ကျားနှစ်ကောင်
Vol. 13 Ch. 172
[ အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော့်နာမည် ရှောင်ပုဖန်ပါ။
ကျွန်တော့်နာမည်ရဲ့ အဓိပ္ပာယ်အတိုင်းပဲ၊ ကျွန်တော်က မွေးကတည်းက ထူးခြားဆန်းကြယ်တဲ့သူ တစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ဆေးဘုရင်တောင်ကြားကို ခေါ်ဆောင်ခံခဲ့ရတယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်ပေမယ့် ဆေးပညာမှာတော့ ကျွန်တော် အတော်လေး ထူးချွန်တယ်။
ဆေးဘုရင်တောင်ကြားက အကြီးအကဲတွေလိုပဲ နှစ်ပေါင်းရာချီ အသက်ရှင်မယ်၊ အစွမ်းထက်လာမယ်လို့ ကျွန်တော် မျှော်လင့်ခဲ့မိတယ်။ ဒါပေမဲ့... ကျွန်တော့်ရဲ့ နောက်နှစ် မွေးနေ့က ကျွန်တော့်ရဲ့ ပထမဆုံး သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် ဘယ်တုန်းကမှ မတွေးထားခဲ့မိပါဘူး။]
...
ရှောင်ပုဖန်တစ်ယောက် သူ့ရှေ့မှ ကျားကြီးနှစ်ကောင်ကို ကြည့်ရင်း အသက်ရှူဖို့ပင် မေ့လျော့နေမိသည်။
သူ၏ ‘လျှောပျံခြေထောက်’ က ကျားတစ်ကောင်ကိုပင် မယှဉ်နိုင်ကြောင်း သက်သေပြပြီးဖြစ်ရာ ယခု ကျားနှစ်ကောင်နှင့် ရင်ဆိုင်တွေ့နေရသည့် အခြေအနေကို သူ ဘယ်လိုမှ တွေးတောရဲမည် မဟုတ်တော့ပေ။ ရှောင်ပုဖန် သေရမည်ဆိုလျှင်တောင် မည်သည့်နည်းလမ်းက အနာကျင်ဆုံးဖြစ်မည်ကို စဉ်းစားနေစဉ်မှာပင် သစ်ပင်ပေါ်မှ ရှောင်ဟာ့ထံမှ စက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါမှာတော့ ရှောင်ပုဖန်တစ်ယောက် ဒေါသထွက်သွားရတော့သည်။
“ဟေး... ငါ့ကိုကယ်စမ်း... ဒီကျားနှစ်ကောင်ကို ငါ့အတွက် သတ်ပေး... ဒါဆိုရင် မင်းကို ငါ့ရိက္ခာတွေ ပေးမယ်...”
ရှောင်ဟာ့ ဆိုလိုသည့် ရိက္ခာဆိုသည်မှာ သူပုံမှန်စားသုံးနေကျ ဂျင်ဆင်းများကို ဆိုလိုခြင်းဖြစ်မှန်း သိသာလှသည်။
“ခွေးမသား ခွေး…ဘယ်သူက မင်းရဲ့ရိက္ခာတွေကို လိုချင်လို့လဲ...” ရှောင်ပုဖန်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီးနောက် ကျားကြီးနှစ်ကောင်ဘက်သို့ မျက်နှာချိုသွေးကာ ပြောလိုက်၏။
“ကျားသခင်ကြီးနှစ်ပါးခင်ဗျ... ခင်ဗျားတို့ကို စော်ကားခဲ့တာ အဲ့ဒီခွေးပါ... ကျွန်တော့်ကိုသာ လွှတ်ပေးလိုက်လို့ မဖြစ်ဘူးလား... နော်... ကျေးဇူးပြုပြီး...”
ရှောင်ပုဖန်က ကျားနှစ်ကောင်က သူပြောသည့် လူစကားကို နားလည်လိမ့်မည်ဟု မျှော်လင့်မထားပါ။ သူ မျှော်လင့်နေသည်က ထိုနှစ်ကောင်ထဲမှ တစ်ကောင်က သစ်ပင်ပေါ်တက်ပြီး ထို ကျိန်ဆဲထိုက်သော ဟက်စကီးကောင်ကို သတ်ပစ်လိုက်ဖို့သာ ဖြစ်သည်။
သို့သော် ရှောင်ပုဖန် လုံးဝထင်မှတ်မထားခဲ့သည်မှာ ထိုကျားများထဲမှ တစ်ကောင်က အမှန်တကယ်ပင် စကားပြန်ပြောလာခြင်း ဖြစ်သည်။
“ဟေ့ လူသား... မင်း စောစောက ငါ့ကို ‘လျှောပျံခြေထောက်’ နဲ့ တိုက်ခိုက်ခဲ့တာကို မေ့သွားပြီလား...”
ကျားက စကားပြောသည်ကို ကြားလိုက်ရသောအခါ ရှောင်ပုဖန်ရော ရှောင်ဟာ့ပါ တစ်ပြိုင်နက် မှင်တက်သွားကြသည်။ သို့သော်လည်း ကျားက စကားပြောနိုင်သည်ဆိုလျှင်တော့... ညှိနှိုင်းလို့ရနိုင်သေးသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လော။
“အမ်... ကျားသခင်ကြီးတို့ခင်ဗျ... ကျွန်တော်တို့ ဒါကို ညှိနှိုင်းလို့ရပါတယ်...။ ကျွန်တော်က ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ မှန်ပါတယ်... ဒါပေမဲ့... မအောင်မြင်ခဲ့ဘူးလေနော်...။ ပြီးတော့... ကျွန်တော်က တစ်နှစ်ပတ်လုံး ရေမချိုးတဲ့အပြင်... ဆီးဝမ်းလည်း မထိန်းနိုင်တော့ဘူး... ကျွန်တော့်အသားတွေက နံစော်နေမှာပါ...”
ရှောင်ပုဖန် စကားပင်မဆုံးသေး၊ ဒေါသထွက်နေသောကျားက သူ၏စကားကို ဖြတ်ပြောလိုက်သည်။ “စိတ်မပူနဲ့... ငါတို့ မင်းကို မစားဘူး...”
အခြားတစ်ဖက်က လူမစားကြောင်း ကြားလိုက်ရ၍ ရှောင်ပုဖန် စိတ်သက်သာရာရသွားစဉ်မှာပင် ထိုကျားကြီး၏ နောက်ဆက်တွဲစကားက သူ့ကို မျှော်လင့်ချက် ကင်းမဲ့သွားစေတော့သည်။
“ငါတို့ လူမစားဘူး... ဒါပေမဲ့ လူသတ်တယ်...။ လူတင်မကဘူး... ခွေးလည်းသတ်တယ်...”
ထို့နောက် ဒေါသကြီးသောကျားက ရှောင်ဟာ့ဘက်သို့လှည့်ကာ ဟိန်းဟောက်လိုက်၏။ “မင်း... ခွေးမသား ခွေး... မင်းက ငါ့ရဲ့အဲ့ဒီနေရာကို ကိုက်ရဲတယ်ဟုတ်လား...။ ဒီနေ့ မင်းကို ငါ အသေသတ်ပစ်မယ်...”
သစ်ပင်ပေါ်မှ ရှောင်ဟာ့သည်လည်း အနေရခက်စွာဖြင့် သူ၏ဦးခေါင်းကို ကုတ်လိုက်ရင်း “အမ်... တကယ်တောင်းပန်ပါတယ်... ကျွန်တော်က ကျားနို့အရသာ ဘယ်လိုရှိလဲဆိုတာ သိချင်ရုံလေးပါ...။ ဒီလိုလုပ်ပါလား... ကျွန်တော် ခင်ဗျားတို့ကို ကျွန်တော့်သခင်ဆီ ခေါ်သွားပေးမယ်... သူ့အသားက အရသာရှိတယ်၊ ပြီးတော့ နေ့တိုင်းလည်း ရေချိုးတယ်...”
ထို့နောက် ရှောင်ဟာ့က အားတက်သရော ဆက်ပြောသည်။
“ကျွန်တော့်သခင်အပြင်... သူ့အစ်ကိုကြီးရယ်၊ ကျွန်တော့်ရဲ့ခွေးညီအစ်ကိုနှစ်ကောင်ရယ်လည်း ရှိသေးတယ်။ ခင်ဗျားတို့ လူမစားချင်ဘူးဆိုရင်... ကျွန်တော့်ခွေးညီအစ်ကိုနှစ်ကောင်ကို ပို့ပေးလို့ရတယ်...။ သူတို့က ဝဝဖြိုးဖြိုးနဲ့ သန်မာကြတာ... ခင်ဗျားတို့ရဲ့ အာသာကို ပြေစေမှာ သေချာတယ်...”
“မလိုဘူး... ဒီနေ့ ငါ မင်းကိုပဲ သေချာပေါက် သတ်ပစ်မယ်...”
စကားဆုံးသည်နှင့် ဒေါသကြီးသောကျားသည် ရှောင်ဟာ့ရှိနေသော သစ်ပင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ တန်ပေါင်းများစွာလေးသော ကျားကြီး၏ ခန္ဓာကိုယ်နှင့် ဝုန်းခနဲဝင်တိုက်ခံလိုက်ရသောအခါ လူနှစ်ယောက်ဖက်စာပင်မမီသော သစ်ပင်ကြီးမှာ အလယ်မှ ကျိုးကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ဟာ့သည်လည်း သစ်ပင်ပေါ်မှ ပြုတ်ကျလာခဲ့၏။
ယခုအချိန်တွင် ရှောင်ဟာ့တစ်ယောက် ဘုရင်ဖြူက သူ့အား သခင်ထံမှ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု တောင်းခံရန် ပြောခဲ့သည်ကို အဘယ့်ကြောင့် နားမထောင်ခဲ့မိပါလိမ့်ဟု နောင်တကြီးစွာ ရနေမိသည်။ သူသာ ကျင့်ကြံခဲ့မည်ဆိုလျှင် ထိုကျားကို သွားအကုန်ကျွတ်သည်အထိ ရိုက်နှက်ပြီးနောက် သူ့ကိုယ်သူ ကျားနို့သောက်ခွင့်ပြုမည်မှာ သေချာလှသည်။
ရှောင်ဟာ့တွင် ကျင့်ကြံခြင်းစွမ်းအင်မရှိသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အလွန်သန်မာနေဆဲဖြစ်၏။ အကြောင်းမှာ ‘တောင်တန်းနှင့်မြစ်ချောင်းများမြေပုံ’ ထဲမှ ဝိညာဉ်စွမ်းအင်က သူ၏တစ်ကိုယ်လုံးကို အာဟာရဖြည့်ပေးထားသောကြောင့်ပင်။ သူ သစ်ပင်ပေါ်မှ ပြုတ်ကျလာသောအခါ လေထဲတွင်ပင် တစ်ပတ်လှည့်ကာ သူ့ဘဝတွင် အသုံးတည့်ဆုံးဟု သူထင်မှတ်ထားသော အပြင်းထန်ဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်တော့သည်။
‘သေးဖြင့်ပန်းခြင်း’ တည်း။
ရှောင်ဟာ့ လေထဲတွင်လည်ပတ်နေစဉ်မှာပင် နွေးထွေးသောအရည်စီးကြောင်းများက ဒေါသကြီးသောကျား၏ မျက်နှာတည့်တည့်ကို သွားရောက်စင်ကျသွားခဲ့သည်။ ကျား၏အနံ့ခံအာရုံမှာ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်ရာ ထိုအရည်များ သူ၏မျက်နှာပေါ်သို့ ကျရောက်လာသောအခါ ၎င်းမှာ အဘယ်အရာဖြစ်သည်ကို ချက်ချင်းသိရှိလိုက်သည်။
ရှောင်ဟာ့၏ ‘သေးပန်းခြင်း’ တိုက်ကွက်မှာ ရှောင်စနှင့်ရှောင်စစ်တို့နှင့် မရေမတွက်နိုင်သော တိုက်ပွဲများတွင် အောင်ပွဲများစွာ ရရှိခဲ့ဖူးသည်။ ထို့ကြောင့် ရှောင်ဟာ့သည် သူ၏သေးမှာ ကြီးမားသောတိုက်ခိုက်ရေးစွမ်းအားရှိသည်ဟု အမြဲတစေ ထင်မှတ်နေခဲ့သည်။ သူ မသိသည့်အချက်မှာ ရှောင်စစ်နှင့်ရှောင်စတို့သည် သူသေးပန်းလိုက်တိုင်း အရှုံးပေးရသည့်အကြောင်းရင်းမှာ သူ့ကို အလွန်အမင်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းသည်ဟု ယူဆသောကြောင့်သာ ဖြစ်သည်။
...
‘သေးပန်းခြင်း’ တိုက်ကွက်မှာ အမှန်တကယ်တွင် အစွမ်းထက်လှသည်။ သို့သော် ၎င်းမှာ ကြီးမားသောပျက်စီးမှုကို ပေးအပ်ခြင်းထက် ပြိုင်ဘက်၏ဒေါသအညွှန်းကိန်းကို အဆပေါင်းများစွာ တိုးမြှင့်ပေးခဲ့၏။ နောက်ဆုံးတွင် သေးဖြင့်အပန်းခံရသောမည်သူမဆို အလွန်ဒေါသထွက်ပေမည် မဟုတ်လော။
“ငါ မင်းကို သတ်ကိုသတ်ပစ်မယ်...”
ကျားသည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏လက်ဖဝါးများမှ ချွန်ထက်သောခြေသည်းများကို ထုတ်ကာ ရှောင်ဟာ့ကို ရိုက်ပုတ်ရန် ဦးတည်လိုက်၏။ မြေပြင်ပေါ်သို့ပင် မရောက်သေးသော ရှောင်ဟာ့သည် ဒေါသကြီးသောကျား၏ ခြေသည်းများ သူ့ထံသို့ လာနေသည်ကိုမြင်သောအခါ ထိတ်လန့်သွားသည်။
“ကယ်... ကယ်ကြပါ... အား...အား...အား...”
ရှောင်ဟာ့သည် နောက်ဆက်တွဲတွင် အလွန်နာကျင်ရတော့မည်ဖြစ်ကြောင်း ခံစားမိသောအခါ အလိုအလျောက်ပင် သူ၏မျက်လုံးများကို စုံမှိတ်ထားလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်သည်အထိ မျက်လုံးများကို မဖွင့်ဝံ့တော့ပေ။
သို့သော်လည်း ခဏအကြာတွင် ရှောင်ဟာ့သည် သူ၏ခန္ဓာကိုယ်မှ မည်သည့်နာကျင်မှုကိုမျှ မခံစားခဲ့ရပေ။
ရှောင်ဟာ့သည် အနည်းငယ်ရှုပ်ထွေးစွာဖြင့် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ရင်းနှီးသောပုံရိပ်တစ်ခုက ကြမ်းတမ်းသောကျား၏တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနေသည်ကို တွေ့မြင်လိုက်ရ၏။
“သခင်... သခင်... သခင် ကျွန်တော့်ကို ဆုံးရှုံးတော့မလိုပဲ...”
ရဲရှင်းဟွေ့ကိုမြင်သောအခါ ရှောင်ဟာ့သည် ပြေးဝင်သွားပြီး ရဲရှင်းဟွေ့၏ပေါင်ကိုဖက်ကာ ရှိုက်ကြီးတငင် ငိုယိုတော့သည်။ မိနစ်အနည်းငယ်အကြာက ရဲရှင်းဟွေ့သည် ရှောင်ဟာ့၏အကူအညီတောင်းသံကို ကြားခဲ့ရသဖြင့် အုပ်စုမှခွဲထွက်ကာ ရှောင်ဟာ့ကို တစ်ယောက်တည်း လာရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ သူရောက်ရှိလာသောအခါ ကျားကြီးတစ်ကောင် ရှောင်ဟာ့ထံသို့ ခုန်အုပ်နေသည်ကို ကံအားလျော်စွာ မြင်တွေ့ခဲ့ရခြင်းပင်။
...
“လူသား... မင်းလည်း ဒီခွေးကို ကာကွယ်ပေးချင်တာလား...”
သူ၏တိုက်ခိုက်မှုကို ရဲရှင်းဟွေ့မှ တားဆီးခြင်းခံလိုက်ရသော ဒေါသကြီးသောကျားက အေးစက်သောလေသံဖြင့် မေးလိုက်သည်။ ရှောင်ပုဖန်ကမူ စိတ်ထဲမှ 'ကျေးဇူးပြုပြီး အဲ့ဒီ "လည်း" ဆိုတဲ့စကားလုံးကို ဖယ်ပေးပါ။ ငါ ဒီခွေးကို အစကတည်းက ကာကွယ်ပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး...' ဟု တွေးတောမိသည်။
သူ ထိုသို့တွေးတောနေသော်လည်း ရှောင်ပုဖန်သည် သူ၏တည်ရှိမှုကိုပြသရန်အတွက် ရှေ့သို့တက်လှမ်းခဲ့သည်။
“ဟုတ်တယ်... ညီလေးရဲက ဒီခွေးကိုကာကွယ်ပေးဖို့ ဒီမှာရှိနေတာ... ငါ့လိုပဲ...”
သူ ထိုသို့ပြောရခြင်း၏အကြောင်းရင်းမှာ အလွန်ရိုးရှင်း၏။ သူက မျက်နှာသာရချင်လို့ပင်။
အကယ်၍ ရဲရှင်းဟွေ့က သူ့ကိုယခုလွတ်မြောက်အောင် ခေါ်ဆောင်သွားနိုင်ပါက ထိုမျက်နှာသာပေးမှုမှာ ကောင်းမွန်သောအကျိုးအမြတ်ဖြစ်မည်ဖြစ်ပြီး သူသည် အဆင့်မြင့်ဂျင်ဆင်းအချို့ကိုပင် ရရှိနိုင်ပေမည်။ အကယ်၍ ရဲရှင်းဟွေ့သည် အားမသန်မာဘဲ သူ့ကိုလွတ်မြောက်အောင် ခေါ်ဆောင်သွားနိုင်ခြင်းမရှိပါက အဆိုးဆုံးဖြစ်နိုင်ခြေမှာ သူတို့အတူတကွ သေဆုံးကြမည်ပင်။
အတိုချုပ်ပြောရလျှင် ၎င်းမှာ သူအတွက် ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမရှိသောအခြေအနေပင်။
ဟမ်...။ ဒုတိယအခြေအနေက သေဆုံးခြင်းကိုဆိုလိုတာလား...။
အင်း... သူ ထိုအခါ သေဆုံးပြီးဖြစ်နေပေလိမ့်မည်။ ၎င်းမှာ သူသည် အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို ထည့်သွင်းစဉ်းစားရန် နောက်တဖန်မလိုအပ်တော့မည်ဖြစ်ကြောင်းကို ဆိုလိုသည်မဟုတ်ပါလား...။
ရှောင်ပုဖန်၏ မျက်နှာသာရရန် ကြိုးစားနေသောအပြုအမူကိုမြင်သောအခါ ရှောင်ဟာ့၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသောအကြည့်တစ်ခု ရှိနေခဲ့၏။ ရဲရှင်းဟွေ့မှ တားဆီးခြင်းခံထားရသော ကျားမှာမူ ဂရုမစိုက်ပေ။ အခြားတစ်ဖက်က ထိုခွေးကိုကာကွယ်ပေးလိုမှတော့ သူသည်လည်း ယဉ်ကျေးနေတော့မည်မဟုတ်။
ဒေါသကြီးသောကျားက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် သူ၏ဦးခေါင်းကိုနှိမ့်ချကာ ချွန်ထက်သောသွားများကိုပြသရန် ပါးစပ်ကိုဟပြီး ရဲရှင်းဟွေ့ကို တစ်ကိုက်တည်းဖြင့် ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည်။ ထိုကျားကြီး၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားသဖြင့် အရွယ်ရောက်ပြီးသူတစ်ဦး၏ဦးခေါင်းကိုပင် တစ်ကိုက်တည်းဖြင့် ကိုက်ဖြတ်နိုင်စွမ်းရှိ၏။
ကျား၏တိုက်ခိုက်မှုကိုမြင်သောအခါ ရဲရှင်းဟွေ့သည် လုံးဝမထိတ်လန့်ဘဲ အလွန်တည်ငြိမ်နေခဲ့သည်။ သူသည် သူ၏ညာလက်ကိုမြှောက်လိုက်ရာ သစ်သားဓားတစ်ချောင်း ၎င်းထဲတွင်ပေါ်ပေါက်လာခဲ့၏။ ထို့နောက် သူသည် ကျားကိုခုတ်ပိုင်းလိုက်သည်။
ကျားမှာမူ ထိုဓားကို ပစ္စည်းဟုပင်မထင်။ ၎င်းမှာ သစ်သားဓားတစ်ချောင်းမျှသာဖြစ်ပြီး သူ၏အရေပြားမှာ ကြမ်းတမ်းကာ အသားမှာလည်း ထူထဲလှသည်။ သံဓားပင် သူ၏အမွေးများကို ပျက်စီးစေရန်အခက်အခဲရှိမည်ဖြစ်ရာ သစ်သားဓားတစ်ချောင်းကိုတော့ ထည့်တွက်စရာပင်မလိုပေ။
သို့သော်လည်း ဒေါသကြီးသောကျား မမျှော်လင့်ထားခဲ့သည်မှာ သူ၏ခန္ဓာကိုယ်မှာ ရဲရှင်းဟွေ့၏ဓားအောက်တွင် ရုတ်တရက် ရပ်တန့်သွားခြင်းပင်။
ထို့နောက်... သူ၏နောက်ခြေထောက်နှစ်ချောင်းမှာ မြေပြင်ပေါ်တွင် ထောက်ထားလျက် သူ၏ရှေ့ခြေဖဝါးနှစ်ချောင်းမှာမူ ရဲရှင်းဟွေ့၏သစ်သားဓားကို ဖမ်းဆုပ်ရန်အတွက် ပူးကပ်သွားကြတော့သည်။
ဒေါသကြီးသောကျား: “…”
လျှောပျံခြေထောက်ကျား: “…”
ရှောင်ပုဖန်: “…”