← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

ဝမ်ချွေ့ချွေ့သည် လုနန်အကြောင်း သတင်းအချက်အလက်အချို့ကို တူးဖော်ရန် စိတ်အားထက်သန်စွာ မေးလိုက်သည်။

“အဘွားဝူ၊ လုနန်ရဲ့ ပထမခင်ပွန်းက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လား။”

အန်တီဝူသည် သူမကို ထူးဆန်းစွာ ကြည့်လိုက်ပြီး သတိထားကာ ပြန်ဖြေလိုက်သည်။ “ဘာလို့ အဲ့ဒါကို မေးနေတာလဲ။”

သူမသည် ဤမိန်းကလေးနှင့် ပတ်သက်၍ တစ်ခုခုမှားနေသည်ကို ခံစားမိပြီးသားဖြစ်သည်။ အစောပိုင်းကတည်းက ဝမ်ချွေ့ချွေ့၏ ဖေးကျီအန်း အပေါ်ထားရှိသော အကြည့်များသည် ရှက်ရွံ့သော အနေရခက်မှုများဖြင့် ပြည့်နှက်နေပြီး လုနန် အပေါ်ထားရှိသော သူမ၏ အကြည့်မှာမူ ရန်လိုမှုများဖြင့် ရောယှက်နေသည်။

ဝမ်ချွေ့ချွေ့သည် သူမ မမေးသင့်သောအရာကို မေးမိပြီး တစ်ဖက်လူကို သံသယဝင်အောင် လုပ်မိပြီမှန်း သိလိုက်ရသောကြောင့် ရှက်ရွံ့စွာဖြင့် သူမ၏ ဆန္ဒနှင့်ဆန့်ကျင်စွာ ချီးကျူးလိုက်သည်။

“မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ ကျွန်မက အစ်မ လုနန် နဲ့ ဦးလေး ဖေးက လိုက်ဖက်တယ်လို့ ထင်လို့ပါ။”

အန်တီဝူသည် ပါးစပ်ကို ဖုံးကာ ရယ်မောလိုက်သည်။

“အိုး၊ သမီးလေး၊ သမီးပြောတာ မှန်တယ်။ အပြင်ကို ကြည့်လိုက်။ သူတို့က ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ အတွဲလို မဟုတ်ဘူးလား။ ပြီးပြည့်စုံတဲ့ စုံတွဲ၊ သံစဉ်ညီတဲ့ တေးသွားလို၊ ချစ်ခြင်းမေတ္တာနဲ့ ပြည့်နှက်နေတာ…”

ဝမ်ချွေ့ချွေ့ - “…” အဘွားကြီး၊ ရှင်က တော်တော်ယဉ်ကျေးတာပဲ။

အန်တီဝူ ပြောသော စကားလုံးတိုင်းသည် ချွေ့ချွေ့၏ နှလုံးသားကို မြားတစ်စင်းကဲ့သို့ ထိုးဖောက်သွားပြီး အပိုင်းပိုင်းကွဲကြေလုမတတ် ဖြစ်သွားစေသည်။ သို့သော် အန်တီဝူသည် မပြီးသေးဘဲ နောက်ထပ်ထိုးနှက်ချက်တစ်ခုကို ထပ်ထည့်လိုက်သည်။

“အချစ်အကြောင်း ပြောရရင် ဒီခရီးစဉ်က ဖေးကျီအန်းက လုနန် အိမ်မှာပဲ ပိတ်မိနေတာကို သနားလို့ မိသားစုတစ်ခုလုံးကို အပန်းဖြေဖို့ ခေါ်ထုတ်လာတာပဲ။”

ဤစကားကို ကြားသောအခါ ဝမ်ချွေ့ချွေ့၏ မျက်လုံးများသည် နီရဲလာပြီး အန်တီဝူသည်လည်း သတိပြုမိကာ အလျှော့ပေးရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ်မှာပင် လုနန်သည် လတ်လတ်ဆတ်ဆတ် ဆေးကြောထားသော ဟင်းသီးဟင်းရွက်များကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ပြီး မျက်လုံးနီရဲကာ ခေါင်းငုံ့ထားသော ဝမ်ချွေ့ချွေ့ကို တွေ့လိုက်ရသည်။ နားမလည်နိုင် ဖြစ်သွားသော လုနန်သည် အန်တီဝူ ကို ကြည့်လိုက်ရာ အန်တီဝူက သူမ၏ အကြည့်ကို အလျင်အမြန် ရှောင်လိုက်သည်။

ဝမ်ချွေ့ချွေ့သည် မျက်လုံးများကို ပွတ်ကာ အားတင်းပြုံးလိုက်သည်။ “ငရုတ်သီးတွေက အရမ်းစပ်လို့ပါ။ တောင်းပန်ပါတယ် အစ်မ လုနန်၊ ကျွန်မ ရှက်စရာဖြစ်သွားတယ်။”

လုနန် သည် သူမနှင့်အတူ လိုက်လျောညီထွေ ပြောပေးရင်း နှစ်သိမ့်လိုက်သည်။ “ရှက်စရာဘာမှမရှိပါဘူး။ မျက်လုံးကို ရေနဲ့ဆေးလိုက်။”

ထိုစဉ်မှာပင် သူမသည် တပ်ကြပ်ကြီးဝမ်က သူမကို အပြင်မှ ခေါ်နေသည်ကို ကြားလိုက်ရပြီး အလျင်အမြန် ပြန်ဖြေကာ တံခါးဆီသို့ ဦးတည်သွားခဲ့သည်။

သူမ ထွက်လိုက်သည်နှင့် တပ်ကြပ်ကြီးဝမ်သည် တောင်းတစ်လုံးကို ကိုင်ကာ သူမဆီသို့ ပေးနေသည်ကို တွေ့လိုက်ရသည်။

“ညီမလေး၊ အိမ်မှာ မုန်ညင်းနဲ့ မုန်လာဥတွေ ကုန်နေပြီ။ မင်းနဲ့ ဖေး အဘိုးကြီး လယ်ကွင်းထဲကနေ သွားတူးလိုက်။ အဘိုးကြီး ဖေးက ဟင်းသီးဟင်းရွက်ခင်း ဘယ်မှာရှိလဲဆိုတာ သိတယ်၊ သူ့ကို ခေါ်သွားခိုင်းလိုက်။”

လုနန်သည် တောင်းကို ကိုင်ကာ ထွက်လာသောအခါ ဖေးကျီအန်းသည် ပေါက်တူးတစ်လက်ကို မှီထားပြီး သူ၏ အခြားလက်တစ်ဖက်တွင် မီးညှိထားသော စီးကရက်တစ်လိပ်ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ မီးခိုးငွေ့များသည် ပျင်းရိစွာ လိပ်တက်နေသော်လည်း ဖေးကျီအန်းသည် တစ်ချက်မျှပင် မဖွာရသေးပေ။

လုနန်သည် ခဏတာ ရပ်တန့်သွားပြီး အံ့အားသင့်သွားသည်။ ဤသည်မှာ သူမ ဖေးကျီအန်း ဆေးလိပ်သောက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမသည် သူ ဆေးလိပ်မသောက်ဘူးလို့ ထင်ခဲ့တာဖြစ်သည်။

ဖေးကျီအန်းသည် သူမ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူသည် စီးကရက်ကို ငြိမ်းသတ်လိုက်သည်။ သူမ၏ အကြည့်သည် ထိုအရာပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်ကို သတိပြုမိသောအခါ သူက ပြောလိုက်သည်။

“အဘိုးကြီးဝမ်က ဆေးလိပ်သောက်ရတာ ကြိုက်တယ်။ သွားကြစို့။”

ဆိုလိုရင်းမှာ ရှင်းလင်းသည်။ သူကိုယ်တိုင်က ဆေးလိပ်သောက်ရသည်ကို မကြိုက်ပေ။

သူတို့သည် ဟင်းသီးဟင်းရွက်ခင်းသို့ တစ်ယောက်နောက်တစ်ယောက် လျှောက်သွားကြပြီး သူတို့ရောက်သောအခါ လုနန် သည် တပ်ကြပ်ကြီးဝမ်၏ “ဟင်းသီးဟင်းရွက်တူးခြင်း” သည် အမှန်တကယ် တူးခြင်းကို ဆိုလိုသည်ကို သိလိုက်ရသည်။

မုန်ညင်းကို ရိတ်သိမ်းပြီးနောက် လယ်ကွင်းထဲတွင် ကြီးမားသော ကျင်းများတူးကာ သိမ်းဆည်းထားပြီး စားသုံးရန် အချိန်ရောက်မှသာ ထုတ်ယူသည်။ သူတို့ ပေါက်တူးလိုအပ်သည့် အကြောင်းရင်းမှာ အံ့ဩစရာမရှိပေ။

မုန်လာဥများကိုမူ တန်းပြီး ဆွဲနုတ်နိုင်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် အလုပ်များကို ခွဲဝေလိုက်ကြသည်။ လုနန် သည် မုန်လာဥများကို ဆွဲထုတ်မည်ဖြစ်ပြီး ဖေးကျီအန်းသည် မုန်ညင်းကို တူးမည်ဖြစ်သည်။

အားအင်နည်းပါးသောကြောင့် လုနန်သည် အတော်ကြာအောင် မောဟိုက်နေပြီး ချွေးများထွက်ကာ မုန်လာဥအနည်းငယ်သာ ဆွဲထုတ်နိုင်ခဲ့သည်။ သူမ မော့ကြည့်သောအခါ ဖေးကျီအန်းသည် သူ့အပေါ်အင်္ကျီကို ချွတ်ထားပြီး ပါးလွှာသော ရှပ်အင်္ကျီအောက်ရှိ သူ၏ ကြွက်သားများသည် ပေါက်တူးကို မြှောက်ကာ လွှဲယမ်းနေစဉ် အရိပ်အမြွက် ပေါ်လွင်နေသည်။

မွန်းတည့်နေသည် ပြင်းထန်စွာ တောက်လောင်နေပြီး မြေကြီးကို မီးဖုတ်နေသကဲ့သို့ပင်။ မုန်ညင်းသည် နက်ရှိုင်းစွာ မြှုပ်နှံထားပြီး ထူထဲမာကျောသော မြေကြီးကြောင့် တူးရန်ခက်ခဲသည်။ ချွေးများသည် ဖေးကျီအန်း၏ မျက်နှာပေါ်မှ စီးကျနေကာ သူသည် သူ၏ ရှပ်အင်္ကျီကို ဖြုတ်လိုက်ရာ သူ၏ ကြွက်သားများတလျှောက် ပိုနက်ရှိုင်းသော နေရာများသို့ စီးဆင်းသွားသည်။

*ဂလု* ဘယ်သူ သွားရည်ကျနေတာလဲ။ အော်၊ ငါပဲ။ ဒါဆို ထားလိုက်တော့။

လုနန်သည် အစပိုင်းတွင် အနည်းငယ် ခိုးကြည့်ခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် ပွင့်ပွင့်လင်းလင်း စိုက်ကြည့်မိနေသည်ကို တွေ့ရှိရသည်။

ဟင်းသီးဟင်းရွက်များကို တူးပြီးနောက် ဖေးကျီအန်း သည် သူမ၏ အကြည့်ကို သတိပြုမိလိုက်သည်။ သူ၏ ယခု ချွေးစိုနေသော ရှပ်အင်္ကျီကို ငုံ့ကြည့်လိုက်ရာ အင်္ကျီသည် သူ့အပေါ်တွင် ကပ်နေပြီး စိုစွတ်သော အစွန်းအထင်းများသည် သူ၏ ဘောင်းဘီအထိ ကျယ်ပြန့်နေသည်။ သူသည် သူ၏ လုပ်လက်စ အလုပ်ကို ရပ်တန့်ကာ သူ့ချွေးများကို သုတ်လိုက်ပြီး စိုစွတ်နေသော ရှပ်အင်္ကျီကို ချွတ်ကာ သူ့ဂျာကင်ကို သူ့ပုခုံးပေါ်တွင် လွှားတင်လိုက်သည်။

လက်ပူးလက်ကြပ်မိသွားသော လုနန်သည် အလျင်အမြန် အကြည့်လွှဲလိုက်သော်လည်း သူမ၏ စိတ်သည် ထိုမြင်ကွင်းပေါ်တွင် တဝဲလည်လည်ဖြစ်နေဆဲဖြစ်သည်။ 'အမယ်လေး.. ဖေးကျီအန်း ချွေးသံတရွှဲရွှဲ အလုပ်လုပ်နေတာက အရမ်းကို ဆွဲဆောင်မှုရှိတာပဲ။'

သူ့တွင် ဒီလို ကွဲလွဲနေသော အငွေ့အသက်တစ်ခုရှိသည်။ ပုံမှန်အားဖြင့် သူ၏ လှုပ်ရှားမှုတိုင်းသည် လှပပြီး တည်ငြိမ်ကာ အစောပိုင်းခေတ်မှ လူကြီးလူကောင်းတစ်ဦး၏ ဆွဲဆောင်မှုကို ထုတ်လွှင့်နေသည်။ သို့သော် သူ မြေကြီးကို တူးဆွနေသောအခါ ဘာတွန့်ဆုတ်မှု အရိပ်အမြွက်မျှမရှိဘဲ.. သူသည် နှစ်ပေါင်းများစွာ လယ်ယာလုပ်ကိုင်ခဲ့သူတစ်ဦး၏ ကျင့်သားရနေသော လွယ်ကူမှုဖြင့် လှုပ်ရှားနေခဲ့သည်။

သူသည် သိက္ခာကြီးနိုင်သလို ကြမ်းတမ်းနိုင်သည်။

လုနန်သည် အတွေးများထဲ လမ်းပျောက်နေသဖြင့် ရှည်မြောမြော အရောင်စုံစုံ ပုံရိပ်တစ်ခု သူမ၏ ခြေထောက်များရှေ့မှ လျှောတိုက်သွားသည်အထိ သူမရှေ့မှ အရာကို သတိမပြုမိခဲ့ပေ။

“မြွေကြီး!!”

သူမသည် ခြေလှမ်းအနည်းငယ်ဖြင့် အလျင်အမြန် ဖေးကျီအန်း၏ လက်မောင်းများထဲသို့ ခုန်ဝင်သွားခဲ့သည်။ သူသည် သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး မြွေသည် သူမ၏ အော်သံကြောင့် လန့်ဖြတ်သွားကာ အလျင်အမြန် ထွက်ပြေးသွားသည်။

ခဏအကြာမှာပင် လုနန်သည် သူ၏ ပွေ့ဖက်ခံထားရကာ တုန်ယင်နေဆဲဖြစ်သည်။

“သွားပြီ။ ကျွန်မမြွေကိုက်ခံလိုက်ရပြီ။ ဘယ်လိုလုပ်ရမလဲ။ ကျွန်မသေတော့မှာလား။”

ဖေးကျီအန်း - “…”

“မင်းကို မကိုက်ပါဘူး။” ဖေးကျီအန်းသည် သူမ၏ ကျောကို ပုတ်ရင်း နှစ်သိမ့်လိုက်သည်။

မြွေသည် သူမကို ကိုက်ရန် အနီးကပ်မလာခဲ့ပေ။ သူမသည် မြွေထက် ပိုမြန်အောင် ပြေးခဲ့ပြီး ထို့အပြင် ထိုမြွေသည် အန္တရာယ်မရှိသော ဥယျာဉ်မြွေတစ်ကောင်သာဖြစ်ပြီး အဆိပ်မရှိပေ။

လုနန်သည် သူမ၏ ခြေထောက်များတွင် ထုံကျင်မှုကို ခံစားရကာ မြွေက သူမကို ကိုက်ခဲ့သည်ဟု ယုံကြည်နေသည်။

“ကျွန်မ မယုံဘူး။”

ဖေးကျီအန်း သက်ပြင်းချလိုက်မိသည်။ “ဒါဆို ဆင်းလိုက်၊ ကိုယ် မင်းကို ကြည့်ပေးမယ်။”

လုနန်သည် တုံ့ဆိုင်းနေပြီးမှ ခေါင်းခါလိုက်သည်။ သူမသည် မြေကြီးပေါ်တွင် ခြေမချရဲဘဲ နောက်ထပ်မြွေတစ်ကောင်နှင့် ကြုံတွေ့ရမည်ကို ကြောက်ရွံ့နေသည်။

ဖေးကျီအန်းသည် သက်ပြင်းချကာ သူ့ရဲ့ ဘိုးဘေးလေးကို လက်မောင်းများထဲတွင် ပွေ့ဖက်ထားလိုက်သည်။

ခဏအကြာတွင် သူမ နေလို့ကောင်းသွားသောအခါ သူမ၏ ခြေကျင်းဝတ်ကို ခါကြည့်လိုက်ပြီး ဘာမှမမှားကြောင်း သိလိုက်ရသည်။ ထို့နောက် သူမသည် သူမနှင့် ဖေးကျီအန်း၏ အနေအထားသည် မမှန်ကန်ကြောင်း သတိပြုမိလိုက်သည်။ ဖေးကျီအန်း၏ ခန္ဓာကိုယ်သည် အလုပ်လုပ်ပြီးနောက် ယောက်ျားဟော်မုန်းများနှင့် ရောနှောနေသော အပူလှိုင်းတစ်ခုကို ထုတ်လွှင့်နေပြီး လုနန်ဆီသို့ တိုးဝင်လာသည်။ သူမ ခေါင်းငုံ့လိုက်သောအခါ ဖေးကျီအန်း၏ ပြီးပြည့်စုံသော မေးစေ့နှင့် လှုပ်ရှားနေသော လည်စေ့ကို မြင်နိုင်ခဲ့သည်။

လုနန်သည် ဖေးကျီအန်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် အငြို့ခံလိုက်ရသည်။ သူမသည် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်ပြီး သူမ၏ လက်များသည် သူ၏ ခိုင်မာသော ကြွက်သားများကို အငြိမ်မနေဘဲ စူးစမ်းနေခဲ့သည်။

ဖေးကျီအန်း - “…”

သူ၏ လက်မောင်းများထဲမှ နူးညံ့သောရနံ့နှင့်အတူ သူမသည် အကျိုးဆက်များကို မသိဘဲ သူနှင့် ပရောပရီလုပ်ခဲ့ပြီးနောက် သူ့ကို မြေမြှုပ်ဖို့ ဂရုမစိုက်ဘဲ သတ်ပစ်ခဲ့သည်။ ဖေးကျီအန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်လုမတတ်ဖြစ်သွားသည်။

သူသည် အမှန်တကယ်ပင် ရယ်မောလိုက်ပြီး သူ၏ ရင်ဘတ်သည် တုန်ခါနေကာ သူတို့ကြားမှ အဝတ်သည် ညင်သာစွာ ပွတ်တိုက်လျက်ရှိသည်။ လုနန်သည် ခေါင်းငုံ့ကာ ဖေးကျီအန်းကို နမ်းလိုက်သည်။

အကယ်၍ ဖေးကျီအန်းသည် ထို့နောက်မှာပင် ထိန်းချုပ်နိုင်သေးပါက သူသည် သာမန်ယောက်ျားတစ်ဦး ဖြစ်မည်မဟုတ်ပေ။

သူက ဦးဆောင်၍ သူတို့၏ နှုတ်ခမ်းများနှင့် လျှာများသည် ယှက်နွှယ်နေကာ သူ၏ အနမ်းသည် ဈေးပေါသော ဆေးလိပ်နံ့နှင့်အတူ လုနန်၏ လျှာငယ်လေးနှင့် ကစားနေခဲ့သည်။

ခဏအကြာတွင် ဖေးကျီအန်းသည် အခုတော့ နူးညံ့သွားသော လုနန်ကို လွှတ်ပေးလိုက်သည်။ သူသည် သူမ၏ ခေါင်းအနီးသို့ တိုးကပ်ကာ လျှို့ဝှက်ဆန်းကြယ်သော စကားနှစ်လုံးကို ပြောလိုက်သည်။

“အတိုး။”

လုနန်သည် ဝေဝါးစွာဖြင့် သူမ ရှုံးနိမ့်သွားသော်လည်း တစ်နည်းနည်းဖြင့် လုံးဝမရှုံးနိမ့်သေးသကဲ့သို့ ခံစားလိုက်ရသည်။

ဟင်? သူမသည် မလှမ်းမကမ်းတွင် ရပ်နေသော ဝမ်ချွေ့ချွေ့ ကို မြင်လိုက်ရသကဲ့သို့ ထင်ရသည်။

'မဟုတ်ဘူး၊ တစ်ခုခုတော့ မမှန်ဘူး!'

ဝမ်ချွေ့ချွေ့ သည် အမှန်တကယ်ပင် ထိုနေရာတွင် ရပ်နေသည်။

ဖေးကျီအန်းသည် ဝမ်ချွေ့ချွေ့ကို ရှင်းလင်းစွာ သတိပြုမိလိုက်သည်။ သူ့မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားပြီး သူသည် လုနန်၏ ကျောကို ပုတ်ကာ ညင်သာစွာ ချပေးလိုက်သည်။

“မင်း ကိုယ့်ဘာသာကိုယ် ရပ်နိုင်လား။”

လုနန်၏ အကြည့်များသည် တောက်ပနေဆဲဖြစ်ပြီး သူမ၏ နှုတ်ခမ်းသည်လည်း စိုစွတ်မှုဖြင့် တောက်ပနေသည်။ သူမသည် မတ်မတ်ရပ်ရန် ကြိုးစားပြီးနောက်… သူမသည် ဖေးကျီအန်း၏ ရှပ်အင်္ကျီကို အပေါ်ဆုံးအထိ ကြယ်သီးတပ်ရန် စတင်လိုက်သည်။

သူမသည် အခြားအမျိုးသမီးတစ်ဦးကို ဖေးကျီအန်းအား မြင်ခွင့်ပေးမည်မဟုတ်ပေ!

ဖေးကျီအန်းသည် စကားမပြောနိုင်ဖြစ်သွားသော်လည်း သူမကို သူမသဘောအတိုင်း လုပ်ခွင့်ပေးလိုက်သည်။

ဝမ်ချွေ့ချွေ့ ဘာတွေစဉ်းစားနေသည်ကို မည်သူမျှ မသိပေ။ သူမသည် အရာအားလုံးကို ကြည့်ရှုရုံသာမက ကြည့်ပြီးနောက်တွင်လည်း ထွက်မသွားခဲ့ပေ။ သူမ ထွက်မသွားခဲ့တာ အဆင်ပြေသော်လည်း ယခု သူမသည် သူတို့နှစ်ဦးဆီသို့ လျှောက်လာနေခဲ့သည်။

ဝမ်ချွေ့ချွေ့သည် အားတင်းထားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ “ဦးလေး ဖေး၊ အစားအသောက်တွေ အဆင်သင့်ဖြစ်နေပြီ၊ ဦးလေးတို့နှစ်ယောက် ပြန်မလာသေးလို့ အဖေက ကျွန်မကို ခေါ်ခိုင်းလိုက်တာ။”

ဖေးကျီအန်း၏ မျက်လုံးများသည် သူမကို ကြည့်နေစဉ် အေးစက်နေဆဲဖြစ်ပြီး သူက ပြောလိုက်သည်။ “သိပြီ။ မင်း အရင်ပြန်နှင့်လို့ရပြီ။ ငါတို့ ဟင်းသီးဟင်းရွက်တွေ စုပြီးရင် မကြာခင် ပြန်လာခဲ့မယ်။”

ဝမ်ချွေ့ချွေ့သည် နှုတ်ခမ်းကိုက်လိုက်ပြီး သူမ၏ မျက်နှာတွင် ရုန်းကန်နေရသည့် အမူအရာတစ်ခု ပေါ်လာသော်လည်း နောက်ဆုံးတွင် သူမက ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ဒါဆို ကျွန်မ ပြန်နှင့်မယ်။”

စကားပြောပြီးနောက် သူမသည် အလျင်အမြန် လှည့်ထွက်သွားပြီး အကယ်၍ သူမ နောက်တစ်စက္ကန့်မျှ နေခဲ့ပါက သူမ ငိုယိုကာ ပြိုလဲသွားမည်ကို ကြောက်ရွံ့နေသော်လည်း သူမသည် အခုပင် ထိန်းချုပ်ထားရသည်မှာ မလွယ်ကူလှပေ။

သူမ လက်လျှော့လိုက်ပြီ။

ဝမ်ချွေ့ချွေ့သည် ဖေးကျီအန်း ဤမျှလောက် စိတ်ခံစားမှုများစွာ ပြသသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် အမြဲတမ်း တည်ငြိမ်ပြီး လူတိုင်းရှေ့တွင် အားကိုးရသူတစ်ဦးဖြစ်သည်။ သို့သော် လုနန်ရှေ့တွင်မူ သူသည် ကွဲပြားနေသည်။

သူသည် အကူအကယ်မဲ့၊ စိတ်အားထက်သန်၊ ကျေနပ်ပြီး ပျော်ရွှင်နိုင်သည်… ပြီးတော့ သူက သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားလိမ့်မည်။

သို့သော် သူမ ဘာလုပ်နိုင်မည်နည်း။ သူမသည် ဖေးကျီအန်းဆီသို့ သူမ၏ နှလုံးသားကို ပေးအပ်ခဲ့သကဲ့သို့ ဖေးကျီအန်းသည်လည်း သူ၏ နှလုံးသားကို အခြားအမျိုးသမီးတစ်ဦးထံသို့ ပေးအပ်ခဲ့သည်။ ထိုသဘောအရ သူမတို့သည် တူညီကြသည်။

လုနန်သည် ဝမ်ချွေ့ချွေ့ ပိုမြန်မြန်လျှောက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ “ယောက်ျားတွေရဲ့ အလှက အရမ်းကို ဆွဲဆောင်မှုရှိတာပဲ!”

ဖေးကျီအန်းသည် ထိုသည်ကို ဂရုမစိုက်ပေ။ သူသည် လုနန် မပြီးသေးသော မုန်လာဥများကို ဆွဲထုတ်ခြင်းကို လျင်မြန်စွာ အပြီးသတ်လိုက်သည်။ တောင်းအပြည့် စုဆောင်းပြီးနောက် သူသည် တောင်းကို သူ၏ ကျောပေါ်သို့ မြှောက်တင်ကာ ပြောလိုက်သည်။

“ပြန်ပြီး စားကြစို့။”

လုနန်သည် မြွေများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေဆဲဖြစ်သောကြောင့် သူမ၏ ညည်းညူမှုများကို စွန့်လွှတ်ကာ ဖေးကျီအန်း၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားသည်။

“ကျွန်မကို စောင့်ဦး!”

သူတို့အိမ်ပြန်ရောက်သောအခါ ဝမ်ချွေ့ချွေ့၏ မျက်နှာသည် ဘာမှမဖော်ပြပေ။ စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေပြီး ဖေးကျန့်နှင့် ကုဟွိုက်တို့သည် သူတို့၏ ထိုင်ခုံများတွင် လိမ္မာစွာ ထိုင်နေကြပြီး သူတို့၏ ဖခင်နှင့် မိထွေး .. သို့မဟုတ် သူတို့၏ မိခင်နှင့် ပထွေး .. ပြန်လာမည်ကို စောင့်မျှော်နေကြသည်။

တပ်ကြပ်ကြီးဝမ်သည် ဖေးကျီအန်းအတွက် သမင်သွေးဝိုင်တစ်ခွက်ကြီးကို စိတ်အားထက်သန်စွာ လောင်းထည့်လျက် ပြောလိုက်သည်။

“ညီလေး၊ သောက်လိုက်။”

“…”

လုနန်သည် သူမ၏ ရေကို ထွေးထုတ်လုမတတ်ဖြစ်သွားသည်။ အမှန်တကယ်ပင် တပ်ကြပ်ကြီးဝမ်တွင် ထူးခြားသော အရည်အချင်းတစ်ခုရှိသည်.. မလိုအပ်သော စကားလုံးများမရှိဘဲ “ညီလေး၊ သောက်လိုက်” သာဖြစ်သည်။

ဖေးကျီအန်းက ငြင်းဆန်လိုက်သည်။ “ကျွန်တော် နောက်ပြီးကျ ကားမောင်းရမှာမို့ မသောက်နိုင်ဘူး။”

တပ်ကြပ်ကြီးဝမ်သည် ခဏတာ စကားမပြောနိုင်ဖြစ်သွားပြီး ဖေးကျီအန်း ဆုံးဖြတ်ချက်ချပြီးသည်နှင့် မည်သူမျှ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း သိသည်။ သူ၏ မျက်လုံးများက လှုပ်ရှားသွားပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ၊ သမင်သွေးဝိုင် မသောက်နိုင်ရင် သမင်သွေးချည်းပဲ သောက်ရင်ကော။”

သူသည် သူ့ကိုယ်သူ သမင်သွေးဝိုင်လောင်းထည့်ပြီး ဖေးကျီအန်းအတွက် သမင်သွေးချည်းသက်သက်တစ်ခွက်ကို ဖြည့်ပေးလိုက်သည်။

“ဒီမှာ၊ သမင်သွေး! ဒီတစ်ခါတော့ မင်းသောက်လို့ရပြီ မဟုတ်လား။”

ဖေးကျီအန်းသည် ခွက်ကို ယူကာ သူ၏ ထိုင်ခုံနောက်သို့မှီလိုက်ပြီး စနောက်သလို သဘောထားဖြင့် ပြောလိုက်သည်။

“အစ်ကို သောက်ရင် ကျွန်တော်သောက်မယ်။”

တပ်ကြပ်ကြီးဝမ်သည် နှာမှုတ်သံတစ်ချက်ပြုလိုက်သည်။ “သောက်မလား။ ဒါပေါ့၊ ငါသောက်မှာပေါ့။ ဒီနေ့ ငါ မင်းအတွက် အကုန်လုပ်မှာ၊ ငါ့သူငယ်ချင်း။”

ဖေးကျန့်သည် သူ၏ဖခင်ကို ကြည့်လိုက်ပြီးနောက် တပ်ကြပ်ကြီးဝမ်ကို ကြည့်လိုက်သည်။ တစ်ခုခုတော့ မမှန်ကန်သလို ခံစားရသည်။ သူ မသိတဲ့ တင်းမာမှုတစ်ခုခု ရှိနေတာလား။

ဒါပေမဲ့ ဒါမဖြစ်နိုင်ဘူး။ သူသည် ဦးလေးဝမ်နှင့် အတူတူရှိနေခဲ့သည်။ ထို့ကြောင့် သူ့ဖခင်နှင့် ဦးလေး ဝမ်တို့ တကယ်ပဲ သဘောထားကွဲလွဲမှုရှိခဲ့လျှင် သူက ဘယ်လိုလုပ် မသိဘဲနေနိုင်မည်နည်း။

ထူးဆန်းသည်။

လုနန်သည် နှုတ်ခမ်းကို စေ့ထားပြီး တပ်ကြပ်ကြီးဝမ် သည် ဝမ်ချွေ့ချွေ့၏ ဖေးကျီအန်း အပေါ်ထားရှိသော စိတ်ခံစားချက်များကို သိသွားသည်ဟု သံသယရှိနေသည်။ သူသည် ဖေးကျီအန်းအပေါ် သူ၏ မကျေနပ်မှုကို ထုတ်ဖော်နေပုံရသော်လည်း ဖေးကျီအန်းသည် တုံ့ပြန်ခြင်းမရှိပေ။ သူတို့နှစ်ဦးသည် အကြိတ်အနယ် ယှဉ်ပြိုင်မှုတစ်ခုတွင် အဆုံးသတ်သွားနိုင်သည်။

သေချာပေါက်ပင် သူတို့သည် သမင်သွေးဝိုင်နှင့် သမင်သွေးကို စတင်မော့သောက်ခဲ့ကြပြီး တစ်ယောက်မှ နောက်မဆုတ်လိုကြပေ။

အခြားသူများကမူ ဝင်ရောက်စွက်ဖက်ချင်သော်လည်း မည်သို့လုပ်ရမည်ကို မသိကြပေ။ သူတို့ကြားတွင် တစ်ခုခုမှားနေသည်မှာ ထင်ရှားသော်လည်း နှစ်ဦးစလုံးသည် အပြုံးများကိုယ်စီဖြင့် အားနည်းသည့် လက္ခဏာတစ်စုံတစ်ရာ မပြကြပေ။ သူတို့ကို တားဆီးရန် ကြိုးစားခြင်းသည် ဒုက္ခရှာခြင်းနှင့်တူသည်။

All Chapters