အာကာသ အက်ကွဲကြောင်း
Vol. 13 Ch. 178
“အရှုံးပေးပါတယ်... ကျွန်တော်မှားပါတယ် အစ်ကိုကြီး... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ...”
ရဲရှင်းချန်၏ ပြင်းထန်သောရိုက်နှက်မှုကို ခံရပြီးနောက်၊ ယခုအခါ ယင်းလုံအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သော ကျောဝ့်သည် နောက်ဆုံးတွင် အလံဖြူပြလိုက်တော့သည်။ သူ မကြောက်ဘဲ မနေနိုင်ပေ။ ရဲရှင်းချန်၏ ခွန်အားမှာ သာမန်လူသားတစ်ယောက်၏ အဆင့်တွင်မရှိတော့ဘဲ လွန်စွာမှပင် ထူးကဲလွန်းလှသည်။ ထိုအချိန်တွင် သူ၏ဦးခေါင်းပေါ်မှဦးချိုများမှာ ကျိုးနေခဲ့ပြီး သူ၏တစ်ကိုယ်လုံးရှိ အကြေးခွံအများအပြားမှာလည်း ကွာကျနေခဲ့သည်။ ကံကောင်းသည်မှာ ယင်းလုံ၏ ကိုယ်တိုင်ကုသနိုင်စွမ်းမှာ အတော်အတန်သန်မာ၏။ သို့မဟုတ်ပါက ရဲရှင်းဟွေ့တစ်ယောက် နဂါးအသားဟင်းချိုချက်ရန် အသင့်ဖြစ်နေပေလိမ့်မည်။
...
ရဲရှင်းချန်က ယင်းလုံကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး ရဲရှင်းဟွေ့ဘက်သို့ လှည့်ကာ “ရှင်းဟွေ့... ဒါ မင်းတာဝန်ထားလိုက်ပြီ...” ဟုဆိုလိုက်၏။
“ကောင်းပြီ...”
ရဲရှင်းဟွေ့က တက်ကြွစွာပြန်ဖြေလိုက်ပြီးနောက် ရဲရှင်းချန်သင်ပေးခဲ့သောနည်းလမ်းကိုအသုံးပြု၍ ယင်းလုံနှင့် သခင်-ကျွန် စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။ ယင်းလုံသိသည်မှာ သူသာလက်ခံလိုက်ပါက သူသည် ထိုကောင်လေး၏ အိမ်မွေးတိရစ္ဆာန်အဖြစ်သို့ အမှန်တကယ်ပြောင်းလဲသွားမည်ဖြစ်ကြောင်းပင်။ သို့သော် သူ့တွင် ရွေးချယ်စရာလမ်း မရှိခဲ့ပေ။
စာချုပ်ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ယင်းလုံ၏စိတ်ဝိညာဉ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူသာ ရဲရှင်းဟွေ့အပေါ် မကောင်းကြံလိုစိတ်များ ပေါ်ပေါက်လာပါက သူ၏ဝိညာဉ်တစ်ခုလုံး စုတ်ဖြဲခံရမည့် နာကျင်မှုကို ချက်ချင်းပင် ခံစားရပေလိမ့်မည်။
စာချုပ်ပြီးမြောက်သွားပြီးနောက် ရဲရှင်းဟွေ့သည် ယင်းလုံကို သူ၏ကိုယ်ပိုင်တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့၏။ ထိုမြင်ကွင်းကို ဘေးမှရပ်ကြည့်နေခဲ့သော ရှောင်စနှင့် ရှောင်စစ်တို့မှာလည်း ရဲရှင်းဟွေ့၏ စေခိုင်းမှုဖြင့် မြေပုံထဲသို့ လိုက်ပါသွားကြသည်။
ခွေးနှစ်ကောင်နှင့် နဂါးတစ်ကောင် မျက်စိရှေ့မှောက်မှ ရုတ်တရက်ပျောက်ကွယ်သွားခြင်းက ကူယွဲ့၊ ဝမ်ပန်း နှင့် ဖန်လုံ တို့ကို အနည်းငယ်မှင်တက်သွားစေခဲ့၏။ သူတို့ မည်သို့မည်ပုံ ပျောက်ကွယ်သွားသည်ကို မသိရှိကြသော်ငြားလည်း ထိုသုံးဦးမှာ မလိုအပ်သောမေးခွန်းများကို မမေးဝံ့ကြပေ။
ယခုအခါတွင် ကူယွဲ့သည်လည်း သူတို့တွေ့ဆုံစဉ်က အထင်သေးခဲ့သော ထိုသခင်လေးနှစ်ပါးမှာ လုံးဝသာမန်လူများမဟုတ်ကြောင်းကို ကောင်းကောင်းကြီး သိရှိသွားခဲ့ပြီ။
“သခင်ရဲ... ကျွန်တော်တို့ ဒီကနေ ဘယ်တော့လောက် ပြန်ထွက်ခွာကြမလဲခင်ဗျာ...”
ရဲရှင်းချန်နှင့် အတော်အတန်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော ဖန်လုံက "သခင်လေး" မှ "သခင်" အဖြစ်သို့ ဘွဲ့အမည်ပြောင်းလဲရင်း မေးလိုက်၏။
ရဲရှင်းချန်သည် တစ်ခဏမျှစဉ်းစားလိုက်ပြီးနောက် ရေကန်ဘေးရှိ ဝိညာဉ်ဆေးပင်များနှင့် ဆေးဝါးများကိုကြည့်ကာ “အားလုံးတူးသွားမယ်...” ဟုဆိုလိုက်သည်။
ရဲရှင်းချန်၏စကားကိုကြားသောအခါ ရဲရှင်းဟွေ့သည် အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွား၏။ ထို့နောက်တွင် ရဲရှင်းဟွေ့က ဖန်လုံနှင့် အခြားသူများကို ဆေးဖက်ဝင်ပစ္စည်းများတူးဖော်ရန် ဦးဆောင်ခေါ်ဆောင်သွားခဲ့သည်။ ရဲရှင်းဟွေ့သည် ဆေးဖက်ဝင်ပစ္စည်းအားလုံးကို တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲသို့ ပို့ဆောင်ပြီး သူ၏ကိုယ်ပွားများကို စိုက်ပျိုးရန်အတွက် တာဝန်ပေးအပ်လိုက်၏။ တောင်တန်းနှင့်မြစ်ချောင်းများမြေပုံထဲတွင် ဝိညာဉ်စွမ်းအင်မှာ ပေါများလှသဖြင့် ဆေးဝါးများ၏ ကြီးထွားမှုမှာ ဤနေရာထက် အဆပေါင်းများစွာ ပို၍ကောင်းမွန်မည်မှာ သေချာ၏။
...
ဆေးဖက်ဝင်ပစ္စည်းများကို တူးဖော်ပြီးနောက် လူအားလုံးသည် အပျက်အစီးများမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ အပျက်အစီးများတွင် ဆံပင်တစ်ချောင်းမျှပင် မကျန်ခဲ့သော်လည်း ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့တို့သည် ဝင်ပေါက်ကို ဂရုတစိုက် တံဆိပ်ခတ်ထားခဲ့ကြသေးသည်။ ရဲရှင်းချန်သည်လည်း တံခါးပေါ်တွင် ကန့်သတ်အစီအရင်တစ်ခုကို ထပ်ပေါင်းထည့်ခဲ့၏။
“ဘာလို့ ဒီမြူခိုးက ဒီလောက်ထူနေရသေးတာလဲ...”
ဂူထဲမှထွက်ထွက်ချင်းမှာပင် သူတို့၏တစ်ကိုယ်လုံးကို စိုစွတ်ထိုင်းမှိုင်းသော မြူငွေ့များက လာရောက်ရိုက်ခတ်သည်။ ထိုအချိန်မှ ထူထပ်သောမြူခိုးမှာ ယခင်ကထက်ပို၍ထူထပ်နေသဖြင့် ရဲရှင်းချန်ရော ရဲရှင်းဟွေ့ပါ တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားမိလိုက်ကြသည်။ မြူခိုးများ ထူထပ်နေရုံသာမက... ထိုနေရာတစ်ဝိုက်မှ ဝိညာဉ်စွမ်းအင်များမှာလည်း ပို၍သိပ်သည်းလာသောကြောင့်ပင် ဖြစ်၏။
ထိုညီအစ်ကိုနှစ်ဦး စဉ်းစားနေစဉ်မှာပင် လေထုထဲတွင် ပိတ်စတစ်စကို ဓားဖြင့်ဆွဲဖြဲလိုက်သကဲ့သို့သော အသံတိုးတိုးလေး ထွက်ပေါ်လာပြီးနောက် သူတို့၏မျက်စိရှေ့တွင် အနက်ရောင်အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အက်ကွဲကြောင်း၏အတွင်းဘက်မှာ လျှို့ဝှက်ဆန်းကြယ်စွာ မှောင်မိုက်နေပြီး တစ်ချိန်တည်းမှာပင် သိပ်သည်းသော ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခုက ထိုအက်ကွဲကြောင်းထဲမှ လှိုက်၍ထွက်ပေါ်လာခဲ့သည်။ ဝိညာဉ်စွမ်းအင်နှင့် မြူခိုးတို့ ရောယှက်သွားရာ မူလကပင်ထူထပ်သောမြူခိုးမှာ ပို၍ပင်သိပ်သည်းသွားခဲ့တော့သည်။
“ဒါ... ဒါ ဘာကြီးလဲ...” ဝမ်ပန်းသည် အနက်ရောင်အက်ကွဲကြောင်းကိုကြည့်ကာ အလိုအလျောက်ပင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်၏။ သူသည် ထိုအက်ကွဲကြောင်းကိုကြည့်လိုက်တိုင်း သူ၏ကိုယ်ခန္ဓာတစ်ခုလုံး စုပ်ယူခံလိုက်ရမည်ဟု အလိုလို ခံစားနေမိသည်။ ကူယွဲ့နှင့် ဖန်လုံတို့သည်လည်း ထိုသို့ပင်ခံစားမိကြ၏။
“အစ်ကို... ဘာတွေဖြစ်နေလဲဆိုတာ မင်းသိလား...” ရဲရှင်းဟွေ့မှာ သူ၏အစ်ကိုကို ရှုပ်ထွေးစွာမေးမြန်းရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ ရဲရှင်းချန်မှာမူ မျက်မှောင်ကြုတ်ကာ အက်ကွဲကြောင်းကို စူးစိုက်ကြည့်နေခဲ့၏။
ရုတ်တရက်... ထိုအက်ကွဲကြောင်းနက်နက်ထဲမှ ကြမ်းတမ်းသော လူ့လက်မောင်းတစ်ဖက်ထွက်ပေါ်လာသည်။
ထိုထူးဆန်းသောမြင်ကွင်းက သာမန်လူသားသုံးဦးကို အလိုလိုပင် အသက်ရှူအောင့်သွားစေခဲ့သည်။ ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ သတိကြီးစွာဖြင့် ရှေ့သို့တက်လှမ်းခဲ့ကြ၏။ ရဲရှင်းဟွေ့က ယောက်ျားတစ်ဦး၏လက်ဖြစ်ကြောင်း ထင်ရှားသော ထိုကြမ်းတမ်းသည့်လက်ကိုကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်မှသစ်ကိုင်းတစ်ကိုင်းကိုကောက်ယူကာ ၎င်းကို ထိုးစမ်းကြည့်လိုက်သည်။ သစ်ကိုင်းဖြင့်အထိုးခံရပြီးနောက် လက်မောင်းမှာ လှည့်ပတ်လှုပ်ရှားသွား၏။
“ဟေး... ဒါ တကယ်ပဲအသက်ရှင်နေတာပဲ...”
သူစကားပြောနေစဉ်မှာပင် ရဲရှင်းဟွေ့သည် ထိုလက်ကိုဖမ်းဆုပ်ရန် ကြံလိုက်၏။ ရဲရှင်းဟွေ့၏လက်က အမည်မသိသောလက်ကြီးကို ဖမ်းဆုပ်လိုက်ပြီးနောက် သူသည် ၎င်းကို အားကုန်သုံးကာ အပြင်သို့ဆွဲထုတ်လိုက်သည်။
...
တစ်ချိန်တည်းမှာပင်။ အခြားကမ္ဘာတစ်ခုဖြစ်သော နတ်ဘုရားနှင့်နတ်ဆိုးလောကတွင်။
သန်မာသောလူတစ်ဦးသည် အာကာသအက်ကွဲကြောင်းတစ်ခုထဲသို့ စုပ်ယူခံနေရပြီး သူ၏အဖော်နှစ်ဦးမှာမူ သူ့ကိုကြိုးများဖြင့် နောက်သို့ဆွဲကာ အက်ကွဲကြောင်းမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့ကြသည်။ သူတို့သုံးဦး ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သော်ငြားလည်း သူ၏လက်တစ်ဖက်မှာ အက်ကွဲကြောင်းထဲတွင် ကျန်ရှိနေသေး၏။
“... ရတော့မယ်... ရတော့မယ်...”
ထိုလူက အလွန်ထိတ်လန့်သောလေသံဖြင့် အော်ပြောလိုက်၏။ သူ၏လက်မောင်းများမှာ တဖြည်းဖြည်း အပြင်သို့ ပြန်ရောက်လာပြီး သူသည် အာကာသအက်ကွဲကြောင်းမှ လွတ်မြောက်လုနီးပါးဖြစ်နေပြီ။
ထိုအခိုက်တွင် အားတစ်ခုက ယခင်ကနီးပါးထုတ်ယူပြီးဖြစ်သောလက်ကို ဆောင့်ဆွဲလိုက်၏။
“ကျစ်... ဘာတွေဖြစ်နေတာလဲ...”
ထိုလူသည် အာကာသ၏အခြားတစ်ဖက်တွင် တစ်စုံတစ်ယောက်က သူ၏လက်ကိုဖမ်းဆုပ်ကာ သူ့ကိုဆွဲထုတ်နေသည်ဟု ခံစားမိလိုက်သည်။ အာကာသအက်ကွဲကြောင်း၏ စုပ်ယူအားနှင့် သူ့ကိုဆွဲထုတ်နေသော အမည်မသိအားတို့ ပေါင်းစပ်သွားရာ ထွက်လာတော့မည့်လက်မောင်းမှာ တစ်ဖန်ပြန်လည်ဆွဲယူခြင်းခံလိုက်ရသည်။
“ယီး...”
သူကျိန်ဆဲလိုက်ပြီး သူ၏ခွန်အားကို တစ်ဖန်ပြန်လည်သုံးစွဲလိုက်၏။ သူ၏လက်ကိုဆွဲကိုင်ထားသောလက်ကိုလည်း သူက ခိုင်မြဲစွာ ပြန်လည်ဆုပ်ကိုင်ထားခဲ့သည်။ ထိုအားဖြင့် ထိုလူသည် အမှန်တကယ်တွင် သူ၏လက်ကို အနည်းငယ်ဆွဲထုတ်လိုက်နိုင်ခဲ့၏။
သို့သော် ကိစ္စမှာ မပြီးဆုံးသေးပေ။ သူအာကာသအက်ကွဲကြောင်းမှ လွတ်မြောက်တော့မည်ဟု ခံစားမိစဉ်မှာပင် အားပြင်းသောလျှပ်စီးကြောင်းတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခြမ်းကို တိုက်ရိုက်ထုံကျင်သွားစေခဲ့သည်။ ထိုအခွင့်အရေးကို အရယူကာ အခြားကြီးမားသောအင်အားတစ်ခုက အာကာသအက်ကွဲကြောင်း၏ အခြားတစ်ဖက်မှ ရောက်ရှိလာပြီး သူ၏လက်မောင်းမှာ တစ်ဖန်ပြန်လည်ဆွဲယူခြင်းခံလိုက်ရ၏။
ထိုလူ နောက်တစ်ကြိမ်အားထုတ်ရန် ကြိုးစားတော့မည်အပြုတွင် အာကာသအက်ကွဲကြောင်းမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး သူ၏လက်မောင်းတစ်ဖက်မှာ အာကာသနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
...
အာကာသအက်ကွဲကြောင်းမှာ ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် ခွန်အားအပြည့်သုံးစွဲထားသော ရဲရှင်းဟွေ့မှာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လန်ကျသွားတော့သည်။ မြေပြင်ပေါ်သို့ ထိုင်ကျသွားပြီးနောက် ရဲရှင်းဟွေ့သည် ဖြတ်တောက်ထားသောလက်မောင်းကို လွှင့်ပစ်လိုက်ပြီးနောက် ရှူးခနဲ မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခုလေးတင်က ရဲရှင်းဟွေ့ ထိုလက်ကိုဆွဲသောအခါ ကြီးမားသောအင်အားတစ်ခု ထိုလက်မှထွက်ပေါ်လာပြီး ၎င်းမှာ သူ၏သတ္တုအရိုးများကို တိုက်ရိုက်ညှစ်ကာ ကျွတ်ကျွတ်မြည်သံများ ဖြစ်ပေါ်စေခဲ့၏။
အကယ်၍ ရဲရှင်းဟွေ့သာ လျင်မြန်စွာမတုံ့ပြန်ဘဲ သူ၏စွမ်းအားများကို သတ္တုအရိုးစုထဲသို့ ချက်ချင်းမပေါင်းစပ်ခဲ့ပါက ရဲရှင်းဟွေ့၏လက်မှာ ကြေမွသွားဖွယ်ရှိသည်။ ရဲရှင်းဟွေ့ သူ၏လက်ကိုခါလိုက်သည်နှင့် သူ၏ပုံပျက်နေသောလက်ဖဝါးမှာ မူလအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့လေပြီ။
“ကျစ်... ဒီကောင် တော်တော်လေးအစွမ်းထက်တာပဲ...” ရဲရှင်းဟွေ့က သူ၏ခြေထောက်ကိုမြေပြင်ပေါ်တွင် ကန်ကျောက်ရင်း ဆိုလိုက်၏။
“အင်း... ငါတို့အမြန်ထွက်သွားကြရအောင်... ဒီမှာ အရမ်းအန္တရာယ်များတယ်...”
ကူယွဲ့က မြေပြင်ပေါ်မှလက်မောင်းကိုကြည့်ကာ တုန်ရီသောလေသံဖြင့် ဆိုလိုက်၏။ ခုလေးတင်ကဖြစ်ပျက်ခဲ့သောမြင်ကွင်းမှာ အလွန်ထူးဆန်းလွန်းလှသည်။ ၎င်းမှာ နဂါးတစ်ကောင်နှင့်တွေ့ဆုံခြင်းထက်ပင် ပို၍ထူးဆန်းသည်ဟု ခံစားရ၏။ နောက်ဆုံးတွင် နဂါးမှာ ထိုအစွမ်းထက်သောညီအစ်ကိုနှစ်ဦး ရင်ဆိုင်နိုင်သော တကယ့်တည်ရှိမှုတစ်ခုဖြစ်သော်လည်း အာကာသအက်ကွဲကြောင်းမှာတော့... ၎င်းမှာ လေဟာနယ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ အက်ကွဲကြောင်းတစ်ခု သူ၏နောက်ကျောတွင် ရုတ်တရက်ပေါ်ပေါက်လာခဲ့လျှင်..
ကူယွဲ့ ထိုသို့သောစိတ်ကူးတစ်ခုရှိနေစဉ်မှာပင် စုပ်ယူအားတစ်ခု ရဲရှင်းဟွေ့၏နောက်တွင်ပေါ်ပေါက်လာပြီးနောက် ယခင်ကကဲ့သို့သော အက်ကွဲကြောင်းတစ်ခု ရဲရှင်းဟွေ့၏နောက်တွင် ပေါ်ပေါက်လာခဲ့၏။
တစ်ခုတည်းသောကွာခြားချက်မှာ... ခုလေးတင်ကအက်ကွဲကြောင်းမှာ ဝိညာဉ်စွမ်းအင်ကို အပြင်သို့ထုတ်လွှတ်နေပြီး ထိုတစ်ခုမှာမူ အရာအားလုံးကို အတွင်းသို့စုပ်ယူနေခြင်းပင်။ အနီးဆုံးတွင်ရှိနေသော ရဲရှင်းဟွေ့မှာ ၎င်း၏ပထမဆုံးပစ်မှတ်ဖြစ်လာခဲ့၏။
“အား...”
ရဲရှင်းဟွေ့၏အော်ဟစ်သံနှင့်အတူ သူ၏တစ်ကိုယ်လုံးမှာ ရုတ်တရက် အာကာသအက်ကွဲကြောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်။
အာကာသအက်ကွဲကြောင်းမှာ အလွန်ရုတ်တရက်ပေါ်ပေါက်လာသဖြင့် ရဲရှင်းချန်ပင် ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ပေ။ သူသည် ကြယ်တာရာစွမ်းအင်ဖြင့်ဖွဲ့စည်းထားသော အလင်းတန်းစီးကြောင်းတစ်ခုကိုသာ ထုတ်လွှတ်ပြီး ရဲရှင်းဟွေ့ထံသို့ ချိတ်ဆက်ပေးနိုင်ခဲ့သည်။