ရဲရှင်းချန် ပြန်ရောက်လာခြင်း
Vol. 12 Ch. 160
"ပေါင်ပေါင်း။ တိုက်။"
ရဲရှင်းဟွေ့က သူ့ဘေးတွင်ထိုင်နေသော ပေါင်ပေါင်းကို အော်ပြောလိုက်သည်။
ရဲရှင်းဟွေ့၏ စကားကိုကြားပြီးနောက် ပေါင်ပေါင်းသည် ကျောက်တုံးလူသားကို ထိန်းချုပ်ကာ လူအများဆုံးရှိသော နေရာသို့ တိုက်ရိုက်ဝင်တိုက်လိုက်၏။
ရဲရှင်းဟွေ့သည် သူ၏အဓိကဟီးရိုးဖြစ်သော ယာဆိုကို ကစားနေပြီး မျက်နှာပြင်ပေါ်တွင် မျဉ်းတိုများစွာ ပေါ်လာသည်ကို မြင်သောအခါ သူသည် ချက်ချင်း အကွက်ကြီးတစ်ခုကို ထုတ်သုံးလိုက်သည်။
ထို့နောက် AQAEEEEEEEEAQ ဆိုပြီး ကီးဘုတ်ပေါ် မျက်နှာနဲ့ပွတ်တိုက်ဆော့ကစားကာ ငါးယောက်သတ် (penta kill) ကို ရရှိခဲ့သည်။
နောက်ဆုံးတွင် ပွဲသည် ရဲရှင်းဟွေ့က လူငါးဆယ်ကျော်ကို သတ်ဖြတ်ကာ အဆုံးသတ်ခဲ့၏။
ဤသည်မှာ သူ ပေါင်ပေါင်းနှင့် ကစားခဲ့သော ဆဋ္ဌမမြောက်ပွဲဖြစ်သည်၊ ဝက်ဝံကန်းအတွက်မူ သူသည် သူ့ကူပိုးကောင်နိုးလာသောကြောင့် တတိယပွဲမှာပင် ဂိမ်းမှထွက်သွားခဲ့ပြီ ဖြစ်သည်။
ပေါင်ပေါင်းသည် အင်တာနက်စွဲနေသော မိန်းကလေးတစ်ဦးဟူသော သူမ၏ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်သည်။ ပွဲအနည်းငယ်ကစားပြီးနောက် သူမသည် League of legendကို အတော်အတန် နားလည်လာခဲ့လေပြီ။ ဤပွဲအနည်းငယ်တွင် ရဲရှင်းဟွေ့နှင့် ပေါင်ပေါင်းသည် အခြေခံအားဖြင့် အောက်လမ်းသွားကြပြီး ရဲရှင်းဟွေ့က ယာဆိုကို ကစားကာ ပေါင်ပေါင်းက ကျောက်တုံးလူသားကို ကစား၏။
ပွဲပြီးနောက် ရဲရှင်းဟွေ့သည် မျက်နှာပြင်ကြီးပေါ်ရှိ "အောင်ပွဲ" ဟူသော စကားလုံးကို ကြည့်ကာ ပြုံးလိုက်ပြီး သူ့နားကြပ်ကို ချွတ်လိုက်သည်။
ရဲရှင်းဟွေ့ နားကြပ်ချွတ်ပြီးနောက် သူ့နောက်တွင် လူအုပ်ကြီးတစ်အုပ် ရပ်နေပြီး သူကစားသည်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို။ ခင်ဗျားက အတွင်းလူတော့ မဟုတ်ဘူးမလား။"
"သူဖြစ်ရမယ်။ သူသာ အတွင်းလူမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ကစားကွက်တွေ ရှိနိုင်မှာလဲ။ ဒီဂိမ်းထွက်တာ ဘယ်လောက်ကြာပြီလဲဆိုတာ မမေ့နဲ့လေ။"
"ဒါပေမဲ့ ဒီဂိမ်းမှာ စမ်းသပ်ဆာဗာရှိတယ်လို့ ကျွန်တော်မကြားမိဘူး။"
"ဒါကြောင့် ငါက အတွင်းလူလို့ ပြောတာပေါ့။ ငါလည်း ပထမတန်းစား League of legend ကစားသမားတစ်ယောက်ပဲ၊ ဒါပေမဲ့ ယာဆူအိုကို ဒီလိုကစားတဲ့သူ တစ်ခါမှမမြင်ဖူးဘူး။ ယာဆူအို EQ flash ကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ၊ တကယ်ကို လန်းလွန်းတယ်။"
"ငါထင်တာတော့ အဲ့ဒီကျောက်တုံးလူသားလည်း ကောင်းကောင်းကစားနိုင်တယ်ပဲ။ အခွင့်အရေးသမား အစစ်ပဲ၊ အမြဲတမ်း သုံးယောက်ကနေ ငါးယောက်အထိ ထိမှန်အောင် တိုက်နိုင်တယ်။"
“ဒါက ပြိုင်ဘက်တွေက ညံ့လို့ပါ၊ တကယ်ကို အထင်ကြီးစရာကောင်းတာက ယာဆူအိုပဲ။"
ပွဲကြည့်ပရိသတ်များ၏ ဆွေးနွေးမှုများကို နားထောင်ရင်း ရဲရှင်းဟွေ့သည် မယုံနိုင်လောက်အောင် ကျေနပ်နေသည်။
သူ့ယခင်ဘဝက ရဲရှင်းဟွေ့သည် လိဂ်အော့ဖ์လေ့ဂျန့်စ်ကို သစ္စာရှိစွာ ကစားသူဟု ဆိုနိုင်သော်လည်း နှစ်ပေါင်းများစွာ ကစားခဲ့ပြီးနောက် သူသည် Bronze ကျိန်စာကို မည်သည့်အခါကမှ မချိုးဖျက်နိုင်ခဲ့ပေ။ ယခု ကစားသမားများစွာ၏ ချီးကျူးမှုကို ခံရသောအခါ ရဲရှင်းဟွေ့သည် အလွန်ကျေနပ်နေ၏။
"ဟေ့။ ရဲရှင်းဟွေ့၊ အပြင်မှာ မှောင်နေပြီ၊ ငါတို့ အိမ်ပြန်သင့်ပြီ။"
ထိုစဉ်မှာပင် သူ့ကူပိုးကောင်နိုးလာသောကြောင့် စောစောစီးစီး ဂိမ်းမှထွက်သွားခဲ့သော ဝက်ဝံကန်းက သူ့ကို သတိပေးလိုက်သည်။
ဝက်ဝံကန်း၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့သည်လည်း အိမ်ပြန်ရန် အချိန်တန်ပြီဖြစ်ကြောင်း သိလိုက်သည်။
ရဲရှင်းဟွေ့ မတ်တပ်ရပ်လိုက်သော်လည်း ပေါင်ပေါင်းမှာမူ ဆက်ကစားချင်နေသေး၏။ ပေါင်ပေါင်း မတ်တပ်မရပ်ချင်သည်ကို မြင်သောအခါ ရဲရှင်းဟွေ့က ပြုံးကာ
"ငါတို့အိမ်ရောက်ရင် မင်းအတွက် တစ်ခု ဒေါင်းလုဒ်လုပ်ပေးမယ်၊ အိမ်မှာကစားကြတာပေါ့"
"ဟုတ်တယ်။ အိမ်မှာကစား၊ ဒါဆို ဒီည ငါလည်း ကြည့်လို့ရပြီ။"
ဝက်ဝံကန်းက ထောက်ခံလိုက်သည်။
......
အိမ်ပြန်ရောက်သောအခါ။
တံခါးဖွင့်လိုက်သည်နှင့် ရဲရှင်းဟွေ့သည် ပြင်းထန်သော အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသော ရဲရှင်းချန်ကို ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"အစ်ကို။ ဒီလောက်စောစော ပြန်ရောက်လာတာလား။"
ရဲရှင်းဟွေ့ ပြန်လာသည်ကို ကြားသောအခါ မျက်လုံးမှိတ်ထားခဲ့သော ရဲရှင်းချန်သည် မျက်လုံးဖွင့်လိုက်သည်။
"ဘယ်လိုလဲ။ အချက်အလက်အသစ်တွေရော ရခဲ့သလား။"
ရဲရှင်းချန်က ခေါင်းခါကာ
"မရခဲ့ဘူး၊ နဂါးနတ်ဘုရား ခန်းမက ပေးတဲ့အချက်အလက်တွေအရ ငါ ထုံရှင်းအဖွဲ့ဝင် နှစ်ရာကျော်ကို ဖမ်းခဲ့တယ်၊ ဒါပေမဲ့ အသုံးဝင်တဲ့အချက်အလက် ဘာတစ်ခုမှ မတွေ့ခဲ့ဘူး"
ရဲရှင်းချန်၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့လည်း အနည်းငယ် စိတ်ပျက်သွားသည်။
ရဲရှင်းဟွေ့သည် သူဖမ်းခဲ့သော ထုံရှင်းအဖွဲ့ဝင် နှစ်ရာကျော် ဘာဖြစ်သွားသည်ကို မမေးခဲ့ပေ။ သူ့အစ်ကိုကြီး၏ ပြင်းထန်သော အရှိန်အဝါကို ကြည့်ရုံဖြင့် ထိုလူများအားလုံး ဖယ်ရှားခံလိုက်ရပြီဖြစ်ကြောင်း သူသိသည်။
"ဒါဆို နောက်ဘာလုပ်ကြမလဲ။"
ရဲရှင်းဟွေ့က မေးလိုက်သည်။
"ဘာမှမလုပ်ဘူး။"
"စုံစမ်းနေတဲ့လမ်းမှာ ငါ အဖေနဲ့အမေကို တွေ့ခဲ့တယ်။ အဖေက အဘိုးနဲ့အဘွားကို ထပ်စုံစမ်းစရာမလိုတော့ဘူးတဲ့၊ သူက အဖြစ်အပျက်အားလုံးကို သိတယ်တဲ့။"
အမှန်တကယ်တော့ ရဲရှင်းချန်၏ မူလအစီအစဉ်မှာ သူတို့ကို လျစ်လျူရှုပြီး ချက်ချင်းထွက်သွားရန် ဖြစ်သော်လည်း မိဘများမှာမူ သူတို့၏သားသမီးများကို နားလည်ကြ၏။ ရဲရှင်းချန်၏ ပြင်းထန်သော အရှိန်အဝါကို မြင်သောအခါ ရဲချန်သည် တစ်ခုခုမှားနေမှန်း သိလိုက်ပြီး နောက်ဆုံးတွင် ရဲချန်က ရဲရှင်းချန် ဘာကိုစုံစမ်းနေသည်ကို မေးခဲ့သည်။
ဤသည်ကို ကြားသောအခါ ရဲရှင်းဟွေ့လည်း လန့်သွားသည်။
"အမ်။ အဖေက တကယ်သိတာလား။"
"အင်း။"
ရဲရှင်းချန်က ခေါင်းညိတ်ကာ
"သူသိတယ်၊ ဒါပေမဲ့ ငါက အဘိုးနဲ့အဘွား ဘယ်သွားလဲလို့ မေးတဲ့အခါ အဖေက ပြောဖို့ငြင်းတယ်။ သူတို့က အသက်ရှင်နေတုန်းပဲပြီးတော့ ငါတို့မိသားစုကို ကာကွယ်ပေးနေတယ်လို့ပဲ ပြောတယ်။”
“အဖေက ကျွန်တော်တို့ထက် ပိုသိပုံပဲ။ ကျွန်တော်တို့ ဖုံးကွယ်ထားတာက နည်းနည်း ပိုသွားတယ်လို့ ခံစားရတယ်။"
ရဲရှင်းချန်က ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။
"ငါ့ကို တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံထဲ ဝင်ခွင့်ပေး၊ ငါ အရင်ဆုံး ငါ့အခြေအနေကို ပြန်ညှိရမယ်။"
ဤတစ်ကြိမ်တွင် ရဲရှင်းချန်သည် အမှန်တကယ်ပင် လူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ထိုလူအများစုမှာ သေသင့်သူများဖြစ်သော်လည်း သူ၏အခြေအနေသို့ဝင်ရောက်လာသော ရဲရှင်းချန်သည် သတ်ဖြတ်မှုများကြောင့် မိစ္ဆာလမ်းစဉ်သို့ ကျရောက်သွားပါက ပြဿနာရှိပေလိမ့်မည်။ ထို့ကြောင့် လောလောဆယ်တွင် အခြားအရာများကို မစဉ်းစားမီ သူ့အခြေအနေကို ပြန်ညှိခြင်းက ပိုကောင်း၏။
ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ရဲရှင်းချန်ကို တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံထဲသို့ ပို့လိုက်သည်။
ရဲရှင်းချန် တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံထဲသို့ ဝင်ရောက်ပြီးနောက် သူသည် ကျင့်ကြံနေသော ရဲရှင်းဟွေ့ တစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။
သူတို့အပြင် ရဲရှင်းဟွေ့၏ ညီငယ်များဖြစ်သော ဘုရင်ဖြူ၊ ညာလိုင်း၊ အဆီတုံးမွှေးပွကြီးနှစ်ကောင်၊ မျက်လုံးတစ်ဖက်လပ်နဂါးနှင့် ရဲရှင်းဟွေ့က မကြာသေးမီကမှ ခေါ်သွင်းလာသော ဘေ့စ်အမြောက်တို့အားလုံး ကျင့်ကြံနေကြသည်။
တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံကို တက်ကြွမှုဖြည့်ပေးနေသူများမှာ ဟက်စကီခွေးအသုံးကောင်သာ ဖြစ်၏။
ဟက်စကီခွေးအသုံးကောင်သည် ရံဖန်ရံခါ ဂေါ်ဖီထုပ်ကို တွန်းထိုးခြင်း သို့မဟုတ် ဆေးဖက်ဝင်အပင်များ တူးရန် ဟင်းသီးဟင်းရွက်ဥယျာဉ်သို့ သွားခြင်းများ ပြုလုပ်တတ်ပြီး အလွန်ပျော်ရွှင်နေသည်ဟု ဆိုနိုင်သည်။ သူတို့သုံးကောင် မသွားရဲသော တစ်ခုတည်းသောနေရာမှာ ရဲရှင်းဟွေ့၏ အရိပ်ပွားနှင့် ဘုရင်ဖြူတို့၏ ကျင့်ကြံရာနေရာပင်။ သူတို့သာ ဝင်သွားပါက အကျိုးဆက်တစ်ခုတည်းသာ ရှိမည်၊ အရိုက်ခံရခြင်းတည်း။
ရဲရှင်းချန်သည် ကျပန်းနေရာတစ်ခုကို ရှာကာ ကျင့်ကြံစပြုပြီး တစ်ချိန်တည်းမှာပင် သူ၏စိတ်ကို ပြန်လည်ကုစားနေသည်။
ဒုက္ခပေးသည့်ခွေးအသုံးကောင်သည် လူသစ်တစ်ယောက် ဝင်လာသည်ကို မြင်ပြီး ခွေးသုံးကောင် ဆက်သွယ်တိုင်ပင်ပြီးနောက် ရဲရှင်းချန်ကို ရန်စရန် လွယ်ကူမလွယ်ကူ စမ်းသပ်ရန် ကြံစည်ကြ၏။ ထိုအကြံ၏ အကျိုးဆက်မှာမူ ဟက်စကီခွေးအသုံးကောင်ကို ကြိုးဖြင့်ချည်ကာ သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲခံလိုက်ရခြင်းပင်။
.....
သူ့အစ်ကိုကြီးကို တောင်တန်းနှင့် မြစ်ချောင်းများ မြေပုံထဲသို့ ကျင့်ကြံရန် ပို့ပြီးနောက် ရဲရှင်းဟွေ့သည် နောက်ဘာလုပ်ရမည်ကို တွေးတောနေသည်။
ရဲရှင်းဟွေ့သည် သူ့အဘိုးအဘွားများ၏ကိစ္စကို ဆက်လက်စုံစမ်းရမလားဟု စဉ်းစားနေစဉ်မှာပင် ဝက်ဝံကန်းနှင့် ပေါင်ပေါင်းတို့သည် ကွန်ပျူတာသုံးလုံးကို အခန်းလွတ်တစ်ခန်းထဲသို့ ရွှေ့ပြောင်းပြီးနေပြီဖြစ်သည်။
"ရဲရှင်းဟွေ့၊ ငါဂိမ်းကို ဒေါင်းလုဒ်လုပ်ပြီးပြီ၊ ညစာစားပြီးရင် အဆင်သင့်ဖြစ်လောက်ပြီ။"
ဝက်ဝံကန်း၏ စကားကို ကြားသောအခါ ရဲရှင်းဟွေ့သည် သူ့အတွေးများမှ လွတ်မြောက်လာသည်။
"လောလောဆယ် ဒီကိစ္စကို သိပ်မစဉ်းစားသေးတာပဲ ကောင်းပါတယ်၊ အစ်ကိုကြီး ဘာလုပ်ချင်လဲဆိုတာ ကြည့်ကြတာပေါ့။"
သူသည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဝက်ဝံကန်းနှင့် အခြားသူများနှင့်အတူ ညစာစားရန် သွားလိုက်သည်။
........
ပြည်ပရှိ ထုံရှင်းအဖွဲ့၏ မြေအောက်အခြေစိုက်စခန်းတစ်ခုတွင်။
ယင်နှင့်ယန် မျက်နှာရှိသော လူတစ်ဦးသည် သစ်သားဓားတစ်ချောင်းကို ကိုင်တွယ်ကစားနေသည်။
"ဒီဓားက ဘာလို့ စွမ်းအင်လှိုင်းလုံးတွေ လုံးဝမရှိရတာလဲ။ ငါ့အသုံးပြုနည်းက မှားနေတာလား။"
"ဒါမှမဟုတ်... ဒါက သာမန်သစ်သားဓားတစ်ချောင်းပဲလား။"
"မဟုတ်ဘူး... အဲ့ဒီတုန်းက ငါ သစ်သားဓားပေါ်က နိယာမတရားရဲ့ စွမ်းအားကို တကယ်ခံစားခဲ့ရတယ်။"
သစ်သားဓားကို လေ့လာနေသူမှာ ယွမ်ထိုက်ရှိုပင် ဖြစ်သည်။
......
"သခင်..."
ယွမ်ထိုက်ရှို သစ်သားဓားကို လေ့လာနေစဉ်မှာပင် အသံတစ်သံက သူ့အတွေးများကို နှောင့်ယှက်လိုက်သည်။
"ဟမ်။ ဘာကိစ္စလဲ။"
ယွမ်ထိုက်ရှိုသည် သူ့ရှေ့တွင် ဒူးထောက်နေသော လူကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
"သခင်... ကျွန်တော်တို့ သေသေချာချာစုံစမ်းစစ်ဆေးပြီးနောက်မှာ... ရဲချန်နဲ့ ရဲဖန်မှာ ညီအစ်ကိုတစ်ယောက် ရှိသေးတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။"
×××××××××