်ဆိုရင် မင်းတို့ လူသားမျိုးနွယ်စု အနေနဲ့ ကြီးလေးတဲ့ အဖိုးအခကို ပေးဆပ်စေရမယ်လို့ ငါအာမခံတယ်"
"ဟုတ်လား ကောင်းပြီလေ.. ဒီဧကရာဇ်က မင်း ငါတို့ လူသားမျိုးနွယ်စုကို ဘယ်လိုအဖိုးအခမျိုး ပေးဆပ်စေမလဲ ဆိုတာ ကြည့်ချင်သေးတယ်"
စကားဆုံးသည်နှင့် ကျန်းချန်၏ ဟန်ယွမ်ဓား ပေါ်ရှိ ၇ရောင်ခြယ်ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ရွှယ်ဟောင်ကန်းကို ခုတ်ချလိုက်သည်။
ထိုမြင်ကွင်းကြောင့် ရွှယ်ဟောင်ကန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
သူက ချက်ချင်းဆိုသလိုပင် အကာအကွယ်ကို အလျင်အမြန်လှုံ့ဆော်ကာ ခုခံလိုက်၏။
ထို့နောက်တွင် သူ၏ ပတ်ပတ်လည်၌ အကာအကွယ် တစ်ခုဖြစ်ပေါ်လာခဲ့ပြီး ၇ရောင်ခြယ် ဓားအလင်းကို ပိတ်ဆို့လိုက်သည်။
"ဝုန်း.."
၇ရောင်ခြယ် ဓားအလင်းက အကာအကွယ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရွှယ်ဟောင်ကန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
သူ၏ မျက်နှာတစ်ခုလုံးက ဖြူဖျော့နေခဲ့ပြီး ပါးစပ်ကနေလည်း သွေးများ အဆက်မပြတ် အန်ထွက်နေခဲ့၏။
သူထုတ်ဖော်ထားသည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအား ပါဝင်သော အကာအကွယ်သည် ကျန်းချန်၏ ဓားချက်ကို ပိတ်ဆို့ပြီးနောက်တွင် စွမ်းအားကုန်သွားခဲ့သည်။
ထို့ကြောင့် မျက်စိဖြင့် မြင်နိုင်သော အက်ကွဲကြောင်းများသည် ထိုအကာအကွယ်ပေါ်တွင် ရုတ်တရက် ပျံ့နှံ့သွားခဲ့ပြီး အဆုံးသတ်တွင် ပေါက်ကွဲထွက်သွားခဲ့၏။
ရွှယ်ဟောင်ကန်း၏ အကာအကွယ် ပျက်စီးသွားသည်ကို မြင်လျှင် ရွှယ်ယွိရှန့်သည် စိုးရိမ်သွားခဲ့ပြီး ကူညီရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူလှုပ်ရှားလိုက်သည်နှင့် သူ၏ ရှေ့တွင် ရှိနေသော ကျီဝူရွှမ်သည် ချက်ချင်းဆိုသလိုပင် လိုက်ပါသွားခဲ့ပြီး သူ့ကို ကူညီရန် အခွင့်အရေးမပေးခဲ့ပေ။
"ငါ့ရှေ့ကနေ ထွက်သွားစမ်း"
ရွှယ်ယွိရှန့်၏ မျက်နှာက မှောင်မိုက်နေခဲ့ပြီး သူက အေးစက်စက် ကြုံးဝါးလိုက်သည်။
"ဟင့်အင်း မင်းငါ့ကို ထွက်သွားစေချင်ရင်တယ် ဆိုရင် မင်းမှာ အဲဒီလို စွမ်းရည်ရှိမရှိ ကြည့်ရသေးတာပေါ့"
ကျီဝူရွှမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
"လူသားဧကရာဇ် ကျန်းချန် မင်းငါ့ကို အတင်းအကျပ်ဖိအားပေးခဲ့တယ်.. ဒီနေ့ ငါသေရရင်တောင် မင်းကို ကြီးလေးတဲ့အဖိုးအခ ပေးဆပ်စေမယ်.. ဦးရီးတော်.. ကမ္ဘာနှစ်ခုရဲ့အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ အတွက် ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ ကမ္ဘာကြီးကို ယဇ်ပူဇော်မယ်.. လူသားမျိုးနွယ်စုက ကျွန်တော်တို့ သွေးဝိညာဥ် မျိုးနွယ်စုကို ဖျက်ဆီးချင်နေတယ်ဆိုမှတော့ သူတို့ကို ကျွန်တော်တို့နဲ့အတူတူ မြှုပ်နှံလိုက်ကြတာပေါ့"
ရွှယ်ယွိရှန့်ကို ကျီဝူရွှမ်က တားဆီးနေသောအချိန်မှာပင် ရွှယ်ဟောင်ကန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
နောက်ထပ် တစ်ခဏအတွင်း ရွှယ်ဟောင်ကန်းသည် လျှို့ဝှက်ဆန်းကြယ်သော လက်ဟန်တချို့ကို ပြုလုပ်လိုက်၏။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မိုင်တစ်ရာ ပတ်ပတ်လည်ရှိ လေထုထဲ၌ သွေးရောင်တိမ်တိုက်များ ထူထပ်လာခဲ့ပြီး ထူးဆန်းသော အာကာပြင် လှိုင်းလုံးတစ်ခုသည် လေထုထဲတွင် ပြည့်နှက်သွားခဲ့သည်။
"ကောင်းပြီ.. ငါရွှယ်ယွိရှန့်ကလည်း သွေးဝိညာဥ် မျိုးနွယ်စုကို မကာကွယ်နိုင်ခဲ့တဲ့ အတွက် ဘိုးဘေးတွေကို မျက်နှာမပြရဲတော့ဘူး.. ကျီဝူရွှမ်.. မင်းက သွေးဝိညာဥ် မျိုးနွယ်စုကို ဖျက်ဆီးချင်တဲ့ အတွက် ဒီနေ့ ငါက ကမ္ဘာနှစ်ခုရဲ့ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ငါတို့ရဲ့ ဘိုးဘွားတွေ အောက်နယ်မြေကို ဆင်းလာစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်မယ်.. မင်းတို့ လူသားမျိုးနွယ်စုတွေ အားလုံးကို ငါတို့သွေးဝိညာဥ်မျိုးနွယ်စုနဲ့အတူတူ မြှုပ်နှံပစ်မယ်"
ရွှယ်ယွိရှန့်က ရယ်မောကာပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် သွေးဝိညာဥ်မျိုးနွယ်စု၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ သွေးအလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်ပြီး လေထုထဲရှိ သွေးတိမ်တိုက် ထဲသို့ ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် မိုင်တစ်ရာ ပတ်ပတ်လည်ရှိ သွေးစွမ်းအားသည် စုဝေးသွားခဲ့ပြီး ဆန်းကြယ်သောသွေးရောင် တွင်းနက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုသွေးရောင်တွင်းနက်ကြီးတွင် ကမ္ဘာ၏ တားမြစ်ချက်ကိုချိုးဖျက်ရန် စွမ်းအားရှိနေပုံ ပေါ်ပြီး အဆုံးသတ်တွင် လေထုထဲ၌ လျှို့ဝှက်ဆန်းကြယ်သော သွေးတံခါးတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုသွေးတံခါး၏ နောက်ကွယ်တွင် တခြားသော ကမ္ဘာတစ်ခုရှိနေသည်ဟု ထင်ရသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါများသည် သွေးတံခါး၏ နောက်ကွယ်ကနေ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။
"ချန်အာ သတိထား.. ရွှယ်ယွိရှန့်နဲ့ ရွှယ်ဟောင်ကန်းတို့က သူတို့ကိုယ် သူတို့ ယဇ်ပူဇော်ပြီး ရွှယ်လင်ကုန်းမြေတိုက်နဲ့ နတ်ဘုရားနယ်မြေကြားက အတားအဆီးကို အတင်းအကျပ် ဖွင့်လှစ်ခဲ့ကြတယ်.. ဒါကြောင့် သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ပကတိ နတ်ဘုရားအဆင့် ကျင့်ကြံသူက သိပ်မကြာခင် ရောက်လာတော့မယ်"
ကျီဝူရွှမ်၏ ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ နံဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
သူမ၏ လှပသော မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ရွှယ်ယွိရှန့်နှင့် ရွှယ်ဟောင်ကန်းတို့က သူတို့ကိုယ် သူတို့ယဇ်ပူဇော်ကာ သွေးဝိညာဥ် မျိုးနွယ်စု၏ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူကို နတ်ဘုရားနယ်မြေကနေ ဆင့်ခေါ်လိမ့်မည်ဟု ကျီဝူရွှမ် မမျှော်လင့်ထားခဲ့ပေ။
သူ့အမေ၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
"ပကတိ နတ်ဘုရားတွေကို အောက်နယ်မြေက ခွင့်မပြုထားဘူး မဟုတ်လား.. သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ပကတိနတ်ဘုရားတွေက ဘယ်လိုဖြစ်ပြီး ရွှယ်လင်ကုန်းမြေတိုက်ကို ဆင်းသက်လာနိုင်တာလဲ"
"ပကတိ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အောက်နယ်မြေမှာ ပေါ်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး.. အခုဆင်းလာမှာက ပကတိ နတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်သက်သက်ပဲ"
ကျီဝူရွှမ်က အလေးအနက် ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ပကတိ နတ်ဘုရားအဆင့်က ကပ်ဘေးကို ဖြတ်ကျော်သွားရတဲ့အတွက် သေမျိုးတွေကို ပုရွက်ဆိတ်အဖြစ်ပဲ ထင်မှတ်ကြတယ်.. ဒါက ကိုယ်ပွားပုံရိပ်သက်သက် ဖြစ်နေရင်တောင် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ကိုင်တွယ်ဖို့ လုံးဝမဖြစ်နိုင်ဘူး"
"ဝုန်း.."
နှစ်ယောက်သား စကားပြောနေသော အချိန်မှာပင် ပြင်းထန်သော သွေးအလင်းသည် လေထုထဲရှိ သွေးတံခါးထံကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုသွေးအလင်းသည် လေထုထဲတွင် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ပြီး အဆုံးသတ်တွင် ခက်ထန်သော မျက်နှာထားရှိသည့် ပုံရိပ်တစ်ခုသည် သွေးတံခါးထဲကနေ အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။
ထိုသွေးပုံရိပ် ပေါ်ပေါက်လာမှုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကမ္ဘာကြီးကိုပင် အဆက်မပြတ်တုန်လှုပ်စေခဲ့သည်။
အခန်း(၁၅၀၁)ပြီး၏။
အခန်း(၁၅၀၂)
ကောင်းကင်ယံရှိ သွေးစွမ်းအားသည် အရာအားလုံးကို လွှမ်းမိုးထားပြီး အလွန်အမင်း ပြင်းထန်နေခဲ့သည်။
အောက်ဘက်မှ အင်ပါယာနယ်ပယ် အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများ အားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းသော အထွတ်အထိပ် စွမ်းအား၏ ဖိအားအောက်တွင် တုန်လှုပ်သွားခဲ့ကြပြီး ကိုးကွယ်လိုစိတ်များပင် ခံစားခဲ့ရ၏။
"သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နောက်ဆုံး သွေးအင်ပါယာ ရွှယ်ကျုံးထန်းပါလား"
ကျီဝူရွှမ်က လေထုထဲတွင် ထွက်ပေါ်လာသော ပကတိနတ်ဘုရား၏ ပုံရိပ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူမ၏ အကြည့်က အလွန်ပင် လေးနက်နေခဲ့သည်။
ဤပကတိနတ်ဘုရား ကိုယ်ပွားပုံရိပ်သည် မကြာသေးမီက ကျန်းဝူရနှင့် တိုက်ခိုက်ပြီး တစ်ချိန်တည်းမှာပင် နတ်ဘုရားနယ်မြေသို့ တက်လှမ်းသွားသော ရွှယ်ကျုံးထန်းပင် ဖြစ်၏။
ကျီဝူရွှမ် သာမက လူသားမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူများသည် သွေးဝိညာဥ်မျိုးနွယ်စု၏ နောက်ဆုံး သွေးအင်ပါယာ ဖြစ်သော ရွှယ်ကျုံးထန်းကို သဘာဝအားဖြင့် မစိမ်းကြပေ။
ထို့ကြောင့် ရွှယ်ကျုံးထန်းကို တွေ့မြင်လိုက်သည်နှင့် သူတို့၏ မျက်နှာများသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့ကြ၏။
ပကတိနတ်ဘုရားအဆင့် ဆိုသည်မှာ ကိုယ်ပွားပုံရိပ်သာ ဖြစ်နေလျှင်ပင် သာမန်မဟုတ်သည့် လူတစ်ယောက် ဖြစ်သည်။
သူတို့ လူသားမျိုးနွယ်စုသည် သူတို့ရှေ့မှ ရွှယ်ကျုံးထန်းနှင့် ရင်ဆိုင်ရန် အတွက် ပကတိနတ်ဘုရား တစ်ပါးကို ဆင့်ခေါ်နိုင်မှသာလျှင် ဖြစ်နိုင်လိမ့်မည်ဟု စိုးရိမ်ခဲ့ကြသည်။
"ကျွတ်ကျွတ်.. ငါနတ်ဘုရားနယ်မြေကို တက်ပြီး သိပ်မကြာခင်မှာပဲ ငါ့ရဲ့ သွေးဝိညာဥ်မျိုးနွယ်စုက ဒီအဆင့်အထိတောင် ကျဆင်းသွားခဲ့ပြီလား"
ရွှယ်ကျုံးထန်းက အောက်ဘက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်တွင် သက်ပြင်း အနည်းငယ်ချကာ ရေရွတ်လိုက်သည်။
"သွေးအင်ပါယာ ရွှယ်ကျုံးထန်း.. အခု ရောက်ရှိလာတာက ငါတို့ရဲ့ သွေးအင်ပါယာ ရွှယ်ကျုံးထန်းပဲ"
"သွေးဝိညာဥ်မျိုးနွယ်စုက သွေးအင်ပါယာ ရောက်ရှိလာတာကို ကြိုဆိုပါတယ်.. လူသားမျိုးနွယ်စုက ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စုကို ဖျက်ဆီးချင်နေပါတယ်.. သွေးအင်ပါယာ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးဖို့ တောင်းဆိုပါရစေ"
အောက်ဘက်ရှိ သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုကာ ဒူးထောက်လိုက်ကြသည်။
ရွှယ်ဟောင်ကန်းနှင့်ရွှယ်ယွိရှန့်တို့သည် သူတို့ကိုယ်သူတို့ ကောင်းကင်ယံသို့ ယဇ်ပူဇော်ခဲ့ကြပြီးနောက်တွင် သူတို့၏ နောက်ဆုံး သွေးအင်ပါယာဖြစ်သော ရွှယ်ကျုံးထန်းသည် နတ်ဘုရားနယ်မြေကနေ ဆင်းသက်လာခဲ့သည်။
ထိုအတွက်ကြောင့် သူတို့ သွေးဝိညာဥ်မျိုးနွယ်စုသည် အဆုံးသတ်တွင် ကယ်တင်ခြင်းခံရတော့မည် မဟုတ်ပါလော။
"ဘာမှစိတ်မပူနဲ့ ဒီအင်ပါယာ ရောက်လာပြီဆိုမှတော့ မင်းတို့ကို အန္တရာယ်ပြုနေတဲ့ လူသားမျိုးနွယ်စုကို သုတ်သင်ပေးမယ်"
ထိုစကားကို ပြောပြီးနောက်တွင် ရွှယ်ကျုံးထန်း၏အကြည့်သည် ကျီဝူရွှမ်နှင့် ကျန်းချန်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
"ကျီဝူရွှမ် မင်းက တော်တော်လေး လက်စောင်းထက်နေတယ်ပေါ့လေ.. ငါနဲ့ ကျန်းဝူရ နတ်ဘုရားနယ်မြေကို တက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ်.. ဒီအချိန်တိုလေး အတွင်းမှာ မင်းက ငါ့ရဲ့ သွေးဝိညာဥ်မျိုးနွယ်စုကို ဒီအခြေအနေအထိ တွန်းပို့နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး"
ရွှယ်ကျုံးထန်း၏ အသံကြောင့် ဤအချိန်တွင် ကမ္ဘာတစ်ခုလုံးသည် လှုပ်ယမ်းသွားခဲ့သည်။
မိုင်တစ်ရာ အကွာအဝေးရှိ ပတ်ဝန်းကျင်သည်ပင် ထိုအသံကြောင့် တုန်ယင်သွားခဲ့ပြီး အာကာပြင် အက်ကွဲကြောင်းများပင် ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
ကျီဝူရွှမ်နှင့် ကျန်းချန်တို့၏ အမူအရာများသည်ပင် ပြောင်းလဲသွားခဲ့၏။
သူတို့က ရွှယ်ကျုံးထန်း၏ အသံစွမ်းအားကို ခွန်အားအကုန်အစင် ထုတ်သုံးကာ ခုခံလိုက်ကြသည်။
သို့သော် ထိုသို့ ခုခံလင့်ကစား နှစ်ဦးစလုံးသည် အသံစွမ်းအား၏ ရိုက်ခတ်မှုကြောင့် လေထုထဲတွင် ပေထောင်ချီအကွာအဝေးအထိ နောက်ဆုတ်လိုက်ရသည်။
"လတ်စသတ်တော့ လူသားမျိုးနွယ်စုမှာ အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်နဲ့ နတ်စွမ်းအားကို မွေးမြူနိုင်တဲ့ နတ်တစ်ပိုင်းအဆင့် ချာတိတ်လေးတစ်ယောက် ရှိနေတာကိုး.. မင်းတို့ လူသားမျိုးနွယ်စုက ငါရဲ့ သွေးဝိညာဥ်မျိုးနွယ်စုကို ဒီအခြေအနေအထိ တွန်းပို့နိုင်တာ အံ့သြစရာ မရှိတော့ဘူး"
အောက်ဘက်တွင် ရှိနေသည့် ကျန်းချန်ကို ကြည့်ကာ ရွှယ်ကျုံးထန်း၏ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်စွမ်းအားကို မွေးမြူနိုင်သည်မှာ နတ်ဘုရား နယ်မြေမှာပင် အလွန်ရှားပါးသော ပါရမီရှင် ဖြစ်သည်။
သူ နတ်ဘုရားနယ်မြေသို့ တက်ပြီး မကြာမီမှာပင် ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုတွင် ထိုကဲ့သို့ အထွတ်အထိပ် ပါရမီရှင်တစ်ဦး ထွက်ပေါ်လာလိမ့်မည်ဟု ရွှယ်ကျုံးထျန်း မထင်ထားခဲ့ပေ။
"ချန်အာ.. ဒါက ပကတိနတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်ပဲ.. သေမျိုးတွေအနေနဲ့ ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး"
ကျီဝူရွှမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို တိုက်ရိုက်ပင် ပြောလိုက်သည်။
"သား နောက်ဆုတ်နေ.. အမေ ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းကို ဖွင့်ပြီး လူသားမျိုးနွယ်စုရဲ့ ပကတိနတ်ဘုရားကို ဆင့်ခေါ်မယ်"
"အမေ.. ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွန်တော်နဲ့ပဲ လွှဲထားလိုက်ပါ"
ကျန်းချန်က ကျီဝူရွှမ်ကို ကပျာကယာ တားဆီးလိုက်သည်။
ကမ္ဘာနှစ်ခု၏ လမ်းကြောင်းကို အစောပိုင်းက သွေးဝိညာဥ်မျိုးနွယ်စု ဖွင့်လှစ်လိုက်သည့် အခြေအနေကနေ ကျန်းချန်သည် ပကတိနတ်ဘုရားကို ဆင့်ခေါ်ရန်အတွက် ကြီးလေးသည့်အဖိုးအခတစ်ခု ပေးဆပ်ရသည်ကို မြင်ခဲ့ရ၏။
ထို့ကြောင့် ကျန်းချန်က ကျီဝူရွှမ် သူ့ဘာသာသူ ယဇ်ပူဇော်ပြီး လူသားမျိုးနွယ်စု၏ ပကတိနတ်ဘုရားအား ဆင့်ခေါ်စေရန် မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။
"ပကတိနတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်ကို သားက ကိုင်တွယ်မယ်ဟုတ်လား"
ကျီဝူရွှမ်က ခဏမျှ မှင်တက်သွားပြီးမှ ချက်ချင်းပင် လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ချန်အာ.. ဒါက ပကတိနတ်ဘုရားရဲ့ကိုယ်ပွားပုံရိပ်ပဲ.. သား မိုက်ရူးရဲဆန်လို့ မဖြစ်ဘူး"
"အမေ မစိုးရိမ်ပါနဲ့.. ပကတိနတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်က အစွမ်းထက်ပေမဲ့လည်း ဒါက အောက်နယ်မြေကို ဆင်းသက်ဖို့အတွက် ပကတိနတ်ဘုရားက ပုံဖော်ထားတဲ့ ကိုယ်ပွားပုံရိပ်လေး တစ်ခုပါပဲ. ဒီကိုယ်ပွားပုံရိပ်ကို ပကတိနတ်ဘုရားက စွမ်းအင်အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားတယ်.. သူ စွမ်းအားအနည်းငယ် အသုံးပြုလိုက်တိုင်းမှာ စွမ်းအင်တွေက တဖြည်းဖြည်း ပျံ့လွင့်သွားလိမ့်မယ်.. သားအနေနဲ့ တစ်ခဏလောက် အချိန်ဆွဲထားလိုက်ရုံပါပဲ.. ဒါ့အပြင် သားမှာ အသက်ကယ်ဝှက်ဖဲတွေ ရှိပါသေးတယ်.. မတော်မဆ ရှုံးနိမ့်သွားခဲ့ရင်တောင် ကိုယ့်အသက်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းရှိပါတယ်"
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။
ကျီဝူရွှမ်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးမှ နောက်ထပ်စကားကို ပြောတော့မည့် အချိန်မှာပင် ရွှယ်ကျုံးထန်း၏ အသံသည် သူတို့၏နားထဲကို ဝင်ရောက်လာခဲ့သည်။
"မင်းတို့နှစ်ယောက်က ကောင်းကင်ကို ယဇ်ပူဇော်ပြီး ကမ္ဘာနှစ်ခုကြားက ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်သူဖွင့်လှစ်မလဲ ဆိုတာ ဆွေးနွေးနေကြတာလား.. ဆွေးနွေးပြီးရင်လည်း အမြန်စလိုက်ကြစို့.. အရင်တုန်းက ငါနဲ့ ကျန်းဝူရ တိုက်ခိုက်ခဲ့ကြပေမဲ့ အရှုံးအနိုင် အဖြေမပေါ်ခဲ့ဘူး.. ကဲ မင်းတို့ ဆင့်ခေါ်မယ် ဆိုရင်လည်း မြန်မြန်လေးသာ ဆင့်ခေါ်လိုက်.. ကျန်းဝူရနဲ့ တိုက်ခိုက်ဖို့ ငါစောင့်နေမယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်သည် လေထဲတွင် ခြေလှမ်းလှမ်းကာ ရွှယ်ကျုံးထန်း၏ အရှေ့ကို ရောက်လာခဲ့သည်။
ထို့နောက် သူ၏ ရှေ့တွင်ရှိသော ရွှယ်ကျုံးထန်းကို ကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။
"မင်းရဲ့ ကိုယ်ပွားပုံရိပ်လေးကို ကိုင်တွယ်ဖို့အတွက်က ငါကျန်းချန်နဲ့တင် လုံလောက်ပါတယ်.. ငါ့အဖေကို ဘာလို့ ဆင့်ခေါ်စရာ လိုအပ်မှာလဲ"
"သြော် လက်စသတ်တော့ မင်းက ကျန်းဝူရရဲ့ သား ဖြစ်နေတာကိုး.. မင်းမှာ ဒီလောက်အထိ ပါရမီရှိတာ အံ့သြစရာ မဟုတ်တော့ဘူး.. ဒါပေမဲ့ မင်းအနေနဲ့ သေမျိုးနဲ့ နတ်ဘုရားကြားက ကွာဟချက်ကို မသိတာတော့ ဝမ်းနည်းစရာပဲ"
ရွှယ်ကျုံးထန်းက ခေါင်းခါရမ်းကာ လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"မင်းရဲ့ပါရမီက မွန်းစတားဆန်တယ် ဆိုရင်တောင် လက်ရှိအချိန်မှာ သေမျိုးတစ်ယောက်ပဲ.. ငါ့ရဲ့ရှေ့မှာ သေမျိုးတွေဖြစ်တည်မှုက ပုရွက်ဆိတ် အဆင့်လောက်ပဲ ရှိတယ်ဆိုတာ မင်း သိသင့်တယ်"
"ကောင်းပြီလေ ဒါဆိုရင်လည်း မင်းရဲ့ ခွေးမျက်လုံးကို ပြူးနေအောင် ဖွင့်ထားပြီး ငါလို သေမျိုးတစ်ယောက်က မင်းလို ပကတိနတ်ဘုရား ကိုယ်ပွားပုံရိပ်ကို ဘယ်လိုဖျက်ဆီးမလဲ ဆိုတာ စောင့်ကြည့်နေလိုက်"
ကျန်းချန်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အတင့်ရဲလိုက်တာ.. သာမန် သေမျိုးလေးကများ ငါ့ကိုစော်ကားရဲတယ်.. မင်းဒီလောက်တောင် သေချင်နေမှတော့ ဒီအင်ပါယာက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျန်းချန်၏ မောက်မာသောစကားကို ကြားလျှင် ရွှယ်ကျုံးထန်း၏ မျက်လုံးများတွင် ဒေါသရိပ်များ ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့သည်။
သူက ကပ်ဘေးကို ဖြတ်ကျော်ထားသော ပကတိနတ်ဘုရားတစ်ပါး ဖြစ်သည်။
အောက်နယ်မြေမှ သေမျိုးကောင်လေး တစ်ယောက်သည် သူ့ကို မထီမဲ့မြင် ပြုရဲပါသလော။
ရွှယ်ကျုံးထန်းက ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ ဧရာမ သွေးလက်ဝါးသည် ကြောက်မက်ဖွယ်စွမ်းအားဖြင့် ဆယ်မိုင်အကွာအဝေးရှိ လေထုကို ချိုးဖျက်ကာ ကျန်းချန်၏ ဦးခေါင်းထိပ်ကနေ ရုတ်တရက် ဖိနှိပ်လိုက်သည်။
"စိတ်ဝိညာဥ် ငြိမ်းသတ်ခြင်း စည်းတံဆိပ်"
ကျန်းချန်ကလည်း တုံ့ဆိုင်းမနေဘဲ လက်ဟန်များကို ပြုလုပ်ကာ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံး စည်းတံဆိပ်ကို ထုတ်ဖော်လိုက်၏။
တစ်ခဏအတွင်းမှာ ပေထောင်ချီ ထုထည်ရှိသော အနက်ရောင် လေးထောင့်တုံးစည်းတံဆိပ်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး သွေးလက်ဝါးကို ရင်ဆိုင်လိုက်၏။
"ဝုန်း.."
တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်ချင်း ရိုက်ခတ်မှုသည် ကောင်းကင်ယံရှိ အာကာပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
ကျန်းချန်၏ စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် သွေးလက်ဝါးကို ခဏကြာအောင် တောင့်ခံပြီးနောက်တွင် သွေးလက်ဝါး၏ ဖိနှိပ်မှုအောက်၌ တိုက်ရိုက်ပင် ပြိုကျသွားခဲ့သည်။
သူ၏ စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ် ပြိုကျသွားသော်လည်း ကျန်းချန်၏ အမူအရာက တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့၏။
သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်ကာ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ဖြစ်သော ကျူးရှန်း စည်းတံဆိပ်ကို ထပ်မံ စုဖွဲ့လိုက်သည်။
ကျူးရှန်းစည်းတံဆိပ်၏ တောက်ပသော ရွှေရောင်အလင်းကြောင့် ကမ္ဘာတစ်ခုလုံးပင် ထွန်းလင်းသွားခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် လေထဲတွင် ရှိနေသော သွေးလက်ဝါးကို ကျူးရှန်းစည်းတံဆိပ်ဖြင့် ထပ်မံ ရင်ဆိုင်စေခဲ့၏။
လေထုထဲတွင် ကမ္ဘာတစ်ဝှမ်းလုံးကို တုန်ခါစေသည့် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံသည် ပဲ့တင်ထပ်လာခဲ့သည်။
မိုင်တစ်ရာအကွာအဝေးရှိ ပတ်ဝန်းကျင်မှ လေထုသည်ပင် ရွှေရောင်နှင့်အနီရောင် ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းများဖြင့် ပြည့်နှက်နေခဲ့၏။
စွမ်းအင် ရိုက်ခတ်မှုကြောင့် ကျန်းချန်သည်ပင် ပေထောင်ချီအကွာအဝေးသို့ နောက်ဆုတ်လိုက်ရသည်။
သူက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီး ဆန့်ကျင်ဘက်တွင် မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေသည့် ရွှယ်ကျုံးထန်းကို ကြည့်လိုက်သည်။
ဤအချိန်တွင် ကျန်းချန်၏ အမူအရာသည် အလွန်တရာလေးနက်နေခဲ့၏။
ပကတိ နတ်ဘုရားအဆင့်သည် မျှော်လင့်ထားသည့် အတိုင်းပင် သာမန်သေမျိုးများ ယှဥ်ပြိုင်နေသောအဆင့် မဟုတ်ပေ။
ရွှယ်ကျုံးထန်းသည် ပကတိနတ်ဘုရား၏ ကိုယ်ပွားပုံရိပ်သာ ဖြစ်နေလျှင်ပင် လူသားဧကရာဇ် စည်းတံဆိပ်နှစ်ခုဖြင့် တိုက်ခိုက်မှုသည် ရွှယ်ကျုံးထန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်ရုံမျှသာ ဖြစ်ခဲ့၏။
ဆိုရလျှင် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် သေမျိုးများသည် မည်သည့် ခုခံနိုင်စွမ်းမှ မရှိချေ။
"မင်းရဲ့ လူသားဧကရာဇ် စည်းတံဆိပ်က တကယ်ကို အားကောင်းတာပဲ.. မင်းရဲ့ အဆင့်လောက်နဲ့ လူသားဧကရာဇ်စည်းတံဆိပ် နှစ်ခုကို အသုံးပြုပြီး ငါ့ရဲ့တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်တယ် ဆိုတော့ ဘယ်ဆိုးလို့လဲ.. မင်းက လူသားဧကရာဇ်စည်းတံဆိပ်ရဲ့ တတိယမြောက် စည်းတံဆိပ်ကို ကျွမ်းကျင်ထားမယ် ဆိုရင်တော့ ငါ့ရဲ့ နောက်ထပ် တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်လိမ့်မယ်.. မဟုတ်ရင်တော့ မင်းအတွက် သေခြင်းတရားတစ်ခုပဲ ရှိတယ်"
ရွှယ်ကျုံးထန်းက ကျန်းချန်ကို ထီမထင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်ပြီးနောက်တွင် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။
တစ်ခဏအတွင်းမှာ ဧရာမ သွေးလက်ညှိုး တစ်ချောင်းသည် ဆယ်မိုင်အကွာအဝေးရှိ လေထုကို ထိုးဖောက်ကာ ကျန်းချန်၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
အခန်း(၁၅၀၂)ပြီး၏။
အခန်း(၁၅၀၃)
ကျန်းချန်က ချက်ချင်းဆိုသလိုပင် ဥပဒေသ၇မျိုး၏ စွမ်းအားဖြင့် ဟန်ယွမ်ဓားကို တစ်ဖန် စုဖွဲ့လိုက်ကာ ကောင်းကင်ယံရှိ သွေးလက်ညှိုးကို ရင်ဆိုင်လိုက်သည်။
ကြောက်မက်ဖွယ် အင်အားနှစ်ရပ်သည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြပြီး ဖျက်ဆီးခြင်း မုန်တိုင်းစွမ်းအင်တစ်ခုသည်ပင် ထွက်ပေါ်လာခဲ့သည်။
ဆယ်မိုင်အကွာအဝေးရှိ ပတ်ဝန်းကျင်ပင် အနက်ရောင်အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားခဲ့၏။
ကျန်းချန်၏ ခန္ဓာကိုယ်က ရွှယ်ကျုံးထန်း၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ပေထောင်ချီ အကွာအဝေးသို့ ထပ်မံလွင့်စင်သွားခဲ့သည်။
"ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ.. အရှင်မင်းကြီးက အစွမ်းထက်ပေမဲ့ ပကတိနတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်ကို ရင်မဆိုင်နိုင်မှာ စိုးရိမ်မိတယ်"
".........."
ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သည် အထိ ပါရမီရှိသော သူတို့၏ အရှင်မင်းကြီးသည်ပင် ပကတိနတ်ဘုရားကိုယ်ပွားပုံရိပ်၏ ပြိုင်ဘက် မဟုတ်သည်ကို မြင်လျှင် လူသားမျိုးနွယ်စုမှ အကြီးအကဲများသည် ထိတ်လန့်သွားခဲ့ကြသည်။
"ရှင်တို့ ဘာတွေ ထိတ်လန့်နေကြတာလဲ.. ချန်အာသာ မတော်တဆ ရှုံးနိမ့်ခဲ့ရင် လူသားမျိုးနွယ်စုရဲ့ ပကတိနတ်ဘုရားကို ငါကိုယ်တိုင် ဆင့်ခေါ်မယ်"
ကျီဝူရွှမ်က ပြတ်သားစွာ ကြုံးဝါးလိုက်သည်။
ကျန်းချန်သည် သူမ၏ တစ်ဦးတည်းသောသား ဖြစ်သည်။
သူမက သူမ၏သားကို ယုံကြည်သောကြောင့် ဘာမှမလုပ်ခဲ့ပေ။
သို့သော်လည်း ကျန်းချန်သာ အမှန်တကယ် အန္တရာယ်ရှိနေလျှင် သူမသည် သူမကိုယ်သူမ ယဇ်ပူဇော်လိမ့်မည်သာဖြစ်၏။
"ဥပဒေသ ၇မျိုးရဲ့စွမ်းအားပါလား.. ဒီထဲကမှ ဓားဥပဒေသက ဒုတိယအဆင့်ကိုတောင် ရောက်ရှိနေခဲ့ပြီ.. ကောင်လေး.. မင်းရဲ့ပါရမီက တကယ်ကို ရူးသွပ်လောက်စရာပဲ"
သူ၏ တိုက်ခိုက်မှုကို ဥပဒေသ၇မျိုး၏ စွမ်းအားကို အသုံးပြုကာ ထပ်မံ ပိတ်ဆို့လိုက်သော ကျန်းချန်ကို ကြည့်ရင်း ရွှယ်ကျုံးထန်း၏ မျက်ဝန်းတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က ဟန်ယွမ်ဓားကို လက်ထဲတွင် ကိုင်စွဲထားရင်း အေးစက်စက် တုံ့ပြန် ပြောဆိုလိုက်၏။
"ပကတိနတ်ဘုရားအဆင့်က တကယ်ကို သန်မာပါတယ်.. ဝမ်းနည်းစရာကတော့ မင်းက ကိုယ်ပွားပုံရိပ် ဖြစ်နေခဲ့တာပဲ"
"ဟမ့်.. ကိုယ်ပွားပုံရိပ်တစ်ခုက မင်းလို သေမျိုးအဆင့်ပုရွက်ဆိတ်ကို သတ်ဖို့ လုံလောက်တာထက်တောင် ပိုပါသေးတယ်"
စကားဆုံးသည်နှင့် ရွှယ်ကျုံးထန်း၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသော အရှိန်အဝါများသည် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့လာခဲ့သည်။
ဤကောင်လေး၏ ကိုယ်ခံပညာ ပါရမီသည် နတ်ဘုရားနယ်မြေမှ ပါရမီရှင်များထက် မနိမ့်ကျပေ။
အောက်နယ်မြေတွင် ရှိနေစဥ်မှာပင် နတ်တစ်ပိုင်းအဆင့်စွမ်းအားကို မွေးမြူနိုင်နေပြီ မဟုတ်ပါလော။
ယနေ့တွင်သာ ထိုကောင်လေးကို မဖယ်ရှားပစ်နိုင်လျှင် ရွှယ်လင်ကုန်းမြေတိုက်ရှိ သွေးဝိညာဥ် မျိုးနွယ်စုသည် ထိုကောင်လေး၏လက်ထဲတွင် အမှန်တကယ် ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။
"သွေးမိုးများရွာချစေ"
ရွှယ်ကျုံးထန်းက အေးစက်စက် ကြုံးဝါးလိုက်ပြီး သူ၏လက်နှစ်ဖက်ကို လှုပ်ရှားလိုက်သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်မိုင်ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တွင် ထူထဲသော သွေးတိမ်တိုက်များ စုစည်းသွားခဲ့သည်။
ကမ္ဘာကြီး တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထို့နောက်တွင် ထူထဲသော သွေးတိမ်တိုက်များထံကနေ သွေးရောင် မိုးစက်များသည် ကျဆင်းလာခဲ့၏။
ထိုသွေးမိုးစက် တစ်စက်ချင်းစီတွင် ကြောက်မက်ဖွယ်စွမ်းအားများ ရှိနေခဲ့ပြီး လေထုထဲတွင် ရုန့်ရင်းသော အာကာပြင်လှိုင်းများကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ကျန်းချန်က ဟန်ယွမ်ဓားကို အသုံးပြုကာ နေရာလွတ်ဥပဒေသကို အထူးပြုခဲ့ပြီး ဥပဒေသ၇မျိုး၏ စွမ်းအားများကို ပေါင်းစည်း၍ သူ၏ဦးခေါင်းအထက်တွင် တောက်ပသောနေရာလွတ် အကာအကွယ် အတားအဆီးတစ်ခုကို စုဖွဲ့လိုက်သည်။
"ထောက်.. ထောက်.."
ကောင်းကင်ယံကနေ ကျဆင်းလာသော သွေးမိုးစက်သည် ကျန်းချန်၏ နေရာလွတ် အကာအကွယ် အတားအဆီးပေါ်သို့ အဆက်မပြတ် ကျဆင်းနေခဲ့၏။
သွေးစက်တိုင်းသည် နေရာလွတ် အကာအကွယ် အတားအဆီးပေါ်တွင် ဆန်းကြယ်သော သွေးပေါက်ရာများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် နေရာလွတ် အကာအကွယ် အတားအဆီးသည် သွေးမိုးစက်များကြောင့် အလွန်လျင်မြန်စွာပင် စကာပေါက်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အပေါက်များအဖြစ် ပြည့်နှက်သွားခဲ့၏။
အဆုံးသတ်တွင်မူ နေရာလွတ် အကာအကွယ် အတားအဆီး တစ်ခုလုံးသည် သွေးမိုးစက်ကို မခုခံနိုင်တော့ဘဲ လေထုထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။
နေရာလွတ် အကာအကွယ်အတားအဆီး ပေါက်ကွဲသွားသော်လည်း လေထုထဲရှိ သွေးမိုးစက်များသည် ဆက်လက်ကျဆင်းနေဆဲပင်။
"ချန်အာ"
ကျန်းချန်က သွေးမိုးစက်များ၏ လွှမ်းခြုံမှုကို ခံရတော့မည်ကိုမြင်လျှင် ကျီဝူရွှမ်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်မှာပင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လေထု တစ်ခုလုံးသည် စွမ်းအင်လှိုင်းလုံးများဖြင့် တုန်ခါသွားခဲ့သည်။
ကျီဝူရွှမ်က တအံ့တသြဖြစ်ကာ ကြည့်လိုက်သောအခါ ကျန်းချန် မူလက ရှိနေသော နေရာတွင် ဧရာမ ကြေးဒယ်စောက်အိုးတစ်ခုသာ ရှိနေသည်ကို တွေ့လိုက်ရသည်။
"ထန်း... ထန်း..."
ကောင်းကင်ပေါ်ကနေ ကျဆင်းလာသော သွေးမိုးစက်များသည် ဧရာမ ကြေးဒယ်စောက်အိုးပေါ်သို့ အဆက်မပြတ်ကျဆင်းလာခဲ့ရာ သတ္တုချင်း ထိခတ်မိသောအသံသည် ကမ္ဘာတစ်ဝန်းလုံးကို အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့၏။
ဤအခြေအနေသည် လေထုထဲကနေ ကျဆင်းလာသည့် သွေးမိုးများ ပျောက်ကွယ်သည်အထိ ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် ဧရာမကြေးဒယ်စောက်အိုးထဲကနေ ပျံသန်း၍ ထွက်လာခဲ့ပြီး ဒယ်စောက်အိုး၏ ထိပ်တွင် ဝင့်ကြွားစွာ ရပ်နေသည်ကို အားလုံးက မြင်လိုက်ရ၏။
သူက လေထုထဲရှိ ရွှယ်ကျုံးထန်းကို မော့ကြည့်ကာ ပေါ့ပါးစွာပင် ပြောလိုက်၏။
"ရွှယ်ကျုံးထန်း.. ပကတိနတ်ဘုရားရဲ့ ကိုယ်ပွားပုံရိပ်လောက်က ငါ့ကို မယှဥ်နိုင်ဘူးလို့ ငါပြောခဲ့သားပဲ"
"ဒါက နတ်အဆင့် မှော်ရတနာများလား"
ကျီဝူရွှမ်က ကျန်းချန်၏ ခြေထောက်အောက်ရှိ ဧရာမကြေးဒယ်စောက်အိုးကို တအံ့တသြ ကြည့်ကာ သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
ကျန်းချန်ထံတွင် ပကတိနတ်ဘုရား၏ ကိုယ်ပွားပုံရိပ်နှင့် ယှဥ်ပြိုင်နိုင်သော ဝှက်ဖဲတချို့ ရှိနေပုံရသည်။
"ကောင်လေး မင်းလို မလောက်လေး မလောက်စားမှာ ဒီလိုရတနာမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါပေမဲ့ ဝမ်းနည်းစရာပဲ.. မင်းက ဒီမှော်ရတနာရဲ့ သခင် အစစ်အမှန်မဟုတ်တဲ့ အတွက် ဘယ်လို အသက်သွင်းရမလဲ ဆိုတာကို မသိသေးတဲ့ပုံပဲ.. မဟုတ်ရင်တော့ ကိုယ်ပွားပုံရိပ် သက်သက်သာဖြစ်တဲ့ ငါက တကယ်ကို ကူကယ်ရာမဲ့သွားနိုင်တယ်"
သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန်အတွက် ကျန်းချန်က နတ်အဆင့် မှော်ရတနာတစ်ခုအား အသုံးပြုလိုက်သည်ကို မြင်လျှင် ရွှယ်ကျုံးထန်း၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤကောင်လေးကို ဤလောကကြီးတွင် နောက်ထပ် အသက်ရှင်ခွင့်ပေး၍ မဖြစ်တော့ပေ။
အကြောင်းအရင်းမှာ ဤကောင်လေးသည် မွန်းစတားဆန်လွန်းသော ပါရမီရှင် ဖြစ်ရုံသာမက ဝှက်ဖဲများသည်လည်း များစွာ ရှိနေသောကြောင့်ပင်။
သူကမူ အောက်နယ်မြေသို့ ဆင်းသက်လာရသောကြောင့် ကိုယ်ပွားပုံရိပ်ရှိ ကန့်သတ်စွမ်းအားသည် တဖြည်းဖြည်းလျော့နည်းစ ပြုလာခဲ့ချေပြီ။
ထို့ကြောင့် အချိန်ဆွဲနေလျှင် သူ၏ ကိုယ်ပွားပုံရိပ်စွမ်းအားသည် ကျန်းချန်၏ လက်ချက်ဖြင့် အမှန်တကယ် ကုန်ဆုံးသွားလိမ့်မည်ကိုပင် စိုးရိမ်လာမိသည်။
"ရွှယ်ကျုံးထန်း.. မင်းင့ါရှေ့မှာ ဟိတ်ဟန်လာထုတ်မနေနဲ့.. မင်းအခုလေးတင် တိုက်ကွက်သုံးကွက် ဆက်တိုက် ထုတ်ဖော်လိုက်တဲ့အတွက် မင်းရဲ့ ကိုယ်ပွားမှာ စွမ်းအားတွေ အများအပြား ကုန်သွားပြီ မဟုတ်လား"
ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ငါက ဒီအသွင်ပြောင်း ဒယ်စောက်အိုးကို အသုံးမပြုခဲ့ရင်တောင် မင်းရဲ့ လက်ကျန်စွမ်းအားလေးနဲ့ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"
"ငါ့မှာ စွမ်းအား အများအပြား မကျန်ရှိတော့ဘူး ဆိုတာတော့ အမှန်ပဲ.. ဒါပေမဲ့ မင်းလို မလောက်လေး မလောက်စားကို သတ်ဖြတ်ဖို့ အတွက်ကတော့ လုံလောက်တာထက်တောင် ပိုနေပါသေးတယ်"
ရွှယ်ကျုံးထန်း၏ စကားသံ အဆုံးသတ်သည်နှင့် လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်စွမ်းအားနှင့် သွေးဥပဒေသ စွမ်းအားသည် ရွှယ်ကျုံးထန်း၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။
တဖြည်းဖြည်းဖြင့် သွေးဥပဒေသ စွမ်းအားနှင့် နတ်စွမ်းအားသည် သေးငယ်သော ကမ္ဘာလေးအဖြစ် တိုက်ရိုက် စုဖွဲ့သွားခဲ့ပြီး လေထုတစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။
ထိုသွေးကမ္ဘာကို ဖွဲ့စည်းခဲ့သော အချိန်တွင် ရွှယ်ကျုံးထန်း၏ ပုံရိပ်သည်လည်း ချက်ချင်းဆိုသလို ခပ်မှိန်မှိန် ဖြစ်သွားခဲ့၏။
"ကျန်းချန်.. ဒီသွေးကမ္ဘာငယ်လေးထဲမှာ ငါ့ရဲ့ စွမ်းအားအလုံးစုံကို ထည့်သွင်းထားတယ်.. အခု ဒီကမ္ဘာမှာ ငါက ပကတိနတ်ဘုရား တစ်ပါးပဲ.. မင်းအနေနဲ့ ကြေးဒယ်စောက်အိုးထဲ ထွက်ပြေးမယ် ဆိုရင်တောင် သေချာပေါက် သေရလိမ့်မယ်"
ရွှယ်ကျုံးထန်းက ကျန်းချန်ကို ထီမထင်ဟန်ဖြင့် စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
"ရွှယ်ကျုံးထန်း မင်းဒီတိုက်ကွက်ကို ထုတ်သုံးလိုက်တာနဲ့ မင်းရဲ့ ကိုယ်ပွားပုံရိပ်ကလည်း ပျောက်ကွယ်သွားမှာပဲ.. ဒါကြောင့် မင်းငါ့ကို သတ်နိုင်ခဲ့ရင်တောင် ငါ့အမေနဲ့ဆိုရင် မင်းတို့ သွေးဝိညာဥ် မျိုးနွယ်စုက ဆက်လက် တည်ရှိနိုင်တော့မှာ မဟုတ်ဘူး"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"ဒီသွေးအင်ပါယာက မင်းတို့ လူသားမျိုးနွယ်စုကို မတားဆီးနိုင်ခဲ့ရင်တောင် မင်းကိုတော့ ဒီနေ့ ဖျက်ဆီးပစ်မယ်"
ရွှယ်ကျုံးထန်း၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့် သွေးကမ္ဘာငယ်လေးမှ စွမ်းအားသည် အရာအားလုံးကို ဖိနှိပ်နိုင်သောအရှိန်အဝါနှင့် အတူ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။
"ဟားဟား ရွှယ်ကျုံးထန်း.. ဒီသွေးကမ္ဘာငယ်လေးလောက်နဲ့ ငါ့ကို သတ်ဖြတ်နိုင်မယ်လို့ ထင်နေတာလား.. မင်းနတ်ဘုရားနယ်မြေမှာ ငါ့ကို စောင့်နေလိုက်.. ငါမင်းဆီကို စာရင်းရှင်းဖို့ ဆက်ဆက်လာခဲ့မယ်"
ကျန်းချန်က ရွှယ်ကျုံးထျန်းက အေးစက်စက် ရေရွတ်ကာ ပြောလိုက်သည်။
ချက်ချင်းဆိုသလို အတွေးတစ်ချက်ဖြင့်ပင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းတံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးတွင် ပေါ်လာခဲ့၏။
အခန်း(၁၅၀၃)ပြီး၏။