← Chapters

ဆက်ကြေး

Vol. 189 Ch. 2832

ဆက်ကြေး

Vol. 189 Ch. 2832

သူတို့၏ ဘိုးဘေး ယက္ခိုသ်စင်ကြယ်အပျိုစင်သည် တစ်ခါက ကလန်သားပေါင်းများစွာကို ဦးဆောင်ပြီး တစ္ဆေကမ္ဘာ၏ ဒဏ္ဍာရီလာ ချောက်နက်ကနေ ထွက်ခွာလာခဲ့သည်ကို ယက္ခိုသ်များစွာက သိရှိထားသည်။

သို့သော်လည်း သူတို့မွေးဖွားလာစဉ်မှစ၍ သူတို့သည် ဤနေရာမှာ အကျဉ်းကျနေခဲ့ပြီး တစ္ဆေကမ္ဘာကို ဘယ်တုန်းကမှ မရောက်ဖူးပေ။

တကယ်ဆို တစ္ဆေကမ္ဘာသည် အမှန်တကယ်ပင် တည်ရှိရဲ့လား သူတို့မသိတော့ပေ။

သို့သော်ယခု တစ္ဆေကမ္ဘာမှ သံတမန်နှစ်ဦးက သူတို့ရှေ့သို့ နောက်တစ်ဖန် ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။

တစ္ဆေကမ္ဘာမှ ဤသံတမန်နှစ်ဦးသည် ယက္ခိုသ်စင်ကြယ်အပျိုစင်ကဲ့သို့ တူညီသောနေရာကနေ လာခဲ့သည်။

ဒါ့အပြင် သူတို့နှစ်ဦး၏ တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို သန်မာလေသည်။

သူတို့သည် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခုကို ရရှိလာတော့မှာလား…။

ယက္ခိုသ်များစွာသည် သိုင်းတာအိုပင်မခန္ဓာနှင့် ယက္ခိုသ်ဘုရင်အကြောက်တရားကို ကြည့်လိုက်၏။ ရိုသေလေးစားသော အမူအရာများအပြင် သူတို့၏ မျက်လုံးများ၏ အနက်ပိုင်းထဲမှာ မျှော်လင့်စောင့်စားသော အကြည့်တစ်ခု ရှိနေ၏။

“ကောင်းကင်ဘုံခုံရုံးနဲ့ပတ်သက်ပြီး မင်းတို့တွေ ဘာသိထားလဲ”

သိုင်းတာအိုပင်မခန္ဓာက မလှမ်းမကမ်းမှာရှိသော ယက္ခိုသ်ဘုရင်တစ်အုပ်စုကိုကြည့်ကာ မေးလိုက်၏။

ယက္ခိုသ်ဘုရင်များက တွေဝေတုံ့ဆိုင်းစွာဖြင့် သူတို့၏ ခေါင်းများကို ခါယမ်းပြလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအကြောင်းကော ဘာသိလဲ”

သိုင်းတာအိုပင်မခန္ဓာက ထပ်မံ၍ မေးလိုက်သည်။

ယက္ခိုသ်ဘုရင်တစ်ဦး၏ အမူအရာက ပြောင်းလဲသွားပြီးနောက် ရှေ့သို့ထွက်လာခဲ့သည်။ သူက ပြောလိုက်၏။

“အချိန်တစ်ခုကြာပြီးတိုင်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေက ကျုပ်တို့မျိုးနွယ်ကနေ ဆက်ကြေးလာကောက်ကြတယ်”

“ဆက်ကြေးလား”

သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်းအစစ်အအမှန်ခန္ဓာထံမှာ ရရှိထားသည့် မှတ်ဉာဏ်များနှင့် တိုက်ကြည့်ပြီး တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွားသည်။

ယက္ခိုသ်ယုက ရှင်းပြလိုက်၏။

“သူတို့တွေက ဆက်ကြေးအဖြစ် ကျွန်မတို့ ကလန်သားတွေဆီကနေ ပကတိစိတ်ဝိညာဉ်ပညာရှင်တစ်အုပ်စုကို ရွေးချယ်ပြီး ငရဲခန်းနဲ့တူတဲ့ တိုက်ပွဲနယ်မြေတစ်ခုကို ပစ်ထည့်လိုက်တာပဲ… သူတို့တွေက တခြားသက်ရှိတွေနဲ့ တခြားမျိုးနွယ်တွေရဲ့ သုတ်သင်သတ်ဖြတ်မှုနဲ့ အချိန်တိုင်း ရင်ဆိုင်နေရတယ်”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွားသည်။

သူထင်တာမမှားဘူးဆိုလျှင် ယက္ခိုသ်ယုပြောသည့် ငရဲခန်းနှင့်တူသော တိုက်ပွဲမြေဆိုသည်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဆိုးယုတ်မိစ္ဆာတိုက်ပွဲနယ်မြေ ဖြစ်ပေမည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲနယ်မြေမှ ပကတိစိတ်ဝိညာဉ်များကတော့ သူတို့သည် အပြစ်သားကုန်းမြေဆယ်ခုကနေ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ရွေးချယ်ထားသော ဆက်ကြေးများဖြစ်သည်။

ထိုဆက်ကြေးဟူသော စကားလုံးမှာ အပြစ်သားကုန်းမြေဆယ်ခုမှ သက်ရှိများအပေါ် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အထင်မြင်သေးမှုနှင့် အေးစက်မှုတို့က ပါဝင်နေ၏။

အဲဒါသည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးသည့် အန္တိမအမိန့်အာဏာတစ်ခုဖြစ်သည်။

ယက္ခိုသ်ယုက ပြောလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လူတွေပြောပုံအရဆို ဒါက ကျွန်မတို့အတွက် အပြစ်ဒဏ်နဲ့ သတိပေးမှုပဲ”

“တစ်ယောက်ယောက် အသက်ရှင်လျက် ပြန်လာခဲ့တာရှိလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

ယက္ခိုသ်ဘုရင်များက သုန်မှုန်နေသော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။

ယက္ခိုသ်ဘုရင်တစ်ဦးက ပူဆွေးဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

“နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျုပ်တို့ရဲ့ကလန်သားတွေက မျိုးပွားပြီး သူတို့ရဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းခဲ့ကြတယ်… ဒါပေမဲ့ ဘယ်သူကမှ ဒီကံကြမ္မာကနေ ရုန်းမထွက်နိုင်ကြဘူး… အဲဒီကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့လူတွေ ရှိခဲ့တယ်… ဒါပေမဲ့ သူတို့တွေက နောက်ဆုံးမှာ အပြတ်အသတ်ရှုံးနိမ့်ပြီး နောက်ထပ် ကျုပ်တို့ကလန်သားတွေကပါ ထပ်ပြီးဆိုးဆိုးဝါးဝါး သေဆုံးခဲ့ရတယ်”

“ကျုပ်တို့တွေက ကံကောင်းပြီး သူတို့ရဲ့ ဆက်ကြေးဖြစ်မလာဘဲ ကောင်းကင်လိုဏ်ဂူနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ပေမဲ့ ကျုပ်တို့တွေကို တစ်နေ့မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လာခေါ်ထုတ်သွားဦးမှာပဲ”

“ကျုပ်တို့က အပြင်ကိုရောက်ရင် သိပ်မကြာဘူး သေရလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။

ရုတ်တရက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ရတနာစေတီတွင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ မြင်တွေ့ခဲ့သော မြင်ကွင်းများက သူ့စိတ်ထဲမှာ ပေါ်ထွက်လာ၏။

ထိုရတနာများကြားမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားသော ယက္ခိုသ်မျိုးနွယ်များမှ တာအိုသစ်သီးတချို့ ရှိနေသည်။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ရတနာစေတီ၏ ပဉ္စမထပ်သို့ မဝင်ရောက်ခဲ့ပေ။

ထိုနေရာမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားသော ယက္ခိုသ်ကောင်းကင်လိုဏ်ဂူများ ရှိနေနိုင်လေသည်။

ဆိုးယုတ်မိစ္ဆာတိုက်ပွဲနယ်မြေမှာ သေဆုံးခြင်းအပြင် ဤယက္ခိုသ်များအတွက် နောက်ဆုံးရလဒ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များ ရွေးချယ်ယူဖို့အတွက် ရတနာစေတီမှာ ခင်းကျင်းပြသထားသော တာအိုသစ်သီးများနှင့် ကောင်းကင်လိုဏ်ဂူများ ဖြစ်လာပေလိမ့်မည်။

အပြစ်သားကုန်းမြေဆယ်ခုမှ ယက္ခိုသ်များနှင့် အခြားသော သက်ရှိများအားလုံးသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအတွက် ဆက်ကြေးများသာဖြစ်သည်။

သူသည် ထျန်ဟွမ်ကုန်းမြေမှာ ရှိခဲ့စဉ်က သိုင်းတာအိုပင်မခန္ဓာသည် ယက္ခိုသ်မျိုးနွယ်ပေါ် ကောင်းမွန်သော ထင်မြင်ချက် မရှိခဲ့ပေ။

သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဆိုးယုတ်သော အပြုအမူများသည် သူ့ကို ပို၍ပင် ရွံရှာစက်ဆုပ်စေသည်။ သူတို့သည် စိတ်ရှိတိုင်း သတ်ဖြတ်ဖို့အတွက် အပြစ်သားကုန်းမြေဆယ်ခုမှ ဘီလီယံနှင့်ချီသော သက်ရှိပေါင်းများစွာကို သူတို့အတွက် မွေးမြူထားလေသည်။

သူတို့သည် သူတို့၏ မျိုးဆက်များကိုပင် အလွတ်မပေးဘဲ သူတို့ကို မျိုးရိုးစဉ်ဆက် တိရစ္ဆာန်များနှင့် ဆက်ကြေးများအဖြစ် သတ်မှတ်ထားလေသည်။

ဤကဲ့သို့သော အပြုအမူများသည် တကယ်ပင် လူမဆန်ပြီး ကောင်းကင်ဘုံတာအိုကို ဆန့်ကျင်နေသည်။

အပြစ်သားကုန်းမြေဆယ်ခုမှာ လူသားများပင် ရှိနေသည်။

ယက္ခိုသ်မျိုးနွယ်နှင့် ယက္ခမျိုးနွယ်တို့က ပင်ကိုသဘာဝအလျောက် ကြမ်းကြုတ်ခက်ထန်ကြသည်ဆိုလျှင် လူသားမျိုးနွယ်မှ မျိုးဆက်များကရော ဘယ်လိုအမှားမျိုးကို ကျူးလွန်ခဲ့မိလို့လဲ။

ဒါ့အပြင် မဟာဧကရီတမလွန်ကိုးဘုံသည် အရင်တုန်းက ကောင်းကင်ဘုံကို ဖီဆန်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သော အရာများနှင့်ပတ်သက်၍ သူ့မှာ မေးခွန်းများစွာ ရှိနေဆဲပင်။

ထိုကြီးလေးသော ပြစ်မှုများဆိုသည်မှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ အကြောင်းပြချက်သက်သက်ပဲလား…

သိုင်းတာအိုပင်မခန္ဓာသည် သူ့ရင်ထဲမှ ထိုသံသယများကို လောလောဆယ်မှာ ခဏဖိနှိမ်ပြီး မိုးကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲမှာ ခရမ်းရောင်မီးတောက်နှစ်ခုက တဖြည်းဖြည်းပေါ်ထွက်လာသည်။

ယခုအချိန်မှာ သူ့အနေဖြင့် အရေးကြီးဆုံးအရာသည် ဤနေရာကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာဖို့ပင်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဘုရင်ဆယ်ပါးကျော်နှင့် ကောင်းကင်ဘုံခုံရုံးပါ လူနှစ်ဦးက ဤနေရာမှာ သေဆုံးသွားသည်။

ဤကိစ္စကို သိပ်ကြာကြာ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာကို မအီမသာခံစားရစေသည့်အရာမှာ သူ့လက်ဖဝါးပေါ်မှ ဖျောက်ဖျက်မရဘဲ ကျန်ရစ်ခဲ့သည့် မီးတောက်စာလုံး ဖြစ်လေသည်။

“လူကြီးမင်း… ခင်ဗျား ဒီကနေ ထွက်ဖို့ကြိုးစားနေတာလား”

ယက္ခိုသ်ဘုရင်က သိုင်းတာအိုပင်မခန္ဓာ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိပုံရပြီး ဂရုတစိုက်မေးမြန်းလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ခေါင်းညိတ်ကာ မေးလိုက်၏။

“ငါ ဘာလုပ်လို့ရမလဲ”

ယက္ခိုသ်များသည် ဤနေရာကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ကြသော်လည်း သူတို့သည် ဤနေရာမှာ မျိုးရိုးစဉ်ဆက် အကျဉ်းချခံထားရပြီး ဤကမ္ဘာအကြောင်း ကောင်းကောင်းသိကြလေသည်။

ယက္ခိုသ်ဘုရင်က ပြောလိုက်၏။

“ဒီကမ္ဘာက စွမ်းအားကြီးမားတဲ့ ကန့်သတ်မှုတွေနဲ့ ပြည့်နှက်နေတယ်… တစ်ယောက်ယောက်က ခွင့်ပြုချက်မရှိဘဲ ထွက်ခွာချင်တယ်ဆိုရင် အဲဒီကန့်သတ်မှုတွေက နှိုးဆွခံရပြီး သေချာပေါက် တန်ပြန်တိုက်ခိုက်လာလိမ့်မယ်… ဒီနှစ်တွေထဲမှာ အပြင်ကိုထွက်ဖို့ ကြိုးစားခဲ့တဲ့ ကလန်သားတွေ ရှိခဲ့တယ်… ဒါပေမဲ့ သူတို့တွေက အဲဒီကန့်သတ်စွမ်းအားတွေနဲ့ အညှာအတာမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်”

“ဧကရာဇ်နယ်ပယ်ရဲ့ စွမ်းအားကသာ ဒီကမ္ဘာမှာရှိတဲ့ ကန့်သတ်မှုတွေကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ကျုပ်ထင်မြင်ယူဆမိတယ်”

“ဧကရာဇ်နယ်ပယ်လား”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

ယက္ခိုသ်ဘုရင်က ခါးသက်စွာ ပြုံးပြလိုက်၏။

“အဲ့လိုမျိုး ကန့်သတ်မှုတစ်ခု တည်ရှိနေတာကြောင့် ကျုပ်တို့ရဲ့ ကျင့်ကြံမှုတွေက ဖိနှိမ်ခံထားရပြီး ကျုပ်တို့က ဧကရာဇ်နယ်ပယ်ကို မတက်လှမ်းနိုင်ကြဘူး… ကျုပ်တို့တွေက ဒီနေရာမှာပဲ ပိတ်မိနေတယ်”

သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းတာအိုငရဲခန်းကို အဆင့်မြင့်ကျွမ်းကျင်မှု ရရှိပြီးသည်အထိ ကျင့်ကြံပြီးသည်နှင့် ၎င်းသည် ဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်များကို ဖိနှိမ်နိုင်လေသည်။ သို့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့်သည် မည်သို့ပင်ဆိုစေ အစစ်အမှန်ဧကရာဇ်နယ်ပယ်ပညာရှင်တစ်ဦး မဟုတ်ပေ။ အဲဒီမှာ​ စကားလုံးတစ်လုံးသာ ကွာခြားသော်လည်း သူတို့ကြား ခွန်အားကွာဟချက်က မိုးနှင့်မြေလိုဖြစ်သည်။

သိုင်းတာအိုငရဲခန်းနှင့် အစစ်အမှန်သိုင်းတာအိုခန္ဓာလောက်နှင့် သူသည် သူ၏ မျိုးဆက်သွေးကို အကန့်အသတ်အထိ လှည့်ပတ်မည်ဆိုလျှင်တောင် သူသည် ဧကရာဇ်နယ်ပယ်၏ စွမ်းအားအထိ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူသည် ငရဲဖိနှိမ်မီးဖိုကို အသုံးချကာ သူ၏ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်မည်ဆိုလျှင် သူသည် ဧကရာဇ်နယ်ပယ်၏ စွမ်းအားနှင့် ထိတွေ့နိုင်ဖို့ အခွင့်များလေသည်။

ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ ကြန့်ကြာမနေဘဲ လေထဲသို့ ခုန်တက်လိုက်၏။ ဖျတ်ခနဲဆို သူက မိုးကောင်းကင်၏ အဆုံးသို့ ရောက်ရှိလာသည်။

သူကြည့်လေရာနေရာတိုင်း မိုးကောင်းကင်ထက်မှာ သိပ်သည်းများပြားသော ကန့်သတ်မှော်စာလုံးများကို တွေ့မြင်နေရသည်။

ကန့်သတ်မှော်စာလုံးများနှင့် ဝန်းရံခံထားရချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ခံစားလာရသည်။

“ဒီလိုမျိုး ကန့်သတ်မှော်စာလုံးတွေကို ခင်းကျင်းထားတဲ့ ပညာရှင်က သာမန်ဧကရာဇ်တစ်ပါး မဟုတ်လောက်ဘူး”

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူက ကြိုးစားကြည့်ရပေမည်။

ဝေါ…

သိုင်းတာအိုပင်မခန္ဓာ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ ချက်ချင်းပင် လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး ဒေါသူပုန်ထနေသော မီးတောက်များနှင့်အတူ ဧရာမမီးဖိုတစ်လုံးက လေထဲမှာ ပေါ်ထွက်လာသည်။

မီးတောက်ခြောက်ခု၏ အားဖြည့်စုဆောင်းမှုနှင့်အတူ မီးဖိုသည် လောင်ကျွမ်းနီရဲလာပြီး ချစ်ချစ်တောက်ပူပြင်းသော နေတစ်စင်းကဲ့သို့ လေထဲမှာ လွင့်နေ၏။

မီးဖိုက အလွန်တရာ ကြီးမားလာရုံသာမက ၎င်းသည် လေထဲကနေ ဖောက်ထွက်တော့မည့်အလားပင်။

နောက်ခဏ၌ ငရဲခန်းတစ်ခုက မီးဖို၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။ နီရဲနေသော မီးတောက်များက တလိပ်လိပ်ထိုးတက်နေပြီး မိုးကောင်းကင်ကို အဆက်မပြတ် လောင်ကျွမ်းကာ ၎င်းအပေါ်မှာရှိသော ကန့်သတ်မှော်စာလုံးများကို သန့်စင်ပစ်ချင်နေ၏။

မရေမတွက်နိုင်သော ယက္ခိုသ်များက တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ကြသည်။

ဤသည်ကား မိုးကောင်းကင်ကို တကယ်ပင် မီးရှို့နေခြင်းဖြစ်သည်။

သို့သော်လည်း မရေမတွက်နိုင်သော မီးတောက်များ၏ လောင်ကျွမ်းမှုအောက်မှာ မိုးကောင်းကင်ထက်ရှိ ကန့်သတ်မှော်စာလုံးများက ပျက်ပြယ်တော့မည့် မည်သည့်လက္ခဏာမှ မပြသပေ။ ထိုအစား သူတို့က အလင်းရောင်ကို စုစည်းပြီး တန်ပြန်တိုက်ခိုက်လာခဲ့သည်။

ဝုန်း… ဝုန်း… ဝုန်း…

စွမ်းအားနှစ်ခုက စတင်၍ အဆက်မပြတ် ထိတွေ့ရိုက်ခတ်ပြီး ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ နှစ်ဖက်စလုံးက ခဏမျှ တိုက်ခိုက်ဖလှယ်ပြီးနောက် ငရဲခန်းနှင့် ကောင်းကင်နှင့်မြေကြီးမီးဖိုက အရေးနိမ့်လာခဲ့လေသည်။ တကယ်ဆို မီးဖိုပတ်လည်ရှိ မီးတောက်များက ငြိမ်းသေတော့မည့် လက္ခဏာများပင် ပြသလာခဲ့လေသည်။

ထိုစဉ်မှာပင် ရှေးကျသော စတုရန်း​ကြေးမီးဖိုတစ်လုံးက ပေါ်ထွက်လာပြီး လောကက တုန်ခါသွားလေသည်။

All Chapters