League of Legend
Vol. 12 Ch. 159
ရဲရှင်းဟွေ့သည် 'ငါးနှစ်တာ စမ်းသပ်လေ့ကျင့်မှု၊ သုံးနှစ်တာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ' လေ့ကျင့်ခန်းစာအုပ် ဒါဇင်ကျော်ကို နှစ်ရက်အတွင်း အပြီးလုပ်ဆောင်ခဲ့၏။
ဤကာလအတွင်း ရဲရှင်းဟွေ့သည် မုန်ကျစ်ယွီကို အရှက်ရပြီးသေလောက်အောင် လူမှုရေးအရ အနေရခက်စေသော တာဝန်များစွာကိုလည်း ပေးအပ်ခဲ့သည်။
တာဝန်ဆုလာဘ်များမှာ ရယူရန်လွယ်ကူပြီး ငွေသားအချို့အပြင် ရဲရှင်းဟွေ့သည် ရဲဖန်ထံမှ အခြေခံကျင့်ကြံခြင်းနည်းစနစ်အချို့ကိုလည်း ရယူခဲ့၏။ ဤကျင့်ကြံခြင်းနည်းစနစ်များမှာ သာမန်အဆင့်မျှသာ ဖြစ်သော်လည်း ရဲရှင်းဟွေ့က ရံဖန်ရံခါပေးသော ဂျင်ဆင်းအမြွှာများ၏ အကူအညီဖြင့် မုန်ကျစ်ယွီ၏ ကျင့်ကြံမှုမှာ ထူးထူးခြားခြား တိုးတက်လာခဲ့သည်။
မူလက မုန်ကျစ်ယွီ၏ ဦးလေးငယ်ဖြစ်သူ မုန်ချန်းက ရဲရှင်းဟွေ့၏ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကို မုန်ကျစ်ယွီအား အသိပေးပြီးနောက် ရဲရှင်းဟွေ့ကို ဖမ်းဆီးရန် လူအချို့ကို စေလွှတ်ရန် စီစဉ်ခဲ့သည်။ မုန်ချန်း၏ စုံစမ်းစစ်ဆေးချက်အရ ရဲရှင်းဟွေ့သည် သာမန်မိသားစုမှ သာမန်လူတစ်ယောက်သာဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော ပြဿနာတစ်ခုတည်းမှာ ချွေ့မိသားစုသာ ဖြစ်နိုင်ပေသည်။ သို့သော် မုန်ချန်းက သူသာ လက်တွေ့ကမ္ဘာမှ လူအချို့ကို အကူအညီတောင်းပါက ချွေ့မိသားစုသည် အပြင်လူတစ်ယောက်၊ နှစ်ယောက်အတွက် သူ့နှင့် ရန်သူဖြစ်လာမည်မဟုတ်ဟု ယုံကြည်ထား၏။
သို့သော် မုန်ချန်း အံ့အားသင့်သွားရသည်မှာ မုန်ကျစ်ယွီက ငြင်းဆိုခဲ့ခြင်းပင်။
သူငြင်းဆိုရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းလှ၏။ ယခုအခါ သူ့ထံတွင် အစွမ်းအစများ ရှိနေပြီဖြစ်သောကြောင့် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျစွမ်းရည်ဖြင့်သာ ဖြေရှင်းလိုခြင်းပင်။ ရှင်းရှင်းလင်းလင်းဆိုရပါက မုန်ကျစ်ယွီတစ်ယောက် ဘဝင်မြင့်နေခြင်းဖြစ်သည်။
မုန်ကျစ်ယွီသည် အခြေခံ ကိုယ်ခန္ဓာသန့်စင်သည့် ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံပြီး ဝိညာဉ်စွမ်းအင်ပါဝင်သော ဆေးဖက်ဝင်ပစ္စည်းအချို့ကို စားသုံးခဲ့သော်လည်း နှစ်ရက်သာ ကျင့်ကြံခဲ့ရသေးသည့်အတွက် သူသည် အများဆုံး သာမန်စစ်သားတစ်ယောက်၏ ခွန်အားနှင့်သာ ညီမျှနေသေးသည်။
သို့ဖြစ်လင့်ကစား မုန်ကျစ်ယွီက သူသာ တာဝန်များကို ဆက်လက်ပြီးမြောက်အောင် လုပ်ဆောင်ပြီး ကျင့်ကြံသွားမည်ဆိုလျှင် အသန်မာဆုံးဖြစ်လာနိုင်သည်ဟု ယုံကြည်နေ၏။
ဤအရာအားလုံးကို ရဲရှင်းဟွေ့တစ်ယောက် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုနေခဲ့သည်။
ရဲရှင်းဟွေ့က အဘယ်ကြောင့် ဤသို့လုပ်ရသနည်းဟူမူ စိတ်ဝင်စားစရာကောင်းသည်ဟု တွေ့ရှိရသည့်အပြင် သူ့ရဲ့ပျိုးထောင်မှုဖြင့် မုန်ကျစ်ယွီသည် မြို့ပြဝတ္ထုတစ်ခုမှ ဗီလိန်ငယ်လေးတစ်ယောက်၏ ကံကြမ္မာမှ လွတ်မြောက်နိုင်မလားဆိုသည်ကို သူမြင်ချင်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မုန်ကျစ်ယွီသည် မကြာမီ အခြားနေရာရှိ တက္ကသိုလ်တစ်ခုသို့ သွားရတော့မည်ဖြစ်ရာ သူသည် သူ့အစ်ကိုကြီး သို့မဟုတ် သူ့ကိုယ်သူနှင့် နောက်ထပ် အဆက်အသွယ်ရှိတော့မည် မဟုတ်ပေ။ ထို့အပြင် မုန်ကျစ်ယွီသည် ဂျားဗစ်၏ အပြည့်အဝစောင့်ကြည့်မှုအောက်တွင် အမြဲရှိနေပြီး သူ့ကိုဖယ်ရှားရန်မှာ လက်တစ်ဖျစ်တီးရုံသာ ဖြစ်သည်။
"ဘယ်လိုလဲ။ ဒီလောက်များတဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို နှစ်ရက်နဲ့အပြီးလုပ်နိုင်တာ ကျွန်တော် တော်တယ်မဟုတ်လား။"
ရဲရှင်းဟွေ့က သူ့ဦးလေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"မင်းက ကားတိုက်ခံရတဲ့ တာအိုရသေ့တစ်ပါးရဲ့ အမွေအနှစ်ကိုများ ရလိုက်သလားလို့။ မင်းဦးနှောက်က ဘယ်လိုလုပ်ပြီး အခု ဒီလောက်တောင် စမတ်ကျသွားရတာလဲ။"
ရဲဖန်က ထိုစကားကို နောက်ပြောင်သော အနေဖြင့် ပြောလိုက်ခြင်း ဖြစ်၏။ အမှန်တကယ်တွင် ရဲဖန်၏ အမြင်၌ ရဲရှင်းဟွေ့ ဤသို့ဖြစ်လာရခြင်းမှာ သူ၏ကျင့်ကြံမှုနှင့် ပတ်သက်နေသင့်သည်။
ရဲရှင်းဟွေ့က ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ကဲပါ၊ ဒီမေးခွန်းတွေအားလုံးကို ကျွန်တော် ဖြေပြီးပြီ၊ ဦးလေး သွားတော့လေ။"
"အင်း။ မင်း မေးခွန်းတွေဖြေပြီးပေမဲ့ စာမေးပွဲတော့ ဖြေရဦးမယ်။"
ရဲရှင်းဟွေ့ကို နောက်ထပ် ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက် ရဲဖန်သည် ထွက်သွားရန် စီစဉ်လိုက်၏။ သူသည် သူ့ဇနီး ချန်ယင်းယင်းကို ဦးစွာ နှုတ်ဆက်ပြီးနောက် နဂါးနတ်ဘုရား ခန်းမသို့ ပြန်ရန် ရည်ရွယ်ထားသည်။
ကြက်သွန်မြိတ်ပင်ကြီးဖြစ်သူ ရဲဖန် ထွက်သွားသည်ကို ကြည့်ရင်း ရဲရှင်းဟွေ့လည်း သက်ပြင်းချလိုက်မိသည်။
"ဒီလောက်ကောင်းတဲ့ ကြက်သွန်မြိတ်လေး၊ ဘယ်လိုလုပ်ပြီး အပင်စောင်းသွားရတာလဲ။"
......
ရက်အနည်းငယ်အကြာတွင်။
ရဲရှင်းဟွေ့၊ ပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့သည် ကျောင်းမှ အတူတူ ထွက်လာကြသည်။
"ဟူး.... နောက်ဆုံးတော့ စာမေးပွဲတွေ ပြီးသွားပြီ။"
ဝက်ဝံကန်းက သက်ပြင်းချကာ ပြောလိုက်သည်။
ဝက်ဝံကန်းက ကျောင်းသွားခြင်းသည် သူ့အတွက် အပင်ပန်းဆုံးအရာဟု ခံစားရ၏။ ဘာပဲဖြစ်ဖြစ် နေ့တိုင်း အတန်းထဲတွင် တည့်တည့်မတ်မတ်ထိုင်ပြီး အိပ်ရသည်မှာ တကယ်ကို ပင်ပန်းလှပေသည်။ ယခု စာမေးပွဲများ ပြီးသွားပြီဖြစ်၍ သူ နောက်ဆုံးတော့ စိတ်အေးသွား၏။
ပေါင်ပေါင်းအတွက်မူ စာမေးပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အမြဲတမ်း အခြေအနေတစ်ခုတည်းမှာပင်။ သူမသည် စာမေးပွဲများတွင် စာရွက်အလွတ်များသာ တင်သည်။ စုချန်က ကြိုတင်စီစဉ်မထားခဲ့ပါက သူမ ဘွဲ့ရရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဘွဲ့ရရန်မဆိုထားနှင့် ကျောင်းမှမထုတ်ခံရရန်ပင် ခက်ခဲလောက်သည်။
ဤနေရာတွင် ငွေ၏အကျိုးကျေးဇူးများက အသုံးဝင်လာ၏။
သုံးယောက်သား အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် ပြိုင်ပွဲတစ်ခု ကျင်းပနေသော အင်တာနက်ဆိုင်တစ်ဆိုင်ကို ဖြတ်သွားကြသည်။
ပြိုင်ပွဲအတွက် အသုံးပြုသည့်ဂိမ်းမှာ ရဲရှင်းဟွေ့က ရှီတာဖန်ကို ပေးခဲ့သော league of legend ဂိမ်းပင်။
မကြာသေးမီက အဖြစ်အပျက်များစွာ ရှိခဲ့သောကြောင့် ရဲရှင်းဟွေ့သည် သူ၏ဂိမ်းကုမ္ပဏီ မည်သို့လည်ပတ်နေသည်ကို အာရုံမစိုက်နိုင်ခဲ့ပေ။ ဤ League of legend ပြိုင်ပွဲကို မြင်သောအခါ ရဲရှင်းဟွေ့ အနည်းငယ် အံ့အားသင့်သွားသည်။
League of legend က ပြိုင်ပွဲတွေတောင် စနေလေပြီ။
ရဲရှင်းဟွေ့က League of legend ဂိမ်းသည် လွန်ခဲ့သော အချိန်များစွာကတည်းက ထွက်ရှိခဲ့သည်ကို သိသော်လည်း ယခုအခါ ပြိုင်ပွဲများပင် ပေါ်ပေါက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရဲရှင်းဟွေ့၏ မေးခွန်းကို ကြားသောအခါ ဘေးမှ လမ်းသွားလမ်းလာတစ်ဦးက ရယ်မောကာ
"ဟုတ်တာပေါ့။ ဒါက နဂါးနတ်ဘုရား ခန်းမဆိုတဲ့ စူပါနိုင်ငံတကာဘဏ္ဍာရေးအုပ်စုက ပံ့ပိုးပေးထားတာလေ၊ ပြိုင်ပွဲအတွက် ဆုကြေးငွေချည်းပဲ ဘီလီယံတစ်ထောင်အထိ ရှိတယ်။"
လမ်းသွားလမ်းလာ၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့ စိတ်သက်သာရာရသွား၏။ နဂါးနတ်ဘုရား ခန်းမ၏ ပံ့ပိုးမှုနှင့် ဘဏ္ဍာရေးအထောက်အပံ့များဖြင့် အချိန်တိုအတွင်း e-sports ဈေးကွက်တစ်ခု တည်ဆောက်ရန်မှာ အမှန်တကယ် မခက်ခဲပေ။ ဤသို့တွေးမိပြီး ရဲရှင်းဟွေ့သည် အင်တာနက်ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်။
ပေါင်ပေါင်းနှင့် ဝက်ဝံကန်းတို့လည်း ဤသည်ကိုမြင်ပြီး စိတ်ဝင်တစားဖြင့် နောက်မှလိုက်ဝင်သွားကြသည်။
ဝက်ဝံကန်းသည် သူ့မျက်လုံးများကြောင့် ဂိမ်းများအတွက် သိပ်စိတ်မဝင်စားသော်လည်း ပေါင်ပေါင်းမှာမူ အင်တာနက်စွဲနေသူတစ်ယောက် အမှန်ပင်။ ပေါင်ပေါင်းသည် အိမ်တွင် အိမ်စာများကို ဝက်ဝံကန်းထံ အမြဲအပ်ထားပြီး သူမကိုယ်တိုင်မှာမူ အခန်းထဲတွင် ဂိမ်းကစားနေတတ်သည်။
ထိုအချိန်တွင် အင်တာနက်ဆိုင်မှာ အလွန်စည်ကားနေပြီး ကွန်ပျူတာမျက်နှာပြင်များ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ League of legendဂိမ်းကို ပြသနေသည်။
League of legendသည် ဤမျှတိုတောင်းသော အချိန်အတွင်း လူကြိုက်များလာနိုင်ခြင်းမှာ ဂိမ်းလည်ပတ်မှုများကြောင့်သာမက ဂိမ်းကိုယ်တိုင်က အမှန်တကယ် ပျော်စရာကောင်းသောကြောင့်လည်း ဖြစ်၏။
အင်တာနက်ဆိုင်ရှိ မျက်နှာပြင်ကြီးပေါ်တွင် ထိုနေရာ၌ ကျင်းပနေသော မြို့အဆင့်ခြေစစ်ပွဲကို ထုတ်လွှင့်ပြသနေသည်။
e-sports စနစ်မှာ မပြည့်စုံသေးသည့်အပြင် ကလပ်များမှာလည်း အလွန်နည်းပါးသောကြောင့် ပထမဆုံး League of legend ပြိုင်ပွဲကို မြို့အသီးသီးတွင် ရွေးချယ်ပွဲများမှတစ်ဆင့်သာ ကျင်းပနိုင်ပြီး နောက်ဆုံးတွင် အသန်မာဆုံး အသင်းရှစ်သင်းကို ရွေးချယ်ကာ ယန်ကျင်းမြို့တွင် ဗိုလ်လုပွဲများ ကျင်းပမည်ဖြစ်သည်။
ရဲရှင်းဟွေ့သည် မျက်နှာပြင်ကြီးပေါ်ရှိ ပြိုင်ပွဲကို ကြည့်ကာ စကားလေးလုံးဖြင့်သာ အကဲဖြတ်နိုင်သည်။
"ကြက်ပေါက်စလေးတွေ အချင်းချင်း ထိုးဆိတ်နေကြတာပဲ။"
ရဲရှင်းဟွေ့သည် သူ့ယခင်ဘဝက Silver အဆင့်ကစားသမားတစ်ဦးသာ ဖြစ်သော်လည်း Silver ကစားသမားများမှာလည်း သူတို့၏မာနရှိကြသည်။ ထို့အပြင် ယခု သူ၌ ဘုရင်အဆင့် ဂိမ်းကစားစွမ်းရည်များ ရှိနေသည်။ ရဲရှင်းဟွေ့၏ အမြင်တွင် ပြိုင်ပွဲဝင်နေကြသူများမှာ Bronze အဆင့်ကစားသမားများလောက်ပင် ကောင်းချင်မှ ကောင်းပေလိမ့်မည်။
"ငါ ဒါကစားချင်တယ်။"
ထိုစဉ်မှာပင် သူ့ဘေးမှ ပေါင်ပေါင်းက ရဲရှင်းဟွေ့၏ အင်္ကျီလက်ကို ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါတို့ အတူတူကစားကြမယ်။"
ထိုသို့ပြောရင်း ရဲရှင်းဟွေ့က ဝက်ဝံကန်းကို ကြည့်ကာ
"မင်းရော ကစားချင်သလား"
"ဒီမျက်လုံးတွေနဲ့ ငါကစားလို့ရပါ့မလား။"
ဝက်ဝံကန်းက သူ့နေကာမျက်မှန်ကို လက်ညှိုးထိုးပြရင်း ပြန်မေးသည်။
"ရပါတယ်၊ အဆိုးဆုံးကတော့ မျက်မမြင် ဘုန်းကြီး အဖြစ် ကစားလိုက်ပေါ့။"
ထိုသို့ပြောပြီး ရဲရှင်းဟွေ့သည် ပေါင်ပေါင်းနှင့် ဝက်ဝံကန်းကို ကွန်ပျူတာများရယူရန် ခေါ်သွားသည်။
ကွန်ပျူတာများ အဆင်သင့်ဖြစ်သောအခါ။
သုံးယောက်သားသည် ပထမဆုံး စတင်သူအတွက် လမ်းညွှန်ကို ပြီးမြောက်အောင်လုပ်ကာ တစ်ယောက်တစ်ပွဲစီ ကွန်ပျူတာနှင့် ကစားကြသည်။
"အမ်။ အဘိုးကြီးရှုံး၊ မင်းက မြင်နိုင်တာပဲ မဟုတ်လား။"
ရဲရှင်းဟွေ့က သူ့မျက်နှာပြင်ကို ချောင်းကြည့်လိုက်ရာ ဝက်ဝံကန်းသည် မျက်မမြင်မဟုတ်သည်ကို တွေ့ရသဖြင့် စပ်စုစိတ်ဖြင့် မေးလိုက်သည်။
"ဪ။ ငါ ကူပိုးကောင်နဲ့ ဆက်သွယ်ပြီး ငါ့မျက်လုံးတွေကို ခဏလောက်ပြန်ကောင်းလာဖို့ တောင်းဆိုလိုက်တယ်၊ ပြီးတော့ သူက ခဏအနားယူသွားတယ်။ သူ့ရဲ့လွှမ်းမိုးမှုမရှိရင် ငါက ပုံမှန်အတိုင်း မြင်နိုင်တယ်။"
"ဒါပေမဲ့ သူ့ရဲ့အနားယူချိန်က အကန့်အသတ်ရှိတယ်၊ အများဆုံး တစ်နာရီ၊ နှစ်နာရီလောက်ပဲ၊ ဘာလို့လဲဆိုတော့ သူ စွမ်းအင်မရရင် အရမ်းအားနည်းသွားလိမ့်မယ်၊ သူအားနည်းရင် ငါ့စွမ်းအင်ကို စုပ်ယူလိမ့်မယ်။"
ဝက်ဝံကန်း၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့ မျက်မှောင်ကြုတ်ကာ
"ဝက်ဝံကန်းရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အချိန်တန်ပြီ"
××××××