အခန်း (၁၅၁၃-၁၅၁၅)
Vol. 101 Ch. 1513-1515
အခန်း(၁၅၁၃)
"ချင်းရို့ မှော်နဂါးနန်းတော်မှာ အဆင့်၁၀ဆင့် ရှိတယ်ဆိုတော့ အကယ်၍ အဆင့်၁၀ကို အောင်မြင်ရင်ရော ဘာဖြစ်မလဲ"
ကျန်းချန်က သူ၏ရှေ့ရှိ မှော်နဂါးနန်းတော်ကို ကြည့်ရင်း စူးစမ်းစွာ မေးလိုက်သည်။
ရွှယ်ချင်းရို့က ဖြေဆိုရန် ပြင်ဆင်နေစဥ်မှာပင် သူတို့၏ အနောက်ဘက်ကနေ အနည်းငယ် ရင်းနှီးသော လှောင်ရယ်သံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဟားဟား ကျန်းချန်.. မင်းကများ မှော်နဂါးနန်းတော်ရဲ့အဆင့်၁၀ကို မှန်းရဲသေးတယ်.. မင်းက တကယ်ကို စိတ်ကူးယဥ်လွန်းနေပြီ"
ကျန်းချန်က အနောက်သို့ လှည့်ကြည့်လိုက်ရာ ကျီယွင်ဖေးနှင့်လူငယ်တချို့သည် မှော်နဂါးနန်းတော် ဆီသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်အားလုံးသည် အလွန်တရာပင် သန်မာပြီး ၎င်းတို့ထဲမှ အားအနည်းဆုံးသူပင် အင်ပါယာနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
အထူးသဖြင့် ကျီယွင်ဖေးနှင့် အတူ ရှေ့ဆုံးကနေ လျှောက်လာသော ခရမ်းရောင်မျက်လုံးနှင့်လူငယ် ဖြစ်သည်။
ထိုလူငယ်၏ ခန္ဓာကိုယ်ကနေ ပကတိနတ်ဘုရား အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည် ဖြစ်ရာ လူငယ်သည် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှား၏။
ကျီယွင်ဖေးတို့အဖွဲ့ကို မြင်လျှင် ရွှယ်ချင်းရို့၏ လှပသော မျက်နှာလေးသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အထူးသဖြင့် ထိုလူစုကို ခေါင်းဆောင်လာသော ခရမ်းရောင်မျက်လုံးနှင့် လူငယ်ကို မြင်သောအခါတွင် ရွှယ်ချင်းရို့၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားခဲ့၏။
"ငါ့ဘာသာ ဘယ်လိုပဲ စိတ်ကူးယဥ်ယဥ် မင်းနဲ့ ဘာဆိုင်လို့လဲ"
ကျန်းချန်က ကျီယွင်ဖေးကို မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
"မြေကမ္ဘာနဂါးမြို့တော်က စတင် တည်ထောင်တဲ့ အချိန်ကစပြီး အခုအချိန်ထိ နှစ်ပေါင်းတစ်သန်းကျော် တည်ရှိခဲ့တယ်.. ဒါပေမဲ့ ဒီနှစ်ပေါင်းတစ်သန်းကျော် အတွင်းမှာ တစ်ယောက်တည်းကသာ မှော်နဂါးနန်းတော်ရဲ့ အဆင့်၁၀ကို အောင်မြင်ခဲ့တယ်.. မှော်နဂါးနန်းတော်ရဲ့ အဆင့်၁၀ကို ဖြတ်ကျော်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်က မှော်နဂါးနန်းတော်ထဲကနေ ထွက်လာတာနဲ့ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခွင့်ရလိမ့်မယ်.. ဒါကြောင့် မှော်နဂါးနန်းတော်ရဲ့ အဆင့်၁၀ကို အောင်မြင်မယ်ဆိုရင် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စမ်းသပ်ပွဲမှာ ပါဝင်ဖို့ မလိုအပ်တော့ဘူး.. ရှေးဟောင်းနဂါး မျိုးနွယ်စုက အကြီးအကဲတစ်ဦး စေလွှတ်ပြီး ကောင်းကင်နဂါးမြို့တော်ဆီ အခေါ်လွှတ်လိမ့်မယ်"
ကျီယွင်ဖေးက မထီမဲ့မြင် အမူအရာဖြင့် လှောင်ပြောင် ပြောဆိုလိုက်သည်။
"မင်းတို့ အောက်နယ်မြေလောက်က ပါရမီလောက်နဲ့ ဆိုရင် ၁၀နှစ် အချိန်ပေးရင်တောင် အဆင့်၁၀ကို အောင်မြင်နိုင်မှာမဟုတ်ဘူး.. ဒါက စိတ်ကူးယဥ်ဆန်တဲ့ အတွေးပဲဆိုတာ မင်းနားလည်သင့်တယ်"
"ယွင်ဖေး.. ဒါက မင်းငါ့ကို ပြောပြောနေတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုက အကြီးအကဲ ထောက်ခံချက်ပေးထားတဲ့ ပါရမီရှင် ဆိုတာလား"
ထိုအချိန်တွင် သူတို့လူစုကို ခေါင်းဆောင်လာသော ခရမ်းရောင်မျက်လုံးနှင့် လူငယ်သည် ကျန်းချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ကျီယွင်ဖေးကို မေးလိုက်သည်။
ကျီယွင်ဖေးက လျင်မြန်စွာပင် ပြန်ဖြေလိုက်၏။
"ဟုတ်တယ် အစ်ကိုကြီးထျန်းလင်.. သူက ကျန်းချန်ပဲ"
ခရမ်းရောင်မျက်လုံးနှင့် လူငယ်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူ ကျန်းချန်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ကောင်လေး.. ငါက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ မြောက်ပိုင်းဒေသမှာ နေထိုင်တဲ့ ကျီမိသားစုက ကျီထျန်းလင်ပါ.. ဒီကကျီယွင်ဖေးရဲ့ အစ်ကိုဝမ်းကွဲလည်း ဖြစ်တယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"မင်းဘယ်သူလဲ ဆိုတာ ငါနဲ့ဘာဆိုင်လို့လဲ"
ကျန်းချန်၏ ရိုင်းပြသော စကားကိုကြားလျှင် ကျီထျန်းလင်၏ မျက်နှာသည် ရုတ်တရက် ခက်ထန်လာခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချန်.. ရွှယ်ချင်းရို့က ငါ့ရဲ့ညီဝမ်းကွဲ ကျီယွင်ဖေးနဲ့ စေ့စပ်ထားတယ်.. ဒါပေမဲ့ မင်းကတော့ ယွင်ဖေးရဲ့ အနာဂတ်ဇနီးလောင်းကို အစေခံအဖြစ် လက်ခံခဲ့တယ်"
ကျီမိသားစုသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် အလွန်တရာ နာမည်ကြီးသည့် ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုတစ်စု ဖြစ်သည်။
ကျီထျန်းလင်သည် ကျီမိသားစု၏ မျိုးဆက်သစ်လူငယ်တပည့်များထဲတွင် နံပါတ်(၁) ပါရမီရှင်ဖြစ်ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲ ကိုယ်တိုင် ထောက်ခံချက်ပေးထားသော ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
သူက ကျီယွင်ဖေးနှင့် အမြဲတစေ ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့၏။
ထို့ကြောင့် ကျီယွင်ဖေးက ကျန်းချန်ကြောင့် အရှက်ကွဲခံရသောအခါတွင် သူ့အနေဖြင့် ကျီယွင်ဖေးအတွက် ကျန်းချန်ကိုပညာပေးချင်ခဲ့၏။
"ငါက ကျီမိသားစုနဲ့လည်း မရင်းနှီးဘူး.. ဘာလို့ ငါက မင်းတို့ကျီမိသားစုကို သောက်ဂရုစိုက်နေရမှာလဲ"
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"မင်း.."
ကျီထျန်းလင်က ဒေါသထွက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အငွေ့များပင် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန် မင်းကို ငါ အခွင့်အရေး တစ်ခုပေးမယ်.. ရွှယ်ချင်းရို့ကို ငါတို့ဆီ ပြန်အပ်ပြီး ချက်ချင်း ဒူးထောက် တောင်းပန်ပါ.. မဟုတ်ရင်တော့ ဒီအတွက် ကြီးလေးတဲ့ အဖိုးအခကို မင်းပေးဆပ်စေရမယ်လို့ ငါကတိပေးတယ်"
မြေကမ္ဘာနဂါးမြို့တော်၏ ဧရိယာတွင် ကျင့်ကြံသူများ ယှဥ်ပြိုင်မည်ကို မတားမြစ်ထားပေ။
သတ်ဖြတ်ခြင်းအမှုကို မကျူးလွန်သရွေ့ မြေကမ္ဘာနဂါးမြို့တော်သည် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
ဤကောင်လေးသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲ၏ ထောက်ခံချက်ကို ရရှိထားသည့် ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် မြေကမ္ဘာနဂါးမြို့တော်ကို မကြာသေးခင်ကမှ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်သာ ရှိသည်။
သို့ဖြစ်ရာ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ပုရွက်ဆိတ်တစ်ကောင်သည် သူ၏ရှေ့တွင် ရိုင်းပြရန် မည်ကဲ့သို့အရည်အချင်း ရှိနိုင်ပါအံ့နည်း။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူ အချို့သည် ထိုမြင်ကွင်းကိုမြင်လျှင် ခေါင်းကို တိတ်တဆိတ် ခါရမ်းလိုက်ကြသည်။
မြေကမ္ဘာနဂါးမြို့တော်၏ ဗဟိုဧရိယာတွင် အရာအားလုံးကို ခွန်အားဖြင့်သာ ဆုံးဖြတ်ပြီး မည်သည့်နောက်ခံမဆို အသုံးမဝင်ပေ။
ထို့ကြောင့် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲကိုယ်တိုင် ထောက်ခံချက် ပေးထားသည့် အမြုတေဧရိယာမှ ပါရမီရှင် ဖြစ်နေလျှင်ပင် မိမိ၏ခွန်အား မတိုးတက်လာခင် အချိန်အထိ ဤဗဟိုဧရိယာတွင် ကောင်းကောင်းမွန်မွန် ပြုမူဆင်ခြင်နေထိုင်ရမည် ဖြစ်၏။
သို့ရာတွင် သူတို့ရှေ့မှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကောင်လေးကမူ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူရှေ့တွင် အမှန်တကယ်ပင် ရိုင်းပြနေခဲ့သည်။
ဤသည်က ကိုယ့်သေလမ်း ကိုယ်ရှာနေသည်နှင့် ဘာမှမကွာခြားပေ။
"သခင်လေးကျန်းချန်.. ကျီထျန်းလင်က ပကတိနတ်ဘုရားတစ်ပါး ဖြစ်နေပြီဆိုတော့ သခင်လေးကျန်းချန် ယှဥ်နိုင်မှာမဟုတ်လောက်ဘူး.. ကျွန်မ သူတို့နဲ့ လိုက်သွားလိုက်ပါ့မယ်"
ကျီထျန်းလင်၏ ပြောဆိုမှုကို ကြားလျှင် ရွှယ်ချင်းရို့သည် သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းများကို တစ်ချက်ကိုက်လိုက်ပြီး ကျန်းချန်ကို တီးတိုးပြောလိုက်သည်။
ကျန်းချန်သည် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း မြေကမ္ဘာနဂါးမြို့တော်ကို ယခုမှသာ ဝင်ရောက်ခဲ့သူဖြစ်၍ ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သည့် ကျီထျန်းလင်ကို သဘာဝအားဖြင့် ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။
ရွှယ်ချင်းရို့သည် သူမ၏ ကိုယ်ပိုင်ကိစ္စအတွက်ကြောင့်ဖြင့် ကျန်းချန်ကို ထိခိုက်အောင် မလုပ်ချင်ခဲ့ချေ။
"မစိုးရိမ်ပါနဲ့.. မင်းက ငါ့ကို သခင်လေးလို့ ခေါ်ကတည်းက မင်းက ငါကျန်းချန်ရဲ့လူပဲ.. ငါ့ရဲ့လူကို ငါ့ဆီကနေ ဘယ်သူမှ ခေါ်ချင်တိုင်း ခေါ်လို့မရဘူး"
ကျန်းချန်က ကျီထျန်းလင်ကို လုံးဝ အရေးမစိုက်သကဲ့သို့ပင် ခပ်ယဲ့ယဲ့ပြုံးကာ ရွှယ်ချင်းရို့ကို ပြောလိုက်သည်။
အမြုတေဧရိယာတွင်ရှိသည့် စီရင်စုထဲကို ဝင်ရောက်ပြီးနောက်တွင် သူ၏ ဥပဒေသ၂ခုသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ယခင်က ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည့် ဓားဥပဒေသကိုပါ ထည့်တွက်မည်ဆိုလျှင် သူ့တွင် ဒုတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ၃ခု ရှိနေပြီ ဖြစ်၏။
သူ၏လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် ပကတိနတ်ဘုရားအဆင့်ကို ရှုံးနိမ့်လျှင်ပင် ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
ဤအချိန်တွင် ကျီထျန်းလင်၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။
သူက နတ်စွမ်းအားကို အသုံးပြု၍ ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် မှော်နဂါးနန်းတော်၏ အထက်တွင် အဋ္ဌမဟူသော ရွှေရောင်စာလုံး တစ်လုံးသည် ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မှော်နဂါးနန်းတော်၏ အပေါက်ဝကနေ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် နတ်သမီးတစ်ဦးကဲ့သို့ ပျံဝဲကာ ထွက်ပေါ်လာခဲ့သည်။
"တစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံခဲ့တာတောင် နဝမအဆင့်ကို မအောင်မြင်နိုင်သေးဘူး.. ဒီအဆင့်က အရမ်းကို ခက်ခဲလွန်းတာပဲ"
မှော်နဂါးနန်းတော်ကနေ ထွက်လာသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"ဟေ့ ဒီအလှလေးက ဘယ်သူလဲဟ.. သူမက အဋ္ဌမအဆင့်ကိုတောင် အောင်မြင်ခဲ့တယ်လား"
"ဒီမိန်းကလေးနာမည်က ရီချင်းယင်.. သူမက မှော်နဂါးနန်းတော်ရဲ့ နဝမအဆင့်ကို စိန်ခေါ်နေတဲ့ ပါရမီရှင်ပဲ.. လွန်ခဲ့တဲ့တစ်နှစ်လောက်က အဋ္ဌမအဆင့်ကို အောင်မြင်ခဲ့ပေမဲ့ နဝမအဆင့်ကို အခုထိ မဖြတ်ကျော်နိုင်သေးဘူးလို့ သိရတယ်.. သူမက နဝမအဆင့်ကို မဖြတ်ကျော်နိုင်ခဲ့ရင်တောင် သူမရဲ့ပါရမီနဲ့ ဆိုရင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ဖို့က သေချာတဲ့ ကိစ္စတစ်ခုပဲ"
"............."
မှော်နဂါးနန်းတော်၏ အပြင်ဘက်မှ ကျင့်ကြံသူ များစွာသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို အားကျသော အမူအရာများဖြင့် ငေးကြည့်နေခဲ့ကြသည်။
"အမ ချင်းယင်.. မှော်နဂါးနန်းတော်ရဲ့ အဋ္ဌမအဆင့်ကို အောင်မြင်နိုင်တာကပဲ အရမ်းကို ထင်ရှားတဲ့ စွမ်းဆောင်ရည်ဖြစ်နေပါပြီ.. အမချင်းယင်ရဲ့ ခွန်အားနဲ့သာဆိုရင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ဖို့က မခက်ခဲတော့ပါဘူး"
ထိုအချိန်မှာပင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ရီချင်းယင် အနားသို့ လျှောက်လာပြီး ပြောလိုက်သည်။
"သတ္တမအဆင့်ကိုတောင် အခုထိ မအောင်မြင်သေးတဲ့ ကျွန်မကိုလည်း အားနာပါဦး အမချင်းယင်ရယ်"
"နင်နားမလည်ပါဘူး.. ငါလိုချင်တာက ကောင်းကင်နဂါးမြို့တော်ရဲ့ ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ရုံတင် မဟုတ်ဘူး"
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးက ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်ကာပြောလိုက်သည်။
"ကျီအာ.. နင်ဒီတစ်ခေါက် သတ္တမအဆင့်ကို အောင်မြင်ဖို့ သေချာရဲ့လား"
အခန်း(၁၅၁၃)ပြီး၏။
အခန်း(၁၅၁၄)
"ပကတိ နတ်ဘုရားအဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ခဲ့တာဆိုတော့ စွမ်းအားကို အသုံးချတာ သိပ်အကျွမ်းတဝင် မရှိသေးဘူး.. ဒါပေမဲ့ ဒီတစ်ခါတော့ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ရီချင်းယင်ကို ပြောလိုက်သည်။
ရီချင်းယင်က ခေါင်းညိတ်လိုက်ကာ တုံ့ပြန် ပြောဆိုလိုက်သည်။
"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ အတွက် ၁နှစ်ကျော်ကျော်လောက် အချိန်ကျန်ပါသေးတယ်.. သတ္တမအဆင့်ကို ကျော်ဖြတ်နိုင်တယ်ဆိုရင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ အောင်မြင်ဖို့ အခွင့်အရေး များသွားပါပြီ"
"ဟုတ်ကဲ့ပါ အစ်မချင်းယင်.. ညီမ ကြိုးစားပါ့မယ်"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် ပြောလိုက်သည်။
အမျိုးသမီးနှစ်ယောက် စကားကောင်းနေစဥ်မှာပင် သူတို့၏ နားထဲကို ယဥ်ကျေးစွာ ပြောဆိုလိုက်သော လေသံတစ်သံ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"ဒီက မိန်းကလေးအနေနဲ့ မှော်နဂါးနန်းတော်ထဲကို မဝင်သေးဘူးဆိုရင် ကျွန်တော် အရင်ဝင်ပါရစေ"
ရီချင်းယင်က ခဏမျှ မှင်တက်သွားပြီးနောက် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ မနီးမဝေးတွင် ရပ်နေသည့် ကျန်းချန်နှင့် ရွှယ်ချင်းရို့တိုကို တွေ့လိုက်ရသည်။
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်သွားခဲ့ပြီး စကားပြောဆိုရန် ပြင်လိုက်စဥ်မှာပင် ရီချင်းယင်က ပြုံးကာ ကျန်းချန်ကို ပြောလိုက်သည်။
"အကယ်၍ ဒီကမိတ်ဆွေက မှော်နဂါးနန်းတော်ထဲကို ဝင်ဖို့အလျင်လိုနေတယ် ဆိုရင် အရင်ဝင်လိုက်ပါ"
"ကျေးဇူးတင်ပါတယ်...ကျွန်တော့်ရဲ့ အဖော်ကို ဂရုစိုက်ထားပေးပါဦး"
ကျန်းချန်က ရီချင်းယင်ကို တရင်းတနှီး လေသံဖြင့် ပြောလိုက်သည်။
ရီချင်းယင်က ကျန်းချန်ကို ယဥ်ကျေးသော အမူအရာဖြင့် ကြည့်ကာ ခေါင်းညိတ်၍ တုံ့ပြန် ပြောဆိုလိုက်၏။
"ကောင်းပါပြီ.. ရှင်ပြန်ထွက်မလာမချင်း သူ့ရဲ့ ဆံချည်တစ်မျှင်ကို ဘယ်သူမှ မထိခိုက်စေရဘူးလို့ ကျွန်မ ကတိပေးပါတယ်"
"ကျေးဇူးတင်ပါတယ်.. ကျွန်တော် ပြန်ထွက်လာတဲ့ အချိန်ကျရင် ဒီဗဟိုဧရိယာမှာ ဧည့်ဝတ်ပြု ကျွေးမွေးပါရစေ"
ကျန်းချန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး မှော်နဂါးနန်းတော်၏ အပေါက်ဝဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
သူ့အနေဖြင့် မှော်နဂါးနန်းတော်ထဲကို ဝင်ရောက်ရန် အလျင်လိုနေရသည့် အကြောင်းအရင်းမှာ သူမှော်နဂါးနန်းတော်ထဲကို ဝင်ရောက်သည့် အချိန်တွင် ရွှယ်ချင်းရို့ကို ရီချင်းယင်၏ အနား၌ ခဏမျှ အပ်ထားချင်၍ ဖြစ်၏။
သို့မဟုတ်လျှင် ရွှယ်ချင်းရို့သည် သူမှော်နဂါးနန်းတော်ထဲ ရောက်နေချိန်တွင် ကျီယွင်ဖေးတို့လူစု၏ အနိုင်ကျင့်ခြင်းကို ခံရနိုင်သည် မဟုတ်ပါလော။
"အစ်မချင်းယင်.. ဒီကောင်လေးက အထူအပါး နားမလည်တဲ့ကောင်ပဲ.. သူက ပကတိနတ်ဘုရားအဆင့်နဲ့တောင် ရန်ဖြစ်ရဲတယ်.. ဘာလို့ အစ်မချင်းယင်က သူ့ကို ဒီလောက်ထိ ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေရတာလဲ"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
ရီချင်းယင်က သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို ပြုံး၍ ကြည့်ကာ မေးလိုက်သည်။
"ကျီအာ သူဘယ်အဆင့်လောက်ထိ ကျော်ဖြတ်နိုင်မယ်လို့ နင်ထင်လဲ"
"အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အဆင့်ဘယ်လောက်များများ ဖြတ်ကျော်နိုင်မှာ မို့လို့လဲ.. ပထမအဆင့်၃ဆင့်ကို ကျော်ဖြတ်နိုင်ရင်တောင် သူ့အတွက် အတော်လွန်လွန်းနေပြီ"
"ကျွန်မရဲ့သခင်လေးက ၃ဆင့်လောက်ပဲ ကျော်ဖြတ်နိုင်မှာမဟုတ်ဘူး"
ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးက ကျန်းချန်အပေါ်တွင် အထင်သေးနေသည်ကို မြင်လျှင် ရွှယ်ချင်းရို့က ခပ်သွက်သွက် ဝင်ပြောလိုက်သည်။
ကျန်းချန်သည် အမြုတေဧရိယာတွင် နေထိုင်သော ပါရမီရှင်တစ်ယောက် ဖြစ်ရုံသာမက အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် နတ်စွမ်းအားကို မွေးမြူနိုင်သည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ၄၊၅ဆင့်လောက်ကို ကျော်ဖြတ်ရန်က မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ဘဲ ၆ဆင့်လုံးကိုပင် တစ်ထိုင်တည်းကျော်ဖြတ်သွားနိုင်မည်ဟု သူမ ထင်မြင်ခဲ့၏။
"တော်ပြီ ကျီအာ ထပ်မပြောနဲ့တော့"
ရီချင်းယင်က ကျန်းချန်ကို ဆက်ပြီး လှောင်ပြောင်ချင်နေသည့် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို ဟန့်တားလိုက်သည်။
သူမ၏ လှပသော မျက်ဝန်းလေးတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"အစ်ကိုထျန်းလင်.. ဟိုကောင် မှော်နဂါးနန်းတော်ထဲကို ဝင်ရောက်သွားပြီ"
အခြားတစ်ဖက်တွင်လည်း မှော်နဂါးနန်းတော်ထဲကို ဝင်ရောက်သွားသည့် ကျန်းချန်ကိုကြည့်ကာ ကျီယွင်ဖေး၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
"ရီချင်းယင်ဆိုတဲ့ အမျိုးသမီးရှိနေသရွေ့ ငါတို့ ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး.. မင်းအနေနဲ့ အဲဒီအမျိုးသမီးကို ရန်သွားစမိရင် ငါလည်း မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"
ကျီထျန်းလင်က ရီချင်းယင်ကို ကြောက်ရွံ့သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အလေးအနက် ပြောလိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့.. ဒီကောင်နဲ့ ရွှယ်ချင်းရို့တို့ ဒီနေ့ ဗဟိုဧရိယာကနေ ချောချောမွေ့မွေ့နဲ့ ထွက်မသွားနိုင်စေရဘူးလို့ ငါကတိပေးတယ်"
ကျန်းချန်က မှော်နဂါးနန်းတော်ထဲကို ဝင်ရောက်လာပြီးနောက်တွင် ခန်းမတစ်ခု ဆီသို့ ရောက်လာခဲ့သည်။
ထိုခန်းမ၏ အလယ်တွင် အနက်ရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ကျောက်ပုလ္လင်တစ်ခု ရှိနေခဲ့၏။
ထိုကျောက်ပုလ္လင်ပေါ်တွင် ဆန်းကြယ်သော သင်္ကေတများစွာကို ထွင်းထုထား၏။
ထို့အပြင် ကျောက်စင်၏ ပတ်ပတ်လည်တွင်လည်း ဆန်းကြယ်သော အလင်းများ ထုတ်လွှတ်နေခဲ့၏။
"မှော်နဂါးနန်းတော်မှာ စုစုပေါင်းအဆင့် ၁၀ဆင့် ရှိတယ်.. အဆင့်တစ်ဆင့်စီကို ကျော်ဖြတ်နိုင်တိုင်းမှာ နောက်တစ်ဆင့်ကို ဖွင့်ပေးလိမ့်မယ်.. စမ်းသပ်သူ.. ကျောက်ပုလ္လင်ပေါ်ကို တက်ပြီး ၁၀စက္ကန့်အတွင်း ပထမအဆင့်ကို ကျော်ဖြတ်ပါ"
ကျန်းချန်က ခန်းမ၏ အခြေအနေကို အကဲခတ်နေစဥ်မှာပင် ခမ်းနားထည်ဝါသော အသံတစ်သံသည် ခန်းမ၏ အပေါ်ပိုင်းကနေ ပဲ့တင်ထပ်လာခဲ့သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ခန်းမအလယ်တွင် ရှိသည့် အနက်ရောင် ကျောက်ပုလ္လင်ပေါ်သို့ ခုန်တက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်သည် ပေ၁၀၀၀မြင့်မားသည့် လှေကားတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
လှေကား၏ ပတ်ဝန်းကျင်တွင် ဖျက်ဆီးခြင်းမုန်တိုင်းများသည် အဆုံးမဲ့ တိုက်ခိုက်နေခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လှေကားပေါ်ရှိ အရာအားလုံးကို ဆွဲဖြဲပစ်နိုင်ပုံရ၏။
"အတော်လေး အားကောင်းတဲ့ဖိနှိပ်မှု စွမ်းအားပါလား.. အင်ပါယာနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတွေတောင် ဒီဖိနှိပ်မှုစွမ်းအားကို မတားဆီးနိုင်လောက်ဘူး ထင်တယ်"
ပတ်ပတ်လည်တွင် တိုက်ခိုက်နေသည့် ဖျက်ဆီးခြင်းမုန်တိုင်းကို ခံစားမိလျှင် ကျန်းချန်သည် တီးတိုး ရေရွတ်လိုက်သည်။
သို့သော်လည်း ဤကဲ့သို့ ဖိနှိပ်မှုမျိုးသည် ကျန်းချန်လို လူမျိုးအတွက်မူ သက်ရောက်မှု သိပ်မရှိပေ။
သူက ဖျက်ဆီးခြင်းမုန်တိုင်း၏ ဖိနှိပ်မှုစွမ်းအားကို လျစ်လျူရှုလိုက်ပြီး ပန်းခြံထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင် လှေကားထိပ်ဆီသို့ လျင်မြန်စွာ တက်လှမ်းသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ကျန်းချန်သည် ပေ၁၀၀၀မြင့်သည့် လှေကားကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်၏။
ချက်ချင်းဆိုသလိုပင် မှော်နဂါးနန်းတော်ထဲတွင် ရင်းနှီးသောအသံတစ်သံက ထပ်မံ ပဲ့တင်ထပ်လာခဲ့သည်။
"စမ်းသပ်သူ.. ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်.. ၁၀စက္ကန့် အနားယူပြီးရင်တော့ မှော်နဂါးနန်းတော်ရဲ့ ဒုတိယအဆင့်ကို ဖွင့်လှစ်ပေးမှာ ဖြစ်တယ်"
၁၀စက္ကန့် ကုန်လွန်သွားသောအခါတွင် ကျန်းချန်သည် ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို သတိပြုမိလိုက်သည်။
ကျန်းချန်က ခေါင်းမော့၍ ကြည့်လိုက်သောအခါ မီတာရာချီကြီးမားသော အနက်ရောင်နဂါး တစ်ကောင်သည် မီတာ ၁၀၀အကွာကနေ သူ့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရ၏။
သူက တုံ့ဆိုင်းမနေဘဲ ဓားဥပဒေသစွမ်းအားကို အသုံးပြုကာ ဥပဒေသ၇မျိုးစွမ်းအားကို ပေါင်းစည်း၍ လက်ညှိုးမှ ဓားစွမ်းအားဖြင့် အနက်ရောင်နဂါးကို တိုက်ခိုက်လိုက်သည်။
ဤအနက်ရောင်နဂါး၏ ခွန်အားသည် သာမန်အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှင့် အတူတူလောက်နီးပါးသာ ရှိရာ ကျန်းချန်၏ လက်ညှိုးမှ ဓားစွမ်းအားနှင့်ရင်ဆိုင်မိလျှင် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့်ပင် ကျန်းချန်သည် တတိယအဆင့်၊ စတုတ္ထအဆင့်၊ပဉ္စမအဆင့်များကို တစ်ဆင့်ပြီးတစ်ဆင့် အလွယ်တကူ ထပ်မံဖြတ်ကျော်လာခဲ့သည်။
ထို့အတူ မှော်နဂါးနန်းတော်၏ သတိပေးချက်သည်လည်း ထပ်မံ ထွက်ပေါ်လာခဲ့၏။
၁၀စက္ကန့်အကြာတွင် ကျန်းချန်သည် မှော်နဂါးနန်းတော်၏ ဆဋ္ဌမအဆင့်ကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
---------------
အပြင်ဘက်တွင်မူ တိတ်ဆိတ်နေဆဲဖြစ်သော မှော်နဂါးနန်းတော်ကို ကြည့်ကာ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ လှပသောမျက်လုံးတွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင်တစ်ခု ရှိနေခဲ့၏။
"ဒီကောင်လေး အခုထိ ထွက်မလာသေးဘူးလား.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
မှော်နဂါးနန်းတော်၏ အဆင့်၁၀ဆင့်တွင် အဆင့်၁ခုချင်းစီကို ဆက်တိုက်ဆိုသလို ဖြတ်ကျော်ရခြင်း ဖြစ်၍ အနားယူချိန် လုံးဝမရှိပေ။
ထို့အပြင် အဆင့်၁ခုစီတွင် စမ်းသပ်သူ တစ်ယောက်သည် အဆင့်ကို ဖြတ်ကျော်ရန်အတွက် အချိန်အများကြီး ဖြုန်း၍ မရချေ။
မြန်မြန်ဆန်ဆန် မဖြတ်ကျော်နိုင်လျှင် ကျရှုံးသွားမည် ဖြစ်၏။
ယေဘုယျအားဖြင့် ပြောရလျှင် အင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ပထမ၃ဆင့်ကိုသာ ဖြတ်ကျော်နိုင်ကြသည်။
ထိုပထမ၃ဆင့်ကို ကျရှုံးသည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ ၁၀မိနစ်ထက် ပို၍ အချိန်မကြာပေ။
သို့သော် ကျန်းချန်ကမူ မှော်နဂါးနန်းတော်ထဲကို ဝင်ရောက်သွားခဲ့သည်မှာ နာရီဝက် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်ထိ ထွက်မလာခဲ့ချေ။
ဤကောင်လေးသည် အမှန်တကယ်ပင် စတုတ္ထအဆင့်နှင့်ပဉ္စမအဆင့်များကိုပင် ဖြတ်ကျော်နိုင်ခဲ့ပါသလော။
ယင်းက တကယ်ကိုပင် မယုံနိုင်စရာ ကောင်းလွန်းနေခဲ့သည်။
ဤအချိန်တွင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မှော်နဂါးနန်းတော်တွင် တစ်စုံတစ်ရာ မှားယွင်းနေသလားဟုပင် သံသယဝင်နေခဲ့၏။
"နာရီဝက်တောင်ကြာနေပြီ ဆိုတော့ ဆဋ္ဌမအဆင့်ကိုတောင် ဖြတ်ကျော်သွားပြီလား မသိဘူး"
ရီချင်းယင်၏ လှပသော မျက်လုံးလေးတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
သူမအထင် ကျန်းချန်ဟု အမည်ရသော ထိုကောင်လေးသည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နိုင်ပြီး နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများထဲမှာပင် အသန်မာဆုံးများထဲမှ တစ်ယောက် ဖြစ်နိုင်လောက်၏။
အခန်း(၁၅၁၄)ပြီး၏။
အခန်း(၁၅၁၅)
"မြေကမ္ဘာနဂါးမြို့တော်မှာ ဒီလို ထူးချွန်တဲ့ပါရမီရှင်မျိုး ရှိနေမယ်လို့ မထင်ထားမိဘူး"
ရီချင်းယင်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် နံဘေးရှိ ရွှယ်ချင်းရို့ကို ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့သခင်လေးက မြေကမ္ဘာနဂါး မြို့တော်ကို အခုမှ ရောက်လာတဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူလား"
"ဟုတ်ပါတယ်.. ကျွန်မတို့ သခင်လေးက မြေကမ္ဘာနဂါးမြို့တော်ကို လွန်ခဲ့တဲ့၂ရက်ကမှ ရောက်လာခဲ့တာပါ"
ရွှယ်ချင်းရို့က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေလိုက်သည်။
သူမ၏ လှပသောမျက်လုံးလေးသည်လည်း ပို၍ပင် တောက်ပလာခဲ့၏။
ကျန်းချန်က မှော်နဂါးနန်းတော်၏ အတားအဆီးကို ပထမအဆုံးအကြိမ် ကျော်ဖြတ်ရာတွင် အဆင့်လေး၊ ငါးဆင့်လောက် ကျော်ဖြတ်နိုင်လျှင်ပင် မဆိုးလောက်ဟု သူမ မူလက တွေးမိခဲ့သည်။
သို့သော်လည်း ရီချင်းယင်၏ စကားအရ ဆဋ္ဌမအဆင့်ကိုပင် ကျော်ဖြတ်နိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့မိပေ။
သိထားရမည့်အချက်မှာ မြေကမ္ဘာနဂါးမြို့တော်တွင် နေထိုင်သည့် ပါရမီရှင်များသည် မှော်နဂါးနန်းတော်၏ အတားအဆီးကို ပထမဆုံးအကြိမ် ဖြတ်ကျော်ရာတွင် ဆဋ္ဌမအဆင့်ထိ တိုက်ရိုက် ဖြတ်ကျော်နိုင်သည်မှာ အလွန်ပင်ရှားပါး၏။
"နင့်ရဲ့သခင်လေးက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို အောင်မြင်ဖို့ အလားအလာရှိတယ်"
ရီချင်းယင်က ကျန်းချန်ကို ချီးကျူး ပြောဆိုလိုက်သည်။
ကျန်းချန်၏ အလားအလာနှင့် အရည်အချင်းကို ကြည့်လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အကြီးအကဲ တစ်ယောက်က ထောက်ခံပေးထားသည့် ပါရမီရှင်တစ်ယောက် ဖြစ်မှန်း ထင်ရှားနေ၏။
အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်ပင် မှော်နဂါးနန်းတော်၏ အတားအဆီး ခြောက်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။
ယင်းကဲ့သို့သော ထူးချွန်သည့် ပါရမီရှင် တစ်ယောက်သည် ပကတိနတ်ဘုရား အဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့မည် ဆိုလျှင် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့်ကို ဖြတ်ကျော်ရန်မှာ လွယ်လွယ်လေးပင် ဖြစ်သည် မဟုတ်ပါလော။
ထိုကောင်လေးသည် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီး နောက်ထပ် နှစ်အနည်းငယ်လောက်သာ လေ့ကျင့်လိုက်လျှင် နဝမအဆင့်ကို ကျော်ဖြတ်ကာ အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ဖြစ်လာရန်ပင် မဖြစ်နိုင်သောကိစ္စ မဟုတ်ပေ။
ဤအချိန်တွင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မည်သည့်စကားမှ မပြောနိုင်အောင် မှင်တက်နေခဲ့သည်။
သူမက မြေကမ္ဘာနဂါးမြို့တော်တွင် နေထိုင်ခဲ့သည်မှာ ၆နှစ်၊၇နှစ်ခန့် ရှိနေခဲ့ပြီဖြစ်၍ ပထမဆုံးသော အကြိမ်တွင် ဆဋ္ဌမအဆင့်အထိ ဖြတ်ကျော်နိုင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသလဲ ဆိုသည်ကို ကောင်းစွာ သိထားခဲ့သည်။
မှော်နဂါးနန်းတော်၏ အဆင့်တစ်ခုစီတွင် မတူညီသောစမ်းသပ်မှုများကို ရင်ဆိုင်ရမည် ဖြစ်ပြီး အဆင့်တစ်ခုချင်းစီသည် တဖြည်းဖြည်း ပို၍ ခက်ခဲသွားမည် ဖြစ်၏။
ထို့အပြင် အဆင့်တစ်ခုနှင့် တစ်ခုကြားတွင်လည်း နားဖို့အခွင့်အရေး မရရှိချေ။
ထို့ကြောင့် မြေကမ္ဘာနဂါး မြို့တော်ရှိ ပကတိနတ်ဘုရားအဆင့်နှင့် အလှမ်းမဝေးတော့သော ကျင့်ကြံသူများသည်ပင် ဆဋ္ဌမအဆင့်ကို တစ်ခါတည်း ဖြတ်ကျော်ရန်မှာ ခက်ခဲ၏။
တချို့ဆိုလျှင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးမှသာလျှင် ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ကြသည်။
ရီချင်းယင်သည်လည်း မြေကမ္ဘာနဂါး မြို့တော်ကို ဝင်ရောက်ကာစတွင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်စွမ်းအားကို မွေးမြူနိုင်ခဲ့သော နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်ခဲ့သည်။
သို့သော်လည်း သူမသည် မှော်နဂါးနန်းတော်ကို ပထမဆုံးအကြိမ် ဝင်ရောက်ရာတွင် အဆင့်၅ဆင့်ကိုသာ ဖြတ်ကျော်နိုင်ခဲ့သည်။
ကျန်းချန်က တကယ်ပဲ သူမ ခန့်မှန်းထားသည့်အတိုင်း အဆင့်၆ဆင့်ကို ကျော်ဖြတ်ခဲ့သည် ဆိုလျှင် သူမ ထက်ပင် အလားအလာပို၍ ကြောက်မက်ဖွယ်ရာကောင်းသည် မဟုတ်ပါလော။
သူမတို့ စကားပြောဆိုနေစဥ်မှာပင် ၁၀မိနစ် ဟူသောအချိန်သည် မျက်တောင်တစ်ခတ် အတွင်း ထပ်မံ ကုန်ဆုံးသွားခဲ့သည်။
သို့သော်လည်း သူတို့ကို အံ့အားသင့်သွားစေသည်မှာ မှော်နဂါးနန်းတော်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိသေးဘဲ ကျန်းချန်သည်လည်း မှော်နဂါးနန်းတော်ထဲကနေ ထွက်လာမည့်အရိပ်အယောင် မရှိသေးခြင်းပင်။
"လခွမ်း.. အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကောင်လေးက မှော်နဂါးနန်းတော်ထဲမှာ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ"
"ဒီကောင်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်နဲ့ နတ်စွမ်းအားကို မွေးမြူနိုင်တဲ့ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လောက်တယ်"
"ဒီကောင်က နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင် မှော်နဂါးနန်းတော်ထဲမှာ ဒီလောက်ထိ ကြာကြာ ရှိမနေသင့်ဘူး ထင်တယ်"
ပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူများသည် မှော်နဂါးနန်းတော်ထဲကနေ ထွက်မလာသေးသည့် ကျန်းချန် အကြောင်းကို တီးတိုး ပြောဆိုနေခဲ့ကြသည်။
"ဘာလို့သခင်လေးက အခုထိ ထွက်မလာသေးတာလဲ.. မှော်နဂါးနန်းတော်ထဲမှာ မတော်တဆ တစ်ခုခုများ ဖြစ်သွားတာများလား"
ပတ်ဝန်းကျင်မှ အသံများကို ကြားလျှင် ရွှယ်ချင်းရို့၏ လှပသော မျက်ဝန်းလေးတွင် စိုးရိမ်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"မစိုးရိမ်ပါနဲ့ ညီမလေး.. မှော်နဂါးနန်းတော်မှာ ဘယ်လိုအပြောင်းအလဲမှ ရှိမှာမဟုတ်ဘူး"
ရီချင်းယင်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
မှော်နဂါးနန်းတော်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ ကိုယ်တိုင် ဖန်တီးထားသောအရာဖြစ်ရာ မည်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ပေ။
အတားအဆီးများကို ဖြတ်ကျော်ရင်း ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသော ကျင့်ကြံသူများကိုပင် မှော်နဂါးနန်းတော်သည် ဘေးအန္တရာယ်ကင်းစွာဖြင့် အပြင်သို့ ပြန်လည် ပို့ဆောင်ပေးလိမ့်မည် ဖြစ်၏။
သို့သော်လည်း ရီချင်းယင်သည် ကျန်းချန်က အဘယ်ကြောင့် ယခုအချိန်ထိ ထွက်မလာသေးသလဲ ဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။
"ဒီကျန်းချန် ဆိုတဲ့ကောင်လေးက မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်သွားနိုင်မလား"
"ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်"
အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့်သာ မှော်နဂါးနန်းတော်၏ အဆင့်၇ဆင့်ကို တစ်ခါတည်းနှင့် ဖြတ်ကျော်သွားလျှင် ဤကဲ့သို့သော ပါရမီရှင်သည် မှော်နဂါးနန်းတော်၏ နှစ်သန်းပေါင်းများစွာ သမိုင်းမှာပင် လက်ချိုးရေတွက်၍ ရသော ရှားပါးသည့် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ရပေတော့မည်။
ထို့ကြောင့် ထိုကောင်လေးသာ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည် ဆိုလျှင် ထိုကောင်လေး၏ ပါရမီသည် အမှန်တကယ်ကိုပင် ကြောက်စရာကောင်းလွန်းသည်ဟုသာ သတ်မှတ်ရပေတော့မည် မဟုတ်ပါလော။
"အစ်ကိုထျန်းလင်.. ဒီကောင်က အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်နဲ့ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာလား"
ကျီယွင်ဖေးက မှော်နဂါးနန်းတော်ကို တွေဝေစွာ ငေးကြည့်နေခဲ့သည်။
သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အမူအရာတစ်ခုဖြစ်ပေါ်နေခဲ့၏။
"ဒါက ပုံမှန်ပဲ မဟုတ်လား.. သူ့မှာ အရည်အချင်း မရှိရင် ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲက သူ့ကို ဘယ်လိုလုပ်ပြီး ထောက်ခံချက် ပေးမှာလဲ"
ကျီထျန်းလင်က အံ့သြခြင်း အလျဥ်းမရှိဘဲ ပြန်ပြောလိုက်သည်။
သို့သော်လည်း ကျန်းချန်က မှော်နဂါးနန်းတော် ထဲတွင် ဤမျှအထိ ကြာကြာ ရှိနေနိုင်ခြင်းသည် ကျီထျန်းလင်၏ အကြည့်ကို ပို၍ပင် လေးနက်လာစေခဲ့သည်။
ဤကောင်လေးက သာမန် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်လောက်ဟု သူ ထင်မြင်လာခဲ့သည်။
----------------
မှော်နဂါးနန်းတော်၏ အတွင်းပိုင်းတွင်မူ ကျန်းချန်သည် သတ္တမအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သူနှင့် ပေထောင်ချီအကွာတွင် ဓားတစ်လက်ကို ကိုင်ကာရပ်နေသည့် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက် ရှိနေခဲ့၏။
ထိုလူကိုမြင်လျှင် ကျန်းချန်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပိုမို၍ လေးနက်လာခဲ့သည်။
"ပကတိနတ်ဘုရားအဆင့် ဝိညာဥ်ပါလား"
သူ့ရှေ့မှ ဝိညာဥ်သည် ပကတိနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့သည်။
"ကောင်လေး မင်းရဲ့အရည်အချင်းက ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်ချင်တယ်ဆိုရင်တော့ အနည်းငယ် လိုအပ်နေသေးတယ်လို့ ငါထင်တယ်"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူက ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး နက်ပြာရောင်ဝတ်စုံဝတ် လူကို တအံ့တသြဖြင့် ကြည့်ကာ မေးလိုက်၏။
"အကြီးအကဲက စကားပြောနိုင်တယ်လား"
"သတ္တမအဆင့်ကနေ စပြီး ဂိတ်စောင့်တွေ အားလုံးက ကိုယ်ပိုင်အသိစိတ် ရှိကြတယ်.. စကားပြောနိုင်တာ ဘာမှမထူးဆန်းပါဘူး"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူက သိမ်မွေ့စွာပြုံး၍ ပြောလိုက်သည်။
"ကဲ ကောင်လေး စလိုက်ကြရအောင်...မင်းင့ါကို အရင်မတိုက်ခိုက်ဘူးဆိုရင်တော့ ဒီအဆင့်ကို အောင်မြင်မှာမဟုတ်ဘူး"
"ဒါဆိုလည်း အားမနာတော့ဘူး အကြီးအကဲ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အသုံးပြုကာ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူကို တိုက်ခိုက်လိုက်သည်။
"သိပ်ကောင်းတဲ့ ကိုယ်ခံပညာရပ်ပါလား.. ငါ့ကို ထိန်းချုပ်နိုင်တဲ့ အကျိုးသက်ရောက်မှုလည်းရှိတယ်.. ဒါပေမဲ့ မင်းရဲ့ခွန်အားက အားနည်းနေသေးတဲ့ အတွက် ဒီတိုက်ကွက်လောက်က ငါ့အတွက် ဘာခြိမ်းခြောက်မှုမှ ပေးနိုင်မှာ မဟုတ်ဘူး"
နက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူက ကျန်းချန်၏ တိုက်ခိုက်မှုကို မှတ်ချက်ပေးလိုက်သည်။
သူက လက်ထဲမှ ဓားရှည်ကို ဓားအိမ်ကနေ ဆွဲထုတ်စရာပင် မလိုအပ်ဘဲ ကျန်းချန်၏ စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်ကို လက်ညှိုးမှစွမ်းအားဖြင့် ပစ်ခတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် လေထဲတွင် ဝုန်းခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။
"ကျူးရှန်းစည်းတံဆိပ်"
ကျန်းချန်က စိတ်ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ် ပေါက်ကွဲသွားသော်လည်း အမူအရာ ပျက်ယွင်းမသွားဘဲ လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ်ဖြစ်သော ကျူးးရှန်စည်းတံဆိပ်ကို ထုတ်ဖော်ကာ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူကို ထပ်မံ ဖိနှိပ်လိုက်သည်။
"မင်းရဲ့စည်းတံဆိပ်က သာမန် မဟုတ်ဘူးပဲ"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူက သူ၏ ဦးခေါင်းအထက်တွင် ရှိနေသည့် ရွှေရောင် စည်းတံဆိပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် သူ၏ ဓားကို ဓားအိမ်ကနေ ညင်သာစွာ ဆွဲထုတ်၍ ရွှေရောင်စည်းတံဆိပ်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်၏ ကျူးရှန်းစည်းတံဆိပ်သည် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူ၏ ဓားချက်ဖြင့် နှစ်ခြမ်း ကွဲထွက်သွားခဲ့ပြီး တောက်ပသောရွှေရောင်အလင်းစများ အဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
သူ၏ရှေ့မှ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူသည် ပကတိနတ်ဘုရားအဆင့် ဝိညာဥ် ဖြစ်သည်။
၎င်းက ပကတိနတ်ဘုရား၏ ကိုယ်ပွား ပုံရိပ်ထက်ပင် အဆပေါင်းများစွာ ပို၍ အားကောင်းနေခဲ့၏။
"ကောင်လေး.. မင်းရဲ့တိုက်ကွက်နှစ်ကွက်က သာမန်ထက်တော့ ထူးကဲသားပဲ.. ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်မှာပဲ ရှိနေသေးတယ်.. မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအားကိုလည်း နတ်စွမ်းအားအဖြစ် ၁၀ပုံ၁ပုံလောက်ပဲ ပြောင်းလဲရသေးတယ်.. အခုအချိန်မှာတော့ မင်းအနေနဲ့ သတ္တမအဆင့်ကို ဘယ်လိုမှ ကျော်ဖြတ်နိုင်မှာ မဟုတ်လောက်ဘူး... ဒီက မြန်မြန်ထွက်သွားလိုက်ပါ.. မင်း အင်ပါယာနယ်ပယ် အထွတ်အထိပ်ကို ရောက်တဲ့အခါမှပဲ ထပ်ပြီး ကြိုးစားကြည့်ပေ့ါ"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူက ကျူးရှန်းစည်းတံဆိပ်ကို ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သောလေသံဖြင့် တုံ့ပြန် ပြောဆိုလိုက်၏။
"ကျွန်တော့်မှာ နောက်ဆုံး တိုက်ကွက်တစ်ကွက် ရှိပါသေးတယ် အကြီးအကဲ သင်ပြပေးပါဦး"
အခန်း(၁၅၁၅)ပြီး၏။