← Chapters

တံခါးစောင့်

Vol. 13 Ch. 177

တံခါးစောင့်

Vol. 13 Ch. 177

ဝမ်ပင်းနျဉ်နှင့် အခြားသူများ ထွက်ခွာသွားပြီးနောက်၌ ရဲရှင်းချန်၊ ဖန်လုံ၊ ဝမ်ပန်း၊ ကူယွဲ့နှင့် ရဲရှင်းဟွေ့တို့သာ ကျန်ရစ်ခဲ့ပြီး ရဲရှင်းဟွေ့မှာမူ ကျောဝ့်ကို အဆက်မပြတ် တက်နင်းကန်နေဆဲပင်။

“ကောင်လေး... မင်းသာ သတ္တိရှိရင်... ငါ့ကိုမထိန်းချုပ်နဲ့...။ ငါမင်းကို မသတ်ဘူးလားဆိုတာ ကြည့်...”

ကျောဝ့်၏ လေသံမှာ အလွန်မကျေမချမ်းဖြစ်နေ၏။ သူခံစားမိသည်မှာ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ သာမန်လူများမဟုတ်ကြဘဲ သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်ထဲတွင် အလွန်ကြီးမားသောစွမ်းအင်များ ပိုင်ဆိုင်ထားသည်ဟူ၍ပင်။ အထူးသဖြင့် ရဲရှင်းချန်... သူသည် ထိုလူကို လုံးဝပင် မမြင်နိုင်ချေ။ သို့သော်လည်း သူဘယ်သောအခါမှ မမျှော်လင့်ထားခဲ့သည်မှာ သူ့ကိုနင်းခြေသူမှာ သူမမြင်နိုင်သောသူမဟုတ်ဘဲ သူ့ထက်အားနည်းသောသူဖြစ်နေခြင်းပင်။

“ကျစ်။ မင်းက ငါ့ကိုသတ်ဖို့ ကြံစည်နေမှတော့... ငါဘယ်လိုလုပ်မင်းကို လွှတ်ပေးနိုင်မှာလဲ...။ မင်းက ငါ့ကိုအရူးလို့ထင်နေလား...” ရဲရှင်းဟွေ့က မထီမဲ့မြင်ပြုသောလေသံဖြင့် ဆိုလိုက်၏။

ရဲရှင်းဟွေ့စကားဆုံးသည်နှင့် ရဲရှင်းချန်က ဖြတ်ပြောလိုက်သည်။

“ကျောဝ့်... ငါမင်းကိုမေးမယ်...။ မင်းက စောစောက ငါတို့ကို ချက်ချင်းဘာလို့မတိုက်ခဲ့တာလဲ...”

“ဒီကောင်ကို ငါ့ကိုထိန်းချုပ်တာရပ်ခိုင်းလိုက်... ဒါဆို ငါမင်းကိုပြောပြမယ်...” ကျောဝ့်က မပျော်မရွှင်ဖြစ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

“ဪ...”

ရဲရှင်းချန်က "ဪ" ဟုဆိုလိုက်ပြီးနောက် ကြယ်တာရာများ၏စွမ်းအားမှာ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကြယ်တာရာစွမ်းအင်များဖြင့် စုစည်းထားသော ဓားရှည်တစ်ချောင်း သူ၏လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

“ဟေး... ဟေး ဟေး ဟေး...။ မင်း ဘာလုပ်ချင်လို့လဲ...”

ရဲရှင်းချန်၏ လုပ်ရပ်များကိုမြင်သောအခါ ကျောဝ့်သည် ချက်ချင်းပင် ထိတ်လန့်သွား၏။

“ဘာလဲ...။ ငါခြိမ်းခြောက်တာကို ဘယ်တော့မှမခံဘူး...။ မင်းငါ့ကိုအဖြေမပြောချင်မှတော့... ငါမင်းကိုသတ်ပြီးတော့ မင်းရဲ့ဝိညာဉ်ကို ရှာဖွေရုံပဲရှိတော့တယ်...”

ကျောဝ့်: “…”

“အစ်ကိုကြီး... ခင်ဗျားက စည်းကမ်းမလိုက်နာတဲ့သူဖြစ်ဖို့ မလိုပါဘူး...။ ကျွန်တော် ခင်ဗျားကိုခြိမ်းခြောက်နေတာလား...။ ကျွန်တော်က ကျွန်တော့်ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လိုရုံပါပဲ...။ ဒါက ဘာမှားနေလို့လဲ... ဘာမှားနေလို့လဲ...”

ရဲရှင်းချန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ သူသည် ပြတ်ပြတ်သားသား အလျှော့ပေးလိုက်သည်။

“အစ်ကိုကြီး...။ ကျွန်တော်မှားပါတယ်...။ ခင်ဗျားမေးသမျှကို ကျွန်တော်ဖြေပါ့မယ်...။ ကျေးဇူးပြုပြီး မေးပါ...”

ထိုစကားကိုကြားသောအခါ ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီး

“အရင်မေးခွန်းအတိုင်းပဲ...။ မင်းဘာလို့ ငါတို့ကို ချက်ချင်းအရေးမယူခဲ့တာလဲ...” ဟုဆိုလိုက်၏။

“အဲ့ဒါက ကျွန်တော် ခင်ဗျားတို့အပေါ်မှာ ရင်းနှီးတဲ့အငွေ့အသက်တစ်ခုကို ခံစားမိလို့ပါ...။ အဲ့ဒါက ကျွန်တော့်သခင်တွေရဲ့ အငွေ့အသက်ပဲ...”

“သခင်...”

ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ ချက်ချင်းပင် သူတို့၏အဘိုးအဘွားများကို စဉ်းစားမိလိုက်ကြသည်။

“မင်းသခင်တွေရဲ့နာမည်က ဘာလဲ...” ရဲရှင်းချန်က ထပ်မေးလိုက်၏။

“ကျွန်တော့်သခင်တွေက ထျန်းဟူနဲ့ ရဲခွန်းလွင်လို့ခေါ်ပါတယ်...။ ဒီဆေးဥယျာဉ်ကလည်း သူတို့ပိုင်တာပဲ...။ ဒါပေမဲ့ သူတို့က အချိန်အကြာကြီးကတည်းက ပျောက်ကွယ်သွားခဲ့ကြပြီ...”

ထိုသို့ပြောပြီးနောက် ကျောဝ့်က သတိထားကာ “အင်း... ခင်ဗျားတို့ ကျွန်တော့်သခင်တွေနဲ့ ဘယ်လိုတော်စပ်တာလဲ...” ဟုမေးလိုက်သည်။

“မင်းသခင်တွေက ငါတို့အဘိုးနဲ့အဘွားပဲ...။ တခြားဘာဖြစ်နိုင်ဦးမှာလဲ...”

ရဲရှင်းဟွေ့သည် သူ၏မေးရိုး‌ေပါ်မှ ခုန်ချလိုက်သည်။ ယခုအခါတွင် ထိုကောင်မှာ သူ၏အဘိုးအဘွားများ၏ လက်အောက်ငယ်သားဖြစ်ကြောင်းသိရှိသွားပြီဖြစ်ရာ ရဲရှင်းဟွေ့သည် သူ၏စွမ်းရည်ကို ဆက်လက်အသုံးမပြုရန် စီစဉ်တော့ပေ။ တစ်ချိန်တည်းမှာပင် ရဲရှင်းချန်သည်လည်း သူ၏လက်ထဲမှဓားကို ဖျောက်ဖျက်လိုက်၏။

ကျောဝ့်မှာ သက်ပြင်းချလိုက်ပြီး “ဟူး... ငါတကယ်ပဲ မှန်ကန်တဲ့အလောင်းအစားလုပ်ခဲ့တာပဲ...” ဟုတီးတိုးရေရွတ်လိုက်သည်။

အမှန်တကယ်တွင် ရဲခွန်းလွင်နှင့် သူ၏ဇနီးမှာ သူ၏သခင်များ လုံးဝမဟုတ်ဘဲ သူတို့သည် သူ့ကို ထိုနေရာတွင် ဆေးဥယျာဉ်နှင့် သူတို့၏အိမ်ကို စောင့်ရှောက်ကူညီရန် ထောင်ချထားခဲ့ခြင်းသာ ဖြစ်၏။ သူသည် အမှန်တကယ်တွင် အစောင့်ခွေးတစ်ကောင်ထက် မပိုချေ။ သူသည် ပုံမှန်အားဖြင့် အိပ်စက်ခြင်းကိုသာ နှစ်သက်သည်။ အချိန်အများစုတွင် သူသည် ရေကန်အောက်တွင် နှစ်ခြိုက်စွာအိပ်စက်နေခဲ့ပြီး တစ်စုံတစ်ယောက်ဝင်လာသည့်တိုင်အောင် သူနိုးထလာမည်မဟုတ်ပေ။

သူထိုတစ်ကြိမ်နိုးထလာရခြင်း၏အကြောင်းရင်းမှာ ကျူးကျော်ဝင်ရောက်လာသူများ အလွန်များပြားသောကြောင့်ဖြစ်ပြီး ၎င်းမှာ သူစားသောက်ရန်အချိန်လည်း ဖြစ်သောကြောင့်ပင်။

သူအဘယ်ကြောင့် မထွက်ခွာရသလဲ...။ သိသာပါတယ် လည်ပတ်ကြိုးကြောင့်ပင်... တိတိကျကျပြောရလျှင် ၎င်းမှာ မြွေလည်ပတ်ကြိုးပင်။ သူ၏အမြီးတွင် အပေါက်တစ်ပေါက်ရှိပြီး ထိုအပေါက်တွင် သံကြိုးတစ်ချောင်း ချည်နှောင်ထား၏။ ထိုသံကြိုးသည် သူ၏လှုပ်ရှားမှုများကို ကန့်သတ်ရုံသာမက သူ၏ကျင့်ကြံခြင်းကိုပါ ကန့်သတ်ထားပြီး သူ့ကိုဆက်လက်သန်မာလာခြင်းမှ တားဆီးထားသည်။

...

ကျောဝ့်က သူစစ်ဆေးမှုကို အောင်မြင်ပြီးပြီဟု တွေးတောနေစဉ်မှာပင် အလင်းတန်းအများအပြား လေထဲတွင်ပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်ကိုထိုးဖောက်ကာ သူ့ကိုမြေပြင်ပေါ်သို့ သံမှိုစွဲစေသည်ကို မြင်တွေ့လိုက်ရ၏။

သူအော်ဟစ်လိုက်ပြီးနောက် ရဲရှင်းချန်ကိုကြည့်ကာ “အစ်ကို... ခင်ဗျား ကျွန်တော့်ကို မသတ်ဘူးလို့ သဘောမတူခဲ့ဘူးလား...” ဟုမေးလိုက်သည်။

“ဟဲဟဲ...” ရဲရှင်းချန်က လှောင်ပြောင်လိုက်ပြီးနောက် “ငါ့ကိုလိမ်တဲ့လူတွေကို ငါမုန်းတယ်...” ဟုဆိုလိုက်၏။

“ကျွန်တော်...”

ကျောဝ့်က “ကျွန်တော် ခင်ဗျားကိုမလိမ်ခဲ့ပါဘူး...” ဟုဆိုတော့မည်အပြုတွင် ရဲရှင်းချန်၏ တင်းမာသောမျက်လုံးများကို သူမြင်သောအခါ သူသည် ချက်ချင်းပင် ကြောက်ရွံ့သွားသည်။ နောက်ဆုံးတွင် သူသည် သူ့ကို တံခါးစောင့်အဖြစ်ဆောင်ရွက်ရန် ထိုနေရာတွင် အတင်းအကျပ်တံဆိပ်ခတ်ထားခြင်းခံခဲ့ရကြောင်းကို သူတို့ကိုပြောပြလိုက်၏။

ဘာဖြစ်ပျက်ခဲ့သည်ကို ကြားပြီးနောက် ရဲရှင်းချန်သည် ခေါင်းညိတ်လိုက်သည်။ သူသည် ကျောဝ့်မှာ ထိုတစ်ကြိမ်တွင် မလိမ်ညာကြောင်းကို ခံစားမိနိုင်သည်။

“အမ်... ကြည့်ပါဦး... ကျွန်တော်ဒီမှာ အချိန်အကြာကြီးနေခဲ့ရပြီ...။ ခင်ဗျားတို့ ကျွန်တော့်ကိုကျေးဇူးပြုပြီး လွှတ်ပေးလို့ရမလား...”

ကျောဝ့်က အလွန်သနားစရာကောင်းသောလေသံဖြင့် မေးလိုက်သည်။ “စိတ်မပူပါနဲ့... ကျွန်တော် ဒုက္ခကနေလွတ်မြောက်ပြီးရင်... ကျွန်တော် ခင်ဗျားတို့ရဲ့ညီလေးဖြစ်လာမှာပါ...။ ခင်ဗျားတို့ ကျွန်တော့်ကို အရှေ့ကိုသွားခိုင်းရင်... ကျွန်တော်အနောက်ကို မသွားရဲပါဘူး...။ ခင်ဗျားတို့ ကျွန်တော့်ကို ကြက်လေးဖမ်းခိုင်းရင်... ကျွန်တော်ဥတွေမဖမ်းရဲပါဘူး...” ဟုဆက်ပြောလိုက်၏။

“ဒါဆို ငါတို့မင်းကို ဘယ်လိုလွှတ်ပေးရမလဲ...”

မေးခွန်းမေးသူမှာ ထိုသို့သောညီလေးတစ်ဦးရှိရန် စဉ်းစားမိကာ အနည်းငယ်စိတ်လှုပ်ရှားသွားသော ရဲရှင်းဟွေ့ပင်။

“ဒါက အရမ်းရိုးရှင်းတယ်...။ ခင်ဗျားတို့ ရေကန်ထဲကိုဝင်ပြီးတော့ အောက်ကရွှေသော့ခလောက်ထဲကို ခင်ဗျားတို့သွေးကို ချလိုက်ရုံပဲ...”

ရဲရှင်းဟွေ့ ထိုစကားကိုကြားသောအခါ သူသည် ပထမဦးစွာ သူ၏အစ်ကိုကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏အမြင်ကိုသိလိုခဲ့သည်။ ထိုသည်ကိုမြင်သောအခါ ရဲရှင်းချန်က ခေါင်းညိတ်လိုက်ပြီး “မင်းသာလိုချင်ရင်... သူ့ကိုကယ်လိုက်...။ စာချုပ်ကိုသာသုံး...” ဟုဆိုလိုက်၏။

“အင်း...” ရဲရှင်းဟွေ့က ခေါင်းညိတ်လိုက်ပြီး ရေကန်ထဲသို့ ခုန်ချလိုက်သည်။

ရေကန်ထဲသို့မဝင်ဘဲနှင့် ထိုကျောဝ့်၏ခန္ဓာကိုယ်မှာ ဤမျှရှည်လျားသည်ကို သိရှိရန်မဖြစ်နိုင်ပေ။ သူသည် အနည်းဆုံး မီတာတစ်ရာရှည်လျားပြီး သူ၏ဝမ်းဗိုက်တွင် အဖုအများအပြားရှိနေသေး၏။ သူသာ ဆက်လက်၍ဖောက်ထွက်ပါက သူသည် ကျောဝ့်လုံ၏ နောက်တစ်ဆင့်ဖြစ်သော ယင်းလုံအဖြစ်သို့ ပြောင်းလဲသွားဖွယ်ရှိသည်မှာ ထင်ရှားလေသည်။ ယင်းလုံမှာ အခြေခံအားဖြင့် သူ၏ဘိုးဘေးများထံသို့ ပြန်လည်ရောက်ရှိခြင်းဖြစ်ပြီး ၎င်း၏အဓိပ္ပာယ်မှာ သူသည် စစ်မှန်သောနဂါးတစ်ကောင်ဖြစ်လာမည်ပင်။ သွေးမျိုးနွယ်နှင့် ခွန်အားနှစ်ခုလုံးမှာ လုံးဝကွဲပြားသွားပေလိမ့်မည်။

ရဲရှင်းဟွေ့သည် လျင်မြန်စွာ ရေထဲသို့ငုပ်လျှိုးသွားခဲ့သည်။ ရေကန်ထဲမှရေမှာ အလွန်ကြည်လင်သဖြင့် ရဲရှင်းဟွေ့သည် နဂါးကိုချည်နှောင်ထားသော ရွှေသော့ခလောက်ကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့၏။ သော့ခလောက်ကို ရှာဖွေတွေ့ရှိပြီးနောက် ရဲရှင်းဟွေ့သည် သမန်းဝံပုလွေလက်သည်းကိုအသုံးပြု၍ သူ၏လက်ဖဝါးကို တိုက်ရိုက်ဖြတ်လိုက်ပြီးနောက် ချက်ချင်းပင် ၎င်းကို ရွှေသော့ခလောက်ထဲသို့ ဖိလိုက်သည်။ သူသည် အမြန်ဆုံးအရှိန်ကို အသုံးပြုရခြင်း၏အကြောင်းရင်းမှာ သူသာ တစ်လှမ်းနောက်ကျသွားပါက သူ၏ဒဏ်ရာမှာ ချက်ချင်း ပျောက်ကင်းသွားမည်ဖြစ်သောကြောင့်ပင်။

ရဲရှင်းဟွေ့၏သွေးသည် ရွှေသော့ခလောက်ကို စွန်းထင်းသွားသောအခါ သော့ခလောက်မှာ အလင်းတန်းတစ်ချက် ထုတ်လွှတ်လိုက်ပြီးနောက် ချက်ချက်မြည်သံအများအပြား ထွက်ပေါ်လာကာ မူလက ကျောဝ့်၏အမြီးကိုချည်နှောင်ထားသော သံကြိုးမှာ ချက်ချင်းပင် ဖြေလျော့သွားခဲ့၏။ ထိုသို့ဖြင့် နှစ်ထောင်ပေါင်းများစွာ ထောင်ချခြင်းခံခဲ့ရသော ကျောဝ့်မှာ တစ်ဖန်ပြန်လည်လွတ်မြောက်သွားခဲ့သည်။

သူလွတ်လပ်မှုကို ပြန်လည်ရရှိသည့်အခိုက်တွင် သူသည် နှစ်များတစ်လျှောက် စုဆောင်းခဲ့သော စွမ်းအင်အားလုံးဖြင့် ပေါက်ကွဲထွက်လာခဲ့၏။ ပေါက်ကွဲမှု၏ရလဒ်မှာ သူ၏သွေးမျိုးနွယ်နှင့် ကျင့်ကြံခြင်းအဆင့်မှာ ချက်ချင်းပင် များစွာတိုးတက်လာပြီး ကျောဝ့်မှ နဂါးအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခြင်းပင်။ ဦးခေါင်းပေါ်မှဦးချိုများမှာ များစွာကြီးထွားလာခဲ့၏။ ခြေလက်များနှင့် နဂါးခြေသည်းများမှာလည်း ဝမ်းဗိုက်၏တစ်ဖက်တစ်ချက်စီတွင် ပေါက်ထွက်လာခဲ့သည်။ ကျောပေါ်မှနဂါးအကြေးခွံများမှာ ကျွတ်ထွက်သွားပြီးနောက် အသစ်စက်စက်နဂါးအကြေးခွံများ တစ်ဖန်ပြန်ပေါက်ထွက်လာခဲ့သည်။ ရဲရှင်းချန်ကြောင့်ဖြစ်ပေါ်ခဲ့သော ဒဏ်ရာအားလုံးမှာလည်း ချက်ချင်း ပျောက်ကင်းသွားခဲ့၏။

“ဟားဟားဟားဟား...။ မင်းတို့က ငါ့ကိုကျေးကျွန်ပြုချင်သေးတယ်...။ မင်းတို့က ရဲခွန်းလွင်နဲ့ ထျန်းဟူလို့ တကယ်ပဲထင်နေတာလား...။ ကောင်လေး...။ ငါမင်းကိုသတ်ပြီး ငါ့ရဲ့နှစ်တစ်ထောင်ထောင်ချခြင်းအတွက် လက်စားချေချင်တယ်...”

တံဆိပ်ခတ်မှ ဖောက်ထွက်ပြီးနောက် ကျင့်ကြံခြင်းအဆင့်များစွာတိုးတက်လာသော နဂါးမှာ ရုတ်တရက် မောက်မာလာခဲ့သည်။ ထို့နောက် အဆုံးမရှိသော အငြိုးအတေးများပါဝင်သော နဂါးအသက်ရှုတစ်ချက် ရဲရှင်းချန်ထံသို့ ထွေးထုတ်ခြင်းခံလိုက်ရ၏။ သို့သော်လည်း ရဲရှင်းချန်မှာ သူ၏လက်များကို နောက်သို့ပစ်ကာ ထိုနေရာတွင်ရပ်နေဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ခဲ့ပေ။

“ဟားဟားဟား...။ ကောင်လေး... မင်းငါ့ကိုကြောက်လန့်သွားပြီလား...”

သို့သော် နောက်ဆက်တွဲဖြစ်ပျက်ခဲ့သောအရာက သူ့ကိုသေလောက်အောင် ကြောက်လန့်သွားစေခဲ့သည်။

သူသည် ရဲရှင်းချန်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ခရမ်းရောင်-ရွှေရောင်စွမ်းအင်တစ်ချက်က နဂါး၏အံ့ဩဖွယ်တိုက်ခိုက်မှုကို ဖြန့်ကျက်သွားသည်ကို တွေ့မြင်ခဲ့ရ၏။ နဂါး၏အသက်ရှုကို ဖြန့်ကျက်ပြီးနောက် ခရမ်းရောင်-ရွှေရောင်စွမ်းအင်မှာ ကြီးမားသောလက်သီးနှစ်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးကို ချက်ချင်းပင် အကြီးအကျယ်ရိုက်နှက်တော့သည်။

အကယ်၍ ရဲရှင်းဟွေ့က နဂါးကို အိမ်မွေးတိရစ္ဆာန်အဖြစ်မလိုချင်ခဲ့ပါက ရဲရှင်းချန်သည် ၎င်းကို အစောကြီးကတည်းက သတ်ဖြတ်ပြီးဖြစ်နေပေလိမ့်မည်။

အမှန်တကယ်တွင် ရဲရှင်းဟွေ့ တကယ်ပြောလိုသည်မှာ “သူက အိမ်မွေးတိရစ္ဆာန်ဖြစ်ဖို့မလိုချင်ရင် သူ့ကိုသတ်လိုက်တာ ကိစ္စမရှိပါဘူး...။ ငါတို့အသားစားလို့ရတယ်...”

...

တစ်ဖက်တွင်တော့။

အပျက်အစီးများ၏ အပြင်ဘက်၌။

ဝမ်ပင်းနျဉ်နှင့် အခြားသူများထွက်ခွာသွားပြီးနောက် အနက်ရောင်အာကာသအက်ကွဲကြောင်းတစ်ခု အခါအားလျော်စွာ ပေါ်ပေါက်လာပြီး ခွန်းလွန်တောင်၌ နေထိုင်သောတိရစ္ဆာန်များစွာမှာ အက်ကွဲကြောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။

ထိုကမ္ဘာနှင့်မသက်ဆိုင်သော အချို့သောသတ္တဝါများလည်း အာကာသအက်ကွဲကြောင်းများမှ ခုန်ထွက်လာကြသည်။

All Chapters