← Chapters

အခန်း (၈၁)

Vol. 7 Ch. 81

အခန်း (၈၁)

Vol. 7 Ch. 81

လုနန်သည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ ယနေ့တွင် သူမသည် အနွေးထည်အပေါ်မှ ညိုဝါရောင် သိုးမွှေးကုတ်အင်္ကျီကို ထပ်ဝတ်ထားပြီး အတွင်းတွင် ဖေးကျီအန်း၏ ရှပ်အင်္ကျီအဖြူနှင့် ဆောင်းဦးဝတ် အပေါ်ထပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည်။

အောက်ပိုင်းတွင်မူ အနက်ရောင် ဘောင်းဘီအပွတစ်ထည်ကို တွဲဖက်ဝတ်ဆင်ထားရာ ပုံမှန် ကိုရီးယား ဖက်ရှင် ပေါ့ပေါ့ပါးပါး ပုံစံမျိုး ဖြစ်နေသည်။

လုမော့ရှင်းနှင့် သူ့ဇနီးဖြစ်သူတို့၏ အမြင်တွင်မူ သူမသည် ကြည့်ကောင်းသော်လည်း စည်းကမ်းမရှိဟု မြင်ကြသည်။

သူမ၏ အဝတ်အစားပုံစံသာမက အကြည့်နှင့် အမူအရာများပါ ပြောင်းလဲသွားခဲ့သည်။ အရင်တစ်ခေါက် တွေ့ဆုံစဉ်က လုနန်သည် ကြောက်ရွံ့တတ်ပြီး အခြားသူတစ်ဦး၏ အသံအနည်းငယ် မြင့်သွားရုံမျှဖြင့် လန့်ဖျပ်သွားတတ်သည့် ပုံစံမျိုး ဖြစ်ခဲ့သည်။

နောက်ဆုံးတွေ့ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယခုအခါ သူမသည် ကိုယ်ကို မတ်မတ်ရပ်ကာ မျက်နှာအသားအရေမှာလည်း ပိုကောင်းမွန်လာပြီး အများကြီး ပို၍လန်းဆန်းတက်ကြွနေပုံရသည်။

အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ သူမ၏ အကြည့်ပင်ဖြစ်သည်။ ယခင်ကကဲ့သို့ သိမ်ငယ်သော အမူအရာနှင့် လုံးဝမတူဘဲ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။

လုမော့ရှင်းသည် လုနန်၏ ဤပုံစံသစ်ကို ထူးဆန်းစွာဖြင့် ရင်းနှီးနေသလို ခံစားမိသည်။

"နင်က ညီမတစ်ယောက်ဖြစ်ပြီးတော့ နင့်အစ်ကို့ကို ဒီလိုစကားမျိုးပြောရလား"

စုန့်တာ့လန်၏ ဆူငေါက်သံသည် အလိုအလျောက် ထွက်ပေါ်လာသည်။ လုနန် စကားပြန်ပြောလိုက်တိုင်း လု မိသားစုက သူမကို ဤသို့ ဆူပူလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဒါက အကျင့်တစ်ခုလို ဖြစ်နေခဲ့သည်။

လုမော့ရှင်းသည်လည်း အကျင့်ပါနေသည့်အတိုင်း သူ့ဇနီးဖြစ်သူ စကားကို ထောက်ခံသည့်အနေဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး လုနန်အား သူမနေရာကို မသိသူတစ်ဦးကဲ့သို့ ကြည့်လိုက်သည်။

အကယ်၍ ယခင်က စိတ်ထားနူးညံ့သော လုနန်သာဖြစ်ပါက သူမသည် ယခုအချိန်ဆိုလျှင် ထိတ်လန့်တုန်လှုပ်ကာ တောင်းပန်နေလောက်ပြီဖြစ်သည်။ သူမလက်ထဲတွင် ကောင်းတာများ ရှိနေပါက သူတို့ဆီသို့ အလျင်အမြန် ကမ်းပေးပေလိမ့်မည်။ စုန့်တာ့လန်သည် လုနန် ကိုင်ထားသော မက်ကရယ်ငါးကြီး နှစ်ကောင်နှင့် ဝက်သားကို ကြည့်လိုက်ပြီး သူမက ထိုအရာများကို လွှဲပေးလိမ့်မည်ဟု အပြည့်အဝ မျှော်လင့်ထားသည်။

ပင်လယ်ငါးကို မဆိုထားနှင့်၊ သူတို့အိမ်တွင် အသားမစားရသည်မှာပင် အချိန်အတော်ကြာပြီ ဖြစ်သည်။ စုန့်တာ့လန် တံတွေးကို မျိုချလိုက်မိသည်။ မက်ကရယ်ငါးသည် အသားများပြီး အရိုးနည်းသော ပင်လယ်ရေနက်ငါးတစ်မျိုးဖြစ်ကာ အရသာမှာလည်း နူးညံ့သည်—ငါးအသားသွပ် ဖက်ထုပ်လုပ်ရန်အတွက် အလွန်သင့်တော်သည်။ ငါးနှင့်ဝက်သားကို ရောနှော၍ အစာသွပ်လျှင် အရသာနှင့် ပြည့်စုံသော ဖက်ထုပ်များ ရရှိလိမ့်မည်။ နှစ်သစ်ကူးတွင် မက်ကရယ်ငါးဖက်ထုပ် စားရခြင်းက ထိုပွဲတော်ကို ပို၍ တန်ဖိုးရှိစေပေလိမ့်မည်။

သူမ၏ မျက်လုံးများသည် လုနန်နှင့် သူမ၏လက်ထဲမှ အစားအစာများကို ဝေ့ကြည့်လိုက်သည်။ လုနန် ဘက်မှ မည်သို့မျှ တုံ့ပြန်မှုမရှိသည်ကို မြင်သောအခါ စုန့်တာ့လန်က တည့်တိုးပင် စကားစပြီး အရိပ်အမြွက်ပြောလိုက်သည်။

"ညီမလေး၊ နင်ကိုင်ထားတာက မက်ကရယ်ငါးနဲ့ ဝက်သားလား"

"မက်ကရယ်ငါး စားချင်တယ်! အသားစားချင်တယ်!"

အံ့ဩစရာမရှိစွာပင် စုန့်တာ့လန် အစားအစာအကြောင်း ပြောလိုက်သည်နှင့် သူမ၏သားဖြစ်သူ လုဝမ်ချန်းသည် မိခင်၏လက်ကို ချက်ချင်းလွှတ်ချကာ လုနန်ဆီ အမြောက်ဆံကဲ့သို့ ပြေးသွားခဲ့သည်။

သူပြေးဝင်လာပုံအရ အစားအစာကို လုယူရန် ပြေးခြင်းထက် လုနန်ကို တမင်တကာ ဝင်တိုက်ရန် ကြိုးစားနေပုံ ပိုပေါက်နေသည်။

စုန့်တာ့လန်နှင့် လုမော့ရှင်းတို့မှာ မမြင်သလိုပင် ဘေးတွင်ရပ်နေကြပြီး သူ့ကိုတားဆီးရန် အနည်းငယ်မျှ အားမထုတ်ခဲ့ကြပေ။

"ရဲဘော် လု၊ သတိထား!"စောင့်ကြပ်နေသော စစ်သားက အော်ပြောကာ ဝင်တားရန် ကြိုးစားသော်လည်း အချိန်မမှီတော့ဘဲ လုနန်ကို သတိပေးစကားသာ အော်ပြောနိုင်ခဲ့သည်။

ကံကောင်းစွာပင် လုနန်သည် ကိုယ်ခံပညာ အနည်းငယ် တတ်ကျွမ်းသည်။ သူမသည် လျင်မြန်စွာ တုံ့ပြန်၍ ရှောင်တိမ်းလိုက်ရာ လုဝမ်ချန်းနှင့် လွဲသွားခဲ့သည်။

မြေပြင်သည် အရည်မပျော်သေးသော နှင်းများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သည်။ လုဝမ်ချန်းသည် သူ့အရှိန်ကြောင့် မရပ်တန့်နိုင်ဘဲ လုနန်နောက်ရှိ နှင်းပုံထဲသို့ ခေါင်းစိုက်ကျသွားခဲ့သည်။

ထိုနှင်းပုံမှာ နံနက်ပိုင်း ရှင်းလင်းစဉ်က စုပုံထားခြင်းဖြစ်ပြီး ရာသီဥတုအေးသောကြောင့် မအရည်ပျော်သေးဘဲ မာကျောသော မျက်နှာပြင်ဖြစ်နေသည်။ ထိုနေရာနှင့် တိုက်မိခြင်းက နာကျင်စေပြီး လုဝမ်ချန်းသည် ထိုးကျသွားပြီးနောက် အတန်ကြာအောင် မလှုပ်မယှက် ငြိမ်သက်နေခဲ့သည်။

“ဝမ်ချန်း!” စုန့်တာ့လန်က အော်ဟစ်လိုက်ပြီး သူမသားငယ်ကို ပစ်ထားကာ သားကြီးဆီသို့ ပြေးသွားခဲ့သည်။ သူမသည် သူ့အား နှင်းများထဲမှ အလျင်အမြန် တူးထုတ်လိုက်ပြီး သူ့အဝတ်အစားများပေါ်မှ နှင်းများကို ခါပေးရင်း ရင်ထဲမှ နာကျင်စွာဖြင့် မေးလိုက်သည်။

"မေမေ ကြည့်ပေးမယ် သား ဘာဖြစ်သွားသေးလဲ။ နာသွားလား"

သူ့မိခင်နှင့် ဖခင်တို့က ဆွဲထုတ်လိုက်ပြီးနောက် လုဝမ်ချန်းသည် ခေတ္တမျှ ကြောင်နေပုံရသည်။ နောက်ဆုံးတွင် ဘာဖြစ်သွားသည်ကို သဘောပေါက်သွားသောအခါ သူသည် ဝါးခနဲ အကျယ်လောင်ဆုံး အသံဖြင့် ငိုချလိုက်တော့သည်။

စုန့်တာ့လန်သည် လုနန်ဆီသို့ ဒေါသတကြီးဖြင့် လျှောက်သွားခဲ့သည်။

"နင် ဘာလို့ ခုနက ရှောင်လိုက်ရတာလဲ။ ကံကောင်းလို့ နှင်းပုံဖြစ်နေတာ။ ကျောက်တုံးတွေသာဆိုရင် ဝမ်ချန်း ခေါင်းပေါက်သွားနိုင်တယ်။ နင်က အဒေါ်တစ်ယောက်ဖြစ်ပြီး ကိုယ့်တူကို အနိုင်ကျင့်ရတာ စိတ်ကျေနပ်ရဲ့လား"

"အရင်တစ်ခါ သူက သကြားလုံးတောင်းတော့လည်း မပေးဘူး။ အခု သူက ငါးတောင်းပြန်တော့လည်း မပေးပြန်ဘူး။ နင်က ဘယ်လို အဒေါ်မျိုးလဲ"

"ကျွန်မရဲ့ သကြားလုံးဖြစ်ဖြစ်၊ ငါးဖြစ်ဖြစ်၊ အဲ့ဒါက ရှင့်သား လာလုယူခွင့်ရှိတယ်လို့ ဆိုလိုတာလား။” လုနန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ရှင်တို့ မြင်တယ်ဆိုတာ ကျွန်မသိတယ်။ ရှင်တို့သားက ကျွန်မကို တမင်ဝင်တိုက်ဖို့ ကြိုးစားခဲ့တာ။ ကျွန်မသာ မရှောင်လိုက်ရင် နှင်းပုံထဲမှာ လဲနေမှာက ကျွန်မပဲ"

အကယ်၍ လုနန်သာ လျင်မြန်စွာ မရှောင်တိမ်းခဲ့ပါက ဝတုတ်သော လုဝမ်ချန်း၏ ပြေးဝင်လာသောအရှိန်ကြောင့် ထိုနှင်းပုံထဲတွင် လဲကျနေမည်မှာ သူမသာ ဖြစ်ပေလိမ့်မည်။

"အဲ့တော့ ဘာဖြစ်လဲ။ လူကြီးတစ်ယောက် လဲတာနဲ့ ကလေးတစ်ယောက် လဲတာကို နှိုင်းလို့ရမလား။” စုန့်တာ့လန်က သူမကိုယ်သူမ အမှန်ဟုထင်ကာ ပြန်ပြောလိုက်သည်။

“ပြီးတော့ သူက ကလေးပဲဟာ၊ စနောက်ကစားတာကို လူကြီးဖြစ်ပြီး ဘာလို့ ဒီလောက် အရေးလုပ်နေရတာလဲ"

"ကလေးလေး ဟုတ်လား"

လုနန်က မထီမဲ့မြင် ရယ်လိုက်သည်။

ဤသို့သော မိဘများရှိနေသည့်အတွက် လုဝမ်ချန်း ဤကဲ့သို့ ဖြစ်လာသည်မှာ အံ့ဩစရာမရှိပေ။

"ကျွန်မမှာသာ ကိုယ်ဝန်ရှိနေရင် ဘယ်လိုလုပ်မလဲ။ ရှင်တို့သား ကျွန်မကို ဝင်တိုက်လို့ တစ်ခုခုဖြစ်သွားရင် ရှင်တို့ တာဝန်ယူနိုင်လို့လား။ ရှင်တို့ နည်းလမ်းအတိုင်းဆိုရင် တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မက မိခင်ဖြစ်တဲ့ ရှင့်ကို တာဝန်မခံခိုင်းသင့်ဘူးလား"

"ပြီးတော့ ပြောပါဦး၊ ကျွန်မက ဘယ်လိုလက်စားချေရမှာလဲ။ ရှင် ကိုယ်ဝန်ရှိတဲ့အခါ ကျွန်မက ရှင့်ကို ပြန်တိုက်ချပြီး လက်စားချေရမှာလား"

လုနန်သည် အမှန်တကယ် အံ့ဩမိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မူလကိုယ်ကို လုမော့ရှင်းနှင့် သူ့ဇနီးတို့နှင့် ဆက်ဆံခဲ့ပုံကို ပြန်စဉ်းစားကြည့်လေလေ၊ ဒေါသထွက်၍ ရယ်ချင်စိတ် ပေါက်လာလေလေ ဖြစ်သည်။

လူတွေက လုံလုံလောက်လောက် အရှက်မရှိနေနိုင်ပါက သူတို့ကို မည်သူမှ မနိုင်နိုင်ပေ။

မူလကိုယ်၏ နူးညံ့သောစိတ်ထားကို အခွင့်ကောင်းယူပြီး လု မိသားစုမှ လူကြီးရော ကလေးပါ အဖွဲ့ဝင်တိုင်းသည် သူမကို အမြတ်ထုတ်နေခဲ့ကြသည်။ သူတို့သည် သူမအား ပိုက်ဆံထုတ်စက် တစ်လုံးကဲ့သို့ ဆက်ဆံခဲ့ကြသည်။

နှစ်ပေါင်းများစွာကြာအောင် မူလကိုယ်၏ လစာအများစုနှင့် သူမခင်ပွန်း၏ စစ်မှုထမ်းထောက်ပံ့ကြေးတို့သည် သူမမိသားစုကို ထောက်ပံ့ရန်အတွက်သာ ဖြစ်ခဲ့သည်။ လုမော့ရှင်း၏ အိမ်ထောင်တစ်ခုတည်းပင် ယွမ်သုံးရာကျော် "ချေးငှား" ခဲ့သည်။

သူမ ပထမဆုံးအကြိမ် ကူးပြောင်းလာစဉ်က ကုဝေကော၏ ပင်စင်လစာအပြင် သူမပိုင်ဆိုင်သမျှသည် ယွမ်ငါးဆယ်သာ ဖြစ်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။

လုနန် စိတ်ပြောင်းလိုက်သည်။ သူတို့ သူမဆီမှ ယူသွားခဲ့သမျှ အရာအားလုံးကို သူတို့ ပြန်ပေးရမည်ဖြစ်သည်။

လုနန်၏စကားကို ကြားသောအခါ စုန့်တာ့လန်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသားက လုနန်ကို အမှန်တကယ် ဝင်မတိုက်မိခဲ့သည့်အတွက် သူမ စိတ်သက်သာရာရသွားသည်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ပါက ဖေး မိသားစုနှင့် ဆွေမျိုးတော်စပ်ဖို့ မဆိုထားနှင့်၊ ရန်သူမဖြစ်လျှင်ပင် ကံကောင်းပြီဖြစ်သည်။

စုန့်တာ့လန်က စိတ်ခံစားမှု ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"နင် တကယ်ကိုယ်ဝန်ရှိနေတာလား"

တစ်ဖက်တွင်မူ ဖေး မိသားစုက သူမကို ပိုမိုကောင်းမွန်စွာ ဆက်ဆံနိုင်ရန် လုနန် ကိုယ်ဝန်ရှိစေချင်သည်။ အခြားတစ်ဖက်တွင်မူ လုနန် ဤမျှမြန်မြန်ဆန်ဆန် အခြေကျသွားသည်ကို သူမ မမြင်ချင်ပေ။ ကမ္ဘာပေါ်ရှိ ကောင်းသောအရာအားလုံးက လုနန်ဆီသို့ အဘယ့်ကြောင့် ကျရောက်ရမည်နည်း။

လုနန် ကလေးမွေးဖွားခြင်းက ဖေး မိသားစုတွင် သူမနေရာကို ခိုင်မာစေပြီး လု မိသားစု အကူအညီလိုအပ်သည့်အခါတိုင်း ဖေးမိသားစုဆီမှ အကူအညီတောင်းနိုင်သည်။ သို့သော် လုနန်သည် သူမ၏ ခင်ပွန်းအသစ်ကို ဤမျှမြန်မြန်ဆန်ဆန် အနိုင်ယူနိုင်ခဲ့လျှင် စုန့်တာ့လန် မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ပေ။ သူမက ဘာကြောင့် ဒီလောက်ကံကောင်းရမှာလဲ။

သူမ၏ ပထမအိမ်ထောင်တွင် သူမ၏ခင်ပွန်းသည် တပ်ရင်းမှူးတစ်ဦးဖြစ်ပြီး လုနန်ကို အဆုံးမရှိ ချစ်ခင်ယုယခဲ့သည်။ သူမသည် ထမင်းချက်၊ အဝတ်လျှော်၊ သို့မဟုတ် အိမ်မှုကိစ္စ တစ်ခုတစ်လေမျှ မလုပ်တတ်သော်လည်း ကုဝေကောသည် သူမကို အပြစ်တင်စကားတစ်ခွန်းမဆိုဘဲ အလွန်ချစ်မြတ်နိုးခဲ့သည်၊ ကမ္ဘာကြီးတစ်ခုလုံးက သူမကို အကြွေးတင်နေသကဲ့သို့ပင်။

လုနန်သည် နောက်ဆုံးတွင် ကုဝေကောကို အသက်တိုစေခဲ့သည်မှာ ကောင်းကင်ဘုံ၏ အလိုသာဖြစ်ခဲ့သည်။ စုန့်တာ့လန်သည် လုနန်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးပြီးပြီဟု ထင်ခဲ့သည်။ ခြေတစ်ဖက်မသန်သော မုဆိုးဖိုတစ်ဦးနှင့် လက်ထပ်ပြီး ကျန်ရှိသောဘဝကို ဆင်းရဲဒုက္ခဖြင့် ဖြတ်သန်းရန်ပင်။ သို့သော် မကြာမီမှာပင် သူမသည် အခြားအရာရှိတစ်ဦးနှင့် ထပ်လက်ထပ်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ သူမခင်ပွန်းအသစ်သည် ကုဝေကော ထက်ပင် ရာထူးပိုကြီးသည်။

လုနန်သည် ထိုလင်မယား၏ ဝေ့လည်ကြောင်ပတ် စကားများကို ငြီးငွေ့လာသဖြင့် သူတို့၏လာရင်းကိစ္စကို တိုက်ရိုက်မေးလိုက်သည်။

"ဒီတော့၊ ဒီနေ့ ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ"

လုမော့ရှင်းနှင့် စုန့်တာ့လန်တို့သည် သူတို့၏ ငိုနေသောသားကို ချော့မြှူရင်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လုမော့ရှင်းသည် လက်ပွတ်တိုက်ရင်း ပြောလိုက်သည်။

"ညီမလေး၊ အထဲဝင်ပြီး စကားပြောကြရအောင်။ အပြင်မှာ အရမ်းအေးတယ်၊ စကားပြောဖို့ ကောင်းတဲ့နေရာလည်း မဟုတ်ဘူး"

ယခု သူတို့ အကူအညီလိုအပ်လာသောအခါ လုမော့ရှင်း၏ လေသံမှာ နူးညံ့သွားသည်။

လုနန် ထိုလင်မယားကို တစ်ချက်ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမမှာ သူတို့နှင့် ရှင်းစရာ စာရင်းတစ်ခု ရှိနေသည်။

လုမော့ရှင်း၏ လေးယောက်တစ်စု မိသားစုသည် လုနန်နောက်မှ ခြံဝင်းထဲသို့ လိုက်ဝင်လာကြသည်။ စုန့်တာ့လန်သည် ခမ်းနားသော အိမ်ကြီးသို့ လာရောက်လည်ပတ်သူတစ်ဦးကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ "လှလိုက်တာ! တို့မိသားစုသာ ဒီလိုကောင်းတဲ့အိမ်မျိုးမှာ နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ" သူမက အံ့ဩတကြီးပြောလိုက်သည်။

အိမ်အကြောင်း စဉ်းစားမိသောအခါ လုနန်သည် မနေနိုင်ဘဲ စဉ်းစားမိသွားသည်။ 'ဟုတ်သားပဲ၊ ရှင်တို့မိသားစုရဲ့အိမ်ကို ကျွန်မပိုက်ဆံနဲ့ ဝယ်ခဲ့တာပဲ။'

သူတို့ ဖေး မိသားစု၏ အနီရောင်အဆောက်အအုံလေးသို့ ရောက်သောအခါ စုန့်တာ့လန်၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် လင်းလက်သွားသည်။

"ကြည့်ပါဦး ယောက်ျား! ညီမလေးရဲ့အိမ်မှာ ခြံဝင်းလည်းရှိတယ်၊ နှစ်ထပ်တိုက်ကြီးပဲ!"

"ဘာတွေ ဒီလောက် အထူးအဆန်း လုပ်နေတာလဲ။ နှစ်ထပ်တိုက် မမြင်ဖူးဘူးလား"

လုမော့ရှင်းက စုန့်တာ့လန်ကို ဆူလိုက်သည်။ သို့သော် စုန့်တာ့လန်က ပြန်မပြောရဲခဲ့ပေ။

လတ်တလောနှစ်များတွင် သူမဖခင်က အငြိမ်းစားယူသွားသဖြင့် စုန့် မိသားစုမှာ အခြေအနေဆိုးရွားလာခဲ့သည်။ လုမော့ရှင်းသည် ငယ်ရွယ်ပြီး သန်မာသောကြောင့် စုန့်နှင့် လုမိသားစုနှစ်ခုလုံးအတွက် ကျောထောက်နောက်ခံဖြစ်လာကာ သူတို့၏ အဆင့်အတန်းများ ပြောင်းပြန်ဖြစ်သွားခဲ့သည်။

လုနန်က တံခါးကို တွန်းဖွင့်ပြီး အော်ခေါ်လိုက်သည်။ "မွေးစားအမေ"

အန်တီဝူက မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ "ပြန်လာပြီလား"

အန်တီဝူက မဝံ့မရဲဖြင့် မေးလိုက်သည်။"ဒါက… မော့ရှင်းလား"

သူမ လုမော့ရှင်းကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

လုမော့ရှင်းသည်လည်း အန်တီဝူကို တွေ့လိုက်ရသဖြင့် အလားတူ အံ့ဩသွားပြီး သူ့ညီမက သူမကို ဖေး မိသားစုဆီ ခေါ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူက မျက်ဖြူလှန်ပြပြီး ပြောလိုက်သည်။ "ဪ၊ ဒေါ်လေးဝူ၊ ကျွန်တော်ပါ၊ မော့ရှင်းပါ။ ဒါက ကျွန်တော့်ဇနီး တာ့လန်နဲ့ ကျွန်တော့်သားတွေ ဝမ်ချန်းနဲ့ ဝမ်ရှန်းပါ"

အန်တီဝူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။"ကောင်းပါပြီ၊ ကောင်းပါပြီ။ ထိုင်ကြဦး၊ ဒေါ်လေး လက်ဖက်ရည် သွားယူလိုက်ဦးမယ်"

သူမသည် လု မိသားစု၏ ကလေးသုံးယောက်ကို ငယ်စဉ်က ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ရာ လုမော့ရှင်းကို တွေ့ရသည်မှာ ကာလကြာရှည်ကွဲကွာနေသော သူမကလေးနှင့် ပြန်ဆုံတွေ့ရသလို ခံစားလိုက်ရသည်။

"မွေးစားအမေ၊ တပ်ကနေ မက်ကရယ်ငါးနဲ့ ဝက်သား နည်းနည်းပါလာတယ်။ ဒါလေးတွေ ပြင်ဆင်ထားပေးပါဦး" လုနန်က သူမကို ပစ္စည်းများ ကမ်းပေးလိုက်သည်။

"ကောင်းတာပေါ့၊ မက်ကရယ်ငါးက စားလို့ကောင်းတယ်! ဒီည ဖက်ထုပ်လုပ်စားကြမယ်။ မော့ရှင်းတို့မိသားစုလည်း စားသွားပေါ့"

အန်တီဝူသည် အစားအစာကြောင့် စိတ်အာရုံလွှဲသွားပြီး ပြောလိုက်သည်။ သူမ ငါးနှင့်ဝက်သားကို မီးဖိုချောင်ထဲသို့ ယူသွားစဉ် စုန့်တာ့လန်သည် မက်ကရယ်ငါးကို မျက်စိအောက်မှ အပျောက်မခံဘဲ စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။ အန်တီဝူက သူတို့ကို ညစာစားရန် ဖိတ်ခေါ်သည်ကို ကြားသောအခါ သူမသည် လုမော့ရှင်းကို သဘောတူရန် တိုက်တွန်းသည့်အနေဖြင့် ဆွဲဆိတ်လိုက်သည်။

လုမော့ရှင်းသည် လျင်မြန်စွာ သဘောတူလိုက်သော်လည်း လုနန်၏ စကားကို ကြားလိုက်ရသည်။ "ဒေါ်လေး ဝူ၊ မက်ကရယ်ငါးကို မနက်ဖြန်အတွက် ချန်ထားလိုက်ပါ။ ဒီညတော့ ဟင်းသီးဟင်းရွက်ချဥ်နဲ့ ပေါက်စီပဲ စားကြတာပေါ့"

လုမော့ရှင်း - “…”

ဖေးကျန့်သည် အပေါ်ထပ်မှ ဆူညံသံများကို ကြားပြီး လှေကားမှ ဆင်းလာခဲ့သည်။

"ဟင်းသီးဟင်းရွက်ချဥ်နဲ့ ပေါက်စီ ဟုတ်လား။ လုနန်၊ ခင်ဗျားရူးနေလား။ ဒီနေ့ ဘာလို့ ဒီလောက်စောစော ပြန်ရောက်နေတာလဲ။ အဖိုးကြီးကို ဖုန်းဆက်ပြီး ခင်ဗျားကို လာကြိုစရာမလိုတော့ဘူးလို့ ပြောရမယ်"

"ဆက်လိုက်လေ"

လုနန်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

ဖေးကျန့် သည် လုနန် နောက်မှ မိသားစု လေးယောက်ကို သတိပြုမိပြီး အံ့အားသင့်သွားသည်။ "သူတို့က ဘယ်သူတွေလဲ"

လုနန် သူတို့ကို မိတ်မဆက်ပေးမီ လုမော့ရှင်းက အလျင်အမြန် ချီးကျူးလိုက်သည်။ "မင်းက တပ်မှူးကြီး ဖေး ရဲ့ သားမလား။ တကယ့်ကို စစ်သားတစ်ယောက်ရဲ့သားပီသပြီး သန်မာထွားကျိုင်းတာပဲ"

"ငါက လုနန်ရဲ့ အစ်ကို၊ ရှောင်ဟွိုက်ရဲ့ ဦးလေးပါ။ တကယ်လို့ မင်း စိတ်မရှိဘူးဆိုရင် လုနန်က မင်းအဖေနဲ့ လက်ထပ်ထားတော့ မင်းလည်း ငါ့ကို 'ဦးလေး' လို့ခေါ်လို့ရပါတယ်။ ငါတို့တွေက အခု မိသားစုတွေ ဖြစ်သွားပြီပဲ" လုမော့ရှင်းက ပြောလိုက်သည်။

ဖေးကျန့်က လုနန် ကို ကြည့်ပြီး မေးလိုက်သည်။ "ဒါ တကယ်ပဲ ခင်ဗျားအစ်ကိုလား"

လုနန်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ အံ့ဩစရာကောင်းလောက်အောင် သူတို့နှစ်ဦးကြားတွင် မပြောဘဲ နားလည်မှုတစ်ခု ရှိနေပုံရသည်။ ဖေးကျန့်သည် လှေကားထစ်ပေါ်တွင် သူ့ကိုယ်ဟန်ကို ပြင်လိုက်ပြီး မေးကို အနည်းငယ်မော့ကာ ထက်မြက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက မာနကြီးစွာ ကြေညာလိုက်သည်။

"ငါ့ဦးလေးက ရှန့်ယီမင်ပဲ။ တွေ့ကရာ လူက ဒီနေရာကို ယူလို့မရဘူး"

လုမော့ရှင်းသည် ထိုသခင်လေးက ဤမျှလျင်မြန်စွာဖြင့် ရန်လိုသောပုံစံသို့ ပြောင်းသွားလိမ့်မည်ဟု မမျှော်လင့်ထားဘဲ အလျင်အမြန် ပြောလိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော်က နောက်လိုက်တာပါ။ ကျွန်တော့်ကို ဦးလေး လုလို့ပဲ ခေါ်ပါ"

စုန့်တာ့လန်သည်လည်း ဖေးကျန့်၏ အရှိန်အဝါ ကြောင့် ကြောက်လန့်သွားပြီး လုမော့ရှင်း နောက်တွင် ပုန်းနေလိုက်သည်။

လုမော့ရှင်းသည် လုနန်၏ ဖတ်ရှုရခက်သော မျက်နှာအမူအရာကို သတိပြုမိပြီး သူမနှင့်ပတ်သက်၍ ရင်းနှီးသောအရာတစ်ခုကို တွေ့ရှိခဲ့သည်။ ခဏတာ စဉ်းစားပြီးနောက် သူ့ခေါင်းထဲသို့ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ ဤသည်မှာ သူမ လက်မထပ်မီက သူမှတ်မိသော လုနန်ပင်!

"နန်နန်၊ နင် မှတ်မိသွားပြီလား" လုမော့ရှင်းက သတိထား၍ မေးလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လုနန်သည် မှတ်ဉာဏ်ပျောက်ဆုံးမှု ဝေဒနာကို ခံစားခဲ့ရသည်။ သူမသည် သူမ၏ မိသားစုကို မှတ်မိသော်လည်း ငယ်ဘဝအမှတ်တရများစွာကို မေ့လျော့သွားခဲ့ပြီး သူမ၏ စရိုက်လက္ခဏာကို ပိုနူးညံ့သိမ်မွေ့စေခဲ့သည်။ အစပိုင်းတွင် သူတို့သည် ထိုအကြောင်းကို များများစားစား မစဉ်းစားခဲ့ကြသော်လည်း မကြာမီတွင် နာခံတတ်သော လုနန်ကို လွယ်လွယ်ကူကူ ခြယ်လှယ်နိုင်ပြီး အားထုတ်မှုအနည်းငယ်ဖြင့် သူမထံမှ အခွင့်အရေးယူနိုင်ကြောင်း သူတို့ သဘောပေါက်လာခဲ့သည်။

"အင်း"

လုနန်က အေးစက်စက် တုံ့ပြန်လိုက်ပြီး လုမော့ရှင်းကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

လုမော့ရှင်း၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့သည်။ သူတို့၏ ယနေ့အစီအစဉ်များ အောင်မြင်ပါ့မလားဟု တွေးမိသွားသည်။

All Chapters