← Chapters

အခန်း (၇၉)

Vol. 7 Ch. 79

အခန်း (၇၉)

Vol. 7 Ch. 79

လုနန် ပြုံးလိုက်သော်လည်း ဘေးနားရှိ ယဲ့ယွဲ့ရှန်း၏ မျက်နှာတွင်မူ လှောင်ပြောင်သည့် အမူအရာတစ်ခု ရှိနေသည်။ သူတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ ယွမ်ယွိဖန်သည် ဒေါသထွက်သွားပြီး အထူးသဖြင့် သူမခင်ပွန်း၏ ဇနီးဟောင်းရဲ့ သမီးဖြစ်သူ ယဲ့ယွဲ့ရှန်း၏ ရယ်မောခြင်းကို ခံရသည့်အခါ ပိုဒေါသထွက်သွားသည်။

သူမ သမီးကို စိတ်ထဲရှိသည့်အတိုင်း ပြောဆိုခြင်းမှ တားဆီးရန် အချိန်နှောင်းသွားပြီဖြစ်သည်။ ယွမ်ယွိဖန်သည် လုနန်ကို အနေရခက်စွာ ပြုံးပြရင်း ပြောလိုက်ရုံသာ တတ်နိုင်တော့သည်။

“ရဲဘော် လု၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့။ ဟွေဟွေ့က ကလေးဆန်နေတာပါ၊ သူ့ကိုယ်စား ကျွန်မ တောင်းပန်ပါတယ်”

ထို့နောက် သူမသည် ယဲ့ယွဲ့ရှန်း ဘက်သို့လှည့်ကာ အပြုံးမပီတစ်ပီဖြင့် ပြောလိုက်သည်။ “ယွဲ့ရှန်း၊ မင်းက ငါတို့ကို လာတွေ့တာ မဟုတ်မှတော့ မင်းရဲ့ကိစ္စတွေအတွက် ပြန်သွားသင့်တယ်”

ယဲ့ယွဲ့ရှန်းသည် သားအမိနှစ်ယောက်၏ ပြဇာတ်ကို ကြည့်ရင်း ရယ်စရာကောင်းသည်ဟု ထင်မိသည်။ သူမ၏ ကြာရှည်စွာ ခံစားခဲ့ရသော စိတ်ပျက်မှုသည် အနည်းငယ် ပြေလျော့သွားသည်။ ယွမ်ယွိဖန်သည် ဘာမှမဟုတ်ပေ။ သူမ မိခင်ကို မည်မျှပင် အထင်သေးနေပါစေ၊ သူမသည် အခြားအမျိုးသမီးတစ်ဦးကို တောင်းပန်နေရဆဲဖြစ်သည်။

ထိုသို့ သဘောပေါက်ပြီးနောက် ယဲ့ယွဲ့ရှန်းသည် လုနန်ကို တောက်ပစွာ ပြုံးပြလိုက်ပြီး “တော်တယ်” ဟု ဆိုလိုသည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။

လုနန်သည် သူမ ထွက်သွားသည်ကို ကြည့်နေရင်း စကားမပြောနိုင်ဖြစ်သွားသည်။ လမ်းဖြတ်သွားသူ သူမသည် ယဲ့ မိသားစုနှင့် ရင်ဆိုင်နေရသူ ဖြစ်သွားပြီး မူလရင်ဆိုင်နေသူများကမူ ဘေးမှကြည့်ရှုသူများ ဖြစ်သွားကြသည်။ ယဲ့ မိသားစုမှ အမျိုးသမီးများသည် အမှန်တကယ်ပင် ထူးခြားလှသည်။

ယွမ်ယွိဖန်ကို ဖော်ပြရန် အကောင်းဆုံး စကားလုံးတစ်လုံးရှိသည် - အစပိုင်းတွင် ရိုင်းစိုင်းသော်လည်း နောက်ပိုင်းတွင် ရိုသေခြင်းဖြစ်သည်။ ဤသည်ကို ယဲ့ဟွေဟွေ့ ပြောခဲ့သည့်စကားနှင့် ပေါင်းစပ်လိုက်သောအခါ ယွမ်ယွိဖန်သည် ရှန့်ယီမေ့၏ အဖြစ်အပျက်ကြောင့် ကြောက်ရွံ့နေပြီး သူမသည် နောက်ကွယ်မှ ကြိုးကိုင်သူဟု ထင်နေသည်ကို လုနန် တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားသည်။

လုနန် စဉ်းစားလိုက်သည်။ ‘နင်က ငါ့ကို အဲ့လိုလူစားမျိုးလို့ ထင်နေမှတော့ ငါက အဲ့လိုမဟုတ်ခဲ့ရင် စိတ်ပျက်စရာကောင်းမှာ မဟုတ်ဘူးလား’

ထို့ကြောင့် သူမသည် ယွမ်ယွိဖန်ကို အေးစက်စက် ပြုံးပြပြီး ယဲ့ဟွေဟွေ့ကို ပြောလိုက်သည်။ “နင်က ငါ ရှန့်ယီမေ့ကို ဖျက်ဆီးခဲ့တယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ ငါ့ကိုလာ ရန်စရဲသေးတာလဲ။ နင့်ကိုပါ သူမနဲ့အတူတူ ငါဆွဲချသွားမှာ မကြောက်ဘူးလား”

“စောင့်နေလိုက်၊ နင့်ရဲ့ကံဆိုးမိုးမှောင်ကျမှုက မကြာခင် ရောက်လာတော့မှာ”

လုနန်သည် သူမ၏ နီရဲသောနှုတ်ခမ်း၊ ဖြူဖွေးသောသွားများနှင့် တောက်ပနေသော မျက်လုံးများဖြင့် ထိုအချိန်တွင် အမှန်တကယ်ပင် ဝိညာဉ်နှုတ်ယူသော မြေခွေးမတစ်ကောင်နှင့် တူနေသည်။ ယွမ်ယွိဖန် သာမက ယဲ့ဟွေဟွေ့ ပင်လျှင် လုနန်၏ အမူအရာကြောင့် ကြောက်လန့်သွားသည်။ သူမသည် ဆိုးသွမ်းသောအမျိုးသမီးတစ်ယောက် ဤမျှ ကြောက်မက်ဖွယ်ကောင်းနိုင်သည်ကို တစ်ခါမျှ မသိခဲ့ဖူးပေ။

သူမသည် နောက်သို့ယိုင်လဲသွားပြီး မာကျောသောအရာတစ်ခုနှင့် တိုက်မိကာ အလိုအလျောက် အော်လိုက်သည်။

“အား!!”

“မင်း ဘာတွေ အော်နေတာလဲ”

ထိုသူတို့မှာ ဖေးကျန့်၊ ကျန့်ခိုင်ပင်း၊ ရှန့်ကျီမင်၊ ကျန်းယွီတို့၏အဖွဲ့ဖြစ်သည်။

ဖေးကျန့်သည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ယဲ့ဟွေဟွေ့ကို စက်ဆုပ်စွာ တွန်းဖယ်လိုက်သည်။ ကံကောင်းစွာဖြင့် ဟွိုက်ဟွိုက်သည် သူ့လည်ပင်းပေါ်တွင် ထိုင်နေပြီး သူသည် ဟွိုက်ဟွိုက်ကို အောက်သို့ချလိုက်ကာ မေးလိုက်သည်။

“ညီလေး၊ ကြောက်သွားလား”

ဟွိုက်ဟွိုက်သည် သမ်းဝေလိုက်ပြီး ကစားရ၍ ပင်ပန်းနေသည်မှာ ထင်ရှားသည်။

ဖေးကျန့် စိတ်သက်သာရာရသွားပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ လုနန်ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် - ဘာဖြစ်နေတာလဲ။

လုနန် စကားမပြောမီမှာပင် ယဲ့ဟွေဟွေ့သည် ဖေးကျန့် ကို ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ မြင်ကာ သူ့လက်ကိုဆွဲပြီး တိုင်တန်းလိုက်သည်။

“ဖေးကျန့်၊ ဒီမြေခွေးမ… ဆိုးသွမ်းတဲ့မိန်းမက အန်တီ ရှန့်ကို ဖျက်ဆီးခဲ့တယ်လို့ ခုနကပဲ ဝန်ခံသွားတယ်။ သူ့သားကို အရမ်းကောင်းမပြနဲ့။ နောက်ကျ နင့်ကို ဒုက္ခပေးဖို့ သူ့သားကို လူမိုက်လေးတစ်ယောက်ဖြစ်အောင် မွေးမြူမလား ဘယ်သူသိနိုင်မလဲ”

ယဲ့ဟွေဟွေ့သည် နာကျည်းမှုများကို အလွယ်တကူ မေ့လျော့တတ်သူဖြစ်သည်။ နောက်ဆုံးတစ်ကြိမ် ဖေးကျန့်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး မျက်ရည်များဖြင့် အိမ်ပြန်သွားခဲ့ပြီးနောက် သူမသည် သူမကိုယ်သူမ အားပေးကာ ဖေးကျန့်ကို ထပ်တွေ့သည့်အခါ သူတစ်ပါးကိစ္စတွင် ဝင်မစွက်ဖက်ရန် သူ့အကြံပေးစကားကို လျစ်လျူရှုရဲဆဲဖြစ်သည်။

ဖေးကျန့် ဒေါသထွက်သွားသည်။ သူ့ညီလေးသည် သူ အထိမခံနိုင်သောနေရာဖြစ်သည်။ ယဲ့ဟွေဟွေ့က သူ့ကို စော်ကားလျှင်ပင် သူ ဤမျှ ဒေါသမထွက်ပေ။ ရှန့်ယီမေ့သည် ဖေးကျန့်၏ နှလုံးသားထဲမှ ဆူးတစ်ချောင်းကဲ့သို့ဖြစ်သည်။ သူသည် ယနေ့တွင် အနည်းငယ်နေလို့ကောင်းလာပြီး သူ၏ဒုက္ခများကို မေ့လျော့နိုင်ခဲ့သော်လည်း ယခုအခါ မသက်ဆိုင်သော၊ အတွေးမရှိသော လူတစ်ယောက်က ထိုအကြောင်းများကို ပြန်လည်သတိရစေရန် ရောက်လာခဲ့သည်။

သူသည် ဟွိုက်ဟွိုက်ကို ကျန့်ခိုင်ပင်း၏ လက်ထဲသို့ ထည့်လိုက်ပြီး လက်ပိုက်ကာ မေးခွန်းထုတ်လိုက်သည်။ “နင် ဘာပြောစရာရှိသေးလဲ။ ငါ့အတွက် စိတ်ပူပေးရအောင် နင်က ဘယ်သူမို့လို့လဲ”

ဖေးကျန့် အလွန်စိတ်မရှည်ဖြစ်နေခဲ့သည်။ သူမ အမေရင်း ယွမ်ယွိဖန် ရှိနေသည်ကို ဂရုမစိုက်ဘဲ သူသည် ယဲ့ဟွေဟွေ့ ဘက်သို့လှည့်ကာ စကားလုံးများဖြင့် တရစပ်ပစ်ခတ်လိုက်သည်။

“ငါ့မိထွေးက ငါ့အမေအရင်းကို ဘယ်တုန်းကမှ ဒုက္ခမပေးခဲ့ဘူး။ ငါ အခုပဲ ပြောလိုက်မယ်၊ ဒီကောလာဟလကို တခြားဘယ်နေရာမှာမဆို ကြားရရင် ငါ မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”

“ပြီးတော့ ငါ့မိထွေးက ငါ့မိထွေးပဲ။ သူက ငါ့အဖေရဲ့ဇနီး။ နင့်အဖေက ငါ့အဖေထက် ရာထူးပိုကြီးလို့လား၊ ဒါမှမဟုတ် နင်တို့ ယဲ့မိသားစုက ငါတို့ ဖေးမိသားစုကို အထင်သေးနေတာလား။ နင်က သူ့ကို နာမည်တပ်ပြီး ခေါ်ရဲတယ်ဟုတ်လား။ သူ့ကို မြေခွေးမ၊ ဆိုးသွမ်းတဲ့မိန်းမလို့ ခေါ်ရဲတယ်ဟုတ်လား။ နင့်အဖေကို သွားမေးကြည့်လိုက်၊ လူကြီးသူမကို ရိုသေလေးစားမှုဆိုတာ ဘာလဲ၊ ငါ့မိထွေးကို ဘယ်လိုခေါ်သင့်လဲဆိုတာ”

ယဲ့ဟွေဟွေ့သည် ဖေးကျန့်၏ ဆူပူကြိမ်းမောင်းမှုကြောင့် အငိုက်မိကာ မှင်သက်သွားသည်။ သူ၏ ဒေါသတကြီးပြောဆိုမှု အဆုံးသတ်သို့ရောက်သောအခါ သူမသည် အခြေအနေ၏ လေးနက်မှုကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူမသည် တုံးအသည့်တိုင် သူမတို့မိသားစုသည် ဖေး မိသားစုကို စော်ကားရန် မတတ်နိုင်ကြောင်း သိသည်။ ဟုတ်ပေသည်၊ လုနန်သည် ဦးလေး ဖေး၏ ဇနီးဖြစ်ပြီး အန်တီ ရှန့်ပင် သူမနှင့် မယှဉ်နိုင်ခဲ့ပေ။ သူမသည် လုနန်ကို မျက်နှာချင်းဆိုင် စော်ကားရန် ဘယ်လိုလုပ်ရဲသနည်း။

ထို့အပြင် အစောပိုင်းက လုနန်၏ ခြိမ်းခြောက်မှုကို ခံခဲ့ရပြီးနောက် ယဲ့ဟွေဟွေ့သည် လုံးဝကျုံ့သွားပြီး တုန်ရီနေသည်။

“ငါ .. ငါ တောင်းပန်ပါတယ်။ နောက်ထပ် မလုပ်တော့ပါဘူး”

ထို့နောက် ဖေးကျန့်သည် ယွမ်ယွိဖန်ကို ကြည့်လိုက်သည်။ သူ၏စကားများသည် ယဲ့ဟွေဟွေ့ကို ရည်ရွယ်သော်လည်း ယွမ်ယွိဖန်ကိုလည်း ဆိုလိုသည်။ သူသည် ယဲ့ဟွေဟွေ့ကို အိမ်ထောင်စုစည်းကမ်းမရှိဟု စွပ်စွဲနေခြင်းဖြစ်ပြီး ယွမ်ယွိဖန်ကို သူမရှေ့တွင်ပင် သူမ၏သမီးကို မဆုံးမနိုင်ဟု လှောင်ပြောင်နေခြင်းဖြစ်သည်။

ယွမ်ယွိဖန်၏ မျက်နှာသည် မဲမှောင်သွားသော်လည်း သူမသည် လုနန်၏ အစွမ်းအစကို မြင်တွေ့ခဲ့ပြီးဖြစ်သောကြောင့် ဖေးကျန့်ကိုလည်း မစော်ကားရဲခဲ့ပေ။ ယဲ့ယွဲ့ရှန်း ရှိနေစဉ်ကတည်းက မွန်းကျပ်နေသော စိတ်ပျက်မှုသည် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ သူမ နောက်ထပ် မထိန်းနိုင်တော့ဘဲ ယဲ့ဟွေဟွေ့ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

“ဦးနှောက်မရှိတဲ့ဟာမ! အခုချက်ချင်း အိမ်ပြန်စမ်း၊ ဒီမှာ ငါတို့ကို အရှက်မခွဲနဲ့!”

ယဲ့ဟွေဟွေ့သည် သူမမျက်နှာကို ကိုင်ကာ အော်ဟစ်လိုက်သည်။ သူမ၏ အသံသည် လုနန် ရိုက်ခဲ့စဉ်ကထက်ပင် ပိုစူးရှနေသည်။ သူမသည် ယွမ်ယွိဖန်ကို သူမရန်သူကဲ့သို့ မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

“မေမေက သမီးကို ရိုက်တယ်ဟုတ်လား!?”

“သမီး အဖေ့ကို သွားတိုင်ပြောမယ်!”

ဤသည်က ယွမ်ယွိဖန်ကို ဒေါသထွက်စေသည်။ သူမသည် ဤမျှ အလိုလိုက်ခံထားရသော ကလေးတစ်ယောက်ကို ဘယ်လိုများ မွေးမိပါလိမ့်။

သူမ၏ ဒေါသပြေသွားသောအခါ ယွမ်ယွိဖန်သည် သူမ ယဲ့ဟွေဟွေ့ကို အလွန်အမင်း အလိုလိုက်ခဲ့မိသည့်အတွက် အလွန်နောင်တရသွားသည်။ အစောပိုင်းက လုနန်သည် သူမကို သူမ၏ ကံဆိုးမိုးမှောင်ကျမှုကို စောင့်ရန် ပြောခဲ့သည်။ ယခုအခါ ယွမ်ယွိဖန်သည် ယဲ့ဟွေဟွေ့ သည် သူမ၏ “ကံဆိုးမိုးမှောင်ကျမှု” ဖြစ်သည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူမသည် သမီးကို ပို၍အသိတရားရှိအောင် မသင်ကြားပါက သူမသမီး၏ အနာဂတ်သည် ပျက်စီးသွားလိမ့်မည်။

ယဲ့ဟွေဟွေ့သည် မျက်ရည်များဖြင့် ပြေးထွက်သွားခဲ့သည်။ ယွမ်ယွိဖန်သည် လုနန်၊ အခြားသူများနှင့် ဆက်ရှိနေရန် ဆန္ဒမရှိတော့ပေ။ သူမ အလျင်အမြန် နှုတ်ဆက်ပြီးနောက် ယဲ့ဟွေဟွေ့၏ နောက်သို့ လိုက်သွားခဲ့ပြီး ထိုသားအမိသည် နောက်တစ်ကြိမ် ပြဿနာရှာရန် နှစ်ခါပြန်စဉ်းစားလိမ့်မည်ဟု သိလိုက်သည်။

ယွမ်ယုဖုန်းနှင့် သူမ၏သမီး ထွက်သွားပြီးနောက် ဖေးကျန့်သည် သူ့မေးမော့ကာ ဂုဏ်ယူစွာဖြင့် မေးလိုက်သည်။

“ဘယ်လိုနေလဲ။ ကျွန်တော် ခင်ဗျားကို ဒေါသဖြေပေးခဲ့တယ် မဟုတ်လား။ ခင်ဗျားက ကောင်းတဲ့လူတွေကို ခင်ဗျားရဲ့အာဏာနဲ့ အနိုင်မကျင့်သင့်ဘူး၊ ဒါပေမဲ့ တစ်ခါတစ်ရံ လူမိုက်လေးတွေကို သူတို့နေရာမှာ ထားပေးတာကတော့ လက်ခံနိုင်ပါတယ်”

“ငါ ဘာမှမနစ်နာခဲ့ပါဘူး။ သူက ငါ့ကို တစ်ခါစော်ကားတယ်၊ ငါက သူ့ကို ပါးပြန်ရိုက်လိုက်တယ်။ ဒါပေမဲ့ လူငယ်လေး၊ နင်က တော်သားပဲ”

အမှန်တကယ်ပင် အာဏာကို အသုံးချရသည်မှာ ကောင်းသော ခံစားမှုဖြစ်သော်လည်း လုနန်သည် ပါးစပ်ကြမ်းသော ယဲ့ဟွေဟွေ့ကို ပါးပြန်ရိုက်ခဲ့ပြီးဖြစ်သောကြောင့် သူမသည် ဤမျှ ဒေါသမထွက်တော့ပေ။

အရေးကြီးဆုံးမှာ ယနေ့တွင် ဖေးကျန့်က သူမဘက်မှ ရပ်တည်ပေးခဲ့ခြင်းဖြစ်သည်။ လုနန်သည် သူ့ကို အမြင်သစ်ဖြင့် ကြည့်လိုက်ပြီး သူ့ကို ပြုစုပျိုးထောင်ရန် သူမ၏ ကြိုးပမ်းမှုများသည် အချည်းနှီးမဖြစ်ခဲ့ဟု ခံစားလိုက်ရသည်။

ဖေးကျန့်၊ ကျန့်ခိုင်ပင်း၊ ရှန့်ကျီမင်နှင့် ကျန်းယွီ - “…” အစ်မကတော့ ထင်တဲ့အတိုင်းပါပဲ။ စော်ကားမှုတစ်ခုအတွက် တကယ်ပဲ ပါးပြန်ရိုက်လိုက်တာလား။

ယဲ့ဟွေဟွေ့၏ မျက်နှာ နီရဲနေသည်မှာ အံ့ဩစရာမရှိပေ။ သူတို့ အအေးဒဏ်ကြောင့်ဟု ထင်ခဲ့ကြသော်လည်း ပါးရိုက်ခံရခြင်းကြောင့် ဖြစ်နေသည်။

ဟွိုက်ဟွိုက်သည် နားလည်သကဲ့သို့ သူ့မိခင်က သူ့အစ်ကိုကို ချီးကျူးသည်ကို အတုခိုးကာ ဆိုလိုက်သည်။

“တော်လိုက်တဲ့ လူငယ်လေး!”

“လူကြီးသူမကို လေးစားမှုမရှိဘူး!”

ဖေးကျန့်သည် ဒေါသထွက်ဟန်ဆောင်ကာ ဟွိုက်ဟွိုက်ကို ကျန့်ခိုင်ပင်း လက်ထဲမှ ချီမလိုက်ပြီး သူ့သူငယ်ချင်းများကို နှုတ်ဆက်လိုက်သည်။

“ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင်”

ကျန့်ခိုင်ပင်းနှင့် အခြားသူများသည် ပြဇာတ်ကို ကြည့်ရှုခံစားခဲ့ကြပြီးနောက် အကြည့်ချင်းဖလှယ်ကာ လုနန်ကို နှုတ်ဆက်လိုက်ကြသည်။

အိမ်သို့ရောက်သောအခါ ဟွိုက်ဟွိုက်သည် စိတ်လှုပ်ရှားလာပြီး ရှောင်ပိုင်နှင့်အတူ နှင်းလူသား တစ်ဝိုက်တွင် ပတ်ချာလည်ပြေးနေတော့သည်။

ဟွိုက်ဟွိုက်သည် နှင်းလူသားကို အလွန်နှစ်သက်သည်ကို မြင်သောအခါ လုနန်သည် သူ အပြင်တွင် ကြာနေပါက အအေးမိမည်ကို စိုးရိမ်မိသည်။ သူမသည် သူတို့မိသားစုကို ကိုယ်စားပြုရန် နှင်းလူသားငယ် ငါးခုကို အလျင်အမြန်ပြုလုပ်ပြီး တံခါးဝတွင် ထားလိုက်သည်။ ဖေးကျန့်သည် ကလေးဆန်သည်ဟု မထီမဲ့မြင်ပြောဆိုခဲ့သော်လည်း သူကိုယ်တိုင်ကို ကိုယ်စားပြုသော နှင်းလူသားငယ်လေးပေါ်မှ နှင်းများကို ဖယ်ရှားပေးလိုက်သည်။

ဟွိုက်ဟွိုက်သည် သူ့မိခင်ပြုလုပ်ထားသော နှင်းလူသားများကို စွဲလမ်းနေသည်။ သူသည် ငြိမ်သက်စွာရပ်နေပြီး နှင်းလူသားငယ်လေးကို စောင့်ကြပ်နေသည်။ သူသည် နှင်းလူသားလေးကို ထိချင်သော်လည်း ကျိုးပဲ့သွားမည်ကို ကြောက်ရွံ့နေသည်။ သို့သော် သူသည် အလွန်ငယ်သေးပြီး စားသောက်အိပ်စက်ရန် လိုအပ်သောကြောင့် နှင်းလူသားကို အလိုမကျစွာဖြင့်သာ နှုတ်ဆက်နိုင်သည်။

သူ၏ နေ့လည်ခင်းအိပ်စက်ချိန်ပြီးနောက် ဟွိုက်ဟွိုက် သည် ရှောင်ပိုင်နှင့်အတူ နှင်းလူသားဆီသို့ အလျင်အမြန်ပြေးသွားပြီး ထိုင်ချလိုက်သည်။ ရာသီဥတုသည် အေးစက်နေပြီး နှင်းလူသားများသည် လုံးဝအရည်မပျော်သေးပေ။ ဟွိုက်ဟွိုက်သည် ညနေပိုင်း ဖေးကျီအန်း ပြန်လာသည့်တိုင် ထိုနေရာတွင် ရှိနေပြီး နှင်းလူသားကို စွန့်ခွာရန် မလိုလားပေ။

ညနေပိုင်းတွင် ဖေးကျီအန်း တံခါးကို တွန်းဖွင့်လိုက်သောအခါ သူက မေးလိုက်သည်။ “ဒါက ဘာလဲ”

သူသည် အနီရောင်ဝတ်ထားသော ကလေးလေး၊ ခွေးဖြူလေးနှင့် တံခါးဝတွင် တန်းစီထားသော နှင်းလူသားငယ် ငါးခုကို မြင်လိုက်ရသည်။

ဟွိုက်ဟွိုက်သည် မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးကြီးများကို ချစ်စဖွယ် ပုတ်ခတ်လိုက်ကာ ချိုသာသောအသံဖြင့် မိတ်ဆက်ပေးလိုက်သည်။

“နှင်းလူသားလေး၊ ဒါက မားမား၊ ဒါက ဟွိုက်ဟွိုက်၊ ဒါက အဘွား၊ ဒါက အစ်ကို၊ ပြီးတော့ ဒါက ဦးလေး”

ဖေးကျီအန်းသည် ထိုင်ချလိုက်ပြီး ဟွိုက်ဟွိုက်၏ ခေါင်းကို ပုတ်လိုက်သည်။ နှင်းလူသားငါးခုသည် ပုံသဏ္ဌာန်မမှန်သော်လည်း အံ့ဩစရာကောင်းလောက်အောင် မိသားစု၏ ကိုယ်ခန္ဓာအချိုးအစားနှင့် ကိုက်ညီနေသည်။

ဤသို့သော ဖန်တီးမှုကောင်းသည့် စိတ်ကူးကြောင့် ဖေးကျီအန်းသည် ဒါက လုနန်၏ လက်ရာဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။

“မားမားက လုပ်ပေးတာလား”

“ဟုတ်တယ်၊ ဟုတ်တယ်”

ဟွိုက်ဟွိုက်က အားရပါးရ ခေါင်းညိတ်ပြီး ထပ်ပြောခဲ့သည်။ “ဒါပေမဲ့ ရှောင်ပိုင် မပါဘူး”

ဖေးကျီအန်းသည် အံ့အားသင့်သွားလျက် ခေါင်းလှည့်ကာ ခေတ္တမျှစဉ်းစားလိုက်ပြီး သူ၏ အနက်ရောင်သားရေလက်အိတ်များကို ချွတ်ကာ အပြင်သို့ထွက်သွားသည်။ မကြာမီမှာပင် သူသည် ခွေးပုံသဏ္ဌာန်ရှိသော နှင်းလူသားငယ်တစ်ရုပ်နှင့်အတူ ပြန်လာပြီး နှင်းလူသားငယ်ငါးခု၏ ဘေးတွင် ထားလိုက်သည်။

“ရှောင်ပိုင်ပဲ!”

ဟွိုက်ဟွိုက်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရှောင်ပိုင်၏ အမွေးများကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ကြည့်စမ်း၊ ဒါက မင်းပဲ၊ မိသားစု၊ အတူတူ”

ဖေးကျီအန်းသည် သူနှင့်အတူ ထိုင်ချကာ နှင်းလူသားခြောက်ရုပ်ကို ကြည့်ရှုရင်း ညင်သာစွာ ပြောလိုက်သည်။

“ဟုတ်တယ်၊ တစ်မိသားစုလုံး အတူတူပဲ”

“ဟုတ်!”

ဟွိုက်ဟွိုက်၏ မျက်လုံးများသည် တောက်ပသွားပြီး သူသည် ဖေးကျီအန်း ဘက်သို့ ပိုတိုးကပ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူသည် ပို၍ပင် တိုးကပ်သွားသည်။

လုနန် လျှောက်လာသောအခါ သူမသည် ဤနွေးထွေးသော မြင်ကွင်းကို မြင်လိုက်ရသည်။ ဖေးကျီအန်းနှင့် ဟွိုက်ဟွိုက်တို့သည် သူမကို ကျောပေးထားပြီး နှစ်ယောက်စလုံး တံခါးဝတွင် ထိုင်နေကြသည်။ နောက်မှကြည့်လျှင် သူတို့သည် ကော်နှင့်ကပ်ထားသကဲ့သို့ဖြစ်နေပြီး ဟွိုက်ဟွိုက်သည် အရပ်ရှည်သော “ဦးလေး” ကို အားကျလေးစားစွာဖြင့် မော့ကြည့်နေသည်။

“ထမင်း စားချိန်ရောက်ပြီ။ ဒီည ဟော့ပေါ့စားကြမယ်”

နှင်းကျသောနေ့တွင် ဟော့ပေါ့စားခြင်းသည် ခန္ဓာကိုယ်ကို နွေးထွေးစေရန် အကောင်းဆုံးဖြစ်သည်။

လူကြီးနှင့်ကလေးငယ်သည် တစ်ချိန်တည်းတွင် လှည့်လာပြီး လုနန်သည် ချိုမြိန်သောအပြုံးဖြင့် တုံ့ပြန်လိုက်သည်။

စားပွဲတွင် ဖေးကျန့်သည် ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖေးကျီအန်းကို ဟာသတစ်ခုကဲ့သို့ ပြောပြနေသည်။ ဖေးကျီအန်းသည် နားထောင်လေလေ ပို၍တည်ကြည်လာလေဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူ့တူကို ချပြီး ပြောလိုက်သည်။

“ငါ လောင်ယဲ့နဲ့ စကားပြောဖို့ အချိန်ရှာလိုက်မယ်”

ဖေးကျန့် လုနန်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည် - ဘယ်လိုလဲ။ ကျွန်တော် တော်တော်သစ္စာရှိတယ် မဟုတ်လား။

လုနန် -တော်တယ်။

ဖေးကျီအန်းသည် ဖေးကျန့် ကို ဖတ်ရခက်သော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ငါတို့ စားစရာကိုပဲ အာရုံစိုက်ရအောင်”

ဖေးကျန့်သည် နှာခေါင်းရှုံ့လိုက်ပြီး “မီးစဟောင်း” သည် ယခု သူ့သားဆီသို့ ရောက်လာပြီဖြစ်ကြောင်း စိတ်ထဲတွင်တွေးလိုက်သည် - သူတို့က သူ့ကို ငတုံးလို့ ထင်နေတာလား။ သူ သူ့ဖခင်ကို လုံးဝလျစ်လျူရှုလိုက်သည်။

ဖေးကျန့်သည် မျှော်လင့်ချက်အပြည့်ဖြင့် အန်တီဝူကို ကြည့်ပြီး ပြောလိုက်သည်။ “တကယ်စားလို့ကောင်းတယ်။ အဘွား ဝူ၊ မနက်ဖြန် ဟော့ပေါ့ထပ်စားလို့ရမလား”

အန်တီဝူက ပြန်ဖြေခဲ့သည်။ “ဒါဆိုရင်တော့ နန်နန်ကို မေးရမှာပဲ။ သူက ပါဝင်ပစ္စည်းတွေ အားလုံးကို ပြင်ဆင်ပေးတာ။ အရင်က ငါတို့စားခဲ့တဲ့ ဟော့ပေါ့ထက် ပိုအရသာရှိတယ်”

ဖေးကျန့်သည် လုနန်ဘက်သို့ လှည့်လိုက်ရာ သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ယနေ့ သူက သူမအတွက် စကားပြောပေးခဲ့သောကြောင့် သူ့ကို ကျွေးမွေးမည်ဟု တွေးလိုက်သည်။

ဖေးကျန့်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ဟွိုက်ဟွိုက်သည်လည်း ထိုအတိုင်းပင် အော်ဟစ်လိုက်ကာ အန်တီဝူသည် ထိုမြင်ကွင်းကို ပြုံးကြည့်နေခဲ့သည်။

ဖေးကျီအန်း - “…”

.......

စာရေးသူ၏ မှတ်ချက်

ဖေးကျန့် - ကျွန်တော်က ကျွန်တော့်မိထွေးကို တစ်ယောက်ယောက်ကို ပြန်တုံ့ပြန်ဖို့ ကူညီပေးတဲ့အကြောင်းပေါ့။

လုနန် - တော်လိုက်တဲ့ ကလေးလေး။

ဖေးကျီအန်း - ကျေးဇူးပြုပြီး မင်းတို့ရဲ့ မနာလိုမှုတွေထဲကို ငါ့ကို မဆွဲထည့်ပါနဲ့။

ဘေးနားမှ ရှောင်ကျိုးက - အံ့ဩစရာပဲ။ ဖေးကျန့်က နလပိန်းတုံး မဟုတ်တော့ဘူး။ သူက အချက်ပြတာတွေကို နားလည်နေပြီ!

All Chapters