နဂါးနတ်ဘုရား ခန်းမမှ ပါရမီရှင်တစ်ဦး
Vol. 12 Ch. 168
"သောက်ကျိုးနည်း။"
ရဲရှင်းဟွေ့ ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။
"လူမိုက်လို ဝတ်စားထားတိုင်း မင်းထင်ရာစိုင်းလို့ရတယ်လို့ မထင်နဲ့။"
အနက်ရောင်ဝတ်စုံဝတ်လူသည် ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး သူ၏လက်မှာ သူ့ခါးအောက်ပိုင်းဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။
သူ၏လှုပ်ရှားမှုကို မြင်သောအခါ ရဲရှင်းဟွေ့သည် သူ၌ သေနတ်တစ်လက် ပါလာနိုင်ကြောင်း သိလိုက်သည်။
ရဲရှင်းဟွေ့သည် သူ့ကို မထီမဲ့မြင်တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်မှာလည်း သူ့ခါးအောက်ပိုင်းဆီသို့ ရောက်ရှိသွားသည်။
အနက်ရောင်ဝတ်စုံဝတ်လူ၏ နှလုံးသားမှာ ဤသည်ကိုမြင်သောအခါ တင်းကျပ်သွားသည်။
"ဒီကောင်လေးဆီမှာလည်း သေနတ်ရှိနေတာလား။"
တင်းမာမှုများ မြင့်တက်နေစဉ်မှာပင် အော်သံတစ်ခု ထွက်ပေါ်လာသည်။
"အာ့မင်၊ မင်းဘာလုပ်နေတာလဲ။"
ဤအသံကိုကြားသော် အာ့မင်ဟုခေါ်သော အနက်ရောင်ဝတ်စုံဝတ်လူသည် သူ့ခါးအောက်ပိုင်းမှ သူ၏လက်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်သည်။
စကားပြောသူမှာ အာ့မင်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဝမ်ပင်းနျဉ်ပင်။
ဝမ်ပင်းနျဉ်သည် ဆရာရှောင်နှင့် အခြားအနက်ရောင်ဝတ်စုံဝတ်လူများစွာနှင့်အတူ လျှောက်လာခဲ့၏။
သူမသည် ဦးစွာ အာ့မင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ကို ခါးအောက်ပိုင်းတွင် တင်ထားဆဲဖြစ်သော ရဲရှင်းဟွေ့ကို ကြည့်လိုက်သည်။
"မောင်လေး၊ ဒီနေရာက လူနေကျဲပါးပေမဲ့ ငါတို့လူတွေ ဒီလောက်များများရှိနေတာ၊ မင်းသေနတ်ထုတ်လိုက်တာက နည်းနည်းတော့ မသင့်တော်ဘူးမလား။"
ဝမ်ပင်းနျဉ်၏ စကားကိုကြားသော် ကူယွဲ့၊ ဝမ်ပန်းနှင့် ဖန်လုံတို့အားလုံး ရဲရှင်းဟွေ့ကို ကြည့်လိုက်ကြသည်။
အကယ်၍ ရဲရှင်းဟွေ့သာ သေနတ်တစ်လက် အမှန်တကယ်ထုတ်လိုက်ပါက ကံအဆိုးဆုံးသူများမှာ သူတို့သုံးယောက်ပင် ဖြစ်ပေလိမ့်မည်။
ရဲရှင်းဟွေ့မှာမူ ဝမ်ပင်းနျဉ်၏ စကားကိုကြားသောအခါ အနည်းငယ် ရှုပ်ထွေးသွားသည်။
"သေနတ်။ ဘာသေနတ်လဲ။"
ထိုသို့ပြောရင်း ရဲရှင်းဟွေ့သည် သူ့ခါးအောက်ပိုင်းမှ မုန်လာဥဖြူတစ်လုံး (ဂျင်ဆင်း) ကို ထုတ်ယူကာ တကျွတ်ကျွတ်ဝါးစားလိုက်သည်။
အာ့မင်: .....
ဝမ်ပင်းနျဉ်: .....
ဖန်လုံ: .....
ဝမ်ပန်း: ....
ကူယွဲ့: .....
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော လူအနည်းငယ်မှာ အားလုံးစကားမပြောနိုင်ဖြစ်သွားကြသည်။
"သောက်ကျိုးနည်း။ မင်းက မုန်လာဥတစ်လုံးထုတ်တာကို ဘာလို့ သေနတ်ထုတ်တဲ့ပုံစံ လုပ်နေရတာလဲ။"
ဟုတ်ပေသည်။ ရဲရှင်းဟွေ့၏ လက်က သူ့ခါးအောက်ပိုင်းတွင် ရှိနေစဉ် သူ၏မျက်လုံးများမှာ ဟိုဟိုဒီဒီဝေ့ကြည့်နေပြီး သူ၏မျက်နှာအမူအရာမှာ အနည်းငယ်တင်းမာနေကာ သေနတ်တစ်လက်ထုတ်တော့မည့်ပုံစံ အမှန်တကယ်ပင် ပေါက်နေခဲ့သည်။
ရဲရှင်းဟွေ့ မုန်လာဥဖြူကို တကျွတ်ကျွတ်ဝါးစားနေသည်ကို မြင်သော် ရှိနေသူအနည်းငယ်မှာ သူတို့လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ကြ၏။
ဝမ်ပင်းနျဉ်က သူတို့ကို မောင်းထုတ်ပြီး သူမ၏ငွေကို အသုံးပြုတော့မည်အပြုတွင် သူမဘေးတွင်ရပ်နေသော ဆရာရှောင်က သူမကို လေးနက်သောမျက်နှာထားဖြင့် ဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေးပြောလိုက်သည်။
"မမလေးဝမ်၊ လောလောဆယ် သူတို့ကို မမောင်းထုတ်ပါနဲ့ဦး။"
ထိုသို့ပြောရင်း ဆရာရှောင်သည် ရဲရှင်းဟွေ့၏ လက်ထဲမှ မုန်လာဥဖြူကို တောက်ပသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ ဆရာရှောင်။ အဲ့ဒီကောင်လေးလက်ထဲက မုန်လာဥဖြူမှာ တစ်ခုခုမှားနေလို့လား။"
"မုန်လာဥဖြူ။ ဟဲဟဲ…"
ဆရာရှောင်က ရယ်ကျဲကျဲလုပ်ကာ
"ဒါက မုန်လာဥဖြူမဟုတ်ဘူး။ ဒါက ဂျင်ဆင်း၊ အနည်းဆုံးတော့ နှစ်တစ်ထောင်အဆင့်ရှိတဲ့ အထူးဂျင်ဆင်းပဲ"
ဆရာရှောင်၏ စကားကိုကြားသော် ဝမ်ပင်းနျဉ်လည်း လန့်သွားသည်။
သူမသည် ဂျင်ဆင်းအကြောင်း ကြားဖူးပြီး သူမ၏မိသားစုတွင် နှစ်တစ်ထောင်ဂျင်ဆင်းပင် ရှိသော်လည်း အထူးဂျင်ဆင်းဆိုသည်မှာ ဘာလဲဆိုတာကိုတော့ သူမ အမှန်တကယ် မကြားဖူးခဲ့ပေ။
ဝမ်ပင်းနျဉ်၏ အနည်းငယ်ရှုပ်ထွေးနေသော မျက်နှာအမူအရာကိုမြင်သော် ဆရာရှောင်က ရှင်းပြလိုက်သည်။
"အခုဈေးကွက်ထဲက ဂျင်ဆင်းအမျိုးမျိုးက ဘယ်လောက်ပဲအံ့ဩစရာကောင်းပါစေ သာမန်ဆေးဖက်ဝင်ပစ္စည်းတွေပဲ။ ဒါပေမဲ့ အဲ့ဒီကောင်လေးလက်ထဲက အထူးဂျင်ဆင်းကတော့ ဝိညာဉ်ဆေးအဆင့်မှာ ပါဝင်တယ်။"
ဤသည်ကိုကြားသော် ဝမ်ပင်းနျဉ် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။
သူတို့ရှာဖွေနေသော ပျိုမြစ်စေသောမြက်သည် ဝိညာဉ်ဆေးမဟုတ်ပါလား။
"ဆရာရှောင်၊ ဒါဆို အဲ့ဒီအထူးဂျင်ဆင်းကိုသာ ရလိုက်ရင် ကျွန်မတို့ ပျိုမြစ်စေသောမြက်ကို ရှာစရာမလိုတော့ဘူးဆိုတဲ့ သဘောလား။"
ဆရာရှောင်သည် ဤသည်ကိုကြားသောအခါ ခေါင်းခါကာ
"အထူးဂျင်ဆင်းက အဘိုးကြီးဝမ် ကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး။ ကျင့်ကြံသူတွေပဲ စားသုံးနိုင်တယ်၊ ပြီးတော့ အဘိုးကြီးဝမ်ရဲ့ လက်ရှိခန္ဓာကိုယ်အခြေအနေအရဆိုရင်တော့ သူက အားဖြည့်ဖို့အတွက် အရမ်းအားနည်းလွန်းတယ်လို့ပဲ ပြောရမယ်..."
ဝမ်ပင်းနျဉ်သည် အနည်းငယ်စိတ်ပျက်စွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း ယခုအခါ သူမသည် ဆရာရှောင်က သူမကို အဘယ်ကြောင့် မောင်းထုတ်ခွင့်မပြုသည်ကို သိလိုက်ပြီဖြစ်သည်။
အထူးဂျင်ဆင်းကို ထုတ်ပေးနိုင်သောသူသည် သာမန်လူတစ်ယောက်ဖြစ်နိုင်ပါ့မလား။ ထိုသို့သောလူကို မိတ်ဆွေဖွဲ့ရန်သာရှိပြီး လုံးဝရန်မစသင့်ပေ။
ဤသို့တွေးရင်း ဝမ်ပင်းနျဉ်သည် အာ့မင်ကို "အာ့မင်၊ ဒီသခင်လေးတို့ တည်းခိုဖို့ အခန်းတချို့ ချန်ထားလိုက်" ဟု ပြောလိုက်သည်။
.......
ဝမ်ပင်းနျဉ်နှင့် ဆရာရှောင်၏ ခုနကစကားပြောဆိုမှုမှာ ကျယ်လောင်ခြင်းမရှိသော်လည်း ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်နှစ်ဦးစလုံးမှာ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ရဲရှင်းချန်က အကယ်၍ ဤလူများက သူ၏ညီငယ်ကို အထူးဂျင်ဆင်းဆိုသော အရာကြောင့် လာထိပါက သူတို့ကို သတ်ပစ်လိုက်မည်ဟု တွေးလိုက်သည်။
ရဲရှင်းဟွေ့မှာမူ "သေချာတယ်၊ ဒီလူတွေက ငါ့အစ်ကိုကြီးရဲ့ ဇာတ်လမ်းဇာတ်ကောင်တွေ ဖြစ်ရမယ်" ဟု တွေးလိုက်သည်။
မည်သည့်မသေမျိုးဧကရာဇ်မဆို သေခါနီးဖြစ်နေပြီး ဆေးရှာနေသော ဟောင်ကောင်သူဌေးကြီးတစ်ဦးနှင့် အမြဲကြုံတွေ့ရစမြဲပင်။
ဆေးကိုပေးလိုက်သော်လည်း ဟောင်ကောင်သူဌေးကြီးမှာ ငွေပေးမည်မဟုတ်သည်မှာ သေချာပြီး ထို့နောက် ဇာတ်လမ်းမှာ မသေမျိုးဧကရာဇ်က အကြွေးတောင်းရန် သွားပြီး နောက်ဆုံးတွင် ဟောင်ကောင်၌ ဇာတ်လမ်းတွဲများ ဆက်တိုက်ဖြစ်ပေါ်လာပေလိမ့်မည်။
"တကယ်ပဲ ဇာတ်လမ်းထုံးအဟောင်းကြီးပဲ။"
ရဲရှင်းဟွေ့ စိတ်ထဲတွင် ငြီးတွားလိုက်သည်။
ဇာတ်လမ်းထုံးမှာ ဟောင်းသော်လည်း ရဲရှင်းဟွေ့သည် တကယ့်လက်တွေ့ဘဝဗားရှင်းကို ကြည့်ရသည်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသည်။
ထို့အပြင် ရဲရှင်းဟွေ့သည် ခွန်းလွန်တောင်အတွင်းပိုင်းသို့ ဝင်ကြည့်ရန် စီစဉ်ထားသည်။
အခြားအကြောင်းကြောင့်မဟုတ်၊ ကူယွဲ့က ခွန်းလွန်တောင်၏ အတွင်းပိုင်းမှာ အလွန်အန္တရာယ်များကြောင်း ပြောသောကြောင့် သူသွားကြည့်ချင်ခြင်းပင်။
ရဲရှင်းဟွေ့သာ ဤအတွေးရှိသည်မဟုတ်။ ရဲရှင်းချန်ပင်လျှင် ခွန်းလွန်တောင်၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန် စီစဉ်ထား၏။
ရဲရှင်းချန်သည် ကူယွဲ့၏ "ခွန်းလွန်တောင်၏ အတွင်းပိုင်းမှာ အပြင်ဘက်နှင့် လောကတစ်ခု ကွာခြားသည်" ဟူသော စကားကြောင့် ဆွဲဆောင်ခံလိုက်ရသည်။
အမှန်တကယ်တော့ ရဲရှင်းချန်သည် ဤလောက၏ အမှန်တရားကို အမှန်တကယ် သိချင်နေသည်။
လက်ရှိတွင် ရဲရှင်းချန်သိသော လောကသုံးခုရှိသည်။
၎င်းတို့မှာ သူ မသေမျိုးဧကရာဇ်အဖြစ် တက်လှမ်းခဲ့သော ကျင့်ကြံခြင်းလောက၊ သူလက်ရှိနေထိုင်သော ကမ္ဘာနှင့် ယွမ်ထိုက်ရှို၏ မှတ်ဉာဏ်မှ သိရှိခဲ့သော မိစ္ဆာနတ်ဘုရားဘုံတို့ ဖြစ်ကြသည်။
လောကသုံးခုမှာ အချင်းချင်းဆက်စပ်နေသည်ဟု ဆိုနိုင်သည်။
ထိုအချိန်က ရဲရှင်းချန်သည် ချောက်ကမ်းပါးမှ ခုန်ချကာ ကျင့်ကြံခြင်းလောကသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့၏။ နောက်ပိုင်းတွင် ရဲရှင်းချန် ကျွန်းစုနိုင်ငံရှိ ထိုချောက်ကမ်းပါးသို့ သွားခဲ့သော်လည်း ထိုနေရာတွင် လောကဖြတ်လမ်းပေါက် ဖွင့်လှစ်သည့် လက္ခဏာမရှိတော့ပေ။
ထို့အပြင် မိစ္ဆာနတ်ဘုရားဘုံသို့ ဝင်ပေါက်နှင့် ထွက်ပေါက်လည်း ရှိသေးသည်။
အချိန်ကာလကြာမြင့်မှုကြောင့် ဖြစ်နိုင်သည်၊ မိစ္ဆာနတ်ဘုရားဘုံသို့ ဝင်ပေါက်နှင့် ထွက်ပေါက်မှာ တရုတ်နိုင်ငံအတွင်း၌ ရှိသည်ကို သိသော်လည်း ယွမ်ထိုက်ရှိုသည် တိကျသောနေရာအမည်ကို မသိဘဲ တောင်တစ်တောင်တွင် ရှိသည်ဟုသာ သိသည်။
"ခွန်းလွန်၊ ရဲခွန်းလွန်…"
"ဒါက... မိစ္ဆာနတ်ဘုရားဘုံသို့ ဝင်ပေါက်နဲ့ ထွက်ပေါက်က ခွန်းလွန်တောင်မှာ ရှိနေတာများလား။"
ရဲရှင်းချန်သည် တိမ်များဖုံးလွှမ်းနေသော ခွန်းလွန်တောင်ကို ကြည့်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။
ရဲရှင်းချန်၏ အတွေးများအားလုံး ခွန်းလွန်တောင်ပေါ်တွင် ရှိနေစဉ်မှာပင် ရဲရှင်းဟွေ့သည် ဝမ်ပင်းနျဉ်နှင့် ဆရာရှောင်တို့နှင့် စကားစမြည်ပြောခြင်း စတင်နေပြီဖြစ်သည်။
"ဒီကမောင်လေးရဲ့ နာမည်ကို မေးလို့ရမလား။ ပြီးတော့ မင်းတို့က ဘယ်အဖွဲ့အစည်းကလဲ။"
ဝမ်ပင်းနျဉ်သည် ဂျင်ဆင်းကို မုန်လာဥကဲ့သို့ ဝါးစားနေဆဲဖြစ်သော ရဲရှင်းဟွေ့ကို ကြည့်ရင်း မေးလိုက်သည်။
"ရဲရှင်းဟွေ့။ နဂါးနတ်ဘုရား ခန်းမက။"
ရဲရှင်းဟွေ့ သူကိုယ်သူ မိတ်ဆက်သည်ကို ကြားသောအခါ နှစ်ဦးသား သိပ်တုံ့ပြန်မှုမပြသော်လည်း "နဂါးနတ်ဘုရား ခန်းမ" ဟူသော စကားလုံးသုံးလုံးကို ကြားသောအခါ နှစ်ဦးစလုံး လန့်သွားကြသည်။
"အံ့ဩစရာမရှိတော့ဘူး... သူ့ရဲ့အမူအရာက ဒီလောက်ခမ်းနားနေတာကိုး။ ဒါဆို သူက နဂါးနတ်ဘုရား ခန်းမရဲ့ ပါရမီရှင်တစ်ယောက်ပေါ့။ နဂါးနတ်ဘုရား ခန်းမတစ်ခုတည်းပဲ အထူးဂျင်ဆင်းကို အလေးမထားတာ ဖြစ်ပုံရတယ်။"
ဆရာရှောင် စိတ်ထဲတွင် တွေးလိုက်သည်။
အကယ်၍ နဂါးနတ်ဘုရား ခန်းမ၏ ယခင်နဂါးဘုရင်သာ ဆရာရှောင်၏ အတွေးများကို ကြားမည်ဆိုလျှင် သူ့ကို ပါးရိုက်ပြီး "နဂါးနတ်ဘုရား ခန်းမမှာ အထူးဂျင်ဆင်းကို မုန်လာဥလိုစားတဲ့ ဖြုန်းတီးတဲ့သားတစ်ယောက်မှ မရှိဘူး" ဟု ကျိန်းသေပြောပေလိမ့်မည်။
တစ်ဖက်လူမှာ နဂါးနတ်ဘုရား ခန်းမမှ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆရာရှောင်သည် ရှေ့သို့တက်ကာ လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။
"ကျွန်တော်က ဆေးဘုရင် တောင်ကြားက ရှောင်ပုဖန်ပါ။"
"ဪ ဆေးဘုရင် တောင်ကြားက ရှောင်ပုဖန်ကိုး။ ခင်ဗျားအကြောင်း အများကြီးကြားဖူးပါတယ်၊ ကျွန်တော်က နဂါးနတ်ဘုရား ခန်းမက ရဲရှင်းဟွေ့ပါ။"
ထိုသို့ပြောပြီးနောက် ရဲရှင်းဟွေ့သည် စကားသိပ်မပြောသော သူ့အစ်ကိုကြီးကို လက်ညှိုးထိုးပြကာ "ဒါက နဂါးနတ်ဘုရား ခန်းမက ရဲရှင်းချန်ပါ" ဟု ပြောလိုက်သည်။
(ရဲဖန်: တောင်းပန်ပါတယ် ရဲရှင်းဟွေ့၊ ငါတို့ နဂါးနတ်ဘုရား ခန်းမနဲ့ ဝေးဝေးနေပေးပါ။)
ရဲရှင်းဟွေ့ ရုတ်တရက် စိတ်အားထက်သန်လာသည်ကို မြင်သော် ရှောင်ပုဖန်လည်း အနည်းငယ် ကြောင်သွားသည်။
"နဂါးနတ်ဘုရား ခန်းမကလူတွေက အရမ်းအထက်စီးဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောကြတာ မဟုတ်လား။ ဘာလို့ သူက ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။"
ရဲရှင်းဟွေ့ အဘယ်ကြောင့် ဤမျှစိတ်အားထက်သန်နေသနည်းဆိုလျှင်မူ ဆေးဘုရင် တောင်ကြားကြောင့်ပင်။
မသေမျိုးဧကရာဇ်ဝတ္ထုတိုင်း၏ ဇာတ်လိုက်မသေမျိုးဧကရာဇ်သည် အနည်းဆုံးတစ်ကြိမ် ဆေးဘုရင် တောင်ကြားကို နှိမ်နင်းရစမြဲပင်။
ဆေးဘုရင် တောင်ကြားကို လက်အောက်ခံဖြစ်စေ၊ ဆေးဘုရင် တောင်ကြားကို ဖျက်ဆီးပစ်သည်ဖြစ်စေ၊ သို့မဟုတ် ဆေးဘုရင် တောင်ကြားကို လုယက်သည်ဖြစ်စေ၊ယခု ရဲရှင်းဟွေ့သည် ဆေးဘုရင် တောင်ကြားကို သူ့ကိုယ်ပိုင်အိမ်အဖြစ် လုံးဝသတ်မှတ်လိုက်ပြီဖြစ်သည်။
အကယ်၍ ရှောင်ပုဖန်သာ ရဲရှင်းဟွေ့၏ အတွေးများကို သိမည်ဆိုလျှင် သူသည် သွေးဟောင်းတစ်ပွက်ကို ကျိန်းသေအန်ထုတ်ပေလိမ့်မည်။
××××××××