အခန်း (၇၁)
Vol. 6 Ch. 71
လုနန်သည် ကျိုးရှောင်ယွီ ထွက်သွားပြီးနောက် သူမ ကျောပိုးအိတ်ကို ဖေးကျန့်ဆီ ပစ်ပေးကာ ပြောလိုက်သည်။
“သွားကြစို့။ ငါမောနေပြီ။ ဒီနေ့ အိမ်စောစောပြန်ချင်တယ်။”
ဖေးကျန့် - “…”? ?
ဖေးကျန့်သည် သူ့လက်ထဲမှ ကျောင်းလွယ်အိတ်ကို ကြည့်ကာ စကားမပြောနိုင်ဖြစ်သွားသည်။ 'ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားရဲ့ အစေခံလို့ ထင်နေတာလား။ ကျွန်တော်က အစောင့်မဟုတ်တော့ဘူး!'
သူသည် လုနန်ကို အမီလိုက်ရန် ခြေလှမ်းကို မြန်လိုက်ပြီး ပြန်ပြောချင်သော်လည်း လုနန်သည် ပထမဆုံး သူ့နာမည်ကို ရှင်းလင်းပေးပြီးနောက် ကျိုးရှောင်ယွီ အတွက် ရပ်တည်ပေးကာ ကျောက်ရှုချန်းကို နင်းခြေခဲ့ပုံကို ပြန်သတိရလိုက်သည်။ သူ တိတ်တဆိတ် သူ့လျှာကို ကိုက်လိုက်သည်။
'ဒီနေ့က ငါ့မိထွေးက ကိုင်တွယ်ရမလွယ်ဘူးဆိုတာကို နောက်တစ်ခါ သိလိုက်ရတဲ့နေ့ပဲ။'
'ကောင်းပြီ၊ သူမကို အောင်ပွဲခံခွင့်ပေးလိုက်ပြီ။ နောက်တစ်ခါ ငါသေချာပေါက် ပြန်တိုက်ခိုက်မယ်!'
လမ်းတွင် လုနန်သည် ဖေးကျန့်ကို မေးလိုက်သည်။ “အဲ့ဒီ ကျောက်ရှုချန်းက ဘာဖြစ်နေတာလဲ။ သူက စကားပဲပြောပြီး ဦးနှောက်မရှိသလိုပဲ၊ ဒုက္ခပဲပေးနေတယ်။ သူက တက္ကသိုလ်ကို ဘယ်လိုဝင်ခဲ့တာလဲ။ သူက သူ့ရဲ့ ဉာဏ်ရည်အားလုံးကို စာပေမှာပဲ သုံးလိုက်တာလား။”
မဖြစ်နိုင်တာတော့ မဟုတ်ပေ။ သူမ၏ ယခင်ဘဝတွင် လုနန် သည် ဤကဲ့သို့သော လူများနှင့် ကြုံတွေ့ခဲ့ဖူးသည်။ ဉာဏ်ရည်နိမ့်သော်လည်း သင်ယူနိုင်စွမ်း ကောင်းမွန်သူများဖြစ်သည်။
ဖေးကျန့်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“သူက ကောလိပ်ကို ဘယ်လိုဝင်ခဲ့လဲဆိုတာ ကျွန်တော်လည်း မသိဘူး။ သူ့ကို စာကျက်တာ တစ်ခါမှ မမြင်ဖူးဘူး။ ပါမောက္ခက သူ့ကို စာသင်ခန်းထဲမှာ အခြေခံမေးခွန်းတွေ မေးတဲ့အခါ သူက မဖြေနိုင်ဘူး၊ ဒါကြောင့် သူ့ရဲ့ စိတ်ဓာတ်အစစ်ကို မြင်ဖို့ နောက်ဆုံးစာမေးပွဲကို စောင့်ရမှာပဲ။”
လုနန်သည် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူသည် အခြားကျောင်းသားတစ်ဦး၏ နေရာတွင် ဝင်ခွင့်ရခဲ့သူ မဟုတ်ဖို့ မျှော်လင့်မိသည်။
ယနေ့တွင် သူတို့နှစ်ယောက်သည် ဘတ်စ်ကားဖြင့် အိမ်ပြန်ခဲ့ကြသည်။ ဖေးကျီအန်းနှင့် ရှောင်ကျိုးတို့သည် သူတို့ကို လာကြိုရန် အချိန်မရခဲ့ကြပေ။ သူတို့ တပ်ဝင်းအဝင်ဝသို့ ရောက်သောအခါ တာဝန်ကျစစ်သားတစ်ဦးသည် သူတို့ကို စေ့စပ်သေချာစွာ အလေးပြုခဲ့သည်။ ဖေးကျန့်သည် စစ်သားကို နှုတ်ဆက်ကာ ပြောလိုက်သည်။
“အစ်ကို၊ ပင်ပန်းသွားပြီနော်။ ခဏနေရင် ရေဘူးလာပေးမယ်။”
စစ်သားသည် ဖေးကျန့်ကို မျက်စိမှိတ်ပြကာ ပါးစပ်လှုပ်ရုံသာ ပြောလိုက်သည်။
“ကျေးဇူးပဲ။”
လုနန်သည် ပြုံးကာ ဖေးကျန့် နှင့်အတူ တပ်ဝင်းထဲသို့ လျှောက်ဝင်သွားခဲ့သည်။
သူတို့ အဝေးကြီး မသွားရသေးခင် ဖေး မိသားစု၏ အိမ်အဝင်ဝတွင် ဝမ်ဟုန့်မျန်သည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး တပ်ဝင်းဂိတ်ဘက်သို့ မကြာခဏ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမ လုနန်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအရာသည် တောက်ပလာပြီး လုနန်နှင့် ဖေးကျန့်ဆီသို့ အလျင်အမြန် လျှောက်လာခဲ့သည်။
ဖေးကျန့်က မေးလိုက်သည်။ “အန်တီ? ဒီမှာ ဘာလုပ်နေတာလဲ။”
ဝမ်ဟုန့်မျန်သည် အားတင်းပြုံးကာ ပြန်ဖြေလိုက်သည်။
“ရှောင်ကျန့်၊ မင်း အရင်အိမ်ပြန်နှင့်လို့ရမလား။ မင်းအမေနဲ့ စကားပြောစရာလေးရှိလို့။”
ဖေးကျန့်သည် လုနန်ကို ကြည့်လိုက်ပြီး သူမက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့၊ ကျွန်တော် အရင်ပြန်နှင့်ပါ့မယ်။”
ဖေးကျန့် ထွက်သွားပြီးနောက် ဝမ်ဟုန့်မျန်က တိတ်ဆိတ်သွားသည်။
ဤသည်မှာ လုနန်သည် ဖေး မိသားစုအိမ်ကြီးမှ ထွက်လာပြီးနောက် ရှန့်မိသားစုဝင်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့မြင်ခြင်းဖြစ်သည်။ ဝမ်ဟုန့်မျန်သည် စနစ်တကျ ဝတ်စားဆင်ယင်ထားဆဲဖြစ်သော်လည်း သူမ မျက်လုံးအောက်မှ မျက်ကွင်းညိုများက သူမ မကြာသေးမီက ကောင်းစွာအနားမယူခဲ့ကြောင်း ဖော်ပြနေသည်။
သူတို့ ရုန်းကန်နေရသည်ကို မြင်ရခြင်းက လုနန်ကို အနည်းငယ် သက်သာရာရစေခဲ့သည်။
လုနန်က တည်ငြိမ်စွာ မေးလိုက်သည်။။“ဘာလိုအပ်တာများ ရှိလို့လဲ။”
ဝမ်ဟုန့်မျန်သည် နောက်ဆုံး၌ သူမ၏ မော့ချီနေသောခေါင်းကို ငုံ့ချလိုက်သည်။ "လုနန်၊ အခုလို မင်းဆီကိုလာတာက ရိုင်းမှန်း ငါသိပါတယ်၊ ဒါပေမဲ့ ငါတကယ်ကို ရွေးချယ်စရာမရှိတော့လို့ပါ။ ဖေးကျီအန်းကို ရပ်တန့်ပေးဖို့ ကျေးဇူးပြုပြီး တောင်းဆိုပေးနိုင်မလား။ ရှန့် မိသားစုက ဖေးကျန့်ရဲ့ မိခင်ဘက်က ဆွေမျိုးတွေပဲလေ။ ရှန့် မိသားစုကို ဖျက်ဆီးလိုက်တာက သူ့အတွက် ဘာအကျိုးမှမရှိပါဘူး။"
လွန်ခဲ့သည့် ရက်အနည်းငယ်သည် ပါပါးရှန့်အတွက် ခက်ခဲကြမ်းတမ်းခဲ့သည်။ ပထမဆုံး မာမားရှန့်က သူမ ခင်ပွန်းကို တိုင်ကြားခဲ့ပြီး ထို့နောက် သူမက သူ့ကို ကွာရှင်းခဲ့သည်။ ပါပါးရှန့်က စုံစမ်းစစ်ဆေးမှုသည် သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်မည်ဟု ထင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က နောက်ကွယ်မှ လှုပ်ရှားခဲ့ပြီး သူနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်တိုင်း ပေါ်ထွက်လာခဲ့သည်။ သက်သေအထောက်အထားများပင် စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ တိုက်ရိုက်ရောက်ရှိခဲ့သည်။
ပါပါးရှန့်သည် သူ၏ အာဏာပြတတ်သော အမူအကျင့်များကြောင့် လူသိများပြီး သူ၏ဘဝတစ်လျှောက်လုံး ရန်သူများစွာ ရှိခဲ့သည်။ သူ့ကို ပြုတ်ကျစေလိုသူတွေ အများအပြားရှိသည်။ သို့သော် ရှန့်ယီမင် ပြောသကဲ့သို့ ဖေးကျီအန်း တစ်ဦးတည်းသာ ဤကဲ့သို့ တိကျပြီး စနစ်ကျသော တိုက်ခိုက်မှုကို စီစဉ်နိုင်စွမ်းရှိသည်။ သူသည် သူ၏လုပ်ရပ်များကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသခဲ့သည်။
ဖေးကျီအန်းသည် ရှန့် မိသားစုနှင့် ပါပါးရှန့်တို့ နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ကျဆင်းသွားသည်ကို ကြည့်ရှုလိုခဲ့ပြီး သူတစ်ချိန်က ခံစားခဲ့ရသလို အကူအညီမဲ့စွာ ခံစားစေလိုခဲ့သည်။
ရှန့်ယီမင်က အရာအားလုံးသည် ဖေးကျီအန်း၏ အလိုအတိုင်း ဖြစ်နေခဲ့ကြောင်း ပြောခဲ့သည်။ အကယ်၍ မာမားရှန့်က ရင်းနှီးကျွမ်းဝင်ပြီးသာ လက်တွဲဖော်တစ်ဦးအနေဖြင့် သတင်းအချက်အလက်ကို သူမသဘောအလျောက် မပေးခဲ့ပါက၊ အဖွဲ့အစည်းက ဤမျှ အလေးအနက်ထားမည်မဟုတ်ပေ။ အကယ်၍ ဖေးကျီအန်းထံတွင် သက်သေအထောက်အထားများစွာ မရှိခဲ့ပါက ပါပါးရှန့်သည် ဤဘေးဒုက္ခမှ လွတ်မြောက်သွားနိုင်ပေသည်။
ဖေးကျီအန်းထံတွင် ပါပါးရှန့် နှင့်ပတ်သက်သည့် ပြစ်မှုထင်ရှားစေသော အသေးစိတ် အချက်အလက်များစွာ ရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။ ဤသက်သေ အထောက်အထားများသည် တစ်ညတည်းနှင့် စုဆောင်းထားခြင်း မဟုတ်ပေ။ ဖေးကျီအန်းသည် ရှန့် မိသားစုကို အလဲထိုးရန် သင့်လျော်သော အချိန်ကိုရှာဖွေရန် နှစ်ပေါင်းများစွာ အချိန်ယူ၍ စုဆောင်းခဲ့ခြင်းဖြစ်ရမည်။
ဒဏ်ခတ်ခြင်းသည် မကျရောက်ခြင်းမဟုတ် အချိန်မတန်သေးခြင်းသာ ဖြစ်သည်။
သို့ဖြင့် ပါပါးရှန့် ပြုတ်ကျသွားခဲ့သည်။ မည်သည့် ရဲဘော်ဟောင်းများ သို့မဟုတ် အထက်လူကြီးများကမှ သူ့ကို မကယ်တင်နိုင်ခဲ့ပေ။ ပါပါးရှန့် မရှိသောကြောင့် ရှန့် မိသားစု၏ တစ်ဝက်တစ်ပျက်က ပြိုလဲသွားခဲ့ပြီး ကျန်တစ်ဝက်ကို ရှန့်ယီမင်က ထိန်းသိမ်းထားခဲ့သည်။
ယခု တစ်ခုတည်းသောမေးခွန်းမှာ ဖေးကျီအန်းသည် ရှန့် မိသားစု၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ မည်မျှအထိ ဆက်လုပ်ဆောင်မည်နည်း။ သူသည် ရှန့်ယီမင်ကိုပါ ဖယ်ရှားပစ်မည်လား။
ဝမ်ဟုန့်မျန် ကြောက်ရွံ့လာမိသည်။ သူမ၏ ခင်ပွန်းသည် အပြစ်ကင်းပြီး စစ်ဆေးခံရမည်ကို စိုးရိမ်ခြင်းမရှိကြောင်း သိသော်လည်း ဖေးကျီအန်းက သူတို့အားနည်းနေချိန်တွင် ထိုးနှက်တိုက်ခိုက်လာမည်ကို သူမ ကြောက်ရွံ့နေဆဲဖြစ်သည်။ ထို့ကြောင့် သူမသည် သူမ ခင်ပွန်းမသိအောင် လုနန်ဆီသို့ လာခဲ့တာဖြစ်သည်။
ဝမ်ဟုန့်မျန်သည် လုနန်၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "နှစ်တွေတစ်လျှောက်လုံး ယီမင်း နဲ့ ဖေးကျီအန်းက အချင်းချင်းပြိုင်ဆိုင်ခဲ့ကြပေမယ့် ဒါတွေအားလုံးက ရန်ပွဲလေးတွေပါပဲ။ ရှန့်မိသားစုက ဖေးကျီအန်းကို ဘယ်တုန်းကမှ တကယ်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဖေးကျီအန်းကို အခုရပ်တန့်ပေးဖို့ တောင်းဆိုပေးပါ။ ဒီလို ဆက်လုပ်နေဖို့ မလိုအပ်တော့ပါဘူး။"
"..."
လုနန် အံ့အားသင့်သွားပြီး ဝမ်ဟုန့်မျန်၏လက်ကို ခါချလိုက်သည်။
"ဒီလို အရှက်မရှိတဲ့စကားတွေကို ဘယ်လိုများပြောထွက်ရတာလဲ။ ရှန့် မိသားစုက ဖေးကျီအန်းကို ဘာတွေများ ဆက်လုပ်ချင်သေးလို့လဲ။"
ဝမ်ဟုန့်မျန် စကားအပြောရကျပ်သွားသည်။ "ငါ အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ငါဆိုလိုတာက.. ပြီးခဲ့တာတွေ ပြီးသွားပါစေတော့လို့ ထားလို့ မရဘူးလား။ အခုကစပြီး ငါတို့အားလုံး ငြိမ်းချမ်းစွာနေထိုင်ကြရအောင်။ ရှန့်ယီမေ့က မင်းကို ဘယ်တော့မှ ထပ်မနှောင့်ယှက်တော့ဘူးလို့ ငါကတိပေးတယ်၊ ပြီးတော့ ယီမင်ကလည်း ဖေးကျီအန်းကို ဆန့်ကျင်တော့မှာမဟုတ်ဘူး။"
လုနန်သည် ထိုနေ့က ရှန့် မိသားစုကို မျက်နှာသာအလွန်အကျွံ ပေးခဲ့မိသည်ဟု ခံစားရပြီး၊ ၎င်းက သူတို့ကို "ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး" တောင်းဆိုရန် သတ္တိရှိနေသေးသည်ဟု ခံစားစေခဲ့သည်။ သူမ တိုက်ရိုက်မေးလိုက်သည်။
"ရှန့်မိသားစုက ဖေးကျီအန်းကို မကိုင်တွယ်ဘူးဆိုတာ မကိုင်တွယ်နိုင်လို့ မကိုင်တွယ်တာ မဟုတ်ဘူးလား။"
"ပြီးတော့ ရှန့်ယီမေ့က မာမားဖေးနဲ့ ပါပါးဖေးကို နှစ်ပေါင်းများစွာ လိမ်လည်လှည့်ဖြားနေတာကို အစ်မတို့ဘာလို့မတားခဲ့တာလဲ။ ဘာဖြစ်လို့ အခု အဖြစ်အပျက်ဖြစ်ပြီးမှ အတိတ်ကို မေ့လိုက်ကြရအောင်လို့ လာပြောနေရတာလဲ။"
ယခုအချိန်အထိပင် သူတို့သည် သူတို့ကိုယ်သူတို့ ကောင်းမွန်သော အသွင်ဖြင့် ပုံဖော်ရန် မမေ့နိုင်ကြသေးချေ။ ဤသည်မှာ အခြားသူတွေကို ငတုံးတွေလို့ သတ်မှတ်နေတာ မဟုတ်ဘူးလား။
လုနန်သည် ငတုံးမဟုတ်ပေ။ ဖေးကျီအန်းက ရှန့် မိသားစုကို တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသည့်နောက် အရှေ့လေက အနောက်လေကို လွှမ်းမိုး၍ သို့မဟုတ် အနောက်လေက အရှေ့လေကို လွှမ်းမိုးပြီးမှသာ အဆုံးသတ်မည်ဖြစ်သည်။ အကယ်၍ သူမက ဖေးကျီအန်းကို ယခုရပ်တန့်ရန် တိုက်တွန်းပါက ပါပါးရှန့်နှင့်သားသည် ဘေးဒုက္ခမှ လွတ်မြောက်သွားနိုင်ပြီး နောက်ပြန်လှည့်ကာ ဖေးကျီအန်းကို လက်စားချေပေလိမ့်မည်။ အကယ်၍ ဖေးကျီအန်း ပြုတ်ကျသွားပါက သူတို့သည် မည်သို့ လုံခြုံနိုင်မည်နည်း။ ဖေးကျန့် အဆင်ပြေပါ့မလား။
ဝမ်ဟုန့်မျန်သည် လုနန်၏စကားများကြောင့် အရှက်ရသွားသည်။ သူမသည် လက်ဖက်ရည်ပွဲတွင် လုနန်သည် နှုတ်သီးကောင်းလျှာပါးဖြစ်ကြောင်း သိရှိခဲ့ပြီးဖြစ်သည်။ ယခု သူမနှင့် ရင်ဆိုင်ရသောအခါ စကားအပြောရကျပ်သွားသဖြင့် ဒါသည် မည်မျှခက်ခဲကြောင်း နားလည်စေခဲ့သည်။ ဝမ်ဟုန့်မျန်သည် ချက်ချင်းလှည့်ထွက်သွားချင်သော်လည်း သူမ မလုပ်နိုင်ခဲ့ပေ။
သူမသည် အသက်ကိုပြင်းပြင်းရှူကာ သူမ၏ မာနကို မျိုချပြီး ပြောလိုက်သည်။
"မင်းပြောတာမှန်ပါတယ်။ ငါတို့မှားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ကျီအန်းကို သနားညှာတာပြီး ယီမင်ကို ချမ်းသာပေးဖို့ ငါတောင်းပန်ပါတယ်။ ငါ့ယောက္ခထီးက ဖမ်းဆီးထိန်းသိမ်းခံထားရပြီးပါပြီ၊ ဒါပေမဲ့ ယီမင်က အပြစ်ကင်းပါတယ်။ ဖေးကျီအန်းကို မှားခဲ့တာကလွဲရင် သူက အမြဲတမ်း ကြိုးစားအလုပ်လုပ်ခဲ့ပြီး အကျင့်ပျက်ခြစားမှု ဒါမှမဟုတ် တရားမဝင်တဲ့အပြုအမူမျိုး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။"
ပါပါးရှန့် ထိန်းသိမ်းခံလိုက်ရသည်ဟု ကြားသောအခါ လုနန် စိတ်သက်သာရာရသွားသည်။ သို့သော် ဝမ်ဟုန့်မျန်၏ နောက်ဆက်တွဲစကားများကို နားထောင်လေ၊ တစ်ခုခုမှားနေသည်ဟု သူမ ပို၍ခံစားရလေလေဖြစ်သည်။ ဝမ်ဟုန့်မျန်၏ ဇာတ်ကြောင်းတွင် ရှန့်ယီမင်က ဖြောင့်မတ်သူဖြစ်ပြီး ဖေးကျီအန်းက လူဆိုးဖြစ်နေသကဲ့သို့ အဘယ်ကြောင့် အသံထွက်နေရသနည်း။
"ရှန့်ယီမင်က ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးဆိုရင် အစ်မ ဘာကိုကြောက်နေတာလဲ။"
ဤမေးခွန်းသည် ဝမ်ဟုန့်မျန်အတွက် ထိထိမိမိရှိလှသည်။ သူမ ဘာကိုကြောက်နေသနည်း။ ဖေးကျီအန်းက ရှန့်ယီမင်ကို လက်စားချေရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်ကို သူမ ကြောက်နေသည်။
လုနန်သည် ဝမ်ဟုန့်မျန်၏အမူအရာကို သတိပြုမိပြီး ဖြစ်ပျက်နေသည်ကို သိရှိလိုက်သည်။ လူကြီးလူကောင်းတစ်ဦး၏ နှလုံးသားကို လူယုတ်မာတစ်ဦး၏ စိတ်ဖြင့် တိုင်းတာခြင်းဆိုသည်မှာ ဘာကိုဆိုလိုသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားသည်။
"အကယ်၍ 'အပြစ်ကင်းတဲ့' ရှန့်ယီမင်ကို ဖေးကျီအန်း က မသမာတဲ့နည်းလမ်းတွေ သုံးတိုက်ခိုက်မှာကို အစ်မ စိုးရိမ်နေတယ်ဆိုရင် စိတ်အေးအေးထားလို့ရပါတယ်။ ဖေးကျီအန်းက အဲ့လိုလူစားမျိုးမဟုတ်ဘူး။ သူက အဲ့ဒီလောက် အဆင့်မနိမ့်ကျပါဘူး။"
လုနန်သည် ထိုအချက်ကို မဆိုင်းမတွ အာမခံနိုင်ခဲ့သည်။ ဖေးကျီအန်းနှင့် အချိန်များစွာ အတူနေခဲ့ပြီးနောက် သူသည် စည်းကမ်းနှင့် သမာဓိဖြင့် ပြုမူကြောင်း သူမ သိရှိခဲ့သည်။ သူသည် အမြဲတမ်း ရိုးဖြောင့်ပြီး တည့်တိုးပြောဆိုတတ်သည်။ သေးငယ်သော ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်ပင် သူသည် ရှောင်ကျိုးကို တရားဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာစေခဲ့သည်။ အရေးကြီးသော အခြေအနေများတွင် မသမာသော နည်းလမ်းများကို အသုံးပြုဖို့ရာ လုံးဝမဖြစ်နိုင်ပေ။
ဝမ်ဟုန့်မျန်သည် ဖေးကျီအန်းကို လျှော့တွက်ခဲ့သည်။
ရှင်းလင်းသော အဖြေကိုရရှိပြီးနောက် ဝမ်ဟုန့်မျန်သည် ကနဦးတွင် စိတ်သက်သာရာရသွားသည်။ သို့သော် လုနန်၏ ကြည်လင်ပြီး ခိုင်မာသော မျက်လုံးများထဲသို့ ကြည့်လိုက်သောအခါ သူမ၏ ခံစားချက်များသည် ရှုပ်ထွေးလာခဲ့သည်။ ဒါက ဖေးကျီအန်း၏ ပြဿနာ ဖြေရှင်းသည့် နည်းလမ်းပဲလား သို့မဟုတ် သူက ရှန့် မိသားစုကိုပဲ အထင်သေးလို့လား။
သူနှင့် လုနန်၏ မျက်စိထဲတွင် ရှန့် မိသားစုသည် ခါထုတ်၍မရသော ရွှံ့အိုင်တစ်ခုကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပဲလား။
သူမသည် အကပွဲအပြီးတွင် လုနန်၏ နောက်ခံနှင့် ပညာရေးကို အထင်သေးစွာ ပြောဆိုခဲ့သော မှတ်ချက်များကို ပြန်လည်အမှတ်ရမိသည်။ ထို့နောက် သူမ၏ သားက ပေါ့ပေါ့ပါးပါး မှတ်ချက်ချခဲ့သည်။
"လုနန်က အသက်ဆယ့်လေးနှစ်မှာတင် ပေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့တာ။"
မာနကြီးသော ဝမ်ဟုန့်မျန်သည် ယခုအခါ ယခင်ကထက် ဆယ်ဆပို၍ အရှက်ရသွားပြီး သူမစိတ်ထဲမှ အတွေးတိုင်းကို ဖော်ထုတ်ပြနေသကဲ့သို့ရှိသော လုနန်၏ ကြည်လင်ပြီး သိမြင်နေသော အကြည့်ကို ရင်မဆိုင်ဝံ့တော့ပေ။
သူမ အိမ်ပြန်ရောက်သောအခါ ဖေးကျန့်သည် ဥယျာဉ်ထဲရှိ ကုလားထိုင်ပေါ်တွင် အနားယူနေပြီး၊ ဟွိုက်ဟွိုက်နှင့် ရှောင်ပိုင်တို့သည် တစ်ယောက်ကိုတစ်ယောက် လိုက်ဖမ်းဆော့ကစားနေကြသည်။ ယနေ့သည် ကျောင်းပိတ်ရက်ဖြစ်ပြီး၊ ဖေးကျန့်အတွက် အားလပ်ရက်ဖြစ်သည်။
လုနန်သည် ပျော်ရွှင်သော စိတ်အခြေအနေဖြင့် ဟွိုက်ဟွိုက်၏ ပါးကိုနမ်းပြီး ရှောင်ပိုင်၏ အမွှေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူမသည် ရေပန်းတစ်ခုကို ကောက်ယူပြီး ပန်းများကို ရေ စလောင်းခဲ့သည်။ သစ်ပင်တစ်ပင်ရှိသော ထောင့်တစ်နေရာသို့ ရောက်သောအခါ၊ လုနန် အံ့ဩစွာအော်လိုက်သည်။
"ငါတို့ဆီမှာ ပင်လုံးကြိုင်ပင် ဘယ်တုန်းက ရောက်လာတာလဲ။ နင် စိုက်ထားတာလား။"
ဖေးကျန့်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "မဟုတ်ဘူး၊ အစ်ကိုကျိုး စိုက်ထားတာ။"
သူသည် ရှောင်ကျိုးက ထိုအကြောင်းကို လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူခဲ့ပုံကို ပြန်အမှတ်ရမိပြီး၊ သစ်ပင်တစ်ပင်စိုက်ခြင်းသည် အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူရန် လိုအပ်တာကြောင့် အံ့ဩမိသည်။
လုနန် ခေါင်းညိတ်လိုက်ပြီး ပင်လုံးကြိုင်ပင်သည် ကြီးမားသော သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားရန် နှစ်မည်မျှကြာမည်ကို စဉ်းစားရင်း များများစားစား မတွေးမိခဲ့ပေ။
"ဟုတ်လား၊ သိပြီ။"
ဖေးကျန့် က မေးလိုက်သည်။ "ကျွန်တော့်အဒေါ်က ခင်ဗျားကို ဘာကိစ္စရှိလို့ တွေ့ဖို့လိုတာလဲ။"
လုနန် သူ့ဘက်သို့လှည့်လိုက်သော်လည်း အဖြေမပေးဘဲ မေးလိုက်သည်။ "ရှန့်ကျီမင် မင်းကိုလာရှာသေးလား။"
ဖေးကျန့်က နားမလည်စွာ ပြန်ဖြေလိုက်သည်။ "ရှန့်ကျီမင်လား။ သူက ကျွန်တော့်ကို နေ့တိုင်းလာရှာနေတာပဲ။ ဒါပေမဲ့ ဒီရက်ပိုင်းတော့ သူ ကျွန်တော့်ကို သိပ်အဆက်အသွယ်မလုပ်ဘူး။ သူ့မိသားစုမှာ ဘာဖြစ်လို့လဲ။"
ကျောင်းဖွင့်ရာသီစတင်သည်နှင့် ဖေးကျန့်သည် လုနန်၏ တင်းကျပ်သော စာသင်ချိန်ဇယားနှင့် လိုက်လျောညီထွေဖြစ်အောင် အလုပ်များနေခဲ့သည်။ သူသည် အိမ်ထဲတွင် သူ့ကိုယ်သူ ပိတ်လှောင်ထားပြီး သူ့စာများအပေါ် အာရုံစိုက်ကာ သူငယ်ချင်းများနှင့် အပြင်ထွက်လည်ရန် အချိန်မရှိခဲ့ပေ။
လုနန်သည် ညီအစ်ကိုသံယောဇဉ်ဖြစ်စေ၊ ဉာဏ်အရည်အသွေး သက်သက်ကြောင့်ဖြစ်စေ၊ ရှန့်ကျီမင်သည် ချီးကျူးထိုက်သည်ဟု ခံစားရသည်။ ရှန့် မိသားစု အကျပ်အတည်းကြုံနေချိန်တွင် ဝမ်ဟုန့်မျန်ပင် လုနန်ဆီသို့ လာရောက်တောင်းပန်ခဲ့သော်လည်း ရှန့်ကျီမင်သည် ဖေးကျန့်ကို လာမရှာခဲ့ပေ။
သူသည် အကျိုးမရှိမည်ကို သိသည်။ ဖေးကျန့်သည် သူ့ အမေရင်း သို့မဟုတ် ရှန့် မိသားစုနှင့် မရင်းနှီးသဖြင့် သူလုပ်ဆောင်ရန် လိုအပ်သည့်အရာများကို မလုပ်ဆောင်ဖို့ ဖေးကျီအန်းကို တားဆီးနိုင်မည်မဟုတ်ပေ။
ထို့အပြင် ရှန့် မိသားစု၏ ပြဿနာများကို ဖေးကျန့်၏ မိခင်ဘက်မှ အဖွားက တူးဖော်ခဲ့ခြင်းဖြစ်ပြီး၊ ဖေးကျီအန်းက ထိုကျင်းကို ဖြည့်ပေးနေခြင်းသာဖြစ်သည်။ ဤအချိန်တွင် မည်သူမျှ ကြားဝင်နိုင်မည်မဟုတ်ပေ။ ဝမ်ဟုန့်မျန်၏ လုနန်ဆီ တောင်းပန်ခြင်းသည် ဖေးကျီအန်းက ဒဏ်ရာပေါ် ဆားမသိပ်ရန် မျှော်လင့်ချက်တစ်ခုသာဖြစ်သည်။
အကယ်၍ ဖေးကျန့်သည် ဖေးကျီအန်းကို အပြစ်တင်လောက်အောင် တုံးအပါက သူတို့၏ ဖခင်-သား ဆက်ဆံရေးကိုသာ ပျက်စီးစေပြီး ရှန့်ကျီမင်ကို မကောင်းသော ရည်ရွယ်ချက်များရှိသူအဖြစ် ထင်မြင်စေမည်ဖြစ်သည်။ ပြန်စဉ်းစားကြည့်လျှင် ဖေးကျန့်သည် ရှန့်ကျီမင်အပေါ် နာကြည်းစိတ်ထားရှိတာမျိုး ဖြစ်နိုင်လောက်လား။
ထို့ကြောင့် ရှန့်ကျီမင်သည် မလာရန် ရွေးချယ်ခဲ့သည်။
လုနန်က တာဝန်ကို ဖေးကျီအန်းဆီသို့ လွှဲချပြီး ပြောလိုက်သည်။
"ဒါက သေးငယ်တဲ့ကိစ္စလေးတွေပါ။ မင်းအဖေအိမ်ပြန်ရောက်ရင် သူ့ကိုမေးကြည့်လိုက်။"