← Chapters

လျှောပျံခြေထောက်နှင့်အတူ

Vol. 13 Ch. 171

လျှောပျံခြေထောက်နှင့်အတူ

Vol. 13 Ch. 171

“စိတ်မပူကြပါနဲ့... ကျွန်မ ရှင်တို့ကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး...”

ဝမ်ပင်းနျဉ်၏ အေးဆေးတည်ငြိမ်သော အသံနှင့်အတူ သူမ၏ လက်အောက်ငယ်သားများဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။ အနက်ရောင်ဝတ်လူများ ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ကြမှ ဝမ်ပင်းနျဉ်က စကားဆက်သည်။

“ရှင်တို့ ကျွန်မတို့နောက်ကို ဆက်လိုက်နေရင် အန္တရာယ်များတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်တစ်ခုလုံး ဘေးမသီရန်မခ ပြီးဆုံးသွားရင်တော့... ရှင်တို့နှစ်ယောက်ကို တစ်ယောက် သုံးသန်းစီ ဆုချပါ့မယ်...”

တစ်ယောက်ကို သုံးသန်းဆိုသော စကားသံက ဟိုးအဝေး မီတာအတော်များများသို့ ရောက်နေပြီဖြစ်သော ဝမ်ပန်း၏ ခြေလှမ်းများကို ရုတ်တရက် တုံ့ခနဲ ရပ်တန့်သွားစေခဲ့သည်။ သူက ချက်ချင်းပင် ကူယွဲ့ကို ပြန်ဆွဲခေါ်လိုက်၏။

“လောင်ကူ... လုပ်လိုက်ကြစို့... သုံးသန်းတောင်နော်...”

သူ့စကားကြောင့် ကူယွဲ့သည်လည်း အနည်းငယ် တွေဝေသွားသည်။ သုံးသန်းဆိုသည်မှာ သူ့အတွက်တော့ အမှန်ပင် မျက်ကွယ်ပြုနိုင်စရာ ပမာဏမဟုတ်ပေ။ ကူယွဲ့ ချီတုံချတုံဖြစ်နေစဉ်မှာပင် လူဝကြီးဝမ်ပန်းက လေသံတည်တည်ဖြင့် ထပ်ပြောသည်။ “ငါတို့အတွက်မဟုတ်တောင်... သေသွားတဲ့ညီအစ်ကိုတွေရဲ့ မိသားစုတွေအတွက်ပေါ့ကွာ...”

ဝမ်ပန်း များများစားစားမပြော။ သို့သော် သေဆုံးသွားသော ညီအစ်ကိုများ၏ မိသားစုများကိုသာ ထုတ်ပြောလိုက်လျှင် ကူယွဲ့တစ်ယောက် ဘယ်တော့မှ မငြင်းဆန်နိုင်မှန်း သူ ကောင်းကောင်းသိသည်။

ကူယွဲ့ဆိုသည်မှာ ထိုသို့သောလူစားမျိုးပင်။ သူက အလွန်အမင်း စိတ်ခံစားလွယ်သူဖြစ်ပြီး သူတို့နှင့်အတူ ဘဝကိုရင်း၍ စွန့်စားခဲ့ကြသော ညီအစ်ကိုအားလုံးမှာ ထို ခွန်းလွန်တောင်၌ပင် အသက်ဆုံးပါးခဲ့ကြသည်။ ထိုအဖြစ်အပျက်အတွက် သူ့မှာ တာဝန်အပြည့်အဝရှိသည်ဟု ကူယွဲ့က တစ်ထစ်ချ ယုံကြည်ထားခဲ့သည်။ သူကိုယ်တိုင်ပင် ထိုညီအစ်ကိုများကို ခွန်းလွန်တောင်ထဲသို့ ဦးဆောင်ခေါ်ခဲ့ခြင်းကြောင့် မဟုတ်လော။

ထို့ကြောင့်ပင်... သူသည် ယခုနှစ်များတစ်လျှောက် အကြွေးဆပ်သည့်သဘောဖြင့် အပင်ပန်းခံ အလုပ်လုပ်နေခဲ့သည်။ သူသာ တစ်သောင်းယွမ်ရလျှင် ရှစ်ထောင်ကျော်ကို ဆုံးပါးသွားသော ညီအစ်ကိုများ၏ မိသားစုများထံသို့ မပျက်မကွက် ပို့ပေးခဲ့သည်။

...နောက်ဆုံးတွင် ကူယွဲ့သည် အဖွဲ့ကိုဆက်လက်ဦးဆောင်ရန် ခေါင်းညိတ်လိုက်တော့၏။ အကြောင်းရင်းမှာ ယခင် B&B ပိုင်ရှင်ကိစ္စနှင့် တစ်ထပ်တည်းတူညီသည်။ အခြားတစ်ဖက်က ပေးသောငွေပမာဏမှာ အလွန်များပြားသောကြောင့်ပင်တည်း။

...

သူ ဆက်လက်ခရီးနှင်ရန် ဆုံးဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ကူယွဲ့၏ အရှိန်အဝါမှာ ယခင်ကနှင့် လားလားမှမဆိုင်တော့။ ဒီလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့ပြီးဖြစ်တာမို့ သူတို့အားလုံးကို ခွန်းလွန်တောင်မှ ဘေးမသီရန်မခ ထွက်ခွာနိုင်စေရန်အတွက် သူ့အသက်ကိုပင် ပဓာနမထားတော့ဘဲ အကောင်းဆုံးလုပ်ဆောင်ပေးပေလိမ့်မည်။

“လူတိုင်း... ကျွန်တော်ပြောမယ့်အရာအားလုံးကို သေသေချာချာ မှတ်ထားကြပါ...”

ကူယွဲ့သည် လူတိုင်းထံသို့လှည့်ကာ တည်တည်တံ့တံ့ အော်ပြောလိုက်၏။

“အီလက်ထရောနစ်ပစ္စည်းအားလုံးကို အခုချက်ချင်းပိတ်လိုက်ပါ။ ဒါ့အပြင် ကျန်တဲ့ခရီးမှာ တစ်ယောက်နဲ့တစ်ယောက် မျက်ခြေမပြတ်စေနဲ့။ ဒီလို မြူခိုးတွေ ထူထပ်နေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိတစ်မှိတ်လွဲတာနဲ့ လူစုကွဲပြီး ထာဝရလမ်းပျောက်သွားနိုင်တယ်...”

ကူယွဲ့စကားပင် မဆုံးသေး၊ ကိုယ်ရံတော် အာ့မင်က လက်ကိုမြှောက်ကာ တွေဝေစွာ ဆိုသည်။

“အဲဒါ... သခင်လေးရှောင် ပျောက်သွားပြီ...”

ထိုအခါမှ လူတိုင်း သတိထားမိလိုက်ကြ၏။ သူတို့အုပ်စုထဲတွင် တစ်စုံတစ်ယောက် ပျောက်ဆုံးနေသည်ကိုပင်။ သခင်လေး ရှောင်ပုဖန် ပျောက်သွားခဲ့ပြီ။

ကူယွဲ့မှာ တစ်စုံတစ်ယောက် ဒီလောက်မြန်မြန် နောက်ကျကျန်ရစ်ခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် ကူယွဲ့ ဆက်လက်စကားမပြောမီမှာပင် ဖန်လုံကလည်း “အင်း... ရှောင်ဟာ့လည်း ပျောက်နေတယ်...” ဟုဆိုလိုက်သည်။ သူတို့အတွက် လမ်းပြပေးနေခဲ့သော ရှောင်ဟာ့က အမှန်ပင် လူတိုင်း၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

“စိတ်မပူကြပါနဲ့... ရှောင်ဟာ့က အနံ့ခံအာရုံကောင်းပါတယ်၊ သူ လိုက်မီနိုင်မှာပါ...”

သည်တစ်ကြိမ်တွင် စကားပြောသူမှာ ရဲရှင်းဟွေ့ဖြစ်ပြီး စကားပြောနေရင်း သူသည် ရှောင်စ နှင့် ရှောင်စစ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ရှောင်ဟာ့၏ ထိုခွေးညီအစ်ကိုနှစ်ကောင်သည် သူတို့၏သခင်က သူတို့ကိုကြည့်သည်ကိုမြင်သောအခါ သူတို့သည် ရှောင်ဟာ့ကို ယုံကြည်ကြောင်းပြသရန် လျင်မြန်စွာခေါင်းညိတ်လိုက်ကြသည်။

သို့သော် သူတို့အမှန်တကယ်စဉ်းစားနေသည်မှာ...

'သူ့ကိုယုံရမယ် ဟုတ်လား... ဘယ်သူက ယုံမှာတဲ့လဲ...။ အဲ့ဒီကောင်တစ်ကောင်တည်းက ခွေးမျိုးနွယ်အားလုံးရဲ့ ပျမ်းမျှ IQ ကို ဆွဲချပစ်နိုင်တယ်...'

ထိုအခိုက်တွင် ဝမ်ပင်းနျဉ်သည်လည်း သူမ၏လက်ကိုမြှောက်ကာ “ကျွန်မတို့လည်း ရှောင်သခင်လေးကို ယုံကြည်ပါတယ်။ သူက သာမန်လူတစ်ယောက်မှ မဟုတ်တာပဲ။ ကျားတွေ၊ ကျားသစ်တွေကိုတောင် ဆွဲဖြဲနိုင်တဲ့ သူရဲကောင်းတစ်ယောက်ဆိုတော့ လုံးဝပြဿနာမရှိနိုင်ပါဘူး...” ဟု ဆိုလိုက်၏။

သူတို့သိသောလူများက ရှောင်သခင်လေး နှင့် ရှောင်ဟာ့ကို ယုံကြည်သည်ကိုမြင်သောအခါ ကူယွဲ့ ထပ်မပြောတော့ချေ။ ယခုအခါတွင် အရေးကြီးဆုံးအရာမှာ ရှိနေသောလူများကို အခြားနေရာသို့ ဦးဆောင်ရန်ပင်တည်း။

“ဒီလိုဆိုရင်တော့... ငါတို့ရှေ့ဆက်သွားကြတာပေါ့...။ သူတို့ဘာမှမဖြစ်ကြဘူးလို့ပဲ မျှော်လင့်ရတာပဲ...”

...

ရှောင်ပုဖန်ထံသို့ ပြန်သွားကြပါစို့။

ရှောင်ပုဖန်က မြေပြင်ပေါ်မှဂျင်ဆင်းအကြွင်းအကျန်ကို စုဆောင်းပြီးနောက် ကျန်တဲ့ လူအုပ်စုကိုရှာဖွေရန် စီစဉ်ခဲ့သော်လည်း သူဘယ်နေရာတွင်ရှာရှာ သူတို့ကိုမတွေ့ရှိခဲ့ပေ။ ရှောင်ပုဖန်မှာ ထူထပ်သောမြူခိုးကြောင့် သူလမ်းမှားသွားနိုင်သည်ဟု ခံစားမိလိုက်၏။

သူဖုန်းကိုထုတ်ကာ ဝမ်ပင်းနျဉ်ကိုခေါ်ဆိုတော့မည်အပြုတွင် တစ်ကိုယ်လုံး ကြက်လေးသီးမွှေးညှင်းထသွားစေလောက်သည့် ဟိန်းဟောက်သံကြီးတစ်ခုက တောနက်ထဲမှ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

ရှောင်ပုဖန် ထိုသို့သောဟိန်းဟောက်သံမျိုးကို ယခင်ကကြားဖူးခဲ့ပြီး ၎င်းမှာ ကျားတစ်ကောင်၏အသံအတိအကျပင်။

“ကျစ်... ခွန်းလွန်တောင်မှာ ကျားတွေ ဘယ်လိုလုပ်ရှိနေသေးတာလဲ...”

ရှောင်ပုဖန်၏အထင်အမြင်၌ ကျားများမှာ ခွန်းလွန်တောင်တွင် မျိုးတုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် ထိုဟိန်းဟောက်သံမှာ ရှင်းရှင်းလင်းလင်းပင် ကျားတစ်ကောင်၏အသံ။ ရှောင်ပုဖန်သည် အနည်းငယ်မသေချာစွာ သူ၏ခါးမှ အေးစက်သောဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်၏။

“ဟမ့်... ဒါက ကျားလေးတစ်ကောင်ပဲ... ငါဘာလို့ကြောက်ရမှာလဲ...”

ရှောင်ပုဖန်သည်လည်း ယခင်က တိရစ္ဆာန်ရုံသို့သွားကာ ကျားများကိုမြင်ဖူးခဲ့သည်။ သူတို့သည် နေ့စဉ်ပျင်းရိစွာ နေရောင်ခြည်လှုံနေကြပြီး လုံးဝခြိမ်းခြောက်မှုမရှိကြပေ။ ရှောင်ပုဖန်သည် ကျားကိုသတ်ဖြတ်ပြီး သူ၏ ‘ယန်စွမ်းအင်’ ကိုပြန်လည်ဖြည့်တင်းရန် ကျားကလီစာများကို စုဆောင်းရန် အသင့်ဖြစ်နေစဉ်မှာပင် သူ၏ဘေးမှ လေးလံသောခြေသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ရှောင်ပုဖန် အသံကိုကြားသောအခါ လှမ်းကြည့်လိုက်ရာ ငါးမီတာအရှည်ရှိသော ကျားကြီးတစ်ကောင်က သူ့ကို မထီမဲ့မြင်ပြုကာ ကြည့်နေသည်ကို တွေ့မြင်ခဲ့ရ၏။ ထိုကျားကြီး၏ အရွယ်အစားကိုမြင်သောအခါ ရှောင်ပုဖန်သည် သူ၏စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း သူသည် မကြာမီမှာပင် သတိပြန်ဝင်လာခဲ့သည်။

“ကျားလေးတစ်ကောင်ပါပဲ... ငါ့ရဲ့ လျှောပျံခြေထောက်နဲ့ဆို ကောင်းကောင်းကိုင်တွယ်နိုင်တယ်...”

သူစကားပြောနေစဉ်မှာပင် ရှောင်ပုဖန်၏ဝိညာဉ်စွမ်းအင်သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့သွားပြီး သူသည် ဦးစွာတိုက်ခိုက်ရန်စီစဉ်လိုက်သည်။ သူသည် ကျား၏ခန္ဓာကိုယ်အောက်သို့ လျှောတိုက်ဝင်ရန် လျှောပျံခြေထောက်ကို အသုံးပြုလိုက်၏။ လျှောတိုက်နေရင်း သူ၏လက်ထဲမှဓားမြှောင်ဖြင့် အပေါ်သို့ထိုးကာ ကျားကိုအူများထုတ်ရန် ရည်ရွယ်လိုက်သည်။

စိတ်ကူးလေးက လှပသော်လည်း လက်တွေ့မှာတော့ ကြမ်းတမ်းလွန်းလှသည်။

ကျားကြီးက လူသားက သူ့ထံသို့ လျှောတိုက်လာသည်ကိုမြင်သောအခါ သူသည် ရှောင်ပုဖန်၏လက်ထဲမှဓားမြှောင်ကို တစ်ချက်တည်းနှင့် ပုတ်ထုတ်လွှင့်ပစ်လိုက်သည်။ ထို့နောက် လျှောတိုက်လာသော ရှောင်ပုဖန် သူ့အောက်သို့ရောက်လာသောအခါ သူက သူ၏တစ်ကိုယ်လုံးကို မြေပြင်ပေါ်သို့ တိုက်ရိုက် လဲလျောင်းချလိုက်၏။

ကျား၏လေးလံသောခန္ဓာကိုယ်က ရှောင်ပုဖန်အပေါ်သို့ တိုက်ရိုက်ဖိကျသွား၏။ ကံကောင်းစွာပင် ရှောင်ပုဖန်မှာ ကျင့်ကြံသူတစ်ဦးဖြစ်၍ သို့မဟုတ်ပါက သူသည် ချက်ချင်းပင် ပိပြားပြီး သေသွားလိမ့်မည်။

သူက ပြားပြီးမသေသွားသော်လည်း အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ ကျား၏အလေးချိန်က သူ့အပေါ်ဖိထားသောကြောင့်သာမက... ကျား၏ ပုတ်ထုတ်လိုက်သော အရှိန်ကြောင့် ခုလေးတင်မှ သူ၏လက်တစ်ဖက် ကျိုးသွားသောကြောင့်လည်း ဖြစ်သည်။

ကျားကြီးသည် ထိုစိတ်ဝင်စားဖွယ်လူသားကို သေအောင်လုပ်မိသွားမည်ကို စိုးရိမ်နေဟန်တူသဖြင့် ရှောင်ပုဖန် သေလုမျောပါးဖြစ်နေသောအခါ သူသည် ထရပ်လိုက်၏။ သူ၏အသက်ရှူမှုမှာ များစွာပိုမိုလွယ်ကူလာသည်ဟု ခံစားမိသော ရှောင်ပုဖန်သည် ချက်ချင်းပင် လူးလဲကာ တစ်ဖန်ပြန်ထရပ်လိုက်သည်။

“ကျစ်... ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ကျားတစ်ကောင်ရဲ့ ပစ်မှတ်ထားခံရတာထက် ဘာကပိုပြီးကံဆိုးနိုင်ဦးမှာလဲ...”

ရှောင်ပုဖန် နောက်တစ်ခါ ဘယ်လိုလွတ်မြောက်ရမလဲဆိုတာကို စီစဉ်နေစဉ်မှာပင် အနည်းငယ်ရင်းနှီးသောပုံရိပ်တစ်ခု သူ့ထံသို့ ဝရုန်းသုန်းကား ပြေးဝင်လာခဲ့သည်။

“ကယ်... ကယ်ကြပါ...”

အီလက်ထရောနစ်ဖြင့်ပေါင်းစပ်ထားသောအသံတစ်ခု လည်ပတ်မှထွက်ပေါ်လာခဲ့သည်။

အသံမှာ ပို၍ပို၍နီးကပ်လာပြီး ရှောင်ပုဖန်သည် နောက်ဆုံးတွင် သူ့ထံသို့ပြေးဝင်လာသူမှာ မည်သူဖြစ်သည်ကို သိရှိသွားခဲ့သည်။ ၎င်းမှာ ရဲရှင်းဟွေ့၏ အိမ်မွေးခွေး ရှောင်ဟာ့ပင်။ ရှောင်ဟာ့၏နောက်တွင် သူ၏ရှေ့မှကျားထက်မသေးသော ကျားကြီးတစ်ကောင်လည်း ရှိနေခဲ့၏။ သူ့ရှေ့မှကျားနှင့်နှိုင်းယှဉ်ပါက ရှောင်ဟာ့ကိုလိုက်လံနေသော ကျားကြီးမှာ ပို၍ကြမ်းတမ်းခက်ထန်ပြီး ရှောင်ဟာ့မှာ သူ၏မိဘများကိုသတ်ဖြတ်ခဲ့သော ရန်သူတစ်ဦးကဲ့သို့ပင်။

ရှောင်ဟာ့သည် အသိတစ်ဦးဖြစ်သော ရှောင်ပုဖန်ကိုမြင်သောအခါ သူသည် ပြတ်ပြတ်သားသား ပြေးဝင်လာခဲ့၏။

ယခု... ရှောင်ပုဖန်သည် နောက်ဆုံးတွင် ထိုသို့ကြောက်မက်ဖွယ်ကောင်းသော ကျားတစ်ကောင်၏ ပစ်မှတ်ထားခံရသည်ထက် ဘာကပိုပြီးကံဆိုးနိုင်သည်ကို သိရှိသွားခဲ့သည်...။

ထိုသို့သောကျားနှစ်ကောင်၏ ပစ်မှတ်ထားခံရခြင်းပင်။

ရှောင်ဟာ့ပြေးဝင်လာပြီးနောက် သူသည် သူ၏လျင်မြန်သောကျွမ်းကျင်မှုများကိုအသုံးပြု၍ ရှောင်ပုဖန်၏နောက်မှသစ်ပင်ပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက်... ရှောင်ဟာ့ကိုလိုက်လံနေခဲ့သော ကျားသည် သူ၏အာရုံအလုံးစုံကို ရှောင်ပုဖန်အပေါ်သို့ စုစည်းလိုက်၏။

ကျားက ရှောင်ဟာ့ကို ဘာလို့လိုက်နေတာလဲ။ ဇာတ်လမ်းမှာ မိနစ်အနည်းငယ်အကြာက စတင်ခဲ့တာပင်။

မိနစ်အနည်းငယ်အကြာက ပျော်ရွှင်နေသော ရှောင်ဟာ့သည် အာရုံပျံ့လွင့်သွားပြီး ရဲရှင်းဟွေ့နှင့် အခြားသူများနှင့် ကွဲကွာသွားခဲ့၏။ သူလျှောက်လှမ်းနေစဉ်မှာပင် သူသည် မြေပြင်ပေါ်တွင် ဘေးစောင်းလဲလျောင်းနေသော အိပ်ပျော်နေသောကျားတစ်ကောင်ကို တွေ့မြင်ခဲ့ရသည်။ ဆိုရိုးစကားရှိသည့်အတိုင်း "ဟက်စကီးတစ်ကောင်၏ သဘာဝမှာ သေမင်းကို လက်ယပ်ခေါ်ခြင်းပင်တည်း။”

ချက်ချင်းပင် ကိုယ့်သေတွင်းကိုယ်တူးချင်သော ရှောင်ဟာ့သည် တိတ်တဆိတ်လျှောက်လှမ်းသွားခဲ့၏။

ကျားကြီးသည် ရှောင်ဟာ့၏တည်ရှိမှုကို သဘာဝကျစွာပင် သတိထားမိခဲ့သော်လည်း သူသည် ရှောင်ဟာ့ကဲ့သို့သောအရာငယ်လေးတစ်ခုကို သူ၏စိတ်ထဲတွင် လုံးဝမထည့်ခဲ့ပေ။ ရှောင်ဟာ့သည် ကျားကသူ့ကို စိတ်ဝင်စားခြင်းမရှိသည်ကိုမြင်သောအခါ ပို၍ပင်မဆင်မခြင်ဖြစ်လာခဲ့၏။ သူ့စိတ်ထဲတွင်လည်း အတွေးတစ်ခုရှိနေခဲ့သည်။

သူတွေးမိသည်... ကျားနို့က အရသာရှိရဲ့လား...။

ထို့နောက် သူက ကျားနို့သောက်ချင်ခဲ့သော်လည်း... သူမသိခဲ့သည်မှာ ထိုကျားကြီးမှာ အမှန်တကယ်တွင် ကျားထီးတစ်ကောင်ဖြစ်နေခြင်းပင်...။ ရှောင်ဟာ့က ကျားထံသို့ တိတ်တခိုးချဉ်းကပ်သွားပြီး နေရာမှားပြီး ငုံထွေးလိုက်မိတဲ့အခါမှာတော့...။

ဒေါသထွက်နေသောကျားက ရှောင်ဟာ့ကို လိုက်လံနေသော ဤအဖြစ်အပျက် စတင်လေတော့သည်။

All Chapters